အပိုင်း ၁၀
ယွဲ့ရုံ
ရှန်းယွမ်သည် ကုရှင်း၏ ကျောပေါ်လဲနေရာ အမွေးများမှာ နူးညံ့ပြီး ချောမွေ့ကာ အလွန်ပင် သက်သောင့်သက်သာ ရှိလှ၏။ ဤလောကတွင် သူအပြည့်အဝ ယုံကြည်ရသူသည် နှစ်ဉီးသာ ရှိသည်။ တစ်ဉီးမှာ ကုရှင်းဖြစ်ပြီး ကျန်တစ်ဉီးမှာမူ သူ၏ လှပသည့် ဆရာ ယင်ကျင်းလော့ပင် ဖြစ်သည်။
တကယ်တမ်း ဆိုရလျှင် ယင်ကျင်းလော့သည် သူ့အား ဘဝအသစ် ပေးလိုက်သည်ဟုပင် ပြော၍ ရပေသည်။ သူဘဝ၏ ရန်ကြွေးတို့ကို ပြန်လည် တုံ့ပြန်ချေပ နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်သည်။
ယင်ကျင်းလော့ မျက်လုံးထဲတွင်မူ ရှန်းယွမ်၏ နရိုင်းတစ်ဆယ့် ရှစ်ကောင် အင်အားသည် ပုရွက်ဆိတ်သာသာ မျှသာရှိနေသေး၏။ သူမအနေဖြင့် ရှန်းယွမ်အား လက်ချောင်း ကလေးဖြင့်ပင် အလွယ်တကူ သတ်နိုင်သေးသည်။
တိုက်ခိုက်သူ ထိပ်ဆုံးအဆင့် (စစ်သည်တော်အဆင့်) မရောက်သေးသရွေ့ လောက၌ ရေရာတိကျသည့် နေရာ မရသေးဟု ဆိုနိုင်သည်။ ထို့ကြောင့် စစ်သည်တော် အဆင့်ကို စောနိုင်သမျှ စောစော ရောက်မှ ဖြစ်ပေမည်။
ကုရှင်းနှင့် ရှန်းယွမ်တို့ သားရဲမိစ္ဆာ တောသို့ လာနေစဉ် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသည်။ ရှန်းယွမ် ကြက်သေ သေသွားပြီး ကုရှင်း၏ အမွေးကို ဆုပ်ကိုင်ကာ ရပ်တန့် စေလိုက်သည်။ ထိုစဉ် မိန်းမငယ် တစ်ဉီး အုန်းခွံရောင် မြင်းတစ်ကောင်ကို ဒုန်းစိုင်းစီးလျက် သူတို့ဆီသို့ ဉီးတည် လာနေသည်ကို တွေ့လိုက်ရသည်။
“ငါ သခင်မလေးအတွက် လမ်းဖယ်ပေးစမ်း လမ်းမှာ ပိတ်မနေနဲ့”
ရှန်းယွမ်သည် ကောင်မလေးကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ရုပ်ရည်မှာ မဆိုးသော်လည်း ယင်ကျင်းလော့ကိုတော့ မယှဉ်နိုင်သာပေ။ သို့သော် လှပသည့် မိန်းမပျို တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီး ခက်ထန်မည့်ပုံ ပေါက်နေသည်။
ကုရှင်း ခက်ထန်စွာ မာန်ဖီ လိုက်သောအခါ ဒုန်းစိုင်းလာနေသော မြင်းမှာ ရုတ်တရက် ထိတ်လန့် သွားသည်။ ကြောက်လန့်သွားသော မြင်းမှာ ကျယ်လောင်စွာ ဟီလိုက်ပြီး ပတတ် ရပ်လိုက်ရာ မြင်းထက်မှ အနီရောင်ဝတ်ရုံနှင့် မိန်းမပျိုမှာ ပြုတ်ကျ လုမတတ် ဖြစ်သွား၏။
ကံကောင်းစွာဖြင့် ထိုအမျိုးသမီးသည် ကြောက်လန့်နေသော မြင်းကို ထိန်းလိုက်နိုင်ပြီး မြင်းခွာမှာ မြေထဲသို့ သုံးလက်မခန့် နစ်သွားသော်လည်း မြင်းကို မထိခိုက်လိုက်ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုအမျိုးသမီးသည် မြင်းစီးရာ၌ ဆရာတစ်ဆူဖြစ်ကြောင်း သိနိုင်လေသည်။
“အတင့်ရဲလိုက်တဲ့ကောင်… ငါ သခင်မလေးက မင်းကို ဖယ်ခိုင်းတာ မကြားလိုက်ဘူးလား”
အမျိုးသမီးလေးမှာ ခပ်ထန်ထန် ငေါက်ငမ်းလာသည်။
ခပ်နွမ်းနွမ်း အဝတ်အစား ဝတ်ထားသည့် ရှန်းယွမ်နှင့် ဝတ်ရုံပေါ်တွင် တမူထူးခြားသည့် အပွင့်အခက်များဖြင့် ရက်လုပ်ထားသော အနီရောင် ပိုးသား အင်္ကျီဝတ် သူမတို့မှာ ကြည့်ရုံမျှဖြင့်ပင် အဆင့်အတန်း ကွာခြားမှုကို သိသာစေသည်။
“ဒီစောက်တောသား ကောင်ကတော့… ငါ့ကို ယွဲ့ဟွာဂိုဏ်းရဲ့ တပည့်ရွေးပွဲ နောက်ကျအောင် လုပ်နေတယ်…. ကဲဟာ”
ဖြန်း…..
ထိုအမျိုးသမီး လက်ထဲမှ ကျာပွတ်ကို ဝှေ့ယမ်း လိုက်သည်နှင့် နရိုင်းဆယ့်ရှစ်ကောင်အား ရှိသည့် အတွင်းအားများ ထွက်လာလေသည်။ ရှန်းယွမ်မှာ အတော်လေး အံ့ဩသွားရသည်။ ဤအမျိုးသမီးသည် စစ်သည်တော်အဆင့် တိုက်ခိုက်ရေးသမား ဖြစ်ပေမည်။ သူမ၏ ကျာပွတ်နှင့်သာ အရိုက်ခံရပါက နရိုင်းကိုးကောင်အား ရှိသော တိုက်ခိုက်သူသည်ပင် အရိုးများ ကျိုးပြီး သေသည်အထိ ခံသွားရနိုင်သည်။
မိန်းမပျိုမှာ လှပသော ရုပ်ရည် ရှိသော်လည်း နှလုံးသားမှာ ရက်စက်လှ၏။ ရှန်းယွမ်လည်း ခပ်ချဉ်ချဉ် ပြုံးလိုက်ပြီး-
“ငါက မင်းကို ပန်းလေးလို လှတယ်လို့ တွေးလိုက်မိနေတာ…. ဒါပေမဲ့ မထင်ရဘူး မင့် နှလုံးသားက မြွေလိုပဲ အဆိပ်ပြင်းပါ့လား”
ပြောရင်း ရှန်းယွမ်သည် “မြွေအဆိပ်သင့် ကျာပွတ်”ကို ထုတ်လိုက်ပြီး တစ်ဖက်မှ ကျာပွတ်ကို ဖျတ်ခနဲ ပြန်၍ ရိုက်ချလိုက်သည်။ ကျာပွတ် နှစ်ချောင်း ထိသွားသည်နှင့် ထိုအမျိုးသမီး၏ လက်ထဲမှ ကျာပွတ်မှာ ချက်ချင်းပင် ပြတ်ထွက် သွား၏။
ရှန်းယွမ်လက်ထဲမှ “မြွေအဆိပ်သင့် ကျာပွတ်”ကိုမြင်သော် ထိုမိန်းမပျိုသည် အံ့ဩသွားပြီး-
“နင်က ဟိုခွေးကောင် ချန်ခွိုင်နဲ့ ဘယ်လို ပတ်သက်လဲ၊ နင့်မှာဘာလို့ သူ့ရဲ့ “မြွေအဆိပ်သင့် ကျာပွတ်” ရှိနေတာလဲ၊ ယွဲ့အိမ်တော်မှာ နင့်လိုလူ ရှိမယ်မှန်း ထင်တောင် မထားဘူး၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နရိုင်း ဆယ့်ရှစ်ကောင်အား ရှိပေမယ့် စစ်သည်တော်အဆင့် မရောက်သေးဘူး ဆိုတော့ မင်းက ထူးခြားခန္ဓာ ရှိလို့ပဲဖြစ်မယ်။ ချန်ခွိုင်လို ခွေးမျိုးက ရတနာတွေ ရှိလို့ပါလား၊ ဒီနေ့ကစ ငါနောက်လိုက်ပြီး ယွဲ့ဟွာဂိုဏ်းလိုက်ဝင် မင်း အကျိုးမနည်းစေရဘူး”
မိန်းမပျို ပြောစကားကြောင့် ရှန်းယွမ် ကြောင်သွားသည်။ ဟုတ်လည်းဟုတ်၏။ ယွဲ့ဟွမ်မြို့တွင် ယွဲ့အိမ်တော်သည် အင်အား အကြီးဆုံး ဖြစ်သည်။ သူမ အနေဖြင့် ယွဲ့အိမ်တော်၏ ချန်ဘဏ္ဍာစိုး အသတ်ခံရသည်ကို မသိသည်မှာ မထူးဆန်းပေ။
ထို့ပြင် မှော်လက်နက်များ ဖြစ်သော”မြွေအဆိပ်သင့် ကျာပွတ်”နှင့် “မြွေအဆိပ်သင့် အမှတ်ပြား” တို့သည်လည်း ရှန်းယွမ် ကိုယ်ပေါ်တွင် ရှိနေ၏။ ရှန်းယွမ်လည်း တည်ငြိမ်စွာဖြင့်-
” ခင်ဗျားက ဘယ်သူလဲ ဘာလို့ ငါ့လက်ထဲက ကျာပွတ်အကြောင်းကို သိတာလဲ”
“ငါ့နာမည်က ယွဲ့ရုံလေ ငါ့အကြောင်း မကြားဖူးဘူးလား”
ယွဲ့ရုံမှ အထက်စီးဖြင့် ဆက်ကာ ဆိုလိုက်သည်။
“ကြည့်ရတာ မင်းက အခုမှ အသစ်ထင်တယ်။ ငါ ယွဲ့ဟွမ်မြို့က ထွက်သွားတာ တစ်နှစ်လောက် ရှိပြီဆိုတော့ မင်းငါ့ကို မသိတာ ပုံမှန်ပါပဲ၊ မင်းကို “မြွေအဆိပ်သင့် ကျာပွတ်”ပေးတဲ့ ချန်ခွိုင်တောင် ငါ့ကို ရိုရိုသေသေနဲ့ ဒုတိယ သခင်မလေးလို့ ခေါ်ရတယ်၊ ခုငါဘယ်သူလဲ ဆိုတာ သိပြီမလား၊ ငါနဲ့ ယွဲ့အိမ်တော် ပြန်လိုက်ခဲ့၊ အပြင်မှာ တစ်ယောက်တည်း ဘာလာလုပ်တာလဲ”
ယွဲ့ရုံ၏ စကားကို ကြားပြီးနောက် ရှန်းယွမ် သူ၏မှတ်ဉာဏ်ထဲတွင် ကြားဖူးသကဲ့သို့ ရှိသဖြင့် လျင်မြန်စွာ ပြုံးကာ ပြောလိုက်သည်။
“ဪ ယွဲ့သခင်လေး ယွဲ့ကျွယ်ရဲ့ ဒုတိယအစ်မ သခင်မလေး ယွဲ့ရုံပဲ။ ကျွန်တော်လည်း ဒီ”မြွေအဆိပ်သင့် ကျာပွတ်”ကို ရတာ မကြာသေးဘူးဆိုတော့ ယွဲ့အိမ်တော် အကြောင်းလည်း များများစားစား မသိသေးဘူး၊ ခုတလော ငွေကလည်း ပြတ်တာနဲ့ ကျွန်တော် သားရဲမိစ္ဆာ တောထဲသွားပြီး ငွေရှာမလားလို့ပါ”
ရှန်းယွမ်၏ စကားကြားပြီး ယွဲ့ရုံ ကျေနပ်စွာ ပြုံးကာ ပြောလိုက်သည်။
“ဟုတ်သားပဲ အဲ့ခွေးကောင်ချန်ခွိုင် သူကျတော့ ယွဲ့အိမ်တော်မှာ ကပ်စား နေပြီးတော့။ ရော့ ဒါငါမင်းကို ဆုချတာ။ ငါ့နောက်လိုက်လုပ် နောင်ကျ မင်း စံစားရမှာ”
ယွဲ့ရုံ ထိုသို့ပြောအပြီး လက်ထဲမှ ငွေအိတ်ကြီးကို ရှန်းယွမ်အား အမှိုက် ပစ်သကဲ့သို့ ပစ်ပေးလိုက်သည်။ ရှန်းယွမ် ဖွင့်ကြည့် လိုက်သောအခါ အထဲတွင် အနည်းဆုံး တိုက်ခိုက်ရေး ဒင်္ဂါး တစ်ထောင်ခန့် ရှိနေသည်။
“ဟဟ သခင်မလေးယွဲ့ရုံ ကျေးဇူးပါ”
ရှန်းယွမ်သည် ခါးတွင် ထိုမွေးရနံ့ပါသော ငွေအိတ်ကို ချိတ်လိုက်ပြီး “မြွေအဆိပ်သင့် ကျာပွတ်”ကို ထုတ်ကာ ယွဲ့ရုံ လက်မောင်းပေါ်သို့ ပစ်တင် လိုက်သည်။ ယွဲ့ရုံမှာ ရုတ်တရက် လန့်လည်းလန့် စိတ်လည်းဆိုးကာ အော်လိုက်သည်။
“အတင့်ရဲလိုက်တဲ့ကျွန် နင့်မှာ ဘယ်သူကပေးတဲ့ သတ္တိတွေရှိလို့ သခင်ကို ပြန်လုပ်တာလဲ”
ရှန်းယွမ်သည် ကုရှင်းကို နောက်သို့ ဆွဲလိုက်ပြီး ပြောလိုက်သည်။
“ငါက မင်းတို့ယွဲ့အိမ်ရဲ့ ကျွန်မဟုတ်ဘူး။ ဒီ”မြွေအဆိပ်သင့် ကျာပွတ်”ကလည်း ချန်ခွိုင်က ငါ့ကို သတ်ဖို့ လူခေါ်လာလို့ ငါပြန်သတ်ရင်း ရလာတာ။ ယွဲ့အိမ်ရဲ့ ဒုတိယသခင်မလေးက ဒီလောက် ရက်ရောလိမ့်မယ် မထင်ထားဘူး၊ ဒါက ခင်ဗျား မောင်လေး ကျွန်တော့်ကို သတ်ဖို့ လုပ်တဲ့အတွက် လျော်ကြေးလို့ သတ်မှတ်လိုက်မယ်”
ယွဲ့ဟွမ်မြို့အနီး သူတို့၏ ယွဲ့အိမ်တော်ကို စော်ကားရဲသူ ရှိလိမ့်မည်ဟု ယွဲ့ရုံ ထင်မှတ်မထားပေ။ ယွဲ့ရုံသည် သွေးပွက်ပွက် ဆူလောက်အောင် ဒေါသ ထွက်သွားသည်။ ရုတ်တရက် ဆိုသလိုပင် ခန္ဓာကိုယ်မှ နာကျင်ခြင်းနှင့် ထုံခြင်းတို့ကို ခံစားလာရသောကြောင့် မကောင်းတော့ကြောင်း သိသွား၏။
“ဒီ”မြွေအဆိပ်သင့် ကျာပွတ်”က လူကို အကြော သေစေတတ်တယ် ချီးပဲ”
ယွဲ့ရုံ မြင်းဇက်ကြိုးကို ဆွဲပြီး ထွက်ပြေးချင်ပါသော်လည်း “မြွေအဆိပ်သင့် ကျာပွတ်”က ယွဲ့ရုံကို ပတ်လျက် ရှိနေပြီး ရှန်းယွမ်လည်း ဆွဲချလိုက်ရာ ယွဲ့ရုံ မြင်းပေါ်မှ ပြုတ်ကျ လာလေသည်။
ထိုအချိန်တွင် ယွဲ့ရုံ ခန္ဓာကိုယ်သည် “မြွေအဆိပ်သင့် ကျာပွတ်”ကြောင့် နရိုင်း ဆယ့်ရှစ်ကောင် အားမှ ကိုးကောင်အားသို့ ကျဆင်း သွားပြီး ရှန်းယွမ်ကို ဆန့်ကျင်ရန် အင်အား မမျှတော့ပေ။
ယွဲ့ရုံ အလွန် ကြောက်လန့်သွားပြီး အော်လိုက်သည်။
“ခွေးကောင် နင်ဘာလုပ်မလို့လဲ!”
ရှန်းယွမ် ပြုံးကာ ပြောလိုက်၏။
“ယွဲ့ရုံ သခင်မလေး အသိအမှတ်ပြုတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ငါက ရန်ကြွေးတွေဆို ကင်းကင်းရှင်းရှင်း လုပ်တတ်တဲ့အတွက် ခင်ဗျားကို မသတ်ပါဘူး၊ ဒါပေမယ့် ယွဲ့သခင်မလေး တစ်ခါလာလည်း ခွေးကောင် နှစ်ခါလာလည်း ခွေးကောင်နဲ့ ဒီခွေးကောင်ဆီက အစော်ကားခံရရင် ဘာလို ဖြစ်သွားမလဲ… ဟဲ ဟဲ..”
ယွဲ့ရုံမျက်နှာ ပြာနှမ်းသည်အထိ အော်လိုက်သည်။
“နင် လုပ်ရဲတယ်ပေါ့!”
ရှန်းယွမ်၏ လက်သည် ချက်ချင်းပင် ယွဲ့ရုံ၏ ခြေထောက်သို့ ရောက်သွားပြီး တဖြည်းဖြည်းချင်း အပေါ်သို့ ပွတ်သပ်လာကာ အသံကျယ်ကျယ်ဖြင့်-
“မဆိုးဘူး မဆိုးဘူး ”
ယွဲ့ရုံ၏ နူးညံ့လှသော ခန္ဓာကိုယ်မှာ တုန်လှုပ် ချောက်ချား သွားလေသည်။ သူမရှေ့မှ ယောက်ျားသည် မည်သည့် အရာမဆို လုပ်ရဲသည်ကို တပ်အပ် သိသွားလေသည်။
“ငါ့ကိုမထိနဲ့ နင် ငွေဘယ်လောက် လိုချင်လဲ ငါ့ကိုပြော”
ရှန်းယွမ်သည် ယွဲ့ရုံကို အရူးအားကြည့်သလို ကြည့်ပြီး-
“ခု ငါဘာလုပ်ချင်ချင်ရတယ်၊ မင်းကိုယ်ပေါ်ကဟာ အကုန် ငါ့ဟာဖြစ်သွားပြီ မဟုတ်လား”
မျက်နှာပေါ်တွင် အပြုံးဖြင့် ရှန်းယွမ်သည် ယွဲ့ရုံ၏ အဝတ်ဖြင့် တင်းကြပ်နေသော ရင်ဘတ်ကို ကြည့်ကာ-
“မဆိုးဘူး တကယ်မဆိုးဘူး… သူတောင်းစား အဘိုးအို ပြောတာ ဒီလို ရင်သားပုံစံက မဆိုးဘူးတဲ့”
ပြောပြီး ယွဲ့ရုံ၏ ဝတ်ရုံထဲသို့ လက်နှိုက်ကာ ငွေအိတ်ကို ယူလိုက်သည်။ အထဲမှ စစ်သည်တော်ဒင်္ဂါး ငါးရာကို တွေ့လေ၏။ ဤပမာဏမှာ တိုက်ခိုက်ရေးဒင်္ဂါး ငါးသောင်းနှင့် ညီမျှ၏။ ယွဲ့ရုံတစ်ယောက် အိမ်နှင့်ဝေးချိန် ဤမျှများပြားသော ငွေကို သယ်ဆောင် ထားသည်မှာ ပုံမှန်ပင်ဖြစ်၏။
“ယွဲ့ရုံ သခင်မလေးက တကယ် ချမ်းသာတာပဲ”
ရှန်းယွမ်သည် ထိုသို့ပြောရင်း ယွဲ့ရုံ မျက်နှာကို ပွတ်သပ်လိုက်ပြီး တစ်ကိုယ်လုံးကို ထပ်မံ ရှာလိုက်၏။ ယွဲ့ရုံမျက်နှာ ရဲရဲနီနေပြီး ထပ်ခါထပ်ခါ အော်ဟစ်လျက် ရုန်းကန်နေသော်လည်း နရိုင်းအင်အား ကိုးကောင်သာရှိသော သူမသည် နရိုင်း ဆယ့်ရှစ်ကောင်အား ရှိသော ရှန်းယွမ်ကို မယှဉ်သာချေ။
ခန္ဓာကိုယ်ကို ရှာရင်း ယွဲ့ရုံသည် ကာကွယ်ရေး အင်္ကျီအပျော့ကို ဝတ်ဆင်ထားကြောင်း ရှန်းယွမ် သိသွား၏။ ရှန်းယွမ်သည် ယွဲ့ရုံ အဝတ်အားဖြဲပြီး ကာကွယ်ရေးအင်္ကျီ ယူရသည်ထိ မယုတ်ညံ့သေးပေ။ သို့သော် သူမ၏ ခါးမှ ဓားမြှောင် တစ်ချောင်းကို စမ်းမိလိုက်သည်။ ထိုဓားကို ထိလိုက်ချိန်တွင် ယွဲ့ရုံမှ-
“ငါ့ရဲ့ ချင်းဖုန်းဓားကို မထိနဲ့”
ရှန်းယွမ် မည်သည်ကို ဂရုစိုက် နေရမည်နည်း။
ထို့နောက် ချင်းဖုန်းဓားကို ဆွဲထုတ်လိုက်ရာ သူ့ဆီသို့ လေပြင်းတစ်ချက် တိုက်ခတ်လာရာ ရှန်းယွမ် ကျေနပ်စွာ ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
“တကယ်ကောင်းတဲ့ ဓားပဲ မိုက်တယ်”
ဓား၏ကိုယ်ထည်သည် ငွေရောင် တောက်နေပြီး သူခါးရှိ သံချေးတက်နေသော ဓားမြှောင်ထက် ပို၍ မာကြောဟန်ရှိ၏။ ထို့ကြောင့် ရှန်းယွမ်သည် ဓားနှင့် ဓားအိမ်ကို ယူသွားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ယွဲ့ရုံကို မြင်းပေါ်သို့ တင်လိုက်ပြီး ယွဲ့ရုံ၏ တင်ကိုရိုက်ကာ-
” မင်းရဲ့မောင်လေး ယွဲ့ကျွယ်ကို ပြောလိုက် သူသာ အရည်အချင်းရှိရင် ငါ့ကို ကိုယ်တိုင်လာရှာ ဟိုအရှုံးသမားတွေကိုပဲ ပို့မနေနဲ့လို့”
ပတ်၊ ပတ်….
ယွဲ့ရုံ၏ လုံးနေသော တင်ကို နှစ်ချက်ဆင့် ရိုက်လိုက်ရာ ယွဲ့ရုံမှာ တဆတ်ဆတ် တုန်သည်အထိ ဒေါသထွက်သွား၏။ အံကို တင်းတင်းကြိတ်လိုက်ပြီး ရှန်းယွမ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါနင့်ကို မှတ်ထားတယ်”
ရှန်းယွမ် ရယ်ပြီး မြင်းဖင်ကို ရိုက်လိုက်ရာ မြင်းသည် နာကျင်ပြီး ယွဲ့ဟွမ်မြို့ဘက်သို့ ဒုန်းစိုင်း ပြေးတော့သည်။
“အေး သေချာတေးထား မှတ်ထားဦး မေ့မပစ်လိုက်နဲ့”
ထိုသို့ အော်ပြောပြီး ရှန်းယွမ်သည် ကုရှင်း ကျောပေါ်သို့ ခုန်တက်ကာ သားရဲမိစ္ဆာတောသို့ သီချင်းညည်းရင်း ပျော်ရွှင်စွာ ထွက်သွားလေသည်။
“…… ငါ့မှာ ငါဘယ်တော့မှ မစီးတဲ့ မြည်းတစ်ကောင် … ရှိတယ် ငါစိတ်ကောင်းဝင်တဲ့ တစ်နေ့မှာ…….ဒါ…. ဒါ…. ဒါ…”
***