Chapter – 198
“ထီးနှင့်တူသောသမီး”
ချန်နိုင်ငံတော်အတွင်းသို့ ရန်သူများကျုးကျော်ဝင်ရောက်ရန်အလွယ်ဆုံး ဖြတ်လမ်းသည်တောင်ကြားလမ်းပင်ဖြစ်သည်။ အကယ်၍တောင်ကြားလမ်းမှ မဟုတ်ဘဲ အခြားလမ်းများမှ သွားမည်ဆိုလျှင်ဘေးနားတွင်ဝန်းရံထားသောတောင်များအားကွေ့ပတ်ကာ မိုင်ပေါင်းသောင်းနှင့်ချီ၍ ခရီးနှင်ကြရမည် ဖြစ်သည်။
တောင်ကြားလမ်းမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာလျှင်လည်းမင်းသားဟွာရန်းတို့ဘက်မှ စစ်အင်အား၅၀၀၀ ခန့်ေလာက်ြဖင့် အလွယ်တကူ တားဆီးနိုင်မည့်အနေအထားပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရန်သူများအဖို့ အချိန်ကုန်သက်သာစေရန်အတွက်သည်တောင်ကြားလမ်းမှ ချီတက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ယခုကဲ့သို့သော အခြေအနေများကြောင့် မူလက ချမှတ်ထားခဲ့ကြသော တိုက်ခိုက်ရေး ဗျူဟာများ သည်လည်း အသုံးမဝင်တော့ချေ။
တောင်များအား ကျော်တက်၍ သွားရန်မှာလည်း မဖြစ်နိုင်သည့်ကိစ္စတစ်ခုပင်ဖြစ်သည်။ တောင်များသည် မြင့်မားလွန်းသဖြင့် တောင်ထိပ်ကိုပင် မျက်စိဖြင့် မမြင်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။ရန်သူများသည်ခြေကုန်လက်ပန်းကျ၍ လမ်းတစ်ဝက်မှာပင်သေကြေပျက်စီးနိုင်ပေသည်။
ရန်သူများသည်ဒေါသအကြီးအကျယ်ပင်ထွက်နေကြသည်။
“တောက် . . . ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ။ အိပ်မက်များ မက်နေတာလားကွာ . . .”
ရန်သူ့တပ်ဖွဲ့မှ စစ်သူကြီးတစ်ဦးသည်ဒေါသထွက်လွန်းသဖြင့်မချိတင်ကဲပင်ရေရွတ်လိုက်သည်။
. . .
လန်လန့်လန့်၏ ဖခင်ြဖစ်သူ စစ်သူကြီးလန်သည် ရွက်ဖျင်တဲ အတွင်းမှ အပြင်သို့ ထွက်လာသောအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားလေသည်။
“ဘယ် . . . ဘယ် . . . ဘယ်လို ဖြစ်သွားတာလဲ . . .”
စစ်သူကြီးလန်မေးလိုက်သည့်မေးခွန်းအား မည်သူမျှ မဖြေနိုင်ကြချေ။သူ၏ဘေးနားရှိ စစ်သည်များသည်လည်း ပါးစပ်အဟောင်းသားပင်ဖြစ်နေကြလေသည်။
နှင်းများ ကျဆင်းပြီးနောက်နေ့တွင်အရာအားလုံးသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
[ကောင်းကင်ကနေ တောင်တွေ ပြုတ်ကျလာတာလား၊ နတ်ဘုရားတွေ ငါတို့ကို ကူညီမစ လိုက်တာလား . . .]
“ဒီ . . . ဒီ . . . ဒီတောင်တွေက ဘယ်လို ပေါ်လာတာလဲ . . .”
စစ်သူကြီးလန်သည် တောင်များအား ကြည့်ရင်း ထပ်မံရေရွတ်လိုက်ပြန်သည်။
“ဒီ . . . ဒီ. . . တောင်တွေသာ ကောင်းကင်က ကျလာတယ် ဆိုရင် ငလျင် . . . ငလျင်လှုပ်သလိုကိုမြေကြီးတွေ တုန်. . . တုန်ခါသွားမှာပဲ။ ဒီ . . . ဒီ . . .လောက်ကြီးတဲ့ တောင်ကြီးတွေ ပြုတ်ကျလာလို့ကတော့ ငါ့လူတွေရော ငါ . . . ငါပါ သေသွားလောက်တယ်။ အခုကျ ဘာသံ . . . ဘာသံမှတောင် မကြားလိုက်ရတာပါလား . . .”
စကားထစ်အသော စစ်သူကြီးလန်တစ်ယောက်အံ့ဩမှုများနှင့်အတူ စကားများ တရစပ်ပြောဆိုလိုက်သည်။
“စစ်သူကြီး . . . ဒါကို ပုံရိပ်ယောင်လို့ ထင်လား . . .”
စစ်သူကြီးလန်၏ အနားတွင်ရှိသော ကိုယ်ရံတော်မှ ပြောလိုက်သည်။
စစ်သူကြီးလန်လည်း သူ့မြင်းအား စီး၍ တောင်များ ရှိရာသို့ ထွက်ခွာသွားသည်။ ထို့နောက် တောင်အနားသို့ ရောက်သောအခါ တောင်နံရံအား ကိုင်ကြည့်လိုက်ရင်း –
“ဒါ . . . ဒါ . . . ပုံရိပ်ယောင်ပဲ ဖြစ်မယ်။ ပုံယောင်ပဲ ဖြစ်ရမယ်။ ဟင် . . . အစစ် . . . အစစ်ပါလားဟ . . .”
စစ်သူကြီးနှင့်အတူ ပါလာသော ကိုယ်ရံတော်များသည်လည်း ပါးစပ်အဟောင်းသားဖြင့်ပင် အံ့ဩနေကြသည်။
စစ်သူကြီးလန်သည် ဒေါသတကြီးဖြင့် –
“နတ်ဘုရားတွေက ငါ့ . . . ငါ့ကို ကောင်းချီးမပေးခဲ့ဘူး။ အခုမှ ဘယ်ကမှန်းမသိတဲ့ တောင် . . .တောင် . . .ေတွက ရောက်လာတယ်။ ဒီတောင်တွေသာ အစကတည်းက ပေါ်လာခဲ့ရင် ငါ . . . ငါအေးအေးဆေးဆေး ခုခံနိုင်တာပေါ့။ အခု . . . အခုကျတော့ စုဒင်ဂူ ရောက်လာမှ ဒါတွေပေါ်တော့ သူ့အတွက် တိုက်ပွဲက အလွယ်တကူ ဖြစ်သွားပြီ။ ငါ . . . ငါ . . .တော့ ရူးချင်လာပြီ . . .”
အစောင့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရင်း နှုတ်ဆိတ် နေကြသည်။
စစ်သူကြီးလန်ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ။တောင်များကြောင့်ရန်သူများအား တွန်းလှန်တိုက်ခိုက်ရန် စစ်သည်အင်အားေထာင်ဂဏန်းမျှသာ လိုအပ်မည် ဖြစ်သည်။ အကယ်၍ ယခုကဲ့သုိ့ တောင်များ ဖြစ်ပေါ်လာမည်ကိုသာ ကြိုတင်သိရှိခဲ့ပါက စုဒင်ဂူအား အကူအညီ တောင်းရန် လိုအပ်ခဲ့မည် မဟုတ်ချေ။
တကယ်တမ်းတွင်မူ စုဒင်ဂူကြောင့်သာ ထိုတောင်များပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း မည်သူမျှ မသိရှိကြပေ။
နောက်ပိုင်းတွင်အဖြစ်အပျက်အမှန်အား စစ်သူကြီးလန်သိသွားသောအခါ သက်ပြင်းသာ ချလိုက်ရင်း –
“သမီးတစ်ယောက် မွေးထားရတာ ကောင်းလိုက်တာ . . .”
ဖြစ်ပေါ်နေသည့်အရာအားလုံးသည် စုယဲ့ယွဲ့၏ စကားများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
“ကျွန်မအဖေက အခုဆို တိုက်ပွဲမှာ ခက်ခက်ခဲခဲနဲ့ကို တိုက်နေရတယ် . . .”
စုယဲ့ယွဲ့သည်မန်ဟွာချင်းအား မျက်ရည်အရွှဲသားဖြင့်ပင်ပြောလိုက်သည်။
မန်ဟွာချင်းသည်မျက်မှောင်ကြုတ်လျက်-
“ယွဲ့လေး . . . သေချာနားထောင်။ ဒီကိစ္စတော့ ငါဘာမှ မလုပ်ပေးနိုင်ဘူး။ မင်းအလိုကို လိုက်ပြီး မော်တယ်ကမ္ဘာရဲ့ တိုက်ပွဲကြား ငါ ဝင်ရှုပ်လိုက်ရင် ငါသုံးလိုက်တဲ့ စွမ်းအင်တွေက မော်တယ်ကမ္ဘာကြီး တစ်ခုလုံးကို ပျက်ဆီးသွားစေလိမ့်မယ်။ ဒီလို အဆင့်နိမ့် ကမ္ဘာက ငါ့ရဲ့ အစွမ်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး . . .”
စုယဲ့ယွဲ့သည်မျက်ရည်များ ကျလျက်-
“ဒါပေမယ့်ကျွန်မအဖေက ဒုက္ခရောက်နေတာလေ။ အခု ကျွန်မ သူနဲ့တွေ့ရတာ နောက်ဆုံးအကြိမ် တွေ့ရတာလည်း ဖြစ်နိုင်တယ်။ ဒီလို အခြေအနေကြီးကို လျစ်လျူရှုပြီး ကျွန်မ ဘယ်လိုများ ထွက်သွားရက်နိုင်မှာလဲ . . .”
မန်ဟွာချင်းသည်သက်ပြင်းချလိုက်ရင်း –
“ဒါပေမဲ့ ငါလုပ်လို့မှ မရတာ . . . တကယ်ကို လုပ်ပေးဖို့ မဖြစ်နိုင်လို့ပါ . . .”
“ရှင်ကိုယ်တိုင် တိုက်ပွဲမှာ ဝင်ပါစရာ မလိုဘူးလေ။ တောင်ကြားလမ်း တစ်ခုလောက် ဖောက်ပေး လိုက်ရင်ကို အဆင်ပြေပါပြီ။ အခုက မြေပြန့်ကြီး ဖြစ်နေတော့ ကျွန်မ အဖေတို့ဘက်က မခုခံနိုင်ဘူး ဖြစ်နေတယ်။ မျက်နှာချင်းဆိုင် တိုက်ခိုက်ရတဲ့ အခါကြရင်သူတို့ဘက်က လူအင်အားလည်း နည်းတော့ ကြာရင် ရှုံးသွားမှာပေါ့ . . .”
စုယဲ့ယွဲ့သည်မန်ဟွာချင်းအား မျှော်လင့်တကြီးဖြင့်အကူအညီတောင်းလိုက်သည်။
“အင်း . . . ဒါကတော့ လွယ်ပါတယ်။ မင်းက တကယ်ဉာဏ်ကောင်းတဲ့ ကလေးပဲ။ ငါ့တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ ကောင်းပြီ . . . မင်းတောင်းဆိုတာ ငါ လုပ်ပေးမယ်. . .”
မန်ဟွာချင်းလည်း ယဲ့ယွဲ့အား ချီးမွှမ်းလိုက်ရင်းကျေကျေနပ်နပ်ဖြင့်ပင်သဘောတူလိုက်သည်။
ထို့ကြောင့်ပင် တစ်ညတည်းဖြင့် တောင်များ ပေါ်လာရခြင်း ဖြစ်သည်။
ထိုတောင်များကြားတွင်လည်း တောင်ကြားလမ်းတစ်ခု ရှိနေလေသည်။ ထီး နှင့်တူသော သမီးကောင်း တစ်ယောက် မွေးထားရခြင်း၏ အကျိုးပင် ဖြစ်ပြီး စစ်သူကြီးလန်၏ သားဖြစ်သူ လန်လန့်လန့်မှာမူ အမြဲလိုလို ပေါ်ကြော့ နေတတ်သူ တစ်ယောက်ပင်မဟုတ်ပါလော။
စုဒင်ဂူ၏ သမီးဖြစ်သူသည် ဖခင်အား များစွာ အထောက်အပံ့ ပေးနိုင်ခဲ့သည်။
. . .
မင်းသားဟွာရန်းသည် သမီးဖြစ်သူနှင့် အတူပါလာသော အမျိုးသမီးအား စူးစိုက်၍ ကြည့်နေမိသည်။ သမီးနှင့် မခွဲချင်သော်လည်း ယခုကဲ့သို့ အံ့သြဖွယ်ကောင်းလောက်အောင်ပင်အစွမ်းထက်လှသည့် ဆရာတစ်ယောက်နှင့်အတူလိုက်သွားရမည် ဖြစ်သောကြောင့်စိတ်ဖြေနိုင်အောင် ကြိုးစားလျက်ရှိသည်။
တောင်ကြားလမ်းနှင့် တောင်များ ဖြစ်ပေါ်လာခြင်းသည်သမီးဖြစ်သူနှင့် နှိုင်းယှဉ်လျှင် မင်းသားဟွာရန်းအဖို့ အရေးမကြီးလှချေ။
ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားပြီး စုယဲ့ယွဲ့၏ရှေ့တွင် ဟိတ်ဟန်အပြည့်ဖြင့်ရပ်နေသော မင်းသားဟွာရန်း၏ မျက်လုံးများတွင်မျက်ရည်များ ဝဲလျက်ရှိသည်။ သမီးဖြစ်သူအား တစ်စုံတစ်ခုပြောရန်ကြိုးစားနေသော်လည်းမည်သည့်စကားမျှပြောမထွက်ချေ။ ထိုအစား သက်ပြင်းများသာ အကြိမ်ကြိမ်ချနေမိခဲ့သည်။
ခဏအကြာမှသာ တည်ငြိမ်သော အသံဖြင့်-
“ငါ့အိမ်တော်ကို နတ်သမီးတစ်ပါးလို အစွမ်းထက်တဲ့ လူတစ်ယောက်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ယွဲ့လေး မင်းဘာမှ မစိုးရိမ်နဲ့။ မင်းဆရာနဲ့သာ စိတ်ဖြောင့်ဖြောင့်ထားပြီး လိုက်သွားပါ။ သူသင်ပေးတာတွေကိုလည်း သေသေချာချာ သင်ယူပါ။ ငါတို့မိသားစုနဲ့ ပတ်သက်ပြီး ဘာမှ စိတ်မပူနဲ့ အဆင်ပြေမှာပါ . . .”
စုယဲ့ယွဲ့သည် ရှိုက်ကြီးတငင်ဖြင့်ငိုနေသဖြင့် စကားကောင်းကောင်းပင်မပြောနိုင်တော့ချေ။ ဖခင်ဖြစ်သူအား ကြည့်ရင်း “အဖေ . . . အဖေ . . .” ဟုသာ တွင်တွင်ခေါ်နေလေသည်။
စုဒင်ဂူလည်း အံကိုတင်းတင်း ကြိတ်လျက်-
“အခုသွားတော့ . . . ဒီမှာ သူများတွေ စိတ်မကောင်းဖြစ်အောင် လာလုပ်မနေနဲ့ . . .”
ထို့နောက် မန်ဟွာချင်းထံသို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားလိုက်ရင်း –
“ကျုပ်သမီး ခင်ဗျားနဲ့အတူ လိုက်သွားမယ့်ကိစ္စကို မကန့်ကွက်ပါဘူး စိတ်လည်းချပါတယ်။ သူတစ်ခုခု အမှားလုပ်မိရင် ဆူပါ၊ အပြစ်ပေးပါ။ ခင်ဗျားကြိုက်သလို လုပ်နိုင်ပါတယ်။ ခင်ဗျားကို အပ်ပါတယ်။ သူ့ကို အခု ခင်ဗျား ပိုင်သွားပါပြီ . . .”
မန်ဟွာချင်းသည်ပြုံးလိုက်ရင်း –
“ရှင်က တော်တော် သဘောထားပြည့်ဝတဲ့ လူတစ်ယောက်ပဲ။ ကျွန်မဘက်ကလည်း တာဝန်ကျေပွန်စေရပါမယ်. . .”
စုဒင်ဂူလည်း ခေါင်းကိုညိတ်အရိုအသေပြုလိုက်ရင်း –
“ကျေးဇူးတင်ပါတယ် . . .”
စုဒင်ဂူ၏ အပြုအမူကြောင့်မန်ဟွာချင်းသည်အံ့ဩ သွားလေသည်။
မင်းသားဟွာရန်းကဲ့သို့ ဂုဏ်သိက္ခာကြီးမား၍ ခေါင်းမာသော လူတစ်ဦးသည် သူမအားလေးလေးစားစားဖြင့်ပင်အရိုအသေ ပြုလိုက်သည်မဟုတ်ပါလော။
စုယဲ့ယွဲ့သည်မျက်ရည်များ ကျနေတုန်းပင် ဖြစ်သည်။
စုဒင်ဂူလည်း သမီးဖြစ်သူ၏ လက်အား တယုတယဖြင့် ကိုင်လိုက်ရင်း-
“မင်းအနာဂတ်အတွက်တော့ ငါစိတ်ချသွားပြီ။ ငါတစ်ခုပဲ စိတ်မကောင်းဖြစ်တာပါ။ စစ်သူကြီးရဲကိုပေးထားတဲ့ သူ့သားနဲ့ လက်ထပ်ပေးမယ်ဆိုတဲ့ ကတိကိုတော့ ဖျက်မိသွားပြီ . . .”
မန်ဟွာချင်းမှ –
“ကျွန်မတို့ ဒီကို မလာခင် သူတို့ နှစ်ယောက်ကို လက်ထပ်ပေးခဲ့ပါပြီ။ လက်ဆောင်တောင် အပြန်အလှန် ပေးခဲ့ကြပါသေးတယ်. . .”
စုဒင်ဂူလည်း ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
မန်ဟွာချင်း၏ စိတ်ထဲတွင် –
[စုယဲ့ယွဲ့ရဲ့ အဖေက တကယ့် လူတော်တစ်ေယာက်ပါလား။ သာမန်ထက် ထူးခြားတာတော့ သေချာတယ်]
. . .
ချန်ရှင်းမြို့တော်တွင် ဖြစ်သည်။
ရဲရှောင် ရဲအိမ်တော်သို့ ပြန်ရောက်သောအခါ ညအချိန်သို့ပင်ရောက်ရှိနေပြီ ဖြစ်သည်။
လည်ပင်းထက်တွင်ဆွဲထားသည့်ကျောက်စိမ်းဆွဲပြားလေးသည်ပေါင်ထောင်ပေါင်းများစွာ လေးလံနေသကဲ့သို့ပင်ခံစားနေရသည်။
သူ၏ အတွေးအာရုံထဲတွင် ပုံရိပ်အချို့သည်ထပ်တလဲလဲဖြင့်ပင်ပေါ်နေကြသည်။
တစ်ခါတစ်ရံတွင်အလွန်လှပသော မိန်းကလေးတစ်ဦးမှ သူ့အား စိုက်ကြည့်ရင်း “ရဲရှောင် . . . ငါနင့်ကို မုန်းတယ် . . .” ဟု ပြောနေသည်ကို မြင်တွေ့ရသည်။
တစ်ခါတစ်ရံတွင်မူ စုယဲ့ယွဲ့မှ မျက်ရည်လည်ရွှဲဖြင့် “ရှောင်ရှောင် . . . နင်ငါ့ကို လာရှာမယ် မဟုတ်လား။ နင်ငါ့ကို လက်ထပ်ထားတယ်လေ ဟုတ်တယ်မလား . . .” ဟု ပြောနေသည်ကိုလည်း မြင်နေရပြန်သည်။
တစ်ခါတစ်ရံ လှပသော မိန်းကလေးသည်ဝမ်းနည်းပက်လက်ဖြင့်ငိုကြွေးနေသည့်ပုံရိပ်အား မြင်ယောင်မိနေပြန်သည်။
တစ်ခါတစ်ရံတွင်စုယဲ့ယွဲ့မှ သူ့ထံသို့ လာနေသည့် ဓားရှေ့တွင်ဝင်ခံကာ “ငါတို့အတူတူ သေကြမယ်။ ငါက နင့်မိန်းမပဲ . . .” ဟူသည့် ပုံရိပ်ကိုလည်း မြင်နေမိသည်။
အဆိုပါ ပုံရိပ်များသည် ရဲရှောင်၏ စိတ်ထဲတွင်ဖန်တလဲလဲ ဖြစ်ပေါ်နေသည့်အတွက်သူ၏ ခေါင်းများပင် မူးဝေ လာခဲ့သည်။
နှလုံးသားတစ်ခုလုံးလည်း မွန်းကြပ်နေသကဲ့သို့ ခံစားနေရသည်။
သူ ကာကွယ်ေပးရမည့်လူများအား မကာကွယ်ပေး နိုင်ခဲ့သည့်အတွက် ရှက်ရွံ့မှု နှင့်အတူ အားငယ်မှုများလည်း ဖြစ်လျက်ရှိသည်။
အရက်သောက်လိုက်ပါက ထိုခံစားချက်များအနည်းငယ် သက်သာသွားနိုင်လောက်သည်ဟု တွေးလိုက်မိသည်။
ရဲရှောင်သည်ဆောင်ဂျုရှိရာသို့ သွားလိုက်ကာ –
“ဦးလေးဆောင် . . . ကျုပ်တို့ အတူတူ သောက်ကြရအောင် . . .”
“အတူတူသောက်ကြရအောင်” ဆိုသည့်စကားကြောင့်ဆောင်ဂျုလည်း လန့်သွားမိသည်။ နောက်ဆုံးတစ်ခေါက် လိင်စိတ်ကြွဆေးများ မှားသောက်မိပြီးသည့်နောက်ပိုင်းတွင်ရဲရှောင်သည်အရက်သောက်ရန် စကားပင်မဟတော့ချေ။ အရက်ဆိုသည့် အရာအား စိတ်နာသွားဟန် ရှိသဖြင့် ရဲအိမ်တော် တစ်ခုလုံး အရက်အား တားမြစ်လုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ ရဲရှောင်ကိုယ်တိုင် လိုလိုလားလားဖြင့်သောက်ချင်နေသည့် ပုံစံပင်။
အလွန်ပင်ပန်းနွမ်းနယ်နေသော ရဲရှောင်၏ ပုံစံအား မြင်လိုက်ရသောအခါဆောင်ဂျုလည်း –
“မင်းသောက်ချင်တယ် ဆိုရင် ငါလိုက်သောက်ပေးပါ့မယ် . . .”
အမြည်းများအား စားပွဲအပြည့်ပြင်ဆင်ထားသော စားပွဲတွင်တူဝရီးနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
“ရှောင်ရှောင် . . . မင်းဒီတစ်ခါတော့ မှားမသောက်လောက်တော့ဘူး ထင်တယ် ဟဲဟဲ . . .”
ဆောင်ဂျုမှ ပြုံးလိုက်ရင်း မေးလိုက်ပါတော့သည် . . .။