အခန်း (၇၂၆) အမှောင်ထုရဲ့ စွမ်းအား၊ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခြင်း
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အချိန်အတော်ကြာအောင် ပြောဆိုပြီးတဲ့နောက်မှာတော့ အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့လက်တွေကို ကြည့်ပြီး သူ့ရဲ့ အစွမ်းထက်လှတဲ့ ဓမ္မတန်ခိုးကို ခံစားလိုက်ပါတယ်။ ဟန်ကျွယ်က တကယ်ကို စွမ်းအားကြီးတာပါ။ ဟန်ကျွယ်ဟာ သူ့လက်တွေကို စိုက်ကြည့်ရင်း သူက ပြိုင်ဘက်ကင်းနေပြီလို့တောင် တွေးမိလိုက်ပါတယ်။
ပဋိပက္ခ သိစိတ်ကို တွေးမိတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဘဝင်မမြင့်နဲ့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမလိုက်ပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ ဥပမာကလည်း သင်ခန်းစာယူစရာပါ။
ဟန်ကျွယ်ဟာ သူ့မာနကို ဖိနှိပ်ဖို့အတွက် အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မာနက ဦးမကျိုးသွားတဲ့အပြင် ပိုလို့တောင် ကြီးလာပါသေးတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲက ဘယ်သူမှ ဟန်ကျွယ်ကို မယှဉ်နိုင်တော့ပါဘူး။
‘အချိန်ရောက်လာရင် ငါ ရှုံဟွာကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စိန်ခေါ်မယ်၊ ရှုံဟွာက မဟာတာအို အထွတ်အထိပ် အဆင့်မှာဆိုရင် ငါ့သားကိုခေါ်ပြီး ထွက်ပြေးမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှုံဟွာက မဟာတာအိုပညာရှိ အဆင့်မှာပဲ ရှိလိမ့်မယ်လို့ တွက်ထားပါတယ်။ တကယ်လို့ မဟာတာအို အထွတ်အထိပ်အဆင့်မှာဆိုရင် ကောင်းကင်ရုံးတော်ကို သိမ်းသွင်းစရာလိုမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြုပြင်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
…..
ပဋိပက္ခ၊ ကောင်းကင်ရုံးတော်၊ စိတ်ဝိညာဉ်နန်းတော်။
ကျိုးဖန်ဟာ ချင်လင်းအပါအဝင် စစ်သူကြီးတစ်စုကို ခေါ်ဆောင်လာပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲပြီးကတည်းက ကျိုးဖန်ဟာ ချင်လင်းကို တော်တော်လေး သဘောကျသွားပြီး မကြာခဏ သွားလေရာ ခေါ်သွားပါတယ်။ ကျိုးဖန်ရဲ့ ကူညီမှုနဲ့ ချင်လင်းရဲ့ ကျင့်ကြံမှုအဆင့်မှာ လျင်မြန်စွာ တိုးတက်လာတဲ့အတွက် အခုဆိုရင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တောင် ဖြစ်နေပါပြီ။ ချင်လင်းရဲ့ အရင် အဆင့်ထိုးဖောက်မှုအလျင်နဲ့ဆိုရင် နှစ်အနည်းငယ်အတွင်း တာအိုပညာရှိအတု ဖြစ်လာနိုင်ပါတယ်။ ဒါက ယုတ္တိမရှိတာထက်ကို ပိုပါတယ်။
ဟန်ထော်ဟာ ချင်လင်းကို တွေ့တဲ့အခါမှာ ခေါင်းအသာ ညိတ်ပြလိုက်ပါတယ်။
ချင်လင်းကလည်း အတူတူပါပဲ။ ချင်လင်းဟာ ဟန်ထော်နဲ့ ပတ်သက်ပြီး စိတ်ခံစားချက် ရှုပ်ထွေးပါတယ်။ သူ့ဆရာဘိုးဘိုး ဟန်ယွီက ဟန်ထော်ကို ဖိနှိပ်ချင်တဲ့အတွက် ချင်လင်းဟာ ဟန်ထော်က လူကောင်းမဟုတ်ဘူးလို့ ယူဆထားခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ထော်က သူ့ကို အထူးဂရုစိုက်တဲ့အတွက် ချင်လင်းရဲ့ စိတ်ခံစားချက်တွေကို ရှုပ်ထွေးသွားစေပါတယ်။
အရည်အချင်းချင်း ယှဉ်ရင်တော့ ချင်လင်းဟာ ဟန်ထော်ထက် မနိမ့်ကျဘူးလို့ သူ့ကိုယ်သူ ခံယူထားပါတယ်။ ဒါကြောင့် ချင်လင်းဟာ သူ့ဆရာဘိုးဘိုးရဲ့ မျှော်လင့်ချက်အတွက် ဟန်ထော်ကို ကျော်တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။
ကျိုးဖန်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား… အရှင်မင်းကြီးက တကယ်ကို တစ်ရက်မှ မနားတာပဲ၊ ပဋိပက္ခ နတ်ဘီလူးကို အနိုင်ယူပြီးရုံ ရှိသေးတယ်၊ အခု ရှုံဟွာနဲ့ တိုက်ခိုက်ပြန်ပြီ၊ အရှင်မင်းကြီးရဲ့ တိုက်ပွဲက ပဋိပက္ခတစ်ခွင် ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါက ပြဿနာရှာတာ မဟုတ်ဘူး၊ ရှုံဟွာက ငါတို့ကို ရန်လာစတာ၊ သတင်းဖြန့်တာလည်း သူပဲ ဖြစ်လိမ့်မယ်”
ကျိုးဖန်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်တဲ့ မျက်နှာ ဖြစ်သွားပါတယ် “ကျွန်တော်လည်း တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ကျွန်တော် မဟာတာအိုမျှော်စင်က လက်ရွေးစင်တွေ အကုန်လုံးကို ခေါ်လာပြီး အရှင်မင်းကြီးကို လာကူတာ၊ နိုင်နိုင်ရှုံးရှုံး အရှင်မင်းကြီးဘက်မှာ ကျွန်တော် ရှိနေမယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတ်တတ်ရပ်ပြီး ကျိုးဖန်ရှေ့ကို လျှောက်သွားကာ ပခုံးပုတ်လိုက်ပါတယ် “ငါ့လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ကောင်းကင်စစ်သားတစ်ယောက်က ငါ ယုံကြည်အားထားရတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး”
ကျိုးဖန်ဟာ မျက်လုံးပင့်တက်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တခြားလူတွေကိုလည်း ဒီလိုလုပ်လေ့ ရှိပါတယ်။ ယဉ်ကျေးမှုအပိုင်းကနေ အသာစီးယူတယ်လို့ ပြောလို့ရပါတယ်။
“ဒီလိုဆိုပေမဲ့ ကျွန်တော်ရဲ့ မဟာတာအိုမျှော်စင် ဒုက္ခရောက်ရင်လည်း အရှင်မင်းကြီးရဲ့ ကောင်းကင်ရုံးတော်က လာကူရမယ်နော်”
“မင်းလည်း ငါ့အကြောင်းကို သိနေတာပဲ၊ ငါက ကိုယ့်လူတွေ ဒုက္ခရောက်တာကို ဒီအတိုင်း ထိုင်ကြည့်နေမဲ့ လူစားမျိုးလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ဟာ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။
မဟာတာအိုမျှော်စင်က စစ်သူကြီးတွေနဲ့ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တွေလည်း ပြုံးလိုက်ကြပါတယ်။
ပဋိပက္ခက အဆုံးမဲ့ပါတယ်။ တိုက်ပွဲ အများကြီးကို သေအတူရှင်မကွာ တိုက်ခိုက်ပြီးတဲ့အခါမှာတော့ မဟာတာအိုမျှော်စင်နဲ့ ကောင်းကင်ရုံးတော်ဟာ တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုလို ဆက်ဆံလာကြပါတယ်။
ကျိုးဖန်က ပြောလိုက်ပါတယ် “တခြားပဋိပက္ခ အင်အားစုတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း လာလောက်တယ်၊ အဲဒီအချိန်ကျရင် ကောင်းကင်ရုံးတော်က သူတို့ကို ဝင်ခွင့်ပြုမှာလား…”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဝင်ခွင့်ပြုရမှာပေါ့၊ ကောင်းကင်ရုံးတော် တစ်ခုတည်း ခြိမ်းခြောက်ခံရတာ မဟုတ်ဘူး၊ ငါတို့နိုင်ရင် ဒီဟာက ကောင်းကင်ရုံးတော်ရဲ့ ဩဇာအာဏာကို ဖြန့်ကြက်ဖို့ အခွင့်ကောင်းပဲ၊ ငါတို့ရှုံးရင် တခြားအင်အားစုတွေလည်း ခြိမ်းခြောက်ခံရလိမ့်မယ်”
ကျိုးဖန်ဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က တကယ့်ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်တဲ့လူပါ။ အခုအချိန်မှာ ကျိုးဖန်ဟာ အင်အားစုတစ်စုရဲ့ ခေါင်းဆောင်ဖြစ်ပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လိုမျိုး စိတ်ဓာတ်နဲ့ အမြော်အမြင်တော့ မရှိသေးပါဘူး။ သူသာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆိုရင် တခြားအင်အားစုတွေက အနာပေါ် ဆားဖြူးမှာကို စိုးရိမ်နေမှာပါ။
ဒီလိုနဲ့ မဟာတာအိုမျှော်စင်က ကျင့်ကြံသူတွေဟာ ကောင်းကင်ရုံးတော်မှာ ခေတ္တနေထိုင်ကြပါတယ်။
ကျိုးဖန်ဟာ ဟန်ထော်၊ ချူရှီရန်နဲ့ ချင်လင်းကို ခေါ်လိုက်ပါတယ်။ တစ်ဂိုဏ်းတည်းသားတွေ သီးသန့်တွေ့ဆုံတာဆိုရင် မှားမယ် မထင်ပါဘူး။
အဲဒီနောက် အင်အားစုတွေဟာ တစ်စုပြီးတစ်စု ရောက်လာပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရောက်လာတဲ့ အင်အားစုမှန်သမျှကို သူရဲကောင်းဆန်ဆန် ကြိုဆိုလက်ခံပါတယ်။
တချို့က မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို မိုက်ရူးရဲဆန်တယ်ဆိုပြီး လှောင်ပြောင်ကြသလို တချို့ကလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ သတ္တိကို လေးစားကြပါတယ်။ အကုန်လုံးက သူ့အမြင်နဲ့သူ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံးမှာ တူညီတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရှုံဟွာရဲ့ စွမ်းအားကို သိချင်တာပါ။
စိတ်ဝိညာဉ်နန်းတော် နောက်မှာ လေပေါ်ပျံနေတဲ့ ကျောက်သား ဇရပ်တစ်ဆောင် ရှိနေပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အသက်ကြီးကြီး တာအိုကျင့်ကြံသူတစ်ပါး စကားပြောနေကြပါတယ်။ ဒီတာအိုကျင့်ကြံသူက အဆုံးသတ် အပျက်အစီးနတ်ဘုံက ဧည့်သည်တစ်ဦးပါ။ ကောင်းကင်တာအို ဗုဒ္ဓဂိုဏ်း တည်ထောင်သူလည်း ဖြစ်ပါတယ်။
ကျဲ့ယင်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါအရင်က တွေ့ခဲ့တဲ့ တာအိုကလေးငယ်က အခုအချိန် ပဋိပက္ခမှာ နာမည်ကြီးနေပါရော့လား…”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော်က ဒီအတိုင်း လျှောက်လုပ်နေတာပဲ၊ ကျွန်တော် ကျင့်ကြံမှုက မမြင့်ပါဘူး”
“မင်းအဖေရော အဆင်ပြေရဲ့လား…”
ကျဲ့ယင်ရဲ့ မေးခွန်းကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်းပဲ သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ၊ သူ အမင်္ဂလာ မကောင်းဆိုးဝါးအဖြစ် အသွင်ပြောင်းလဲပြီး အသက်ရှင်နိုင်တာနဲ့တင် တော်တော် ကံကောင်းနေပြီ၊ အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ သခင် ဖြစ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”
“အဲဒီတုန်းက မင်းအဖေက နဂါးစစ်မျိုးနွယ်စုရဲ့ အထက်မြက်ဆုံး ပါရမီရှင်ပဲ၊ သူ့ဂုဏ်သတင်းက အဆုံးသတ် အပျက်အစီး နတ်ဘုံထိတောင် ရောက်တယ်၊ ဒါပေမဲ့ သူ အမှောင်တားမြစ်နယ်မြေထဲမှာ မတော်တဆ ဖြစ်သွားတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “သူသာ အမင်္ဂလာ မကောင်းဆိုးဝါး ဖြစ်မလာရင် ကျွန်တော် အမင်္ဂလာ မကောင်းဆိုးဝါးတွေ ခန္ဓာသိမ်းတာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ထားလိုက်ပါတော့… ဒီကိစ္စတွေ မပြောဘဲ နေရအောင်၊ စီနီယာ… ကျွန်တော် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ရှုံဟွာကို ပြန်လွှတ်ပေးလို့ မဖြစ်ဘူး”
ကျဲ့ယင်ဟာ မျက်လုံး ကျဉ်းသွားပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ လောကဦး ကောင်းကင်အရှင်၊ နွီဝါ၊ ဖူရှီနဲ့ ဘိုးဘေးမှော်ပညာရှိ ဆယ့်နှစ်ပါးကို သတင်ပေးပြီးပြီ၊ ရှုံဟွာက တော်တော် မောက်မာတယ်၊ အစောတုန်းက ငါတို့ကိုတောင် ခြိမ်းခြောက်ခဲ့တာ…”
ကောင်းကင်ရုံးတော်က ပထမဆုံး ခြိမ်းခြောက်ခံရတာ မဟုတ်ပါဘူး။ အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေလည်း တစ်ပါးပြီး တစ်ပါး ရန်စခံရပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “စီနီယာ… ရှုံဟွာရဲ့ ရည်ရွယ်ချက်က ဘာလို့ထင်လဲ၊ ကျွန်တော် ဘယ်လိုပဲတွေးတွေး ဒီကောင် ဒီလိုလုပ်တာက ကိုယ့်သေတွင်း ကိုယ်တူးနေတာလို့ ခံစားရတယ်၊ သူ ကျွန်တော်တို့ကို တစ်ယောက်ချင်း တိုက်ခိုက်တာဆိုရင် ကိစ္စမရှိဘူး၊ အခုဟာက ပဋိပက္ခမှာရှိတဲ့ နာမည်ကြီး အင်အားစုမှန်သမျှကို လိုက်ရန်စပြီး ပဋိပက္ခ နတ်ဘီလူးတွေကိုတောင် အထင်သေးတယ်”
ကျဲ့ယင်က ပြောလိုက်ပါတယ် “ငါတို့က သူ့ခြေထောက်ကိုပဲ ကြည့်နိုင်ရင် သူ ဘာလိုချင်လဲဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ၊ သူက နယ်ရုပ်တစ်ရုပ်ပဲ၊ သူက သူ့အတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘နယ်ရုပ်လား…’
…..
နှစ်သုံးထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ရုတ်တရက်ဆိုသလို အနည်းငယ် ကြောင့်ကြစိတ် ဝင်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘယ်အချိန်မှာ သူ့ကို ဖိတ်ခေါ်ပညာရပ်နဲ့ ဆင့်ခေါ်မလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။ ဟန်ကျွယ်ဟာ လာမဲ့တိုက်ပွဲအတွက် ရင်တဒိတ်ဒိတ် ခုန်နေသလို စိတ်လှုပ်ရှားပြီး နည်းနည်းလည်း စိုးရိမ်နေပါတယ်။
အရင်တစ်ခေါက် အိပ်မက်ပေးတုန်းက ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဖိတ်ခေါ်ပညာရပ် သင်ပေးခဲ့ပါတယ်။ အချိန်ရောက်လာရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဖိတ်ခေါ်ပညာရပ်ကို သုံးပြီး သူ့ကို ဆင့်ခေါ်မှာပါ။
စိတ်အေးလက်အေး မကျင့်ကြံနိုင်တဲ့အတွက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြိုင်ဘက်ကို ဘိုးဘေးရှီတျန် အယောက်တစ်ရာထားပြီး နိုင်မလား တိုက်ကြည့်ပါတယ်။
ရှုံဟွာက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ မဟာတာအိုပညာရှိတစ်ပါးချင်းပဲ တိုက်ခိုက်ရဲမှာပါ။ မဟာတာအိုပညာရှိ အပါးတစ်ရာ ဝိုင်းတိုက်တာကိုတော့ ရင်ဆိုင်ရဲမှာ မဟုတ်ပါဘူး။
အဲဒီနောက်…
ဟန်ကျွယ် အသတ်ခံလိုက်ရပါတယ်။
ဘိုးဘေးရှီတျန် အယောက်တစ်ရာ တစ်ချိန်တည်း တိုက်ခိုက်တာက ယုတ္တိမဲ့လွန်းတဲ့အထိကို စွမ်းအားကြီးလွန်းပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲက ဟန်ကျွယ်ရဲ့ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ စိတ်နှစ်ရင်း မိစ္ဆာ ကောင်းကင်ဧကရာဇ် ဆင့်ခေါ်တာကို စောင့်ဆိုင်းပါတယ်။
တစ်ချိန်တည်းမှာပဲ…
လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသထဲက ရေအိုင်ထဲမှာ တရားထိုင်နေတဲ့ လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ တစ်ချိန်တည်း မျက်လုံးဖွင့်လိုက်ပါတယ်။ သူတို့ရှေ့မှာ အလင်းတန်းတစ်ခု ပေါ်လာပြီး ကောင်းကင်ရုံးတော်ရဲ့ မြင်ကွင်း ပေါ်လာပါတယ်။
“ငါ ကောင်းကင်ရုံးတော်ကို သိမ်းသွင်းပြီး အမှောင်ထုရဲ့စွမ်းအားက ဘယ်လောက် ကြီးမားတယ်ဆိုတာကို မင်းတို့မြင်အောင် သက်သေပြမယ်”
ရှုံဟွာရဲ့အသံက ပုံရိပ်ယောင်လိုပဲ ခြေရာခံလို့ မရပါဘူး။
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ လီတောက်ခုံးဟာ ကောင်းကင်ရုံးတော်နဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ဆက်ဆံရေးကို ကောင်းကောင်းကြီး သိပါတယ်။ နောက်ပြီး သူကိုယ်တိုင်လည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တော်တော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။
ရှီတုတောက်က ရုတ်တရက် မေးလိုက်ပါတယ် “ခင်ဗျားက အမှောင်ထုရဲ့ စွမ်းအားကို ထည့်ပြောတယ်နော်၊ ရှုံဟွာအပြင် အမှောင်ထုကလည်း အင်အားစုတစ်စုပဲလား…”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 726
? Views, Released on December 19, 2024