Chapter – 196
“လက်ထပ်ပြီးနောက်ခွဲခွာခြင်း”
ရဲရှောင် ပြုံးလိုက်ရင်း –
“လောကမှာ မဖြစ်နိုင်တဲ့ အရာဆိုတာ ဘာမှ မရှိပါဘူး။ ကျုပ်ယဲ့ယွဲ့ကို ကျိန်းသေ ရှာနိုင်မှာပါ . . .”
“အင်း ရှာနိုင်လောက်ပါတယ် . . .”
ရဲရှောင်၏ စကားအား အမျိုးသမီးသည် ယတိပြတ် ငြင်းဆိုခြင်း မပြုတော့ချေ။
စုယဲ့ယွဲ့သည်ရဲရှောင်အား ကြည့်ရင်း မျက်ရည်များ စီးကျလာပြီးနောက်-
“ကျွန်မ . . .”
“ရှင်တို့ ၂ ယောက် ပြောနေတာတွေက အမှန်တွေချည်းပဲ ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ရှောင်ရှောင်နဲ့ မခွဲနိုင်သလို ကျွန်မ မိဘတွေကိုလည်း မထားခဲ့နိုင်ဘူး။ ကျွန်မ တကယ်ပဲ လိုက်မှ ဖြစ်တော့မှာလား . . .”
ရဲရှောင်လည်း တည်ငြိမ်စွာဖြင့်-
“ငါတို့ရဲ့ ဘဝမှာ အမြဲတမ်း ရွေးချယ်မှုတွေ လုပ်ကြရတယ်။ မင်းတစ်ခုခု ဆုံးရှုံးလိုက်တယ် ဆိုရင် အဲဒါမင်းရွေးချယ်မှု မှားနေလို့ပဲ။ အခုလည်း မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုတယ် . . .”
“အထူးသဖြင့် ဒီလို ရှုပ်ထွေး ပွေလီလှတဲ့ ကမ္ဘာကြီးမှာ ငါ့လက်ရှိအနေအထားအရ မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့ကို လုပ်ကြံ သတ်ဖြတ်ချင်တဲ့ လူတွေဆိုတာကလည်း ရှေ့လျှောက် အများကြီး ကြုံနေရဦးမှာ။ ဒီတစ်ခါ မုန်တိုင်းအိမ်တော်ဆို နောက်တစ်ခါ တခြားအင်အားစုတွေက ဖြစ်နေလိမ့်မယ်။ မင်းအဖေ စစ်ထွက်တာ မနိုင်ခင်မှာ မင်းကို ဖမ်းမိသွားရင် ဘာဖြစ်မလဲ မင်းလည်း သိမှာပါ . . .”
ရဲရှောင်၏ ပါးစပ်မှ “မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည့် အချိန်တွင်သူ၏ သိက္ခာများ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အမျိုးသမီး ပြောခဲ့သလိုပင် လောကကြီးတွင် အင်အားကြီးမှသာ အနိုင်ရနိုင်မည် ဖြစ်သည်။ အင်အားကြီးလျှင်ကိုယ်ချစ်သည့် မည်သည့်အရာကိုမဆို ကာကွယ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ပါက အရှုံးများနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ရဲရှောင်သည်လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း –
“ဒီကနေ သွားကြစို့ . . .”
အမျိုးသမီးမှ –
“ငါမင်းကို တပည့်အဖြစ် မွေးစားချင်တယ်ဆိုတာ မင်းရဲ့ မိဘတွေကို အသိပေးဖို့တော့ လိုလိမ့်မယ်”
စုယဲ့ယွဲ့သည် အလွန်ဝမ်းနည်းနေသော်လည်း အမျိုးသမီး၏ စကားအား ငြင်းဆန်နိုင်ခြင်း မရှိတော့ချေ။ ရဲရှောင်၏ လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း မျက်ရည်များပင်စီးကျလာလေသည်။
ဟွာရန်းမင်းသား၏ အိမ်တော်သို့ ရောက်သည်အထိ စုယဲ့ယွဲ့သည် ရဲရှောင်၏ လက်အား မလွှတ်တမ်း ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
မင်းသားဟွာရန်း၏ ဇနီးသည် ယခုကဲ့သို့ အစွမ်းထက်မြက်လှသည့် အမျိုးသမီးတစ်ဦးမှ သူမ၏ သမီးဖြစ်သူအား တပည့်အဖြစ် မွေးစားချင်ကြောင်း ကြားသိသည့်ရအခါ အလွန်ပျော်ရွှင်သွားလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သမီးဖြစ်သူနှင့် ခွဲရတော့မည် ဖြစ်သည့်အတွက် စိတ်မကောင်း ဖြစ်မိသွားသည်။
အမျိုးသမီးသည် အဆင့်မြင့် နယ်ပယ်တစ်ခုခုမှ လာသူဖြစ်ကြောင်း ယဲ့ယွဲ့၏ အမေသည်ကောင်းစွာ သိနေလေသည်။ နတ်သမီးတစ်ပါးပင် ဖြစ်နိုင်သည်ဟု တွေးနေမိလျက်ရှိသည်။
ထိုကဲ့သို့သော အမျိုးသမီး၏နောက်သို့ လိုက်သွားမ ည် ဆိုပါက သမီးဖြစ်သူ၏ အနာဂတ်သည် ထွန်းလင်း တောက်ပနေမည် ဆိုသည်ကိုလည်း ရိပ်စားမိသည်။
သို့သော် စုယဲ့ယွဲ့နှင့် နောက်ပိုင်း မည်သည့်အခါမျှ ပြန်လည် ဆုံစည်းနိုင်ရန် မရှိတော့သည်ကို သိသောအခါ ရင်ထဲတွင်အလွန်ဆို့နင့် ကြေကွဲသွားမိလေသည်။
“ကျွန်မတို့က သူ့ရဲ့ တစ်ဘဝလုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်လောက်ပါဘူး။ သားသမီး ကောင်းစားဖို့အတွက်ပဲ ကြည့်ရမှာပေါ့။ ကျွန်မသူ့ကို ရှင့်နောက်လိုက်ခွင့် ပြုလိုက်ပါ့မယ် . . .”
စုယဲ့ယွဲ့၏ အမေသည်ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်ပြောလိုက်သည်။
အမျိုးသမီးမှ ခေါင်းညိတ်လိုက်ရင်း –
“ကောင်းပါပြီ . . .”
ယဲ့ယွဲ့၏ အမေမှ –
“ဒါပေမဲ့ . . . ကျွန်မမှာ ပြောစရာ တစ်ခုတော့ ရှိတယ် . . .”
“ဒီကလေး နှစ်ယောက်က ဟိုးအရင်ကတည်းက စေ့စပ်ထားကြတာ။ အတူတူလည်း ကြီးပြင်း လာခဲ့ကြတယ်။ အတူမရှိနေနိုင်တော့ရင်တောင်မှ အနည်းဆုံးတော့ သမီးမသွားခင် လက်ထပ်ပေးလိုက် သင့်တယ်လို့ ကျွန်မထင်တယ်။ ကလေးနှစ်ယောက်ကို လက်ထပ်ပေးချင်နေတာက ကျွန်မနဲ့ သူ့အဖေရဲ့ ဆန္ဒပဲ . . .”
အမျိုးသမီးသည် အမေဖြစ်သူ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် –
“သေချာရဲ့လား . . .”
“သေချာပါတယ် . . .”
ယဲ့ယွဲ့၏ အမေသည်ခေါင်းညိတ်၍ ပြောလိုက်သည်။
မန်ဟွာချင်းသည်သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။
သူနှင့်အတူ လိုက်ပါလာမည့် စုယဲ့ယွဲ့အား ရဲရှောင်အနေဖြင့် မည်သည့်အခါမျှ ပြန်လည် ဆုံတွေ့ ခွင့် ရတော့မည် မဟုတ်ကြောင်း သေချာပေါက် ယုံကြည်နေမိသည်။
ထို့ကြောင့် ယခုကဲ့သို့ လက်ထပ်ပေးမည် ဟူသည့် ကိစ္စသည် သူမအဖို့ အဓိပ္ပါယ်မရှိသည့်ကိစ္စခုလိုပင်ဖြစ်နေခဲ့သည်။
ယခုကဲ့သို့ လက်ထပ်ပေးလိုက်ခြင်းမှာ ရဲရှောင်နှင့် မိခင်ဖြစ်သူတို့အား စိတ်သက်သာရာ ရစေရန်သာ ဖြစ်ပြီး စုယဲ့ယွဲ့လည်း ကျေနပ်သွားစေရန် ဖြစ်သည်။
သုံးယောက်လုံး အကျိုးရှိမည့် ကိစ္စတစ်ခုပင် ဖြစ်သည်။
ဖီးနစ်ကကြိုးကျင့်စဉ်သည် အလွန်ထူးခြား အစွမ်းထက်လှသည့် ကျင့်စဉ်တစ်မျိုးဖြစ်သည်။ စုယဲ့ယွဲ့ အနေဖြင့် ကနဦးအဆင့်သို့ ရောက်ရှိရန်ပင် နှစ်ပေါင်းများစွာ လေ့ကျင့်ရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်တစ်ရာကျော်လောက် လေ့ကျင့်ရမည် ဖြစ်သဖြင့် မော်တယ်ကမ္ဘာမှ လူများနှင့် နောက်တစ်ခါ ပြန်ဆုံရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
စုယဲ့ယွဲ့ ကျင့်ကြံမှုများ ပြီးသွားသည့် အချိန်တွင် ရဲရှောင်လည်း ဘဝပေါင်းများစွာ ဖြတ်သန်းပြီးလောက်ပြီဟု မန်ဟွာချင်းသည်ထင်မြင်နေမိသည့်အပြင်ရဲရှောင်မှ စုယဲ့ယွဲ့အား ရှာနိုင်မည်ကိုလည်း အယုံအကြည်မရှိပေ။
ထိုအချက်များအား စဉ်းစားမိသည့်အတွက်လက်ထပ်ပွဲအား မငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
. . .
လက်ထပ်ပွဲ စတင်ချေပြီ။
စုယဲ့ယွဲ့သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ရှိနေလေသည်။ သူမ၏ ဆံပင်တစ်ပင်အား ဖြတ်တောက်လိုက်ပြီး ရဲရှောင်၏ ဆံပင်အနည်းငယ်နှင့် ချည်နှောင်လိုက်သည်။ ထိုကဲ့သို့ ချည်နှောင်နေသည့် အချိန်တွင်လည်း နှလုံးသားထဲမှ စိတ်နှစ်၍ ချည်နှောင်ရပေသည်။
ယဲ့ယွဲ့သည်ရဲရှောင်၏ မျက်နှာအား ကြည့်ရင်း တည်ငြိမ်ေသာ အသံဖြင့်-
“ရှောင်ရှောင် . . . ငါ့ကို အမှတ်ရနေပါ။ ဘယ်ဘဝပဲ ရောက်နေရောက်ေန ငါက နင့်ရဲ့ မိန်းမအဖြစ် အမြဲတမ်း ရှိနေမှာပါ . . .”
ရဲရှောင်သည် ဆံပင်အထုံးအား ကြည့်ရင်း သူ၏ ရင်ထဲတွင်ခံစားချက်များဖြင့်ဗလောင်ဆူလျက်ရှိသည်။
ထိုခံစားချက်မျိုးအား သူ ဖြတ်သန်းခဲ့ရသော နှစ်ဘဝလုံးတွင် တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ထို့နောက် မီးဖြင့် ဆံပင်အထုံးအား ရှို့လိုက်သောအခါ ပြာအဖြစ် ပြောင်းလဲသွားလေသည်။
အဆိုပါ ပြာများအား ဝိုင်ခွက် ၂ ခွက်အတွင်းသို့ ထည့်၍ ခွက်ကို မြောက်ကာ အတူတကွ သောက်လိုက်ကြသည်။
ထို့နောက်တွင်မူ ရဲရှောင်တို့ နှစ်ဦးသည် အကြင်လင်မယား အရာသို့ မြောက်သွားကြလေသည်။ သူတုိ့ နှစ်ဦး၏နှလုံးသားသည် တစ်ခုစီ ရှိမနေတော့ဘဲ နှစ်ယောက်ပေါင်းမှ နှလုံးသားတစ်ခုအဖြစ် ပေါင်းစည်းသွားကြပြီ ဖြစ်သည်။
ဝိုင်ခွက်အား ကုန်စင်အောင် သောက်လိုက်ပြီးနောက် စုယဲ့ယွဲ့သည်တုန်ယင်နေသော အသံအား တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်ရင်း –
“မှတ်ထားပါ ရှောင်ရှောင် . . . ငါ့ကို အမြဲတမ်း သတိရနေပေးပါနော် . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ပခုံးပေါ်သို့ ကြီးလေးသည့် တာဝန်တစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ မည်သည့်စကားမျှ မပြောဘဲ စုယဲ့ယွဲ့အား စူးစိုက်၍ပင် ကြည့်နေမိတော့သည်။
စုယဲ့ယွဲ့နှင့် ပြန်ဆုံတွေ့ရန်အတွက် မည်မျှအထိ ခက်ခဲသည်ဆိုသည်ကို ရဲရှောင်နှင့်မန်ဟွာချင်း တို့ နှစ်ဦးစလုံး သိကြပေသည်။
စုယဲ့ယွဲ့ သွားမည့်နေရာသည်ချင်းယန်နယ်ပယ်ထက် ပို၍ အဆင့်မြင့်သော နေရာသို့ပင် ဖြစ်သည်။
ထိုနယ်ပယ်သည် ချင်းယန်ထက် တစ်ဆင့်မြင့်သော နယ်ပယ်ဖြစ်နိုင်သကဲ့သို့ အဆင့်ပေါင်းများစွာ မြင့်မားသော နယ်ပယ်လည်း ဖြစ်နိုင်လေသည်။
စုယဲ့ယွဲ့သည်သူမ၏ လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းပြား ဆွဲကြိုးလေးအား ချွတ်လိုက်ပြီး ရဲရှောင်၏ လည်ပင်း၌ သူမကိုယ်တိုင် ဆွဲပေးလိုက်သည်။ ထို့နောက် တယုတယဖြင့်ထိုဆွဲကြိုးလေးအား ရဲရှောင်၏ ဝတ်ရုံဖြင့်ဖုံးပေးလိုက်သည်။ ယဲ့ယွဲ့သည်ရဲရှောင်အား စို့နစ်ကြေကွဲသော အကြည့်များဖြင့်ကြည့်လိုက်ရင်း –
“နင့်နားမှာ ငါ့အစား ဒီကျောက်စိမ်းပြားလေးက ရှိနေပေးမှာပါ . . .”
ရဲရှောင်လည်း ကြောင်ငေးသွားမိသွားရင်း စိတ်ထဲတွင် –
[သူက ငါ့ကို သူအမြဲဝတ်နေကျ ကျောက်စိမ်းပြားလေး ပေးလိုက်တာပဲ။ ငါ့အတွက်သူအနှစ်သက်ဆုံး အရာကို စွန့်လွှတ်လိုက်တဲ့ သဘောပဲ။ ငါကရော သူ့ကို ဘာပြန်ေပးရပါ့မလဲ . . .]
ရဲရှောင်သည် စုယဲ့ယွဲ့အားပေးရန်အတွက်သူ၏ ဟင်းလင်းပြင်ကြီးအတွင်း လိုက်ရှာကြည့်မိသော်လည်း မည်သည့်အရာမျှ ကောင်းကောင်းမတွေ့ချေ။ စုယဲ့ယွဲ့၏ ဆရာဖြစ်သူရှေ့တွင် ဂုဏ်ယူရနိုင်လောက်မည့် ပစ္စည်းမျိုးအား ရဲရှောင် ပေးချင်နေမိသည်။
ထိုအချိန်တွင်ဟင်းလင်းပြင်ကြီး အတွင်းရှိ ဥအား ပေးပစ်ရန် ရဲရှောင်စိတ်ကူးမိလိုက်သည်။
ရဲရှောင်၏ အတွေးအား သိနေသည့်အလား ဥသည်အပေါ်သို့ ရုတ်တရက်ပျံတက်လာခဲ့သည်။
ရဲရှောင်လည်း ရယ်ချင်မိသွားကာ –
[မင်းကို ငါမပေးပါဘူး။ သိပ်ပြီး ကြောက်မနေနဲ့ . . .]
ထိုအခါ ဥသည် ရဲရှောင်၏ စကားကို ယုံကြည်သွားသည့်ဟန်ဖြင့် မူလနေရာသို့ ပြန်လည် ဆင်းသက် သွားလေသည်
ထိုအချိန်တွင်အလင်းတန်းတစ်ခုသည်ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ကောင်းကင် ဟင်းလင်းပြင် အတွင်းမှ မှော်ကျောက်ဖရုံ အပိုင်းအစလေး တစ်ခုသည် ရဲရှောင်ရှိရာသို့ ပြုတ်ကျ လာလေသည်။ အရွယ်အစားအားဖြင့် ငန်းဥ အရွယ်အစားခန့် ရှိသည်။
ရဲရှောင်သည်အံ့သြသွားရင်း –
[ငါဖြစ်ချင်နေတာကို မင်းက သိနေတာလား . . .]
ဥသည် ရဲရှောင်၏ စကားအား ဂရုမစိုက်သည့်ဟန်ဖြင့်မလှုပ်မယှက်ဖြင့်ပင်ရှိနေလေသည်။
ရဲရှောင်မှ –
[မင်းက ဥတစ်လုံးပဲ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ မှော်ဆန်နေရတာလဲ . . .]
ဥသည် ဆတ်ဆတ်ခါအောင်ပင်တုန်ခါသွားလေသည်။ ရဲရှောင်ပြောလိုက်သည့်စကားအား မနှစ်မြို့သွား၍ ဒေါသထွက်သွားသည့် ပုံပင်။
ဥသာ စကားပြောတတ်မည် ဆိုပါက “ငါက ဘာလို့ မှော်မဆန်နိုင်ရမှာလဲ၊ ငါ့ကို အထင်သေးလှ ချည်လား အရူးရဲ့” ဟုပင်ပြောနေမည်မှာသေချာပေါက်ပင်။
. . .
“ငါ့မှာတော့ မင်းကို ပေးစရာ လက်ဆောင် မည်မည်ရရ မရှိဘူး ဖြစ်နေတယ် . . .”
ရဲရှောင် စုယဲ့ယွဲ့အား ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက် မှော်ကျောက်ဖရုံ အပိုင်းအစလေးအား ထုတ်လိုက်ရင်း –
“ဒီကျောက်တုံးလေးကိုတော့ ယူသွားပါ . . .”
မှော်ကျောက်ဖရုံ ပေါ်လာသည်နှင့် အခန်းတစ်ခုလုံးသည်နွေးထွေးသော အငွေ့အသက်တစ်ခု လွှမ်းခြုံလိုက်သကဲ့သို့ ရှိနေသော လူများအားလုံးသည်လန်းလန်းဆန်းဆန်းပင်ဖြစ်သွားကြသည်။
မူလက ဘေးမှထိုင်၍သာ ကြည်နေသော မန်ဟွာချင်းသည် ရဲရှောင် မှော်ကျောက်ဖရုံ ထုတ်လိုက်သည်ကို မြင်သောအခါ မတ်တတ်ရပ်လိုက်ပြီး –
“မှော်ကျောက်ဖရုံပါလား . . . မင်းဘယ်က ရတာလဲ . . .”
တခြားလူများသည်ပင်သူမ၏ အပြုအမူကြောင့် အံ့သြသွားကြသည်။
ရဲရှောင်မှ –
“ခင်ဗျားပြောတာ ဒါလေးကိုလား . . . လူတစ်ယောက်ကို ကျုပ်ကူညီခဲ့တုန်းကပေးခဲ့တာပါဗျာ။ တော်တော်လှတဲ့ ကျောက်တုံးလေး တစ်တုံးပဲ။ ရှားပါးတဲ့ပုံ ပေါ်ပေမဲ့ ငွေကြေးအရတော့ တန်ဖိုး မရှိလောက်ပါဘူး . . .”
“လှတဲ့ ကျောက်တုံးလေး . . . တန်ဖိုး မရှိဘူး ဟုတ်လား . . .”
မန်ဟွာချင်းသည် အထိတ်တလန့်ပင်ရေရွတ်လိုက်သည်။
ယခု အရွယ်အစားကဲ့သို့သော မှော်ကျောက်ဖရုံသည် သူမတို့ နယ်ပယ်တွင် ဆိုပါက မြို့တစ်မြို့ကိုပင် ဝယ်ယူ၍ ရနိုင်ပေလိမ့်မည်။ ယခုအခါတွင်မူ ရဲရှောင်သည် စုယဲ့ယွဲ့အား သာမန် ကျောက်တုံး တစ်တုံးအား ပေးလိုက်သကဲ့သို့ ပေးနေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် အံ့သြမိသွားခြင်း ဖြစ်သည်။ သူမတို့နယ်ပယ်သည် အဆင့်မြင့် နယ်ပယ်တစ်ခု ဖြစ်သော်လည်း ယခုကဲ့သို့သော ပစ္စည်းမျိုးသည်ရှားပါးလှပေသည်။ အံ့ဩစိတ်မှုများနှင့်အတူ သူမ၏ စိတ်ထဲတွင် –
[တန်ဖိုးမရှိဘူးတဲ့လား . . . မင်းက တကယ့်အရူးပဲ။ မင်းပြောတဲ့ တန်ဖိုးဆိုတာ ငွေကြေးကို ပြောတာလား . . . ဒီလောက်အရွယ်အစားဆို အဆင့်နိမ့် နယ်ပယ် ၁၀ ခုလောက်ကိုတောင် အလဲလှယ် လုပ်နိုင်တယ်ကွ . . .]
“ဒါနဲ့ နေစမ်းပါဦး . . . မင်းမှာသာ ဒီပစ္စည်းမျိုး ရှိနေရင် ငါအစကတည်းက အာရုံခံမိမှာပေါ့။ အခုမှ ဘာလို့ ငါက အာရုံခံမိသွားရတာလဲ . . .”
စုယဲ့ယွဲ့သည်ကျောက်တုံးလေးအား လှည့်ပတ် ကြည့်နေစဉ် ရဲရှောင်အား မန်ဟွာချင်းမှ မေးလိုက်ခြင်း ဖြစ်သည်။
“မင်းမှာ အစက ဒါ ရှိမနေဘူးမလား။ ဘယ်လိုဖြစ်တာလဲ . . .”
“ကျုပ်မှာ ရှိတာပေါ့။ ကျုပ်က လူတကာကို လိုက်ပြပေးနေရမှာလား . . .”
ရဲရှောင် မကျေမချမ်း ရေရွတ်လိုက်ပြီးနောက် သူ့လက်သူကြွယ်ရှိ လက်စွပ်အား ပြလိုက်သည်။
“ဪ . . . ငါသိပြီ . . .”
မန်ဟွာချင်သည်ယခုမှသာ သဘောပေါက်သွားလေသည်။ စိတ်ထဲတွင်လည်း –
[ငါတော်တော် နမော်နမဲ့ နိုင်တာပဲ။ သိုလှောင်လက်စွပ်လို ထူးခြားတဲ့ ပစ္စည်းကိုတောင် သတိမပြုမိခဲ့ဘူး . . .]
ထို့နောက် စုယဲ့ယွဲ့ဘက်သို့ လှည့်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် –
“မိန်းကလေး . . . ဒီကျောက်တုံးကို သေချာ သိမ်းထားပါ။ နောက်ပိုင်း မင်းကို အများကြီး အထောက်အကူ ပြုလိမ့်မယ်။ ခက်ခဲတဲ့ အဆင့်တွေကို ကျော်ဖြတ်နိုင်စွမ်း ရှိလိမ့်မယ်။ မင်းလိုလူမျိုး အတွက် သေချာပေါက် လိုအပ်တဲ့ အရာပဲ။ ငါ့တပည့်မှာ ဒီလို ပစ္စည်းမျိုး ရှိနေတာ သိပ်ကံကောင်းတယ်”
စုယဲ့ယွဲ့လည်း မှော်ကျောက်ဖရုံအား ကိုင်ထားရင်း စိတ်ထဲတွင် –
[ငါတကယ် အသုံးလိုလာရင်တောင် ဒါကို ထုတ်မသုံးဘူး။ ဒါက ရှောင်ရှောင်ဆီကရတဲ့ ပစ္စည်းလေ။ သူရှိနေသေးကြောင်း ခံစားနိုင်တဲ့ တစ်ခုတည်းသော ပစ္စည်းလေး။ ရှောင်ရှောင်ရဲ့ ကိုယ်ပွားလေးပေါ့ . . .]
လက်ထပ်ပွဲလည်း ပြီးသွားခဲ့ချေပြီ။
မန်ဟွာချင်လည်း သူမ၏ နေရပ်သို့ ပြန်ရတော့မည်ဖြစ်သဖြင့်စုယဲ့ယွဲ့အား ထွက်ခွာရန် သတိပေး လိုက်ပါတော့သည် . . .။