Chapter – 202
“အားမလိုအားမရ”
အိမ်ရှေ့မင်းသား၏ အရှေ့တွင် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ဖြင့် လူတစ်ဦးသည်ပေါ်လာလေသည်။ ထိုလူသည် မင်းသားအား စူးစိုက်ကြည့်လိုက်ရင်း –
“မင်းသား . . . မင်းသားက အိမ်ရှေ့မင်းသား အဖြစ်နဲ့ ကောင်းကောင်းမွန်မွန်ပဲ ရှိနေပေးပါ။ ကျန်တဲ့ ကိစ္စတွေအတွက်ဘာမှ စိုးရိမ်နေစရာ မလိုဘူး။ မူမျိုးနွယ်အတွက်က ကျုပ်တို့ ဘာတွေပဲ လုပ်လုပ်၊ ဘာတွေပဲ ဖြစ်ဖြစ် မင်းသားနဲ့ ဘာမှမဆိုင်ဘူး၊ အဲ့ဒါ ကျုပ်တို့ ကိစ္စ . . .”
“သမိုင်းမှာ ဘယ်နိုင်ငံကမှ သက်တမ်း နှစ် ၅၀၀ ထက် ပိုပြီး အဓွန့်မရှည်ခဲ့ဖူးဘူး၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြိုကွဲခဲ့ရတာပဲ။ ဒါပေမဲ့ မျိုးနွယ်စုကြီး ၈ ခုကတော့ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေတုန်းပဲ . . .”
“တော်ဝင်မျိုးနွယ်စုထဲမှာ ဘယ်နေရာမှာမှ သုံးစားလို့မရတဲ့ မင်းသားတွေဆိုတာ အများကြီး ရှိခဲ့ဖူးတယ်။ အဲဒါကြောင့်ပဲ နိုင်ငံတော်တွေ ပြိုကွဲခဲ့ရတာပေါ့ . . .”
တန်ပြန်ထိုးနှက်လိုက်သည့်စကားများကြောင့်အိမ်ရှေ့မင်းသား၏ မျက်နှာ မည်သို့ပင်ပျက်ယွင်းနေစေကာမူ ထိုလူသည်ဂရုမစိုက်ဘဲ မင်းသမီးဘက်သို့ လှည့်ကြည့်လိုက်ရင်း –
“မင်းက ဒီငတုံးရဲ့ ဘေးမှာနေပြီး သူ့ကို စောင့်ကြည့်ထား။ ငါတို့တခြား ဘာမှလုပ်စရာ မလိုဘူး။ သူ့ကို ထီးနန်းရအောင် လုပ်ပေးဖို့ပဲ လိုတာ . . .”
“ကောင်းပါပြီ၊ ဦးရီးတော် . . .”
မင်းသမီးသည်ရိုကျိုးစွာဖြင့်ပြန်ဖြေလိုက်သည်။
“ငါတို့ ချန်ရှင်းမြို့တော်ကို လာတယ်ဆိုတာ မူမျိုးနွယ်နဲ့ မုန်တိုင်းအိမ်တော်ကြားက ပြဿနာကို ဖြေရှင်းဖို့တင် မဟုတ်ဘူး လေလံပွဲကနေ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု ရအောင်လုပ်ဖို့ပဲ။ နောက်ပြီး စစ်သူကြီးရဲရဲ့ သား ရဲရှောင်ကိုလည်း မင်းအစ်ကိုအတွက် ကလဲ့စား ချေတဲ့ အနေနဲ့ သတ်ရမယ် . . .”
ဦးရီးတော်ဆိုသူ၏ အသံသည်အေးစက်မာကြောလျက်ရှိပြီး နာကျည်းမုန်းတီးမှုများလည်း အပြည့်ပါဝင်လျက်ရှိသည်။
“ဦးရီးတော်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် . . .”
မင်းသမီးလည်း ဦးညွတ်၍ ရိုကျိုးစွာဖြင့်ပြောလိုက်ပါတော့သည်။
. . .
ရဲရှောင်သည် အရုဏ်မတက်မီအချိန်တွင် အိမ်သို့ပြန်ရောက်လာခဲ့သည်။
သူ၏ လက်ထဲတွင်လည်း ပုလင်းတစ်လုံး ကိုင်ထားလေသည်။
ထိုပုလင်းထဲတွင် အရည်အနည်းငယ်ရှိသည်။ ထိုအရည်များအား နမ်းကြည့်ရုံဖြင့်ပင် မည်သည့် အရည်များ ဖြစ်သည်ကို ရဲရှောင်ကောင်းကောင်းကြီး သိလေသည်။
ချင်းမင်အဆိပ်ဖြစ်ပြီး ယခင် လူပေါ်ကြော့ ရဲရှောင်အားသေစေခဲ့သည့် အဆိပ်လည်း ဖြစ်သည်။
ထိုအဆိပ်အား အိမ်ရှေ့မင်းသား၏ နန်းေတ်ာထံမှ ရရှိထားကြောင်း ဝမ်ဒါနန်မှတစ်ဆင့်ရဲရှောင်သိရှိထားပြီး ဖြစ်သည်။
ဝမ်ဒါနန်သည် ထိုအဆိပ်အား အဆင့်မြင့် နယ်ပယ် တစ်ခုခုမှ အဆိပ်ဖြစ်သည်ဟုသာ သိရှိထားလေသည်။ အဆိပ်နှင့်ပက်သက်၍ သူသိသမျှသည်ထိုမျှသာ ဖြစ်သည်။
ထို့အပြင် ဝမ်ဒါနန်ကိုလွှတ်၍ ယခင်ရဲရှောင်အား အဆိပ်ခတ်ခိုင်းခဲ့သောသူမှာ အိမ်ရှေ့မင်းသား မဟုတ်ဘဲ မူချန်ဘိုင်ပင် ဖြစ်သည်။
အဖြစ်မှန်များအား သိရှိသွားချိန်တွင်ရဲရှောင်သည် အံ့သြမှုများနှင့်အတူ မကျေမချမ်းပင်ဖြစ်ခဲ့ရသည်။အဘယ့်ကြောင့်ဆိုသော်မူချန်ဘိုင်အား သူသတ်ခဲ့သည့်အချိန်ကတည်းကပင်ယခင်ရဲရှောင်အတွက်လက်စားချေခဲ့ပြီး ဖြစ်သည်ကို ယခုမှသာ သိရှိလိုက်ရသောကြောင့်ပင်ဖြစ်သည်။
ရဲနန်ရှန်မှ သုတ်သင်ရှင်းလင်းရေး လုပ်ခဲ့စဉ်အချိန်တွင်အိမ်ရှေ့မင်းသား၏ လူများအား မထိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရင့်မျက်နှာကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဝမ်ဒါနန်သည်လည်း အသက်ရှင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
သို့သော်ယခုအခါတွင်မူ ဝမ်ဒါနန်၏ တစ်မိသားစုလုံးသည်ကြမ္မာငင်သွားခဲ့ချေပြီ။
ဖခင်ဖြစ်သူမှ လက်ရှောင်ပေးခဲ့သော်လည်း ရဲရှောင်၏ စိတ်ထဲတွင်မူ မကျေမချမ်း ဖြစ်နေမိရင်း –
[ဒီလူတွေကို ဘာကြောင့် အသက်ရှင်လျက် ထားရမှာလဲ။ သူတို့ ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့တင် ငါ့စိတ်ထဲ နေလို့ကို မကောင်းဘူး . . .]
ထို့ကြောင့် ညဥ့်နက်သည့် အချိန်သို့ရောက်သောအခါ ဝမ်ဒါနန်၏ အိမ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် ဝမ်ဒါနန်အား ညှင်းပန်းနှိပ်စက်၍ ယခင်ရဲရှောင် သေဆုံးခြင်းနှင့် ပတ်သက်သည့် အဖြစ်အမှန်များအား မေးမြန်းခဲ့သည်။ ဝမ်ဒါနန်သည်ရဲရှောင်၏ ညှင်းပန်းနှိပ်စက်မှုများအား ခံနိုင်ရည် မရှိသဖြင့် အမှန်အတိုင်းသာ ဖွင့်ပြောခဲ့ရသည်။
ရဲရှောင်သည်ဝမ်ဒါနန်တို့ မိသားစုအား တစ်ယောက်မကျန်သတ်ခဲ့သော်လည်း မကျေနပ်နိုင်သေးချေ။
အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့မင်းသားသည်အသက်ရှင်နေသေးသည် မဟုတ်ပါလော။ သို့သော်ရဲရှောင်အနေဖြင့် ယခုအချိန်တွင် အိမ်ရှေ့မင်းသားအား သတ်နိုင်ဦးမည် မဟုတ်သေးပေ။
. . .
လင်းပါအို လေလံခန်းမသို့ ရဲရှောင်ထွက်လာခဲ့သည်။
လေလံပွဲစတင်ရန် ၂၅ ရက်ခန့်လိုနေသေးသည်။
ချန်နိုင်ငံတော်၏ တော်ဝင်မိသားစုထံမှ အကူအညီဖြင့်လင်းပါအိုလေလံခန်းမအား အစောင့်အကြပ်များစွာ ချထားလေသည်။ လင်းပါအိုတွင် အစောင့်အကြပ် အင်အားစု ၃ စုပင် ဖြစ်သွားသဖြင့် တော်ဝင်နန်းတော်ထက်ပင် လုံခြုံရေး ပိုမို တင်းကျပ်လျက် ရှိနေသည့်အနေအထားပင်။
ထိုကဲ့သို့သော အခြေအနေမျိုးကြောင့် ရဲရှောင်သည် လေလံခန်းမအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ရန် မလွယ်ကူနိုင်တော့ချေ။
လေလံပွဲကျင်းပရန်ရက်နီးကပ်လာသည်နှင့်အမျှ ခိုးကြောင်ခိုးဝှက် သွား၍ မရနိုင်တော့မှန်း ရဲရှောင်သဘောပေါက်လိုက်သည်။လေလံပွဲအား ထိပ်တန်းအဆင့် ပညာရှင်များပင် စောင့်ကြပ်နေကြသဖြင့် လူစိမ်း ဆိုပါက အထဲသို့ ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
လက်ရှိအခြေအနေများအရ လင်းပါအို လေလံခန်းမအတွင်းသို့ တိတ်တဆိတ် ဝင်နိုင်ရန်မှာ အလွန်ခက်ခဲသော စွန့်စားမှုကြီးတစ်ခုပင် ဖြစ်သည်။
ဝမ်ဇန်းဟိုသည် ဖန်ဧကရာဇ်အလာအား စောင့်မျှော်လျက်ရှိသည်။ သူ၏ စိတ်ထဲတွင်ဖန်ဧကရာဇ်အား စောင့်မျှော်နေရသည်မှာ တစ်ရက်ကိုပင် သုံးနှစ်ခန့် ကြာညောင်းနေသည်ဟု ထင်မှတ်နေမိသည်။ ယခုအခါတွင်မူ သူအတွေ့ချင်ဆုံး ဖန်ဧကရာဇ်တစ်ဖြစ်လဲ ရဲရှောင်အား တွေ့လိုက်ရပြီ ဖြစ်သည်။
“လျူချန်းဂျန် . . . ဒီမှာ အားလုံး အေးဆေးပဲ မဟုတ်လား . . .”
ရဲရှောင်သည်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ရင်း မေးလိုက်သည်။
“ကျုပ်တို့ ကြိုးစားနေပါတယ်။ တိုးတက်မှုတွေလည်း ရှိလာတယ် . . .”
လျုချန်းဂျန်အတွက်မူ ရဲရှောင်သည်မည်သည့်သွင်ပြင်မျိုး ဖြစ်နေစေကာမူ အရေးမကြီးပေ။ ဖန်ဧကရာဇ်၏ ပုံစံဖြစ်စေ ရဲရှောင်၏ နဂိုမူလပုံစံ ဖြစ်စေ သူတို့နှစ်ဦးတွေ့ဆုံသည့်အခါတိုင်းတွင်လျုချန်းဂျန်ဘက်မှ တလေးတစားဖြင့်ပင်ဆက်ဆံတတ်ေလသည်။
အဘယ့်အတွက်ေကြာင့် ထိုကဲ့သို့ လေးစားနေမိမှန် သူ့ကိုယ်သူပင်မသိချေ။
“အင်း . . . ကောင်းတယ်။ ဆက်လုပ်ထား . . .”
“ခင်ဗျားရဲ့ အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ရင်ခင်ဗျားကို လျှို့ဝှက်ကျင့်စဉ်တစ်ခု သင်ပေးမယ်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အတွက်အဲဒီကျင့်စဉ်က မရှိမဖြစ်လိုအပ်တယ်. . .”
ရဲရှောင်သည်လျူချန်းဂျန်၏ မျက်လုံးများအား စိုက်ကြည့်ရင်း ပြောလိုက်သည်။
လျူချန်းဂျန်သည် သူ့အပေါ်တွင်ဆက်ဆံရေး ပြောင်းလဲလာသည်ကို ရဲရှောင် သတိပြုမိသည်။ သူကိုယ်တိုင်၌ပင်လျူချန်းဂျန်အပေါ် အပြည့်အဝ ယုံကြည်နေမိသည့်အတွက်အံ့ဩနေမိလေသည်။
“လျှို့ဝှက်ကျင့်စဉ်ဟုတ်လား . . . ဘယ်လိုကျင့်စဉ်လဲဆိုတာ မေးလို့ရမလား . . .”
လျူချန်းဂျန်သည်တုန်ယင်သော အသံဖြင့်မေးလိုက်သည်။
ရဲရှောင်မှ –
“ကမ္ဘာပတ်ဓား ဆိုတဲ့ ကျင့်စဉ်ပေါ့ဗျာ . . .”
ကျင့်စဉ်နာမည်အား ကြားလိုက်သည်နှင့်လျူချန်းဂျန်သည်အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။ သူ၏ လက်များပင်တုန်ယင်လာပြီး အသက်ရှူသံများပင်ပုံမှန်မဟုတ်တော့သကဲ့သို့ ဖြစ်သွားခဲ့သည်။
ကမ္ဘာပတ်ဓား ဆိုသည်မှာ မော်တယ်ကမ္ဘာအဖို့ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သော ဓားရေး တစ်ခုပင် ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က လုပ်ကြံသတ်ဖြတ်သူ တစ်ဦးသည် ထိုကျင့်စဉ်အား ရရှိခဲ့ပြီးနောက် သုံးနှစ်အတွင်း မော်တယ်ကမ္ဘာ၏ နံပါတ်တစ်လုပ်ကြံသတ်ဖြတ်ရေးသမား ဖြစ်သွားခဲ့ဖူးသည်။ ထို့ပြင်အချိန်ဆယ်နှစ်မျှဖြင့် မော်တယ်ကမ္ဘာ၏ အဆင့်အား ကျော်လွန်သွားကာ အဆင့်မြင့်နယ်ပယ်သို့ပင် တက်လှမ်းသွားနိုင်ခဲ့သည်။
ထိုအကြောင်းသည် လုပ်ကြံသတ်ဖြတ်သူများအဖို့ ဒဏ္ဍာရီလာ အိပ်မက် တစ်ခုကဲ့သို့ပင်ဖြစ်ခဲ့လေသည်။
အဆိုပါပညာရှင်သည် မော်တယ်ကမ္ဘာရှိ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သော အစွမ်းရှိသကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးနှင့် ပတ်သက်သည့် တာဝန်များကိုလည်း အပြည့်အဝ အောင်မြင်အောင် စွမ်းဆောင် နိုင်ခဲ့သည်။
မည်သည့် လုပ်ကြံသတ်ဖြတ်ရေးသမားကမျှ သူ့အား မယှဉ်နိုင်ခဲ့ချေ။
“ကျုပ်ရဲ့ ကိုယ်ပိုင် အင်အားစုကို မြန်မြန် မြှင့်တင်ချင်နေပြီ။ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ရော ကြံရည်ဖန်ရည်ကောင်းတဲ့ အဖွဲ့ကိုပါ မြန်မြန် ဖွဲ့စည်းစေချင်တယ်။ အခု ခင်ဗျားတို့ လုပ်နေတာတွေက သိပ်နှေးလွန်းတယ် . . .”
ရဲရှောင်သည်အားမလိုအားမရ ဖြစ်နေသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ကောင်းပါပြီ . . .”
ဝမ်ဇန်းဟိုနှင့် လျူချန်းဂျန်တို့သည်ဦးညွှတ်၍ ပြန်ဖြေလိုက်ကြသည်။ ရဲရှောင်၏ စကားကြောင့်သူတို့နှစ်ဦးစလုံး၏ နောက်ကျောတွင် ချွေးစေးများပင်ထွက်လျက်ရှိသည်။
“ကျုပ် ခင်ဗျားတို့ရဲ့ ကတိစကားတွေကို မကြားချင်ဘူး။ ရလဒ်ကိုပဲ မြင်ချင်တယ် . . .”
ရဲရှောင်သည်တန်ဖိုးကြီးမားလှသည့် ဆေးပစ္စည်းအချို့အား ထုတ်ပေးလိုက်ရင်း –
“နောက်ရက်အနည်းငယ်အတွင်း ကျုပ်လာနိုင်မှာ မဟုတ်သေးဘူး။ လေလံပွဲစတဲ့ အချိန်ရောက်မှ ပြန်လာခဲ့မယ်။ ကျုပ်ပြောတာတွေကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်ထားကြပါ . . .”
ဝမ်ဇန်းဟိုတို့ နှစ်ဦးသည်ရဲရှောင်အား အရိုအသေပြု၍ နှုတ်ဆက်လိုက်ကြသည်။
ရဲရှောင် ထွက်ခွာသွားပြီးနောက် ဝမ်ဇန်းဟိုနှင့် လျူချန်းဂျန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ ထို့နောက်ဝမ်ဇန်းဟိုမှ တအံ့တဩဖြင့်-
“ငါတို့ရဲ့ ခေါင်းဆောင်က ဘာဖြစ်သွားတာလဲ။ ရုတ်တရက်ကြီး အလျင်လိုနေသလိုပဲ။ ရူးသွားတာတော့ မဟုတ်ပါဘူးနော် . . .”
လျူချန်ဂျန်းမှ အေးစက်စက် မျက်နှာပေးဖြင့် –
“ခင်ဗျား စကားမကျွံနဲ့။ ကျုပ်တို့တွေ ဘာကြောင့်ဆိုတာကို သိဖို့ မလိုဘူး။ သူ လုပ်ခိုင်းတာကို လုပ်ပေးရမှာပဲ။ ကျန်တာတွေက ကျုပ်တို့အတွက် ဘာမှ အရေးမကြီးဘူး . . .”
ဝမ်ဇန်းဟိုသည်မျက်နှာရှုံ့မဲ့သွားပြီး –
“ဟုတ်ပါပြီ။ မင်းပြောတာ မှန်ပါတယ်။ ကျန်တာ ဘာမှ အရေးမကြီးဘူး . . .”
ဝမ်ဇန်းဟို၏ စိတ်ထဲတွင်မူ လျူချန်းဂျန်အား ကျိန်ဆဲနေမိသည်။
လင်းပါအိုသို့ လျုချန်းဂျန်ရောက်လာသည့်အချိန်ကတည်းကပင်ဝမ်ဇန်းဟိုဘက်မှ ရင်းနှီးမှုရရန်ကြိုးစားချင်ခဲ့သော်လည်း မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိရှိခဲ့ပေ။ သူ့အပေါ်တွင်အမြဲတစေအေးစက်မာကြောသော အကြည့်များဖြင့်ကြည့်တတ်သော လျုချန်းဂျန်၏ အကြည့်များကိုသာ ကြိတ်မှိတ်သည်း ခံခဲ့ရသည်။
လျူချန်းဂျန်သည် သူငွေလိုသည့် အခါမျိုးတွင်သာ ဝမ်ဇန်းဟိုနှင့် စကားပြောဆိုတတ်သည်။ ထိုကဲ့သို့ ပြောသည့် အခါတွင်လည်း လက်ဖြန့်၍ “ကျုပ်ငွေကုန်ပြီ . . .” ဟူသော တစ်ခွန်းသာ ပြောခြင်း ဖြစ်သည်။
ထိုအခါမျိုးတွင်ဝမ်ဇန်းဟိုဘက်မှ “မင်းငွေကုန်တာ ငါနဲ့ဘာဆိုင်လဲ” ဟူ၍ပင် ပိတ်၍ ပြန်ပြောချင်မိသည်။ သို့သော်လျူချန်းဂျန်မှ လက်ဖြန့် ပိုက်ဆံတောင်းသည့်အခါတိုင်းတွင်သူ၏ လည်ပင်းအား ဓားဖြင့် ထောက်နေသကဲ့သို့ ခံစားနေရသဖြင့် ပြန်မပြောရဲဘဲ မျိုသိပ်နေရခြင်းဖြစ်သည်။
ဝမ်ဇန်းဟိုလည်း မတတ်သာသည့်အဆုံး လျုချန်းဂျန်လိုသမျှငွေအား ထုတ်ပေးခဲ့ရသည်။
သို့သော်လျူချန်းဂျန်သည် ငွေမည်မျှပမာဏပင်ယူသွားစေကာမူ ဖြစ်ပါစေ တစ်ရက်အတွင်း ကုန်အောင် သုံးပစ်ေနသောကြောင့်ဝမ်ဇန်းဟိုသည်အလွန်အမင်းပင်အံ့ဩနေမိလေသည်။
အမှန်တကယ်တမ်းတွင်မူ လျူချန်းဂျန်သည်ထိုငွေများအား လုပ်ကြံသတ်ဖြတ်သူများအား ကွန်ယက်သဖွယ် ဖြစ်ပေါ်လာအောင် အသုံးချနေခြင်းသာ ဖြစ်သည်။
ဝမ်ဇန်းဟို၏ငွေများအား လျူချန်းဂျန်မှ အကျိုးရှိစွာ အသုံးချပေးနေခြင်း ဖြစ်သည်။
လျူချန်းဂျန်၏ အမြင်တွင် ဝမ်ဇန်းဟိုသည် မကုန်မချင်း ပါးပါးလှီးယူ၍ ရသည့်အသားတုံးကြီး တစ်တုံးသဖွယ်ပင်ဖြစ်နေပါတော့သည်။