Chapter – 199
“အရိုးကြေကြေ အရေခမ်းခမ်း”
ရဲရှောင်မှ –
“ခင်ဗျားမှာ ရှိတဲ့ အရက်သာချဗျာ။ နောက်တစ်ခေါက်မှ ကျုပ်တိုက်ပါ့မယ် . . .”
“ကောင်းပြီဟေ့ . . .”
ဆောင်ဂျု အားတက်သေရာဖြင့်ပင်ပြောလိုက်သည်။
အရက်ကြိုက်လွန်းသူအား လက်ညှိုးထိုးပြပါဆိုလျှင်ထိုလူသည်ဆောင်ဂျုပင်ဖြစ်လိမ့်မည်။ လိင်စိတ်ကြွဆေးမှလွဲ၍ အရက်မှန်သမျှအား အလွန်ကြိုက်၏။ လိင်စိတ်ကြွဆေးနှင့် အဆိပ် ယှဉ်ရွေးခိုင်းလျှင် အဆိပ်ကိုသာ ရွေးချယ်မည့်သူ ဖြစ်သည်။
ထို့နောက်ခွက်များအတွင်း အရက်လောင်းထည့်လိုက်သည်။ ဆောင်ဂျုသည် ခွက်အား မြောက်လိုက်ရင်း –
“သောက်ကြမယ်ဟေ့ . . .”
တစ်ကျိုက်တည်းပင်မော့သောက်ပစ်လိုက်ခြင်း ဖြစ်သည်။
အရက်သောက်ရန် စခေါ်သော ရဲရှောင် တစ်ခွက်မကုန်ခင်မှာပင် ဆောင်ဂျုသည် ၃ ခွက်ကုန်သွားခဲ့ချေပြီ။
ရဲရှောင်သည်ဆောင်ဂျူအား ကြည့်ရင်းရယ်ချင်နေမိသော်လည်း မရယ်နိုင်ဘဲ သက်ပြင်းသာ ချလျက်ရှိသည်။ အရက်သောက်လိုက်ေလလေ ပို၍ စိတ်ဓာတ်ကျလာလေလေ ခံစားနေရပြီး သူ့အတွက်မူ အရက်သောက်ခြင်းသည်ပို၍ပင် စိတ်ရှုပ်စရာ ကောင်းနေသေးသည်။
နှုတ်ဆိတ်နေသော ရဲရှောင်အား သတိပြုမိသွားသည့်အတွက်ဆောင်ဂျုသည် သောက်လက်စခွက်အား ချလိုက်သည်။ သူသောက်နေသည်မှာ ခြောက်ခွက်မြောက်ပင်ရှိနေပြီ ဖြစ်သည်။ တကယ်တမ်းတွင်မူသောက်ချင်လွန်း၍တော့ မဟုတ်ချေ။ မျက်နှာမသာမယာ ဖြစ်နေသော ရဲရှောင်အား နှစ်သိမ့်ပေးရန် အလိုငှာသောက်ပြခဲ့ခြင်း ဖြစ်သည်။အရူးတစ်ယောက်ကဲ့သို့ တရစပ် သောက်ပြခဲ့သော်လည်း ရဲရှောင်မှာမူ ရယ်မောလာခြင်း မရှိချေ။ဆောင်ဂျုသည်ရဲရှောင်၏ ပြသာနာအားတီးခေါက်ကြည့်ချင်မိသည့်အတွက်-
“ရှောင်ရှောင် . . . မင်းဘာပြဿနာများ ဖြစ်နေလို့လဲ . . .”
ရဲရှောင် ငြိမ်နေရင်းမှ –
“အင်း . . . ကျုပ်နားမလည်တာလေးတွေ ရှိလို့ပါ . . .”
ဆောင်ဂျုမှ –
“ငါ့ကို ပြောစမ်းပါ။ ငါက မင်းထက် အသက်ရော ဝါရော အများကြီး ကြီးပါတယ်ကွ။နောက်ပြီး အတွေ့အကြုံလည်း အများကြီး ပိုရှိတယ်လေ . . .”
ရဲရှောင်လည်း စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ရင်း စိတ်ထဲမှလည်း –
[ခင်ဗျားက ကျုပ်ထက် ပိုပြီး အသက်ရော ဝါရော အတွေ့အကြုံပါ ပိုကြီးတယ်ပေါ့လေ ဟုတ်လား။ ဘာပြောရမှန်းတောင် မသိတော့ဘူး . . .]
သို့သော် ဆောင်ဂျုပြောမည်ဆိုလည်း ပြောချင်စရာပေ။ လက်ရှိအနေအထားအရ သူ၏ ပုံစံသည်စိတ်နှင့်လူနှင့်မကပ်သည့်ပုံပင်ြဖစ်နေသည်မဟုတ်ပါလော။
“ဦးလေးဆောင် . . . လူတွေရဲ့ ချစ်ခြင်းက ထူးဆန်းတယ်လို့ မထင်ဘူးလား . . .”
ရဲရှောင် အရက်ခွက်အားတွေတွေကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။
ဆောင်ဂျုသည်ထောက်ခံသည့်ဟန်ဖြင့်ခေါင်းညိတ်ပြလိုက်ရင်း –
“ဟုတ်တယ် . . . ထူးဆန်းတာပေါ့ . . .”
ရဲရှောင်လည်း တစ်ငုံသောက်လိုက်ရင်း –
“ခင်ဗျားကို မေးခွန်းတစ်ခု မေးမယ် . . .”
ဆောင်ဂျုမှ –
“တစ်ခုမဟုတ်ဘူး ကြိုက်သလောက်မေးစေဗျာ။ မင်းရဲ့ ဦးလေး ငါ နားထောင်နေပါတယ် . . .”
ရဲရှောင်မှ –
“ဦးလေးဆောင် . . . ခင်ဗျားကို တစ်ပြိုင်တည်း ကြိုက်နေတဲ့ မိန်းကလေး နှစ်ယောက် ရှိတယ် ဆိုကြပါစို့ . . .”
“ဒါကတော့ မဖြစ်နိုင်တာပဲ . . .”
ဆောင်ဂျုသည် ရဲရှောင်၏ စကား ဆုံးအောင်ကိုပင်နားထောင်မနေတော့ဘဲ ခေါင်းခါယမ်း၍ ပြောလိုက်သည်။
“နှစ်ယောက် မပြောနဲ့ တစ်ယောက်ရှိမှာကိုတောင် ကြောက်မိပါရဲ့။ အဲဒါက ငါ့ ခံစားချက် အစစ်အမှန်ပဲ . . .”
ရဲရှောင်သည်မျက်လုံးအပြူးသားဖြင့်-
“ကျုပ်စကားတောင် မဆုံးသေးဘူးလေ။ ကျုပ်ပြောတာ နားမထောင်ဘူးလား။ ဘာလို့ ကြားဖြတ်ပြောနေရတာလဲ . . .”
“အဲ့ဒီလိုကိစ္စမျိုး ငါမှ စိတ်မဝင်စားတာ ဘာများ အကြံပေးနိုင်မှာလဲ . . .”
ဆောင်ဂျုခေါင်းမာစွာဖြင့် ပြောလိုက်သည်။
ရဲရှောင်လည်း စိတ်တိုသွားပြီး ဆောင်ဂျု၏ လက်အား ဆွဲဆောင့်လိုက်ရင်း လေသံခပ်ကျယ်ကျယ်ဖြင့် –
“ကျုပ်ပြောတာပဲနားထောင် . . . ပြီးမှ ခင်ဗျားပြောချင်တာပြော . . .”
ဆောင်ဂျုလည်း သွားများပင်ပေါ်အောင်ပြုံးလိုက်ကာ –
“ဟုတ်ပါပြီ။ ဆက်ပြော . . .”
“ကျုပ်ပြောသလို မိန်းကလေး ၂ ယောက်က ခင်ဗျားကို တစ်ပြိုင်တည်း ကြိုက်တယ် ဆိုပါတော့။ ၂ ယောက်လုံးက လှလည်းလှတယ်။ အပြစ်ပြောစရာကို မရှိဘူး။ တစ်ယောက်ဆို ခင်ဗျားနဲ့ စေ့တောင် စေ့စပ်ထားတယ်။ နောက်တစ်ယောက်ကတော့ ခင်ဗျား သူ့အပေါ် အကြွေးတင်နေတဲ့ ကိစ္စတစ်ခု ရှိနေတယ် . . .”
“အရေးကြီးဆုံး အချက်က နှစ်ယောက်စလုံးက ခင်ဗျားကို ရင်ထဲ နှလုံးသားထဲကနေကို ချစ်နေကြတာပဲ”
“ခင်ဗျား အကြွေးတင်နေတဲ့ မိန်းကလေးကို ပြန်ကြည့်သင့်တယ် ဆိုတာကိုလည်း ခင်ဗျား သိတယ်။ ဒါပေမဲ့ တစ်ဖက်ကစေ့စပ်ထားတဲ့ မိန်းကလေးကိုလည်း ခင်ဗျားက သစ္စာမဖောက်ချင်ဘူး။ အဲဒီလိုဆို ခင်ဗျား ဘာလုပ်မလဲ . . .”
ဆောင်ဂျုသည်ရယ်မောလိုက်ရင်း –
“ငါဘာလုပ်ရမလဲ ဟုတ်လား . . .”
ရဲရှောင်သည် မည်သည့်စကားမျှ မပြောတော့ဘဲ အရက်သာ ဆက်သောက်နေသည်။
“ဒီလောက်ထိ အများကြီး စဉ်းစားစရာ မလိုတဲ့ ကိစ္စအတွက်နဲ့ ဘာလို့ ဒုက္ခရောက်ခံ နေမှာလဲ။ ဘာလို့ မင်းအတွက် ဒီမေးခွန်းက ခက်ခဲနေရတာလဲ။ မင်း နှစ်ယောက်စလုံးကို လက်ထပ်လိုက်လို့ ရတာပဲလေ။ ငါးရံ့နှစ်ကောင်ကို တစ်ပြိုင်တည်း ဖမ်းလိုက်ပေါ့။ အဲဒီလိုဆိုရင် မကောင်းဘူးလား။ သူတို့ နှစ်ယောက်လုံးကလည်း မင်းကို နှစ်နှစ်ကာကာ ချစ်ကြတယ်ဆို . . .”
ထို့နောက် အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ရဲရှောင်၏ အနားသို့ ကပ်လိုက်ရင်း –
“ငါခန့်မှန်းရသလောက် ယဲ့ယွဲ့က အဲ့ဒီ နှစ်ယောက်ထဲက တစ်ယောက်ပဲ။ ကျန်တဲ့ တစ်ယောက်က ဘယ်သူများလဲ။ ယဲ့ယွဲ့ကလွဲပြီး ကျန်တဲ့ တစ်ယောက်ကို ခန့်မှန်းလို့ မရဘူး ဖြစ်နေတယ် . . .”
ဆောင်ဂျူ၏ စကားကြောင့်ရဲရှောင် ပြုံးလိုက်မိသည်။
ဆောင်ဂျုထံ ရင်ဖွင့်မိသည်မှာ မှားသွားသလိုပင် ခံစားလိုက်ရသည်။
ဆောင်ဂျုသည်လည်း ချစ်ခြင်းမေတ္တာတရားအား နားမလည်သော လူတစ်ယောက်သာ ဖြစ်သည်။
ရဲရှောင်ထက်ပင် ပို၍ ဆိုးရွားနေပါသေးသည်။ မည်သည့်မိန်းကလေးကမှဆောင်ဂျုအား မချစ်ခင်မနှစ်သက်ကြပေ။
ထို့ကြောင့် ရဲရှောင်အား လက်တွေ့ကျသည့် အကြံဉာဏ်မျိုး မပေးနိုင်ခြင်း ဖြစ်သည်။
ဆောင်ဂျုမှ အတွေးတစ်ခုပေါက်သွားသည့်ဟန်ဖြင့်-
“နောက်တစ်ယောက်က ဘယ်သူလဲ။ မင်းသွားသွားနေကြ ဆောင်ကြာမြိုင်ကလား။ မင်းသူ့ကို တစ်ခုခု အကြွေးတင်နေလို့လား။ ဒါမှမဟုတ် မင်းလုပ်လိုက်လို့ ကိုယ်ဝန်ရှိသွားတာများလား။ မင်း . . . မင်း . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း စိတ်လေသွားသည့်ဟန်ဖြင့်စားပွဲပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားလေသည်။
ရဲရှောင်ရီဝေဝေပင်ဖြစ်လျက်ရှိသည်။ အမှန်တကယ်တွင်အရက်မူးနေခြင်း မဟုတ်ဘဲ ရှုပ်ထွေးလှသည့် ခံစားချက်များကြောင့် မူးဝေနေခြင်း ဖြစ်သည်။ စိတ်ပျက်လက်ပျက်ဖြင့်ပင်ဖြစ်နေရင်း စိတ်ထဲတွင်လည်း –
[သောက်သာသောက်နေပြီး ငါဘာလို့ အရက်မူးမလာရတာလဲ။ အရက်က ငါ့ကို ပိုတောင် စိတ်ရှုပ်အောင် လုပ်နေသလိုပဲ။ ဒီညတော့ ဘယ်လို အိပ်ရတော့မလဲ မသိပါဘူး . . .]
ဆောင်ဂျုမှ –
“မင်းဘာတွေ လုပ်နေတာလဲ ကောင်လေး။ မင်းပြောတော့ ငါနဲ့အတူတူသောက်ပြီး စကားပြောချင်တယ်ဆို။ မင်းရယ်အောင်လည်း ငါ့မှာ ကြိုးစားပေးခဲ့ရတယ်။ မင်းစိတ်သက်သာရာ ရအောင်လည်း အကြံဉာဏ်တွေ နှစ်သိမ့်စကားတွေ ပြောပေးခဲ့တယ်။ အခုကြတော့ မင်းက မှောက်သွားပြီတဲ့လား။ မယုံနိုင်စရာပဲ . . .”
ထို့နောက်ဆောင်ဂျုသည် ခွက်ထဲသို့ အရက်များ ထည့်လိုက်ရင်း မော့ချလိုက်ပြန်သည်။
ရဲရှောင် အခန်းထဲသို့ ပြန်ရောက်သောအခါ မန်ဟွာချင်း ပြောခဲ့သည့် စကားများအား ပို၍ နားလည်လာခဲ့ သည်။
လူတစ်ယောက်၏ ဘဝတွင်အရေးကြီးဆုံးမှာ စွမ်းအား ကြီးမားလာဖို့ပင် ဖြစ်သည်။
မန်ဟွာချင်း၏ တပည့်အဖြစ်ခံယူသွားသော စုယဲ့ယွဲ့သည်နောက်ပိုင်းတွင်အတွေ့အကြုံများ၊ ပညာများ ပိုမိုပြည့်ဝသွားပြီး အဆင့်အတန်းလည်း ပို၍ မြင့်မားသွားမည်ဖြစ်သည်။ သူ့ထက်ပင်ဘက်ပေါင်းစုံမှ သာလွန်သွားနိုင်သည်ကို ရဲရှောင်သိနေလေသည်။
ထိုအခြေအနေမျိုးတွင်သူ့ဘက်မှလည်း ကျင့်ကြံမှုများအား ယခင်ကထက်ပင်ပို၍ ကြိုးစား မကျင့်ကြံခဲ့လျှင်မန်ဟွာချင်း ပြောခဲ့သည့်အတိုင်း သူသည် စုယဲ့ယွဲ့နှင့် မထိုက်တန်သော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ထိုအချက်မှာ အမှန်တရားပင် ဖြစ်သည်။
စုယဲ့ယွဲ့မှ သူ့အား မည်မျှပင် ချစ်နေစေကာမူ နယ်ပယ်ကြီးများအတွင်း သွားလာရင်း အမြင်ကျယ်လာသည်နှင့်အမျှ သူမ ရှိခဲ့ဖူးသည့် ကမ္ဘာသည် အသေးအမွှားမျှသာ ဖြစ်သည် ဆိုသည်ကို သိရှိသွားပေလိမ့်မည်။
ထိုအခါ သူမ၏ အတွေးများလည်း ပြောင်းလဲသွားနိုင်လေသည်။
ရဲရှောင်အပေါ် မေတ္တာမပျက် ရှိနေကောင်း ရှိနေနိုင်သော်လည်း ရဲရှောင်အဖို့မူ သူချစ်ရသောသူများအား မဆိုထားနှင့် မိမိကိုယ်ကိုပင် ကာကွယ်နိုင်စွမ်း မရှိသော လူတစ်ယောက်ဖြစ်နေတုန်းပင်ဆိုိုပါက ရှက်ရွံ့ဖွယ်ကောင်းသည့်အနေအထားပင်ဖြစ်သည်။
ယခုအချိန်တွင်မူ စုယဲ့ယွဲ့တစ်ယောက်နားလည်နိုင်ဦးမည် မဟုတ်ချေ။ ရဲရှောင်မှာမူ အတွေ့အကြုံ၊ ဗဟုသုတ ကြွယ်ဝသည့် လူတစ်ယောက် ဖြစ်သည့်အတွက် အရာအားလုံးအား ခြုံငုံ၍ နားလည်နေခြင်း ဖြစ်သည်။ မိမိကိုယ်ကို ပြန်သုံးသပ်နေမိရင်း ရဲရှောင်၏ စိတ်ထဲတွင်-
[ဘယ်လိုပဲဖြစ်ဖြစ် ငါတတ်နိုင်သမျှ အမြန်ဆုံး အစွမ်းရှိလာအောင် လုပ်ရမယ်။ ဒီနေ့ အဖြစ်အပျက်တွေက ငါ့ဘဝအတွက် တကယ် ရှက်စရာပဲ။ ဒါပေမဲ့ ငါပြန်ဝင်စားလာတယ် ဆိုတာ ဘယ်သူမှတော့ မသိပါဘူးလေ]
ထိုအချိန်တွင်ရဲရှောင်၏ မျက်လုံးများမှ ခရမ်းရောင် အငွေ့အသက် အချို့ ထွက်ပေါ်လာလေသည်။
[အရင်ဘဝတုန်းက ငါ့မှာ ရည်မှန်းချက်ဆိုတာ မည်မည်ရရ မရှိခဲ့ဘူး။ ချင်းယန်နယ်ပယ်ကို ကလဲ့စားချေမယ့်ကိစ္စတောင် ရေရေရာရာ မရှိသလို ဖြစ်ခဲ့ရတယ်။ အခုတော့ အရာအားလုံးကို ငါနားလည်သွားပြီ။ ငါ့မှာ ခိုင်မာ တိကျတဲ့ ရည်မှန်းချက်တွေလည်း ရှိနေပြီ . . .]
[ချင်းယန်နယ်ပယ်က လူတွေကို ကလဲ့စားချေပြီး အစွမ်းထက်ဆုံးပါဆိုတဲ့ ကောင်ကို အနိုင်ယူပစ်ရမယ်။ ငါကာကွယ်သင့်တဲ့ လူတွေကိုလည်း ကာကွယ်ေပးနိုင်အောင်လုပ်ရမယ်။ ဘယ်သူကမှ ငါ့ကို မထိုက်တန်တဲ့ကောင် ဆိုပြီး ပြောတာမျိုး မခံရအောင်လည်း လုပ်ရမယ်။ ဒါတွေက ငါ့ရည်မှန်းချက်တွေပဲ၊ ငါလုံးဝ အရှုံးပေးလိုက်လို့ မဖြစ်ဘူး . . .]
ထို့နောက် ရဲရှောင်သည် အိပ်ယာထက်တွင် လှဲလျောင်းလိုက်ပြီး ရှေးဦးခရမ်းရောင်ချီဓာတ် ကျင့်စဉ်အား သေချာစူးစိုက်၍ ကျင့်ကြံနေလိုက်သည်။
ဘဝ၏ ရည်မှန်းချက်များ နှင့်ပက်သက်၍ ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမျှ ပြတ်သားစွာ ဆုံးဖြတ်ချက်မချခဲ့ဖူးချေ။
အရှက်တရားများ နှင့်ဒေါသများအား မြိုသိပ်၍ ကျင့်ကြံမှုများအပေါ်တွင်သာ အာရုံစူးစိုက်ထားလိုက်သည်။
စိတ်ပါဝင်စားစွာဖြင့်ကျင့်ကြံနေသောကြောင့်သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် သွေးကြောများအတွင်း ယခင်ကထက်ပင်ပို၍ မြန်ဆန်စွာလှည့်ပတ် စီးဆင်းလျက် ရှိသည်။
“ယောကျာ်းတစ်ယောက်က ဘယ်သူ့ကိုမဆို ချစ်ခွင့်ရှိတယ်။ သို့ပေသော်ငြား သိက္ခာတော့ ကျခွင့် မရှိ။ ဒေါသတွေကို မြိုသိပ်ထား။ ဒေါသတွေ ကင်းဝေးရင် ငြိမ်းချမ်းမှုကို သင်ရလိမ့်မယ် . . .”
ထိုစာလုံးများသည် သူ၏ စိတ်ထဲတွင် ပေါ်လာလေသည်။
သို့သော် ရဲရှောင်သည်စာလုံးများအား အာရုံစိုက်မနေတော့ဘဲ ကျင့်ကြံမှုထဲတွင်သာ စိတ်နှစ်ထားလိုက်သည်။ အရာအားလုံးအားမေ့လျော့လျက်ရှိသည်။
ဟင်းလင်းပြင်ကြီးအတွင်း စာလုံးများသည် ပေါ်လိုက် ပျောက်လိုက်ပင်ဖြစ်လျက်ရှိသည်။
ထိုအချိန်တွင်ကောင်းကင်ယံထက်၌ သာနေသော လ၏ အလင်းေရာင်သည် ရုတ်တရက် ပို၍ လင်းထိန်းသွားခဲ့သည်။
ထို့နောက် ကမ္ဘာ့နေရာအနှံ့အပြားမှ သိပ်သည်းလှသော ခရမ်းရောင် ချီဓာတ်များသည် ရဲအိမ်တော် ရှိရာသို့ စုစည်းရောက်ရှိ လာပါတော့သည်။
. . .
တောင်ပိုင်းတွင် မန်ဟွာချင်းသည် စုယဲ့ယွဲ့နှင့်အတူ ဟင်းလင်းပြင်အား ဖြတ်သန်း၍နေရပ်သို့ ပြန်ရန် ပြင်ဆင်နေသည်။ မန်ဟွာချင်းသည်ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ချန်ရှင်းမြို့တော် ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် အံ့ဩမှုများ အတိုင်းသားပင်ပေါ်လွင်လျက်ရှိသည်။
ထူးခြားလှသည့် စွမ်းအင်များသည်ချန်ရှင်းမြို့တော်တွင်စုသွားလိုက်ပျောက်သွားလိုက်ဖြစ်နေသည်ကို အာရုံခံ ခံစားမိလိုက်သည်။
“တော်တော်ကို အစွမ်းထက်တာပါလား . . .”
ထိုကဲ့သို့သော စွမ်းအင်များသည် သူမကိုပင် ခြိမ်းခြောက်လာနိုင်သည်အထိ အစွမ်းထက်လှကြောင်း သိရှိနေလေသည်။
မန်ဟွာချင်းသည်ချက်ချင်းပင်သွားကြည့်ရန် ပြင်ဆင်လိုက်သည်။ သို့သော်စုယဲ့ယွဲ့အား သတိရမိသွား၍ ကိုယ်ရှိန်သတ်လိုက်မိသည်။ အကယ်၍ ချန်ရှင်းမြို့တော်သို့ ပြန်သွားလိုက်ပါက စုယဲ့ယွဲ့ စိတ်ပြန်လည်သွားနိုင်လေသည်။
ဖီးနစ်ခန္ဓာကိုယ်ပိုင်ရှင်အား ရှာဖွေရန်မှာ မလွယ်ကူလှသဖြင့် လက်လျော့လိုက်ရသော်လည်း မန်ဟွာချင်း၏စိတ်ထဲတွင်မူ မတင်မကျ ဖြစ်နေမိပါတော့သည် . . .။