Chapter – 18.4 ” နယ်မြေ နံပါတ် သုံးဆယ့် သုံး။ သုံးယောက်သုံးယောက်ခြင်း တိုက်ပွဲ ”
°°°
တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်က သူ့ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုနဲ့ စိတ်၀ိဉာဥ်ထိတ်လန့်မှုတို့ကို ထုတ်လွှတ်လိုက်ပါတယ်။ သုံးလအချိန်သာ ကုန်ဆုံးခဲ့ပေမဲ့ သူတို့ရဲ့ကျင့်ကြံဆင့်ကတော့ အတော်ကို တိုးတက်လာခဲ့ပါပြီ။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်စွမ်းကလဲ ပိုလို့တိုးတက်လာခဲ့ပါတယ်။ သူရုတ်တရက်ဆိုသလို စွမ်းရည်အသုံးပြုချိန်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ကို အနောက်ကနေဆွဲပြီ ခပ်မြန်မြန်ပဲ နောက်ပြန် ပျံသန်းပါတော့တယ်။
မာရှောင်ဖျောင့်ကတော့ အတော်လေး သတိလက်လွှတ်ရှိနေခဲ့တယ်။ တစ်ဖက်က ၀ိဉာဥ်ပညာရှင်တွေကို သူသိပ်ပြီအာရုံမစိုက်ခဲ့ပါဘူး။ ဒါကြောင့် သူမရဲ့ သိုင်းပညာ၀ိဉာဥ်ကို ထုတ်လွှတ်လိုက်ချိန်မှာ မီးလျှံလိုတောက်ပနီရဲနေတဲ့ ငှက်မွှေးတွေက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ အရင်ဆုံးပျံပြေးနေခဲ့ပါပြီ။ ဟို့ယွိဟောင်ကိုလဲ သူဆွဲသွားခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲက ခရမ်းရောင်အလင်းတန်း တောက်ပလာတာကို မာရှောင်ဖျောင့် မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့အကြည့်တွေက စူးရှပြီ ထက်မြက်လွန်တဲ့အပ်တွေလိုမျိုး အားကောင်းလွန်တာကြောင့် မျက်လုံးတွေပိတ်သွားလိုက်ရပါတယ်။ ဒါ့အပြင် ခေါင်းတွေလဲ တခဏတာ မူးဝေလို့သွားခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထိတ်လန့်မှုက ခရမ်းရောင်နတ်ဆိုးမျက်လုံးကြောင့်သာ အများကြီးအင်အားတိုးတက်လာခဲ့တာပါ။ ဒါ့အပြင် မာရှောင်ဖျောင့်က ၀ိဉာဥ်စက်ကွင်းခြောက်ကွင်း ရှိနေခဲ့တဲ့ ပညာရှင်ဖြစ်နေခဲ့ပေမဲ့ ဒါကိုတိုက်ရိုက်ရင်မဆိုင်နိုင်ပါဘူး။
မာရှောင်ဖျောင့်ကို တခဏတာ တားဆီးနိုင်ခဲ့ပေမဲ့ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်နဲ့ သစ်တောအပြင်ကို ရောက်ရှိသွားခဲ့ပါပြီ။ သူတို့တွေ အမြန်ဆုံးရေကန်ဘေးလမ်းဆီကို ပြန်ပြီပြေးလာခဲ့တယ်။
” ကျောင်းဆောင်တွေဆီ အမြန်သွား ”
ဟို့ယွိဟောင်က အော်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ မာရှောင်ဖျောင့်ဘက်ကို သူ့ရဲ့လက်က ဝှေ့ရမ်းပြီလှုပ်ရှားလိုက်တယ်။ ရေခဲလိုအလင်းတန်းတွေက သူမဆီကို ပြေး၀င်သွားခဲ့ပါပြီ။ အဲ့ဒါက ထန်ယာ့ပေးထားခဲ့တဲ့ လက်နက်ပုန်းတွေကြီးပါပဲ။ ဒါ့အပြင် အမြန်ဆုံးဖြစ်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုပြီး ပစ်လွှတ်နေခဲ့ပါတယ်။
လေစီးကြောင်းတစ်ခုနဲ့အတူ ၀မ်သုန့်ရဲ့ အတောင်ပံတွေပေါ်မှာ ရွှေရောင်သင်္ကေတတွေက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် မာရှောင်ဖျောင့်က သူတို့နှစ်ယောက်ကို ဘယ်လိုများအလွှတ်ပေးမှာလဲ။ ဟို့ယွိဟောင်ရဲ့ လက်နက်ပုန်းတွေအားလုံးကို လုံး၀လျစ်လျူရှုထားခဲ့ပါတယ်။ တောက်ပပြီးအားကောင်းတဲ့ မီးလျှံလိုအတောင်ပံကြီးတွေက သူမရှေ့မှာရှိရှိသမျှ လက်နက်ပုန်းတွေအားလုံးကို အရည်ပျော်ကြသွားစေခဲ့ပါတယ်။ ကြောက်စရာအပူရှိန်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို လက်ကြီးတွေလိုမျိုး နောက်ကနေ လိုက်ဖမ်းနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုက အတော်ကို သန်မာလွန်လှပြီ ပြိုင်ပွဲတစ်ခုရဲ့ ရလဒ်ကိုတွေကိုတောင် ပြောင်းပြန်လှန်းနိုင်စေပါတယ်။ ဒါပေမယ့် အဲ့ဒါက နှစ်ဖက်စလုံးရဲ့အခြေအနေတူနေမှ ဖြစ်နိုင်တာပါ။ မာရှောင်ဖျောင့်တို့လိုမျိုး ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်မှာတော့ သိပ်ပြီးအသုံးမ၀င်ခဲ့ပါဘူး။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်ပေမဲ့ သူတို့လုပ်နိုင်တာ ဘာရှိလို့လဲ။ သူမအကြောင်းကို သိနေရင်တောင် သူ့ကို မတားဆီးနိုင်ပါဘူး။ ၀မ်သုန့်ကတော့ အမြန်ဆုံးပျံသန်းနေခဲ့ပေမဲ့ အပူတွေက သူတို့ကို ဆက်တိုက်ဆိုသလို ၀ါးမြိုနေခဲ့ပါတယ်။ အပေါ်ဆီကနေကြည့်မယ်ဆိုရင် မာရှောင်ဖျောင့်က သူတို့ကို တခဏတာချင်အတွင်း မီလာတာကို တွေ့ရမှာပါ။ ဒါ့အပြင် သူမရဲ့ အတောင်ပံကြီးတွေက ရုတ်တရက်အတွင်းကို ခေါက်သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုလဲ အထဲဆွဲသွင်းမလိုလုပ်လိုက်တယ်။
သူတို့နှစ်ယောက်ကို အင်္ကျီကနေ ဆွဲယူလိုက်ခဲ့ပြီ ကြောက်စရာ၀ိဉာဥ်စွမ်းအားတွေကို ထုတ်ရင်း နှစ်ယောက်စလုံးကို ခုခံရာမဲ့သွားစေခဲ့ပါတယ်။ မီးလျှံတွေက ၀ါးမြိုသွားခဲ့တဲ့အတွက် အရာအားလုံးကို အပြင်ကနေ မမြင်ရတော့ပါဘူး။ စကားပြောဖို့တောင် မဖြစ်နိုင်တဲ့အရာဖြစ်လာခဲ့ပါတယ်။
မာရှောင်ဖျောင့်က အလေးအနက်စောင့်ဆိုင်းနေခဲ့ပေမဲ့ နာရီ၀က်ကြာပြီတဲ့နောက်မှာ မျက်မှောင်ကြုတ်သွားခဲ့တယ်။
” အစောပိုင်းက ဖြစ်ခဲ့တာ တိုက်ဆိုင်မှုတစ်ခုပဲလား ”
ဒီနှစ်ယောက်ကို သူတိုက်ခိုက်ရတာ အကြောင်းတစ်ခုပဲရှိပါတယ်။ ရေခဲအမျိုးအစား၀ိဉာဥ်ပညာရှင်ကို ထွက်ပေါ်လာစေဖို့ပါပဲ။ ဒါပေမယ့် ကိစ္စတွေက သူမထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ အပြင်ကအခြေအနေက လုံး၀ကို တည်ငြိမ်နေခဲ့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို မီးလျှံတွေထဲသူ၀ါးမြိုထားတာတောင် ၀ိဉာဥ်ပညာရှင်က ထွက်ပေါ်မလာသေးပါဘူး။
မီးလျှံအလင်းတန်းတွေက ဖြည်းဖြည်းချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့ပါပြီ။ မာရှောင်ဖျောင့်လဲ ပြန်တည်ငြိမ်သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို လွှတ်ကျလိုက်ပြီ မြေပြင်ပေါ်ကို ပြုတ်ကျသွားစေခဲ့တယ်။
” ဒီကိစ္စက မင်းတို့နှစ်ယောက်နဲ့ မဆိုင်ဘူးဆိုမှတော့ ထားလိုက်တော့ မင်းတို့နှစ်ယောက် လက်မခံနိုင်တာကို ငါသိတယ်….ဒီတော့ ကြိုးကြိုးစားစား လေ့ကျင့်ကြ အကယ်၍ အတွင်းနယ်မြေထဲကို ၀င်နိုင်ရင်း ငါ့ကိုစိန်ခေါ်ဖို့အခွင့်အရေးပေးမယ် ”
သူမပြောပြီးတဲ့နောက် ချက်ချင်းဆိုသလို ထွက်ခွာသွားပါတော့တယ်။ နှစ်ယောက်စလုံးကို လုံး၀ လျစ်လျူရှုလို့ထားခဲ့တယ်။ သူတို့နှစ်ယောက်ကတော့ မကျေမနပ်ဖြစ်နေဆဲပါပဲ။
” ဒီအရူးမကတော့လေ ”
၀မ်သုန့်က ဒေါသတကြီးနဲ့ အော်နေခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ လေးဖက်ထောက်ရင်း ထလာပြီ ၀မ်သုန့်ကိုလဲ ဆွဲထူးလိုက်ပါတယ်။
” ထားလိုက်တော့ အကယ်၍ မင်းသူ့ကို ကျိန်ဆဲဖို့အားရှိနေသေးတယ်ဆိုရင် ပြန်ရောက်တဲ့အချိန် ကြိုးကြိုးစားစားကျင့်ကြံ သူပြောတာမမှားဘူး…ငါတို့တွေက သူ့ထက်မသန်မာတာ အမှားတစ်ခုဖြစ်နေတာပဲ ပြန်ကြရအောင် “‘
အစောပိုင်းမှာ မာရှောင်ဖျောင့်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို နိုးထလာစေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အရာအားလုံးကို မြင်နေခဲ့ရတယ်။ ဒါကြောင့်သာ မာရှောင်ဖျောင့်ပြောနေတဲ့အရာကို သူသိနေတာပါ။
မာရှောင်ဖျောင့်က သူတို့ကို သတ်ဖို့အတွက် လုံး၀စိတ်ကူးမရှိနေတာကို သူသိနေခဲ့တယ်။ ဒါ့အပြင် သူ့အသိစိတ်ကလဲ မလွှတ်သေးပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို ထွက်လာစေချင်ရုံပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူမ လုပ်စေချင်တဲ့အရာကို သိထားပြီးပါပြီ။ မသိခဲ့ရင်တောင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ထွက်လာနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအဘိုးကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သလို သူပြောပြီသားဖြစ်ပါတယ်။ ဒီလိုပြိုင်ဘက်မျိုးနဲ့တွေ့မယ်ဆိုရင် သူမကူညီနိုင်ပါဘူး။ နောက်တစ်နှစ်မှသာ သူထွက်လာနိုင်မှာပါ။
ရှောင်ရှောင်းကတော့ သူတို့ကိုလာတွေ့ချိန်မှာ အထိတ်တလန့် ဖြစ်နေခဲ့ပါတော့တယ်။
” နင်တို့နှစ်ယောက် ဘာဖြစ်လာတာလဲ ဘာဖြစ်လို့အဲ့ဒီလောက်တောင် မျက်စိပျက်မျက်နှာပျက် ဖြစ်နေရတာလဲ အတွင်းနယ်မြေရဲ့အစ်မကြီးက နင်တို့ကို တစ်ခုခု လုပ်လိုက်လို့လား ”
၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။
” သေချာပေါက် မလုပ်ဘူးပေါ့ သူတို့က ငါ့တို့ကို မေးခွန်းမေးရုံပဲ မစိုးရိမ်နဲ့ ငါတို့တွေ စာမေးပွဲဆီ ပြန်သွားရအောင် “‘
သူက အဲ့ဒီလိုရှက်စရာကိစ္စအကြောင်း ပြောချင်စိတ်ရှိပုံမပေါ်ပါဘူး။
သူတို့အဖွဲ့က အကောင်းဆုံးရလဒ်တွေကို မြင်ခဲ့တဲ့အတွက် နယ်မြေနံပါတ်သုံးဆယ်သုံးမှာ ကျန်ရစ်နေခဲ့ပါတယ်။ ဒါ့အပြင် မဲနှိက်ပြီ ရွေးချယ်တဲ့ပြိုင်ပွဲတွေအားလုံးကလဲ ပြုလုပ်ပြီးပါပြီ။ သူတို့တွေ နောက်ထပ် အဖွဲ့ငါးဖွဲ့နဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်ရမှာပါ။
အဲ့ဒီအဖွဲ့သားတွေအားလုံးက တခြားနယ်မြေတွေရဲ့ နံပါတ်တစ်ကြီးတွေပါပဲ။ ဒါ့အပြင် သူတို့တွေရဲ့ နောက်ထပ်ပြိုင်ပွဲငါးခုမှာ အံ့ဩစရာကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ မတွေ့ရဘူးဆိုမှ အံ့ဩစရာဖြစ်နေမှာပါ။ ဒါပေမယ့် အစောပိုင်းပြိုင်ပွဲတွေလိုတော့ လွယ်ကူမှာမဟုတ်နိုင်ပါဘူး။
ဆရာ၀မ်ယန်ကတော့ ဟို့ယွိဟောင်တို့အဖွဲ့ကို လေးလေးနက်နက် စိုက်ကြည့်လို့နေရင်း ကြော်ငြာပါတော့တယ်။
” အားလုံးရှိပြီဆိုမှတော့ အတန်းနံပါတ်ရဲ့ ဟို့ယွိဟောင်အဖွဲ့က ဒီနယ်မြေမှာ အကောင်းဆုံးရလဒ်ကို ရရှိခဲ့တဲ့အကြောင်း ပြောရမယ်….သူတို့တွေက ဒီနယ်မြေတွေရဲ့အခြေစိုက်အဖွဲ့ဖြစ်နေပြီ အဖွဲ့တွေရဲ့ ပြိုင်ဘက်အနေနဲ့ကတော့ ဒီတိုက်ခိုက်ရမဲ့ ပြိုင်ပွဲအစဥ်လိုက်ကတော့ နယ်မြေနံပါတ်သုံးဆယ်သုံးရဲ့ ခြောက်ချီမြောက်တိုက်ပွဲမှာ ပထမဆုံးတိုက်ခိုက်ရမဲ့သူက အတန်းနံပါတ်တစ်ရဲ့ ဟို့ယွိဟောင်နဲ့ အတန်းနံပါတ်ခုနှစ်ရဲ့ ဟွမ်ချူထျန်းတို့အဖွဲ့ စာမေးပွဲစတင်မယ် ”
နှစ်ဖက်စလုံး နယ်မြေထဲ၀င်လာပြီတဲ့နောက် ဟို့ယွိဟောင်တို့အဖွဲ့သုံးခုက ချက်ချင်းဆိုသလို အထိတ်တလန့် ဖြစ်သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်ပြိုင်ဘက်က တစ်ပုံစံထဲတူညီတဲ့ အမျိုးသမီးသုံးယောက် ဖြစ်နေခဲ့လို့ပါပဲ။
အမျိုးသမီးနှစ်ယောက်ကတော့ အပြာရောင်ဆံပင်တွေရှိပြီ သေးငယ်တဲ့မျက်နှာတွေက ပန်းရောင်တောက်ပလို့နေခဲ့ပါတယ်။ သူတို့တွေက အရမ်းကို ချစ်စရာကောင်းနေခဲ့ပြီ သူတို့ထက်တောင် ငယ်ရွယ်တယ်လို့ ထင်နေခဲ့ရတယ်။ ဒါအမွှာတွေလား ကလေးမလေးနှစ်ယောက်ရဲ့ အရှေ့မှာကတော့ အရပ်ရှည်ပြီ သန်မာတောင့်တင်းတဲ့ အမျိုးသားတစ်ယောက်က မတ်တပ်ရပ်နေခဲ့ပါတယ်။ ဒါကတော့ အဖွဲ့ခေါင်းဆောင်အဖွဲ့ ဟွမ်ချူထျန်းပါ။
” ငါက ဟွမ်ချူထျန်း ငါဘယ်ဘက်မှာရှိတဲ့ ကောင်မလေးက လန်စုစု ညာဘက်မှာရှိတာက လန်လော့လော့ ကျေးဇူးပြုပြီ ငါတို့ကို သင်ကြားပေးပါဦး ”
” ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်ရှောင်းပါ ငါတို့ကိုလဲ ပြန်ပြီသင်ကြားပေးပါ ”
ဟို့ယွိဟောင်က ပြန်ဖြေလာခဲ့ပါတယ်။
နှစ်ဖက်စလုံး နေရာယူပြီတဲ့နောက် ဟို့ယွိဟောင်က မူလပုံမှန်အတိုင်း အနောက်မှာနေခဲ့ပါတယ်။ ၀မ်သုန့်က အရှေ့ဆုံးမှာ ရှိနေခဲ့ပြီ ရှောင်ရှောင်းကတော့ အလယ်မှာပါ။
တခြားတစ်ဖက်မှာရှိတဲ့ ဟွမ်ချူထျန်းကတော့ အရှေ့ဆုံးမှာ ရှိနေခဲ့ပါတယ်။ လန်စုစုနဲ့ လန်လော့လော့ကတော့ သူ့နောက်ဖက်မှာရပ်နေခဲ့တယ်။ အဖွဲ့ထဲမှာ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်က တစ်ယောက်ထဲပဲရှိနိုင်တာပါ။ ဒါကြောင့် အမွှာနှစ်ယောက်က တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တွေမဖြစ်နိုင်ပါဘူး။ သူတို့က ထောက်ပံ့ရေး၀ိဉာဥ်ပညာရှင်မဟုတ်ပဲ နှစ်ဖက်စလုံးက ဟို့ယွိဟောင်တို့လို ထိန်းချုပ်ရေးပညာရှင်တွေဖြစ်နိုင်ပါတယ်။
” စတင်မယ် ”
ဆရာ၀မ်ယန်က ပြောလိုက်ပါတယ်။
နှစ်ဖက်စလုံးကတော့ သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေကို ထုတ်ဖော်လိုက်ပါပြီ။ ဟွမ်ချူထျန်းက အော်ဟစ်ဟိန်းဟောက်ရင်း လက်နှစ်ဖက်ကို အသုံးပြုပြီ သူ့ရဲ့ရင်ဘတ်ကို ထုရိုက်လိုက်ပါတယ်။ သူက အသက်ဆယ့်နှစ်နှစ်တောင် မရှိသေးပေမဲ့ အရပ်က ၁•၅မီတာကျော်နေခဲ့ပြီး သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကို ထုတ်လွှတ်ပြီတဲ့နောက် ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ၁•၈မီတာအမြင့်အထိကို ရောက်ရှိသွားပါတော့တယ်။ ဒါ့အပြင် ကြွက်သားတွေကလဲ ရုတ်တရက်ဆိုသလို ဖောင်ကြွလို့လာခဲ့တာကြောင့် ကျောင်း၀တ်စုံက အတော်ကို စုတ်ပြဲလို့သွားရင် ကြွက်သားတွေလဲ ပေါ်ထွက်လို့လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ရဲ့ အသားအရေးကလဲ သံသတ္ထုလိုအနက်ရောင် ပြောင်းလဲလို့သွားခဲ့ပါတယ်။
မူလအနက်ရောင်မျက်၀န်းတွေကတော့ အ၀ါရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး အစွယ်နှစ်ခုကလဲ ထွက်လာခဲ့တယ်။ ခြေလက်လေးဖက်တွေကတော့ ပိုမို ထူးထည်တုတ်ခိုင်လာခဲ့ပြီးကြွက်သားတွေကတော့ သံမဏိလိုမျိုး မာကျောလို့နေခဲ့ပါတယ်။
အ၀ါရောင်၀ိဉာဥ်စက်ကွင်းနှစ်ခုက သူ့ရဲ့ ခြေထောက်အောက်ဘက်မှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့တယ်။ သူက တိုက်ခိုက်ရေး၀ိဉာဥ်မဟာပညာရှင်တစ်ယောက်ပါပဲ။
ဟွမ်ချူထျန်း သိုင်းပညာ၀ိဉာဥ်ကို ထုတ်လွှတ်လိုက်ချိန်မှာတော့ သူ့ရဲ့နောက်ဖက်မှာရှိနေတဲ့ အမွှာနှစ်ယောက်ကလဲ တစ်ပြိုင်နက်ထဲ လှုပ်ရှားပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ သူတို့ရဲ့သိုင်းပညာ၀ိဉာဥ်တွေက ဆံပင်တွေဖြစ်နေခဲ့တယ်။
၀ိဉာဥ်စက်ကွင်းနှစ်ခုက လန်လော့လော့နဲ့ လန်စုစုတို့ ခြေထောက်အောက်ဖက်မှာရုတ်တရက်ဆိုသလို ပေါ်လာခဲ့ပါပြီး စုစုပေါင်း ၀ိဉာဥ်စက်ကွင်းက အ၀ါရောင်လေးခုရှိနေခဲ့တယ်။ ဒါ့အပြင် ခေါင်းတွေကိုခါလိုက်ချိန်မှာ ရှည်လျားတဲ့အပြာရောင်ဆံပင်တွေက ရုတ်တရက်ဆိုသလို လေထဲကိုမြောက်တက်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆံပင်တွေက ဆယ်မီတာထက်ကို ရှည်လျားလို့သွားခဲ့ပြီ လေထဲမှာ လွှင့်မျောလို့နေခဲ့တယ်။
အပိုင်း ၁၈•၄ ပြီး၏။