Chapter – 201
“ရိုက်ရဲတယ်ပေါ့လေ”
သခင်ကြီးဘိုင်သည် ဝါးပင်များအားငေးမောကြည့်နေမိရင်း စိတ်ထဲတွင်လည်း –
[ဘယ်လိုပဲဖြစ်ဖြစ် ငါ့စိတ်ကို တည်ငြိမ်အောင် လျှော့ချပြီး အနားများများယူမှ ဖြစ်မယ် . . .]
[စိတ်ဖိစီးစရာ များလာလေလေ အနားယူဖို့ ပိုလိုအပ်လေလေပဲ။ ငါလည်း ကျန်တဲ့ကိစ္စတွေ နောက်မှ စဉ်းစားပြီး အနားယူမှ ဖြစ်မှာပါလေ . . .]
[ဘယ်လောက်ပဲ ဖိအားတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘယ်သူကများ ငါ့ကို တွန်းလှန်နိုင်မှာမို့လို့လဲ]
သခင်ကြီးဘိုင်သည်သူ့အတွေးနှင့်သူ သဘောကျသွားပြီးနောက်ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ယခုမှပင်သူ၏ စိတ်များသည် သက်သာရာရသွားခဲ့သည်။
. . .
ရဲရှောင်သည်ကျင့်ကြံမှုများ စူးစိုက်၍ ကျင့်နေသကဲ့သို့ဆောင်ဂျုနှင့် ဝမ်ဇန်းဟိုတို့သည်လည်း ကျင့်ကြံမှုများ ပြုလုပ်နေကြသည်။
လရောင်သည် ကောင်းကင်ထက်တွင် တောက်ပလျက် ရှိပြီး ကမ္ဘာတစ်ခုလုံးအား ဖြန့်ကျက် ထားလျက် ရှိသည်။
ရဲရှောင်၏ ကျင့်ကြံမှု ပြီးသည်အထိ လသည်တစ်ညလုံး ထိန်ထိန်သာနေခြင်းပင် ဖြစ်သည်။
ထူးဆန်းသည့်အချက်မှာ ထိုနေ့ညတွင် ကျင့်ကြံမှု ပြုလုပ်ခဲ့သည့် မည်သူမဆို မနက်မိုးလင်းသည့်အခါ သူတို့၏ အဆင့်များသည်ယခင်ကထက်ပင်ပို၍ တိုးတက်သွားကြောင်း တွေ့ရှိလိုက်ကြသည်။
တစ်ညတည်းဖြင့် ၁၀ ရက်စာခန့်ကျင့်ကြံလိုက်ရသကဲ့သို့ စွမ်းအင်များ တိုးပွား သွားကြခြင်း ဖြစ်သည်။
ထူးဆန်းသော အဖြစ်အပျက်တစ်ခုပင်ဖြစ်သော်လည်း ထိုအခြင်းအရာအား မည်သူကမျှ ထုတ်ဖော်မပြောခဲ့ကြပေ။
ထုတ်ဖော်ပြောလိုက်လျှင်ဝမ်းသာမည့်လူထက်ဝန်တိုမည့်လူက ပို၍ များနေပေလိမ့်မည်။ကောင်း သည့်ကိစ္စထက်ဆိုးသည့်ကိစ္စများကိုသာ ပိုလိုလားကြသည်မှာ လူ့သဘောသဘာဝပင်မဟုတ်ပါလော။
ထိုနေ့ညတွင် အံ့ဩဖွယ်ေကာင်းသောကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြန်သည်။
အိမ်ရှေ့မင်းသား၏ သက်တော်စောင့်ခေါင်းဆောင် ဖြစ်သော ဝမ်ဒါနန်၏ တစ်မိသားစုလုံး အသတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ အစေခံများပင်မကျန် အကုန်သတ်ဖြတ်ခဲ့လေသည်။
ထို့ပြင်အလောင်းများကိုလည်း ခြံဝန်းထဲတွင် အစီအရီ ချထားခဲ့ကြသည်။
ဝမ်ဒါနန်၏ မျက်နှာသည် အလွန်ထိတ်လန့် တုန်လှုပ်နေသည့်ဟန် ရှိပြီး မသေခင်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိသာလှပေသည်။
ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက် များစွာ ရရှိထားပြီး ကိုယ်တွင်းအင်္ဂါများပင် တစ်စစီ ဖြစ်နေခဲ့သည်။
လူသတ်သမားများသည် မသေခင်အချိန်တွင် ဝမ်ဒါနန်အား နှိပ်စက်ညှင်းပန်း၍ မေးခွန်းများ ထုတ်ခဲ့ကြသည့်ပုံပင်။
လူသတ်သမားမှ မည်သည့်မေးခွန်းမေး၍ ဝမ်ဒါနန်မှ မည်ကဲ့သို့ ဖြေခဲ့သည်ကို မည်သူမျှ သိနိုင်လိမ့်မည်မဟုတ်ပေ။
နောက်တစ်နေ့သို့ရောက်သောအခါ ဝမ်ဒါနန်တို့ သေဆုံးသွားသည့် သတင်းသည် ဟိုးလေး တကျော်ကျော်ပင်ဖြစ်သွားခဲ့သည်။
အခြားသော မျိုးနွယ်စုများသည် စုတ်တသတ်သတ်ဖြင့်သက်ပြင်းသာ ချနိုင်ကြသည်။အချို့မှာလည်း ဆုတောင်းမေတ္တာများ ပို့သပေးနေကြရင်း –
[ဝမ်ဒါနန်ကတော့ မရှုပ်သင့်တဲ့လူကို သွားရှုပ်မိတယ်ထင်တယ်။ ဒီလိုမှ မဟုတ်ရင် အခုလို အသေဆိုးနဲ့ သေစရာ အကြောင်းကိုမရှိဘူး . . .]
အိမ်ရှေ့မင်းသားသည် ထိုသတင်းအား ကြားလိုက်ရေသာအခါ ထိုင်နေရာမှပင်အလန့်တကြား ထလိုက်ရင်း –
“ဘာ . . . ဘယ်သူလုပ်သွားသလဲ ဆိုတာကို တစ်ယောက်မှ မသိကြဘူး ဟုတ်လား . . .”
“ဝမ်ဒါနန်ကို ဘာတွေ မေးသွားလဲ ဆိုတာကိုလည်း မသိကြဘူးပေါ့ . . .”
အိမ်ရှေ့မင်းသားသည် ဇောချွေးများ ပြန်လျက် ရှိသည်။ အကယ်၍ ဝမ်ဒါနန်သာ တစ်စုံတစ်ခု ပြောခဲ့မိပါက သူ့ထံသို့ အမှုပတ်လာနိုင်လေသည်။
သို့သော် သူမေးလိုက်သည့်မေးခွန်းအား မည်သူမျှ ပြန်မဖြေနိုင်ကြချေ။
အဘယ့်ကြောင့်ဆိုသော်ထိုမေးခွန်းအား ဖြေနိုင်မည့်လူသည်ဝမ်ဒါနန်တို့အား သတ်သွားသည့် လူသတ်သမားပင် ဖြစ်ပေလိမ့်မည်။
အိမ်ရှေ့မင်းသား၏ ကြင်ယာတော်မှ အေးစက်သော လေသံဖြင့် –
“လူသတ်သမားက ရှင့်ရဲ့ မဟုတ်တမ်းတရား အကြံအစည်တွေကို သိသွားခဲ့တော့ရော ဘာဖြစ်လဲ။ အဲ့ဒီ လူသတ်သမားက ရဲအိမ်တော်ကလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။ နောက်ဆုံး ရဲအိမ်တော်က ဆိုရင်ရော ဘာဖြစ်လဲ။ ဘယ်လောက်ပဲ အစွမ်းထက်နေတဲ့ လူဖြစ်ဖြစ် ချန်နိုင်ငံတော်ရဲ့ လောင်းရိပ်အောက်မှာ နေနေရတယ် ဆိုတာကို မေ့နေပြီလား။ ပြီးတော့ ရှင်က ထီးနန်းဆက်ခံရမဲ့ အိမ်ရှေ့မင်းသားတစ်ယောက်။ အဲ့ဒါတောင်ရှင်ဘာတွေ ကြောက်နေလဲဆိုတာ ကျွန်မဖြင့် စဉ်းစားလို့တောင် မရဘူး . . .”
အိမ်ရှေ့မင်းသားမှ စိတ်မရှည်သည့်ဟန်ဖြင့် –
“မင်းတို့ မိန်းမတွေက ဘာမှ မသိဘူး။ ပြောတော့ဖြင့်အလွယ်လေး။ ဒီလောက်ထိ လွယ်နေရင် ငါအခုလို တုန်လှုပ်နေပါ့မလားဟ။ အခုဆိုရင် နိုင်ငံတစ်ခုလုံးကို အန္တရာယ်တွေက ဝိုင်းနေပြီ။ ငါတို့အားလုံးကို ရဲနန်ရှန်ကယ်မှ ဖြစ်မှာ။ သူက သိပ်ပြီး အစွမ်းထက်တဲ့ လူတစ်ယောက်။ တော်ဝင်မျိုးနွယ်တွေဘာတွေ နားလည်မှာ မဟုတ်ဘူး။ အဲဒီအခြေအနေတွေကို မင်းဘာမှ နားလည်မှာ မဟုတ်ပါဘူး . . .”
“ခွမ်း . . .”
အိမ်ရှေ့မင်းသားသည်ပြောနေရင်းဖြင့် ဒေါသထွက်လာသဖြင့်စားပွဲပေါ်ရှိ ခွက်အား ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲလိုက်သည်။
“ငါဆိုတဲ့ကောင်က ရဲနန်ရှန်အတွက် ဘာမှမဟုတ်တဲ့ အိမ်ရှေ့မင်းသား အဆင့်ပဲ ရှိတယ်။ အဲ့ဒါကို မင်းနားလည်လား . . .”
ကြင်ယာတော်မင်းသမီးမှခနဲ့သောလေသံဖြင့်-
“အေး . . . အမြဲတမ်း အိမ်ရှေ့မင်းသားပဲ ဖြစ်သွားမှာမို့လို့လား . . .”
“ဖြန်း . . .”
မင်းသားလည်း သည်းမခံနိုင်တော့သဖြင့်မင်းသမီး၏ ပါးအား ရိုက်ချလိုက်ရင်း –
“ထပ်မပြောနဲ့တော့ မင်းအပေါက်ကို ပိတ်ထားလိုက်တော့စောက်ကောင်မ . . .”
မင်းသမီး၏ မျက်နှာသည်လည်ပြန်ပင်လည်ထွက်သွားပြီး ဆံပင်များသည်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ထို့နောက် မင်းသားရှိရာဘက်သို့ သူမ၏ မျက်နှာအား ဖြည်းဖြည်းချင်း လှည့်လိုက်ရင်း အေးစက်မာကြောသော အသံဖြင့် –
“ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့လေ . . . ဟုတ်လား . . .”
မင်းသားမှ –
“အေး . . . ရိုက်တယ်ကွာ။ ဘာဖြစ်လဲ . . . မရိုက်ရဘူးလား . . .”
မင်းသမီးသည်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“ရတာပေါ့ . . . ရိုက်လို့ သိပ်ရတာပေါ့ . . .”
ထို့နောက် ချက်ချင်းဆိုသလိုပင်အိမ်ရှေ့မင်းသား ရှိရာသို့ပြေးသွားလိုက်ပြီး မင်းသား၏ ဆံပင်အား ဖမ်းဆွဲလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ တွန်းလှဲချလိုက်ကာ အပေါ်စီးမှနေ၍ အားရပါးရပင်ပြန်လည်ရိုက်နှက်လိုက်ရင်း –
“ရှင့်နဲ့ လက်ထပ်ပြီးကတည်းက ရှင့်အတွက် အကျိုးရှိတာတွေကိုပဲ အမြဲလုပ်ပေးခဲ့တယ်။ အခုလက်ရှိ အခြေအနေထိ ရောက်အောင်လည်း တွန်းပို့ပေးခဲ့တယ်။ ကျွန်မကိုယ်ကျွန်မလှေကားထစ်လို သဘောထားပြီး ရှင့်ကို အပေါ်ဆုံးရောက်အောင်လုပ်ပေးခဲ့တယ်။ ဟမ်. . . အခုကျ ရှင်က ကျွန်မကို ရိုက်တယ်တဲ့လား။ ရှင့်လိုကောင်မျိုးကဘယ်လိုသတ္တိနဲ့ လုပ်ရဲရတာလဲ . . .”
ထို့နောက်ဒေါသတကြီးဖြင့်ပင်ထပ်တလဲလဲ ရိုက်နှက်လိုက်ပြန်ရင်း –
“ကျွန်မတို့ မူမျိုးနွယ် မရှိဘဲ၊ ကျွန်မမရှိဘဲ၊ ရှင့်ကိုယ်ရှင် အိမ်ရှေ့မင်းသား ဖြစ်လာမယ်များ ထင်နေတာလား။ ကျွန်မတို့သာ မရှိကြည့်ရှင်က သုံးမရတဲ့ မင်းသားစုတ်ပဲ ဖြစ်သွားမှာ။ ရှင်က ရှင့်အဖေရဲ့ ဒုတိယမြောက်သား၊ ဘာအစီအစဉ်မှ မချတတ်သလို ဘာအတွေးအခေါ်မှ မရှိတဲ့ နလပိန်းတုံး။ အဲဒါတောင် ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့လေ . . .”
မင်းသမီးသည် မင်းသားထက် ပို၍ သန်မာလျက်ရှိသည်။ မင်းသားလည်း မင်းသမီး၏ အဆက်မပြတ်ရိုက်နှက်မှုကြောင့်မျက်နှာတစ်ခုလုံးပင်နီရဲလာပြီး ဒေါသတကြီးဖြင့် –
“ဖယ်စမ်း . . .ကောင်မ . . . ငါ့ကို လွှတ်စမ်း . . .”
“ဒီနှစ်တွေထဲမှာ ရှင့်အတွက် ကျွန်မတို့ အများကြီး လုပ်ပေးခဲ့ရတယ်။ ပထမဆုံး ရှင့်ရဲ့အစ်ကို အကြီးဆုံးကို သေအောင် သတ်ပစ်ခဲ့တယ်။ ကိုယ်လုပ်တော်လိနဲ့ မြူဆွယ်ခိုင်းခဲ့ရတယ်။ မင်းသားငယ်တွေ ကိုလည်း ရှင်းပစ်ခဲ့ရတယ်။ နောက်ဆုံး ရှင့်ကို အိမ်ရှေ့မင်းသားအဖြစ် ရောက်အောင် တွန်းပို့ခဲ့တယ်။ ဒါတွေအားလုံး ကျွန်မတို့ မူမျိုးနွယ်က ရှင့်အတွက် လုပ်ပေးခဲ့တာ။ အခုကျ ကျွန်မကို ရိုက်တယ်တဲ့လား . . .”
ယခုအချိန်တွင်မင်းသမီး၏ မြိုသိပ်ထားရသောဒေါသများသည်အတားအဆီးမရှိ ပွင့်အန်ထွက်ကုန်သဖြင့်အိမ်ရှေ့မင်းသားအား တရစပ်ပင်ရိုက်နှက်လျက်ရှိသည်။
“ကျွန်မအစ်ကိုလည်း ရှင့်ကြောင့် ဒုက္ခရောက်ခဲ့ရတယ်။ ရှင့်ယောက်ဖက ရှင့်ကို အများကြီးလုပ်ပေးခဲ့ပေမယ့်သူသေတော့ ရှင်သူ့အတွက်တောင် ကလဲ့စားချေပေးခဲ့လား . . . အဲ့ဒါတောင်အရှက်မရှိ ရှင်က ကျွန်မကိုတောင် ရိုက်နေသေးတယ် . . .”
မင်းသမီးသည်အိမ်ရှေ့မင်းသားအား အငြိုးတကြီးဖြင့်ပင်ရိုက်နှက်မိနေခြင်း ဖြစ်သည်။
“ဖြန်း . . . ဖြန်း . . . ဖြန်း . . .”
အိမ်ရှေ့မင်းသားသည် မင်းသမီးအပေါ်တွင်အမြဲအနိုင်ယူခဲ့သည်။ မင်းသမီးသည်မင်းသား၏ လိုအင်ဆန္ဒဟူသမျှအား အမြဲဖြည့်ဆည်းပေးခဲ့ပြီး မင်းသားအလိုကျ အမြဲနေထိုင်ခဲ့သည်။ သို့သော်ယခုအခါတွင်မူ ပထမဦးဆုံးအကြိမ်အဖြစ်ယောက်ျားဖြစ်သူအား စိတ်ရှိတိုင်း ရိုက်နှက်မိခဲ့သည်။ အသားနာခြင်းထက်စိတ်နာသွားခဲ့၍ ဖြစ်သည်။
မင်းသား၏ မျက်နှာသည်လည်း ယောင်ကိုင်းလာပြီး နာကျင်မှုကြောင့်အဆက်မပြတ်ပင်ညည်းညူလျက် ရှိသည်။
အိမ်ရှေ့မင်းသားအဖြစ် ခံယူလိုက်ပြီးသည့်အချိန်မှစ၍ ယခင်ကထက်ပိုမို ရင့်ကျက်ပြီး တည်ငြိမ်လာခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ အိမ်ရှေ့မင်းသားပင်ဖြစ်လင့်ကစား သနားစရာကောင်းသော ကလေးငယ် တစ်ဦးကဲ့သို့ပင် ကူရာမဲ့ ကယ်ရာမဲ့အရိုက်ခံနေရလေသည်။
မင်းသမီးသည်မင်းသားအား အားရသည်အထိ ရိုက်နှက်လိုက်ပြီးသည့်နောက်တွင်ဒေါသများလည်း အတန်ငယ်ပြေလျော့သွားသည်။ ထို့နောက်ဖြည်းညင်းစွာဖြင့်မတ်တပ်ရပ်လိုက်ရင်း –
“ဒီမှာ မင်းသား . . . ရှင့်ကိုယ်ရှင် သိပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်ရှေ့မင်းသား တစ်ယောက်လို ကျွန်မရှေ့ လာလုပ်ပြမနေနဲ့။ ကျွန်မက ရှင့်ရဲ့ အမည်းစက်တွေ အကုန်လုံးကို ဖုံးပေးထားတဲ့လူ။ မိန်းမတစ်ယောက်ကို စော်ကားချင်တိုင်း စော်ကားလို့ရမယ် ထင်မနေနဲ့။ပေါက်ကွဲထွက်လာတဲ့ မိန်းမတွေရဲ့ဒေါသကို ရှင်တို့ယောက်ျားတွေလျှော့တော့ မတွက်လိုက်နဲ့။ စိတ်နာအောင်လည်း လာမလုပ်နဲ့။ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ ရှိတယ်။ နားလည်လား . . .”
“ရှင့်ကို ကျွန်မတို့ မြောက်စားခဲ့သလိုအောက်ဆုံးထိရောက်သွားအောင်လည်း ဖျက်ဆီးပစ်လိုက်လို့ ရတယ်ဆိုတာ မြဲမြဲမှတ်ထား”
အိမ်ရှေ့မင်းသား၏ ပါးစပ်မှသွေးများပင်ထွက်လာခဲ့ပြီး မင်းသမီးအား ထိတ်လန့် တုန်လှုပ်သော အကြည့်များဖြင့်ကြည့်လျက်-
“မင်းသာ ရဲရှောင်ကို အဆိပ်မခတ်ခိုင်းခဲ့ရင် ငါလည်း ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ သိပ်ပြီး စွမ်းအားကြီးတဲ့၊ ကြောက်စရာ ကောင်းတဲ့ ရဲနန်ရှန်ကိုမှ ငါတို့က သွားပြီး ပြဿနာရှာမိတယ်။ သူသာ ငါတို့ကို ဆန့်ကျင်လာခဲ့ရင် အားလုံးသေကြရမှာပဲ။ မင်းကိုယ်မင်းရော အပြစ်မမြင်တော့ဘူးလား . . .”
မင်းသမီးမှ –
“အခုချိန်မှာ မှားတာတွေ မှန်တာတွေ ပြောနေသင့်တယ်လို့ ရှင်ထင်နေတာလား။ ရဲရှောင်ကို အဆိပ်ခတ်ဖို့က ကျွန်မတို့ အစီအစဉ်တွေထဲက တစ်ခုပဲ။ အဲ့ဒါကို ရှင်လည်း လက်ခံခဲ့တယ် မဟုတ်လား။ နောက်ပြီး တခြား လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်။ ရှင့်ကိုတော့ အိမ်ရှေ့မင်းသားနေရာ အရယူခိုင်းပြီး ရှင့်ညီအစ်ကို နှစ်ယောက်နဲ့ ရန်တိုက်ပေးထားလိုက်တယ်။ ရဲနန်ရှန်ရဲ့ အားနည်းချက်က ရဲရှောင်ပဲ။ ရဲရှောင် အဆိပ်မိတော့ ရဲနန်ရှန်လည်း စိတ်လွတ်၊ ဘုရင်လည်း လက်တစ်ဖက်ပြုတ်သလို ဖြစ်သွားမယ်။ အဲဒီအချိန်ကြရင်စစ်သည်တော်တွေ အားလုံးကို ဦးစီးနိုင်မယ့်အခွင့်အရေး ရှင်ရအောင်ယူရမှာလေ။ ကျွန်မ လုပ်ထားတာ အရာအားလုံးက အစီအစဉ် တကျပဲ။ ဒါပေမယ့်အခုကြ ရှင်ရရမယ့်နေရာကို ရဲနန်ရှန်ရပြီး စစ်သည်တော်ေတွအားလုံး သူ့လက်အောက် ရောက်သွားခဲ့ပြီ။ ဒီလို အခြေအနေ ဖြစ်လာမှတော့ ကျွန်မတို့လည်း ဘာတတ်နိုင်မလဲ။ တစ်ခါတစ်လေ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာချင်မှ ဖြစ်လာမှာပေါ့။ မဖြစ်လာတာ ကျွန်မတို့ အမှားမှ မဟုတ်တာ . . .”
မင်းသားသည် ငြိမ်နေရာမှ ခနဲ့တဲ့တဲ့ဖြင့်-
“မင်းအမှား မဟုတ်ဘူး ဟုတ်လား။ မင်းက အပြစ်တင်တတ်တဲ့ နေရာမှာတော့ သိပ်တော်တယ်နော်။ မင်းတို့ မူမျိုးနွယ်ကပဲ အရာအားလုံးကို ထိန်းချုပ်ထားတာ မဟုတ်လား။ အရာအားလုံးကို အစွန်းရောက်တဲ့အထိ လုပ်ချင်သလို လုပ်နေကြတယ်။ နောက်ပြီး ပြဿနာ မရှာသင့်တဲ့ လူကိုမှ ပြဿနာ သွားရှာတယ်။ နောက်တော့ မင်းတို့က ရှောင်ထွက်သွားပြီး ငါ့ကို အရှုပ်ထုပ်တွေကြား ထားခဲ့တယ်ပေါ့။ မင်းတို့ မူမျိုးနွယ် လုပ်ပေးတယ်ဆိုတာ ဒါလား . . .”
“တော်တော် နာမည်ကြီးတဲ့ မူမျိုးနွယ်ပါလား။ သခင်ကြီးဘိုင်ရဲ့ အစေခံတပည့်ကိုမှ သွားပြီး ပတ်သက်တာကိုး၊ ဒါတောင် အစေခံတပည့်ပဲ ရှိသေးတယ်နော်။ ဒီလို မိန်းကလေး တစ်ယောက်က တစ်မျိုးနွယ်လုံးကို တုန်လှုပ်သွားစေခဲ့တာပဲ။ ဟားဟား ဟားဟား . . . မျိုးနွယ်စုကြီး ၈ ခုကို အစက တော်တော်ကြီး အင်အားကြီးမယ် ထင်ထားခဲ့တာ။ ငါ့အထင် မှားသွားခဲ့တာပဲ။ သူတို့ထက် အင်အားကြီးတဲ့ လူတွေနဲ့လည်း တွေ့ရော ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြရှာတယ်။ ဟားဟား . . . တော်တော်စွမ်းတဲ့ မူမျိုးနွယ်ပါလား . . .”
“မူမျိုးနွယ်က ဘယ်ကိုမှရှောင်ထွက်မပြေးပါဘူး။ ဒီမှာပဲ ရှိပါတယ်။ မင်းသားသာ ကျုပ်တို့ကို ပစ်ပယ်ထားတာပါ . . .”
အိမ်ရှေ့မင်းသား၏ စကားအဆုံးတွင်အေးစက်စက်ဖြင့်ပြောလိုက်သော အသံတစ်သံသည်ထွက်ပေါ်လာပါတော့သည်. . .။