Chapter – 197
“ရုတ်ချည်းပြောင်းလဲမှုများ”
မိခင်ဖြစ်သူ၏ တောင်းဆိုမှုကြောင့် မန်ဟွာချင်းသည် စုယဲ့ယွဲ့အား တောင်ပိုင်းရှိ မင်းသား ဟွာရန်းထံသို့ ခေါ်ဆောင်သွားပေးရန် သဘောတူခဲ့သည်။
သမီးဖြစ်သူနှင့်ဘယ်သောအခါမှ ပြန်မဆုံတော့မည်ကို သိသဖြင့် ဖခင်နှင့်နောက်ဆုံးတစ်ခေါက်တွေ့စေချင်သေးခြင်း ဖြစ်သည်။
မန်ဟွာချင်းသည် ယခုအချိန်တွင် စုယဲ့ယွဲ့အား မည်သည့်နည်းနှင့်မျှ လက်လွှတ်ဆုံးရှုံး မခံနိုင်တော့သဖြင့် စုယဲ့ယွဲ့ စိတ်မကွက်စေရေးအတွက် တောင်းဆိုသမျှအား သဘောတူခဲ့သည်။ ပုံမှန်အားဖြင့်တောင်ပိုင်းသို့ ရောက်ရှိရန် လဝက်မျှ ခရီးနှင်ရမည် ဖြစ်သော်လည်း သူမကဲ့သို့ အဆင့်မြင့် ပညာရှင် တစ်ဦးအဖို့ တခဏမျှသာ ကြာပေသည်။
မကြာမီအချိန်တွင်မန်ဟွာချင်းတို့နှစ်ဦးတောင်ပိုင်းသို့ ထွက်ခွာကြတော့မည်ဖြစ်သည်။ စုယဲ့ယွဲ့သည် ရဲရှောင်၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။ မျက်ဝန်းမှလည်း မျက်ရည်များပင်စီးကျနေလျက်-
“ရှောင်ရှောင် . . . နင်ငါ့ကို မေ့မသွားရဘူးနော်။ ငါ့ကို လာရှာရမယ်နော် . . .”
ရဲရှောင်မှ –
“စိတ်မပူပါနဲ့ . . . ငါသေချာပေါက် လိုက်ရှာမှာပါ။ ဒါပေမယ့်ငါတောင် လိုက်ရှာနေစရာ လိုချင်မှ လိုမှာပါ။ မင်းအဆင့်မြင့် ပညာရှင်ကြီး ဖြစ်သွားရင် ငါ့ကို လာရှာနိုင်မှာ မဟုတ်လား။ အဲဒီအချိန် ငါ့ဘေးနားမှာနေပြီး ငါ့ကို တစ်ချိန်လုံးကာကွယ်ပေးလို့ ရပြီလေ . . .”
ရဲရှောင်၏ စကားကြောင့်စုယဲ့ယွဲ့လည်း အားတက်သွားကာ –
“ဟုတ်သားပဲ . . . နင်ပြောတာ မှန်တယ် . . .”
ယဲ့ယွဲ့သည်ကျင့်ကြံမှုများအား အစွမ်းကုန် ကြိုးစား၍ ကျင့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်မိရင်း စိတ်ထဲတွင်လည်း –
[အခုဆိုရှောင်ရှောင်မှာ အန္တရာယ်တွေနဲ့ ဝိုင်းနေပြီ။ ငါ မကြာခင်မှာ အောင်အောင် မြင်မြင်နဲ့ သူ့ဆီကို ပြန်လာတွေ့နိုင်မှ ဖြစ်မယ် . . .]
ယဲ့ယွဲ့သည်လက်တစ်ဖက်ဖြင့်ရဲရှောင်အား ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှမူ မိခင်ြဖစ်သူအား ဆုပ်ကိုင်ထားလေသည်။ မခွဲခွာရသေးခင်အချိန်တွင်သူမပြောချင်သည့် စကားများအား ထပ်တလဲလဲဖြင့်မရပ်မနားပင်ပြောလျက်ရှိသည်။
နောက်ဆုံးတွင်မန်ဟွာချင်းလည်းစိတ်မရှည်တော့သဖြင့်စုယဲ့ယွဲ့၏ ပခုံးအား ဆွဲလိုက်သောအခါမှ လက်များအား လွှတ်လိုက်သည်။
ထို့နောက် ယဲ့ယွဲ့သည်မန်ဟွာချင်းနှင့်အတူ ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း တက်သွားလေသည်။
“ရှောင်ရှောင် . . . အမေ . . .”
ယဲ့ယွဲ့သည်ရဲရှောင်တို့အား ကြည့်၍ သည်းထန်စွာဖြင့်ပင်ငိုကြွေးလျက်ရှိသည်။
“စိတ်မပူပါနဲ့။ ဒီမှာ ငါလည်း ရှိနေသားပဲဟာ။ အားလုံးကို စိတ်ချပါ . . .”
ရဲရှောင်လည်းနောက်မှပြေးလိုက်ရင်း အော်ပြောလိုက်သည်။
စုယဲ့ယွဲ့သည်ခေါင်းတစ်ချက်ပြန်လည်ညိတ်ပြလိုက်ရင်း ရဲရှောင်အား ချစ်ခြင်းမေတ္တာများ အပြည့်ပါဝင်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
ခဏအကြာတွင် မန်ဟွာချင်းမှ လက်တစ်ချက် ဝေ့ယမ်းလိုက်သောအခါ လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။
ထို့နောက်တွင်မူ ယဲ့ယွဲ့တို့ နှစ်ဦးသည်ရဲရှောင်တို့၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားပါတော့သည်။
ရဲရှောင်သည်ကောင်းကင်ကြီးအား မော့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။
မကြာမီအချိန်တွင်စုယဲ့ယွဲ့တို့သည်တောင်ပိုင်း စစ်မြေပြင်ရှိ ရွက်ဖျင်တဲများ ရှိရာသို့ ရောက်လာကြသည်။
မန်ဟွာချင်းသည် ချန်ရှင်းမြို့တော်နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော တောင်ပိုင်း စစ်မြေပြင်သို့ တံခါးတစ်ချပ် ဖွင့်လိုက်သည့်အတိုင်း ချက်ချင်း ရောက်ရှိသွားခြင်း ဖြစ်သည်။
မန်ဟွာချင်း ပြုလုပ်ခဲ့သည့် လေဟာနယ် အက်ကွဲကြောင်းသည် တောင်ပိုင်းနှင့် ဆက်သွယ်ထားသော တံခါးတစ်ချပ်ကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။
ချန်ရှင်းမြို့လေဟာနယ်မှ တောင်ပိုင်းစစ်မြေပြင်လေဟာနယ်သို့ အချိန်ခဏလေးအတွင်းရောက်ရှိလာနိုင်ခြင်းမှာ အံ့သြဖွယ်ရာ အစွမ်းပင် ဖြစ်သည်။ ထိုလေဟာနယ်နှစ်ခုအကြားတွင်ဟင်းလင်းပြင်ကြီးတစ်ခုရှိလေသည်။
ထိုကဲ့သို့လေဟာနယ်အက်ကွဲကြောင်းမှ တစ်ဆင့်သွားနိုင်သည့်လျှို့ဝှက်အစွမ်းသည် အလွန်ပင်ထူးခြားလှသည့် အစွမ်းတစ်ခုဖြစ်သည်။ မူလတာအိုအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည့် ရှောင်ဧကရာဇ်ပင် ထိုကဲ့သို့သော အစွမ်းမျိုးအား တတ်မြောက်ခြင်းမရှိခဲ့ချေ။ ထိုအစွမ်းသည်နယ်ပယ်ကြီးများတွင်သာ တွေ့ရှိနိုင်သော အစွမ်းတစ်မျိုးသာ ဖြစ်သည်။
ထို့အတွက်ရဲရှောင်သည် မန်ဟွာချင်း၏ အစွမ်းအား အံ့သြမိနေခြင်း ဖြစ်သည်။
စုယဲ့ယွဲ့၏ အမေဖြစ်သူသည်သာမန်လူတစ်ယောက်သာ ဖြစ်သည့်အတွက် ထိုအစွမ်းအား သတိထားမိမည် မဟုတ်ချေ။ ရဲရှောင်မှာမူကောင်းစွာ သိရှိနေလေသည်။
လူတစ်ယောက်သည် မတူညီသော ဟင်းလင်းပြင်လေဟာနယ်နှစ်ခုအား ဖြတ်သန်းသွားနိုင်ရန်အတွက်မူလတာအိုအဆင့်၏ ဆရာသခင်အဆင့် ပညာရှင်တစ်ယောက် အနေဖြင့် ကြိုးစားပါက လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း နောက်ထပ် လူတစ်ယောက်အား အဖော်ခေါ်သွားနိုင်ရန်မှာမူ တိကျသေချာသော လမ်းကြောင်း ရွေးချယ်နိုင်ရန် လိုအပ်လှပေသည်။ အင်မတန်ခက်ခဲလှသည့် ကိစ္စတစ်ခုပင်ဖြစ်သည်။
ထိုကဲ့သို့ လေဟာနယ် ဟင်းလင်းပြင်အား ဖြတ်သန်းနေစဉ်အတွင်း ဟင်းလင်းပြင်၏ ကြိမ်နှုန်းများအား ခုခံနိုင်စွမ်း ရှိရမည် ဖြစ်သည်။ တစ်ယောက်တည်း ဆိုပါက ခုခံနိုင်ရန် လွယ်ကူသော်လည်း အဖော်ခေါ်သွားမည့် သူကိုပင်ထပ်မံ၍ ကာကွယ်ပေးနိုင်ရန်မှာ အဆပေါင်းများစွာ ပို၍ ခက်ခဲလှသည်။
ရဲရှောင်သည် ထိုအချက်အား သိနေခြင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြနေမိခြင်း ဖြစ်သည်။
ရဲရှောင် အံ့သြနေသကဲ့သို့တောင်ပိုင်းရှိ လူများသည်ပို၍ပင် အံ့သြတုန်လှုပ်သွားကြသည်။
တောင်ပိုင်းတွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့လေသည်။
ထိုအဖြစ်အပျက်သည် ပြောစမှတ်တွင်အောင်ပင်ထူးဆန်းအံ့ဩဖွယ်ရာေကာင်းေသာ အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။
တစ်နေ့တာ၏ အပူဆုံးအချိန်ဖြစ်သော မွန်းလွှဲပိုင်းတွင်မင်းသားဟွာရန်း၏ တပ်သည် ရန်သူများနှင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။
မင်းသားဟွာရန်း၏ တပ်မှ စစ်သည်များသည် ပိုမိုရဲရင့်၍ တိုက်ရည်ခိုက်ရည် ပြည့်ဝကြသော်လည်း အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် မင်းသားဟွာရန်းဘက်မှ အင်အား နည်းနေသောကြောင့်် ဖြစ်သည်။ အခြေအနေများသည် ဆိုးသထက် ဆိုးလာပေတော့မည်။
ထိုအချိန်တွင်ကောင်းကင်ထက်၌ တိမ်မည်းများ ရုတ်တရက်ဖုံးလွှမ်းသွားခဲ့သည်။ မိုးခြိမ်း သံများသည်လည်း တဂျိမ်းဂျိမ်းဖြင့်ဆူညံလျက်ရှိပြီး လျှပ်စီးများပင်လင်းလက်သွားကြသည်။ ထို့ပြင်လေပြင်းများသည်မုန်တိုင်းဖြစ်နေသည့်အလား ပြင်းထန်စွာ တိုက်ခတ်သွားခဲ့သည်။
ထို့နောက်ခဏအကြာတွင် နှင်းများသည်ကျဆင်းလာပြန်သည်။
နွေခေါင်ခေါင်တွင် နှင်းများ ကျလာခြင်းပင် ဖြစ်သည်။
နှင်းကျမှုနှုန်းသည်တဖြည်းဖြည်း သိပ်သည်းလာပြီး မြေပြင်ပေါ်တွင်နှင်းများဖြင့် ပြည့်နှက်လျက်ရှိသည်။
မျက်နှာချင်းဆိုင် ရှိနေကြသည့် လူများသည်ပင်တစ်ယောက်နှင့်တစ်ယောက်မြင်တွေ့ရန်ပင် ခဲယဉ်းသွားသည်။
အပူချိန်သည် ရုတ်တရက် ကျဆင်းလာပြီး အေးသထက် အေးလာခဲ့သည်။ လက်နက်များ ကိုင်ဆွဲထားသည့်စစ်သည်များ၏ လက်များပင်ထုံကျင်အေးစက်လာကြသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင်နှစ်ဖက်စလုံးသည် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် အားလုံး နောက်ပြန်ဆုတ်လိုက်ကြပြီး စခန်းသို့ ပြန်သွားခဲ့ကြသည်။
နွေခေါင်ခေါင်တွင် ယခုကဲ့သို့ နှင်းများ ကျဆင်းလာမည်ဟု ထင်မထားမိခဲ့သည့်အတွက်မည်သူမျှအနွေးထည်များ ယူမလာခဲ့ကြချေ။
ရာသီဥတု ရုတ်တရက်ဖောက်ပြန်လာ၍ စစ်သည်များသည်မကျေမနပ်ဖြင့်ဆဲဆိုနေကြသည်။
“ဘယ်လိုဖြစ်သွားတာလဲဟ ရာသီဥတုက . . .”
“ငါဖြင့် ယုံတောင် မယုံနိုင်ဘူး . . .”
“ငါ့အသက်လေးဆယ်ရှိပြီ။ အခုလို နွေခေါင်ခေါင်မှာ နှင်းတွေ ကျလာတာ မြင်ဖူးတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ . . .”
“အသက်ေလးဆယ် ဟုတ်လား . . . ငါ့အသက် ရာကျော်ရှိနေတာတောင် မမြင်ခဲ့ဖူးဘူးကွ . . .”
“တော်ကြတော့ . . . ခင်ဗျားတို့ အဘိုးကြီးတွေက စကားကို များတယ် . . .”
“ဆောင်းတွင်းရောက်ဖို့က အဝေးကြီး လိုသေးတယ် မဟုတ်လား။ အခုလို ရာသီဥတုဖောက်ပြန်နေတာ လူတွေ မဟုတ်တာလုပ်နေလို့ကောင်းကင်ဘုံက ဒဏ်ခတ်တာများလား . . .”
“မဟုတ်တာလုပ်နေလို့ ဟုတ်လား။ ငါတို့လို စစ်သည်တွေနဲ့ ဘာဆိုင်လို့ ဒီမှာ လာဖြစ်နေရတာလဲ . . .”
“လခွမ်း . . . ငါအေးလို့ သေတော့မယ်။ မီးလေးဘာလေး တဲထဲမှာ မွှေးထားဦးမှပါ . . .”
“ငါ့ထင်းတွေ ဘယ်မှာပါလိမ့် . . . ဘယ်သူမှ ထင်းတွေ မသယ်ခဲ့ကြဘူးလား။ ဒီမှာ အေးလို့ သေတော့မယ်ဟ . . .”
“ဟေး ဝမ် . . . အခုအေးနေပြီဆိုတော့ မင်းရဲ့ ငယ်ပါလေးတောင်တောင့်နေပြီ မဟုတ်လား။ ဂုဏ်ယူပါတယ်ကွာ နောက်ဆုံးတော့ မင်းဟာကို မာအောင် လုပ်နိုင်ခဲ့ပြီပေါ့ . . .”
“ခွေးမသား . . .”
“ဟား ဟား ဟား . . .”
တစ်ရက်တစ်ညခန့် နှင်းများ ကျဆင်းပြီးနောက် အပြင်ဘက်ရှိ မြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ အားလုံးသည် ပါးစပ်အဟောင်းသားပင်ဖြစ်သွားကြသည်။
သူတို့မြင်တွေ့လိုက်ရသည့် မြင်ကွင်းအား မယုံနိုင်အောင်ပင်ဖြစ်နေမိကြသည်။
ယခုတိုက်ပွဲသည် နိုင်ငံ သုံးခု စစ်ဖြစ်နေခြင်း ဖြစ်သည်။ အပြာရောင်လေနိုင်ငံတော် နှင့်တောင်ပိုင်းရှိ အုပ်စုများ ပူးပေါင်းကာ တိုက်ပွဲအား အင်တိုက်အားတိုက်ဖြင့်ပင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
တိုက်ပွဲအစတွင် တောင်များနှင့် တောင်ကုန်းများအကြား တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ရန်သူများဘက်မှ အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်မှုကြောင့်တောင်ပိုင်းတပ်သည်ချန်နိုင်ငံတော်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့ရသည်။ယခုဆိုလျှင် မြေပြန့်နေရာသို့ပင်ရောက်ရှိနေပြီ ဖြစ်သည်။
မင်းသားဟွာရန်းသည်လည်း နောက်မှ ရောက်ရှိလာသောကြောင့် လက်ရှိ အခြေအနေအား ချက်ချင်း မပြောင်းလဲနိုင်သေးချေ။ အကယ်၍ နောက်သို့ ထပ်မံ ဆုတ်ခွာလိုက်ပါက ချန်နိုင်ငံတော်၏ ပိုင်နက်အတွင်း ရောက်ရှိသွားမည်ဖြစ်သည်။ ထိုကဲ့သို့သာရောက်ရှိသွားခဲ့ပါက ဘာမျှ လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မင်းသားဟွာရန်း၏ တပ်အရှေ့၌ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ထိုလမ်းကြောင်းသည်သာမန်လမ်းကြောင်းတစ်ခု မဟုတ်ချေ။အကျယ်အားဖြင့် ပေ ၁၀၀ ခန့် ကျယ်ဝန်းပြီး လမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီတွင်လည်း မိုးထိအောင်မြင့်မားလှသော တောင်ကြီးများ ရှိနေလေသည်။ လမ်းကြား နှင့်တောင်များ၏ ဖြစ်တည်နေသည့်ပုံစံသည်အလွန်မြင့်မားလှသော တောင်ကြီး တစ်တောင်အား အလယ်တည့်တည့်မှ ဒေါင်လိုက် ပိုင်းချလိုက်သကဲ့သို့ပင်ဖြစ်နေသည်။
မယုံနိုင်စရာ အဖြစ်အပျက် တစ်ခုပင်ဖြစ်သည်။ ပို၍ အံ့သြစရာ ကောင်းသည့် အချက်မှာ တောင်များကြားတွင် ရဲတိုက်တစ်ခု ရှိနေခြင်း ဖြစ်သည်။
ထိုရဲတိုက်သည်မင်းသားဟွာရန်းတို့၏ ဘက်ခြမ်းတွင်ရှိနေသည့်အတွက်မင်းသားဟွာရန်းတို့ဘက်မှ ပိုင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါ ရဲတိုက်သည် သံများဖြင့် တည်ဆောက်ထားခြင်းပြီး အင်မတန် မာကျောလှသည်။
တောင်ကြားလမ်းတွင်ရန်သူများ၏ အခြေအနေအား စောင့်ကြည့်ရန်အတွက် ရဲတိုက်တစ်ခု ဖန်ဆင်းပေးထားသလိုပင်ဖြစ်ေနပါသည်။ ရန်သူများ တောင်ကြားလမ်းမှ ဝင်ရောက်လာသည်နှင့် မင်းသား ဟွာရန်းတို့သည် အပေါ်မှ စီး၍ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ထိုနေရာအား စောင့်ကြပ်ရန်အတွက် စစ်သည်အင်အား ထောင်ဂဏန်းလောက်သာ လိုအပ်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် တောင်ပိုင်းတစ်ခုလုံး လုံခြုံမှု ရှိစေရန်အတွက် စစ်သည်ထောင်ဂဏန်းဖြင့် စောင့်ကြပ်စေမည့်ကိစ္စသည်မဖြစ်နိုင်သည့်အနေအထား ဖြစ်နေသော်လည်း ယခုအခါတွင်မူ ထိုကဲ့သို့ အခြေအနေမျိုး အမှန်တကယ်ပင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တောင်များသည် ချန်နိုင်ငံတော်အား ဘက်သုံးဘက်မှ အပြည့်အဝ ကာရံထားသဖြင့် ရန်သူများသည် တောင်ကြားလမ်းမှသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။
တောင်ပိုင်းရှိ ရန်သူအုပ်စုများနှင့် အပြာရောင်လေနိုင်ငံတော်တို့ဘက်မှ စစ်သည်များသည် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ ကြက်သေသေလျက်ပင်ရှိနေကြရင်း စိတ်ထဲတွင်လည်း –
[သေလိုက်ပါတော့ကွာ . . . ငါတို့ကတော့ အင်တိုက်အားတိုက်နဲ့ တိုက်ခိုက်ခဲ့ကြရတယ်။ နေ့ပေါင်းများစွာ ညပေါင်းများစွာ သွေးတွေချွေးတွေနဲ့ကို ရင်းပြီး တိုက်စစ်ဆင်နိုင်ခဲ့တယ်။ သူတို့နယ်နိမိတ်ထဲ ဝင်နိုင်ခါနီးကျမှ သောက်ရေးမပါတဲ့ နှင်းတွေကျလာပြီး နောက်ပြန်ဆုတ်ခဲ့ရတယ်။
သာမန် နှင်းကျတာမျိုးဆို မပြောသေးဘူး။ ဘယ်လောက်ထူတဲ့ နှင်းဖြစ်ဖြစ် အချိန်တန် တက်နင်းသွားလို့တယ်။ ဒါပေမဲ့ အခု ဒီတောင်တွေက ဘယ်က ပေါ်လာရတာလဲ။ ဒီလမ်းကြောင်းကရော ဘယ်ကနေဘယ်လို ဖြစ်လာတာလဲ။ နတ်ဘုရားတွေက ငါတို့ကို ရှုံးနိမ့်စေချင်တာလား။ ချန်နိုင်ငံတော်ကို နတ်ဘုရားတွေ ကူညီချင်နေကြတာလား . . . အခုရော ဘာတွေ ဆက်ဖြစ်ဦးမှာလဲ . . .]
တောင်ပိုင်းရှိ ရန်သူများ၏ ဆဲဆိုသံ၊ မကျေမနပ် ရေရွတ်သံများသည် ဆူညံပွက်လော ရိုက်သွားကြပါတော့သည် . . .။