Switch Mode

Chapter – 9

နရိုင်း တစ်ဆယ့်ရှစ်ကောင် အင်အား

အပိုင်း ၉ 
နရိုင်း တစ်ဆယ့်ရှစ်ကောင် အင်အား

ရှန်းယွမ်၏ ဒေါသများ ငယ်ထိပ်ထိ တက်သွား၏။ ချန်ခွိုင် စကားကို ကြားလိုက်သည်နှင့် သူ မြစ်ထဲသို့ လွှင့်ပစ်လိုက်သော နှစ်ယောက် ပြန်ပြောပြ၍ ဤသို့ ရောက်လာခြင်းဖြစ်ကြောင်း သဘောပေါက် လိုက်သည်။ ဤသို့ဖြစ်လာမည်မှန်း သိပါက ထိုသူနှစ်ယောက်ကို မိုးမမြင် လေမမြင် နိုင်အောင် တစ်ခါတည်း သုတ်သင်ပြီး ကိစ္စဖြတ်ပစ်ပေမည်။

ရှန်းယွမ် သေချာ ကြည့်လိုက်သောအခါ ချန်ခွိုင်မှာ နရိုင်းကိုးကောင်အား၊ သုံးယောက်မှာ နရိုင်း ခုနစ်ကောင်အားနှင့် ကျန်ခြောက်ယောက်မှာ နရိုင်း ခြောက်ကောင်အား အသီးသီး ရှိကြကြောင်း သိလိုက်၏။ သူတို့ကို တိုက်ရန် ရှန်းယွမ် အနေဖြင့် ကိစ္စ မရှိသော်လည်း ကုရှင်းအတွက် အန္တရာယ် ရှိလေသည်။

ထို့အပြင် ချန်ခွိုင် လက်ထဲမှ ကျာပွတ်သည် ကြည့်သလောက် မရိုးရှင်းနိုင်ဟု ရှန်းယွမ် ထင်သည်။ ရှန်းယွမ်သည် ဤကမ္ဘာလောက အ‌ကြောင်းကို သေချာ နားမလည်ပါသော်လည်း ယခင်က ဤကျာပွတ်ဖြင့် အရိုက်ခံရပြီး သူ့တစ်ကိုယ်လုံး မလှုပ်နိုင် မယှက်နိုင် ဖြစ်ခဲ့ဖူးသောကြောင့် ၎င်းမှာ အဆိပ်ရှိကြောင်း သတိထားမိသည်။

ရုတ်တရက် ရောက်လာသော ကျာပွတ် ရိုက်ချက်ကို ရှောင်လိုက်ပြီး နောက်သို့ သုံးလှမ်း ဆုတ်လိုက်ကာ ချန်ခွိုင်နှင့် အဖွဲ့သားများကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ခင်ဗျားတို့ သေလမ်း လာရှာတာလား”

ထိုအချိန်တွင် ရှန်းယွမ်မှာ ချုပ်တည်း ထားသဖြင့် ခွန်အား မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ပေ။ ရုတ်တရက် ရှန်းယွမ် စကားကြားပြီး အားလုံးမှာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပြက်လုံးကို ကြားရသကဲ့သို့ ဟားတိုက် ရယ်မောကြတော့သည်။

“ဟား…. ဟား…. ဟား…. နရိုင်း ရှစ်ကောင်အားနဲ့ မင်းကများ ငါတို့ရှေ့ ဒီလိုပြောရဲတယ်ပေါ့” 

ချန်ခွိုင်နောက်မှ အစေခံ တစ်သိုက်မှာ သူတို့၏ အင်အားကို ယုံကြည်ချက်ရှိစွာဖြင့် အော်ဟစ် ရယ်မော လိုက်ကြ၏။ သူတို့သည် တစ်ယောက်ချင်း ယှဉ်တိုက်လျှင် ကြောက်ကောင်း ကြောက်နိုင်သော်လည်း ယခုလို ရှစ်ယောက် တစ်ယောက် အခြေအနေတွင် မှု့စရာ မလိုပေ။ ဝံပုလွေကိုမူ စာရင်းထဲ ထည့်၍ပင် မတွက်ချေ။

“ဘယ်သူအရင် သေမလဲက နောက်ထား… အရင်ဆုံး ဒီကောင့်ကို တိုက်ကြ ဒီနေ့သူ့ကို အရှင်လတ်လတ် အရေခွံ နွှာပစ်မယ်” 

ချန်ခွိုင် ရှေ့တိုးလိုက်ပြီး သူ၏ကျာပွတ်နှင့် ရှန်းယွမ်ကို နောက်တစ်ကြိမ် လှမ်းရိုက် ချလိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် ချန်ခွိုင်၏ နောက်လိုက်များလည်း အရှေ့တို့ တိုးလာကြသည်။

မနီးမဝေးမှ ယင်ကျင်းလော့မှာ အရာအားလုံးကို တည်ငြိမ်စွာ ရပ်ကြည့်နေသည်။ ရှန်းယွမ် ကျာပွတ်အား အလျင်အမြန် ရှောင်လိုက်ပြီး-

“ကုရှင်း အားနည်းတဲ့ တစ်ယောက်ရှာပြီး သေအောင် ကိုက်လိုက်… သတိလည်း ထားဦး”

ကုရှင်းမှာ ချက်ချင်း ပြေးထွက် သွားလေရာ ထိုသူများမှာ လိုက်မမှီနိုင် ဖြစ်သွားသည်။ သို့သော် ကုရှင်း ပြေးသည်ကိုမြင်ပြီး တစ်ယောက်မှ ထရယ်လိုက်သည်။

“ဟား ဟား မင်းမွေးထားတဲ့ ဝံပုလွေတောင် ဒီချိန် မင်းကိုထားခဲ့ပြီ .. ကဲ သေလိုက်တော့”

ထိုသူ၏ လှောင်ပြောင် ရယ်မောသံ မဆုံးခင်မှာပင် ကုရှင်းသည် အရှိန်ဖြင့် ပြန်လှည့်လာပြီး နရိုင်းခုနစ်ကောင်အား ရှိသော အစေခံ၏ ကိုယ်ကို ထက်ရှသော ခြေသည်းများဖြင့် ကုတ်ချပစ်လိုက်သည်။ ထို့နောက် ချွန်ထက်နေသော သွားစွယ်များဖြင့် လည်တိုင်ကို အမိအရ ခုန်အုပ် ကိုက်ခဲလိုက်ရာ အစေခံမှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သွားလေသည်။

အခြားအစေခံများမှာ မှင်တက်သွားပြီး ကြက်သီး တဖြန်းဖြန်း ထသွားသည်။ ထိုစဉ် ရှန်းယွမ်မှာ လျင်မြန်စွာ ရှေ့သို့ တိုးလိုက်ပြီး လက်နှစ်ဖက်နှင့် နရိုင်းခြောက်ကောင်အား ရှိသည့် လူနှစ်ယောက်၏ လည်တိုင်အား ကြက်ကလေး ငှက်ကလေး ဖမ်းသည့်နှယ် လှမ်း၍ ဖမ်းလိုက်သည်။

အနည်းငယ် ပြန်လည် အထိုး ခံရသော်လည်း ရှန်းယွမ်သည် ဝဲကတော့ပမာ လက်ထဲမှ အစေခံ နှစ်ယောက်ကို မွှေ့ယမ်း ပစ်လိုက်သည်။

အချိန်ခဏ အကြာတွင် အုပ်စုတစ်ခုလုံး နီးပါး အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြသည်။ မြေပေါ်တွင် အရိုး ကျိုးသူကကျိုး… ပေါက်ပြဲသူကပြဲ .. အမေ့မေ့ အမြောမြောဖြင့် မလှုပ်နိုင်မရှားနိုင် ဖြစ်သွားကြ၏။ တချို့မှာ ကုရှင်း၏ ကိုက်ဖြတ်ခြင်း ခံရပြီး သေကုန်ကြလျက် ချန်ခွိုင် တစ်ယောက်သာ တစ်ထီးတည်း ကျန်နေတော့၏။

ရှန်းယွမ်မှာ ဤမျှ ကြောက်စရာ ကောင်းနေလိမ့်မည်ဟု ချန်ခွိုင် မထင်ထားပေ။ အမှန်အားဖြင့် ရှန်းယွမ်သည် နရိုင်းကိုးကောင်ခွန်အားသာ ရှိနေလျှင် ဤလူတစ်သိုက်၏ တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပေ။ အနည်းဆုံး ဒဏ်ရာ အပြင်းအထန် ရမည်သာ ဖြစ်သည်။ သို့သော်ငြားလည်း ယခုတွင်မူ…

“ဒီကောင် ဒီလောက် ခံရတာကို အကောင်းကြီး ရှိသေးတယ်၊ နောက်ပြီး သူရဲ့ မှော်စွမ်းအားက ရွှမ် (နက်နဲတဲ့) အဆင့် ရောက်‌နေပြီလား”

ချန်ခွိုင် အနည်းငယ် လန့်သွားသည်။ ထိုစဉ် ရှန်းယွမ်သည် မုန်းတီးမှု ပြည့်နေသော မျက်လုံးများဖြင့် ကြည့်ရင်း ကုရှင်းအား တိုးညင်းစွာ ပြောလိုက်၏။

“ကုရှင်း ဘေးကပဲကြည့် ဒါက သူနဲ့ငါ့ကြားက ရန်ကြွေးပဲ ဝင်မပါနဲ့”

ချန်ခွိုင် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။

“ဒီကောင်လေး ကိုယ့်သေတွင်းကိုယ် တူးတာပဲ၊ အဲ့ဝံပုလွေရော တစ်ပြိုင်တည်းဆို ငါ ..ခက်နေရဦးမယ်… ခုသူက တစ်ယောက်တည်း တိုက်ချင်တာ ဆိုတော့လည်း ကူညီပေးလိုက်ရုံပေါ့”

“ကောင်းပြီကောင်လေး မင်းမှာ ကိုယ်ကျင့်တရားတော့ ရှိသားပဲ”

ချက်ချင်းပင် ချန်ခွိုင်သည် ရှေ့တိုးလိုက်ပြီး “မြွေအဆိပ်သင့် ကျာပွတ်”ကို လွှဲယမ်း လိုက်ရာ ကျယ်လောင်သော တဝှီဝှီ မြည်သံများ ထွက်ပေါ်လာပြီး ရှန်းယွမ်၏ လက်မောင်းပေါ်တွင် သွေးအမှတ်ကဲ့သို့ ထင်းခနဲ ဖြစ်သွားသည်။ မထင်မှတ်စွာ ရုတ်တရက် အရိုက် ခံလိုက်ရသော်လည်း ရှန်းယွမ်မှာ ရှေ့သို့ ဆက်တိုးသွားပြီး ချန်ခွိုင်၏ ရင်ညွှန့်ရိုး တည့်တည့်ကို လက်သီးတစ်ချက် ပင့်ကာ ထိုးချလိုက်သည်။

ဂျွတ်….

အရိုးကျိုးသံ နှင့်အတူ ချန်ခွိုင်၏ ပါးစပ်ထဲမှ သွေးများ ဖြာခနဲ ပန်းထွက်လာ၏။ ရှန်းယွမ်သည်လည်း စူးရှရှ နာကျင်မှုကို ခံစားသွားရသည်။ သို့သော် ထုံကျင်မှုကို မခံစားရပေ။

“ငါမှန်းတာ မှန်တာပဲ”

မနီးမဝေးမှ ယင်ကျင်းလော့မှာ ပြုံးလိုက်ပြီး-

“ဒီကောင်လေး ဉာဏ်ကောင်းသားပဲ ‘နဂါးအကြေးခွံအမှုန့်’ က ဘယ်လိုလုပ် သာမန်ဖြစ်မလဲ၊ ဒီလို အကြောသေစေတဲ့ အဆိပ်က ‘နဂါးအကြေးခွံ အမှုန့်’ လူးထားတဲ့ ခန္ဓာကိုယ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်ပါ့မလဲ”

ချန်ခွိုင် လန့်သွားပြီး မျက်လုံးထဲတွင် ရက်စက်သော အကြည့်ဖြင့် ဆတ်ခနဲ လက်ကို ပင့်မြောက်လိုက်ပြီး ‘မြွေအဆိပ် အမှတ်ပြား’ ကို ပစ်လွှင့်လိုက်၏။ 

“သေပေတော့”

ကျယ်လောင်သော အသံနှင့်အတူ ရှန်းယွမ် နှလုံးတွင် စူးခနဲ နာကျင်မှု ခံစားလိုက်ရသော်လည်း ပြင်းထန်သော သက်ရောက်မှု မရှိပေ။ ချက်ချင်းပင် ရှန်းယွမ်သည် အလင်းကဲ့သို့သော အလျင်ဖြင့် ချန်ခွိုင်၏ နှလုံးနေရာကို လက်သီးချက် ပြင်းပြင်း ထိုးချလိုက်သည်။ ချန်ခွိုင်မှာ အွတ်ခနဲ ဖြစ်သွားပြီး ရင်ဘတ်မှာ ချိုင့်ဝင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်ကျ လာတော့သည်။

ရှန်းယွမ် ကြည့်လိုက်သောအခါ သူ့အား ပစ်ပေါက် တိုက်ခိုက်လိုက်သည့် ‘မြွေအဆိပ်သင့် အမှတ်ပြား’ သည် မြက်ခင်းပေါ် ကျနေပြီး မြက်ခင်းပြင်မှာ ချက်ချင်း ခြောက်သွေ့ညှိုးနွမ်း သွားသည်ကို တွေ့မြင်လိုက်ရသည်။

ရှန်းယွမ် လန့်ဖျပ် သွား၏။ ဤလူသည် အလွန် အဆိပ်ပြင်းသည့် အရာတို့ကို အသုံးပြုလျက် သူ့အား သတ်ရန် ကြိုးစားခဲ့ခြင်းပင်။

ရှန်းယွမ် သူ၏နာကျင်နေသော နှလုံးကို စမ်းလိုက်ရင်း အင်္ကျီအိတ် အတွင်းမှ နဂါးအကြေးခွံကို ထုတ်လိုက်သည်။

” ကြည့်ရတာ ငါ့ ဆရာအလှလေးရဲ့ နဂါးအကြေးခွံက ငါ့ကို ကယ်လိုက်တယ် ထင်တယ်”

ချန်ခွိုင်၏ တိုက်ခိုက်နေသည့် မြင်ကွင်းကို ယင်ကျင်းလော့ တွေ့သော်လည်း အတန်ငယ် ကွာဝေးသဖြင့် ရုတ်တရက် ကူညီရန်မှာ မလွယ်ကူပေ။ သို့သော် မထင်မှတ်ပဲ ရှန်းယွမ်သည် နှလုံးနေရာတွင် နဂါးအကြေးခွံကို ထည့်ထားခဲ့သည်မှာ အလွန်ပင် ကံကောင်း သွားရသည်။ မဟုတ်လျှင် သူ၏အသက် ဆုံးရှုံးသွားနိုင်သည်။

ရှန်းယွမ် ပထမဆုံး လူသတ်မိပြီးနောက် စိတ်ကို တည်ငြိမ်အောင် အချိန်တစ်ခုထိ ယူလိုက်ရသည်။ အကယ်၍ သူသာ စိတ်ပျော့နေပါက တကယ်တမ်း သေသူမှာ သူဖြစ်မည်ကိုလည်း နားလည်လိုက်သည်။

မြက်ခင်းပေါ် ကျနေသော ‘မြွေအဆိပ်သင့် အမှတ်ပြား’သည် သူ့အတွက် မှန်ကန်သော သက်သေပင်။

ရှန်းယွမ်လည်း ဤလောက အကြောင်းကို နားလည်စ ပြုလာသည်။

ရန်သူနှင့် တိုက်လျှင် သူသေ ငါရှင် တိုက်ရပေမည်။ အကယ်၍ ရန်သူကို ညှာတာမိပါက မိမိကိုယ်မိမိ‌ သေတွင်းတူးမိခြင်းသို့ ရောက်နိုင်သည်။

ယခု အခြေအနေအရ သူ ကုရှင်းကို မတိုက်ခိုက်ခိုင်းခြင်းက ကံကောင်း သွားသည်ဟု ဆိုရမည်။ သို့မဟုတ်ပဲ ကုရှင်းသာ သေသွားခဲ့လျှင် ယခု လူသတ်မိ၍ ခံစားရသော ခံစားချက်ထက် ပို၍ ပြင်းစွာ ခံစားရပေမည်။ 

ရှန်းယွမ်သည် အနာဂတ်တွင် စိတ်မပျော့ရန် နားလည်စွာ မှတ်သား ထားလိုက်သည်။ ထို့နောက် ထိုလူတို့၏ ငွေအိတ်များအား ကောက်ယူ ကြည့်လိုက်ရာ ချန်ခွိုင်ထံမှ ပမာဏ အများဆုံး ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ပြင် ကျန် ခုနစ်ယောက်မှလည်း တိုက်ခိုက်ရေးဒင်္ဂါး ခြောက်ရာခန့် ရသောကြောင့် ရှန်းယွမ် အတော်လေး ကျေနပ်သွားရ၏။

ဤသို့နှင့် သူ၌ ဒင်္ဂါးပေါင်း ငါးထောင့် လေးရာခန့် ရှိလာသည်။ ရှန်းယွမ်သည် ကုရှင်းအား ကြည့်လိုက်ပြီး –

“မင်းကြည့်ရတာ ဒီအလောင်းတွေကို စားတော့မယ့်ပုံပဲ … ကဲ… သူတို့ကို သယ်သွားလိုက် လှပတဲ့ ငါတို့ ဆရာကို မရှုပ်စေမိနဲ့”

ရှန်းယွမ် လှည့်အလာ ယင်ကျင်းလော့ သူ့ကို ကြည့်နေသည်ကို မြင်သော် သူ၏ မူပိုင် ဟန်ပန် ဖြစ်သော သူ၏ခေါင်းကို ကိုင်လိုက်ပြီး-

“ဆရာ့ရဲ့ နဂါးအကြေးခွံအတွက် ကျေးဇူးပါ၊ မဟုတ်ရင် ကျွန်တော့်အသက် အန္တရာယ် များသွားလောက်တယ်”

ယင်ကျင်းလော့မှာ ခေါင်းညိတ်ပြရင်း ဆိုလိုက်သည်။

“လူတွေရဲ့ စိတ်နှလုံးက ရက်စက် ယုတ်မာကြတယ်၊ မင်းက ငယ်သေးတော့ နောက်ဆို ပိုပြီးသတိထားရမယ်၊ ရန်သူတွေကို ဘာအခွင့်အရေးမှ မပေးမိစေနဲ့”

ရှန်းယွမ် တလေးတစားနှင့် ခေါင်းညိတ်ကာ တိတ်ဆိတ်စွာ နေလိုက်သည်။

……

ဤသို့ဖြင့် ငါးရက်ခန့် ကြာပြီးသော်…

ရှန်းယွမ်သည် တစ်ရက် တစ်ညမျှမလပ် ‘နဂါးအကြေးခွံအမှုန့်’ကို သုတ်လိမ်းပြီး ကျင့်ကြံလေရာ နောက်ဆုံးတွင် သူ၏တစ်ကိုယ်လုံးကို သန့်စင် ပြီးသွားသည်ဟု ခံစားလာရသည်။ သူ၏အရေပြား တစ်လက်မ၊ တစ်လက်မစီတိုင်း သူ၏ ယိုစိမ့်ပေါက်များကို ခံစားမိလာသည်။

သူ၏အသားရေသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်ကာ တင်းမာလာလေသည်။ ရှန်းယွမ်သည် သူ့ကိုယ်သူ “မြွေအဆိပ်သင့် ကျာပွတ်”နှင့် ရိုက်ကြည့်ရာ အရေပြား‌ကို မဖောက်နိုင်ပဲ အနီရောင် အမှတ်လေးသာ ထင်ကျန်နေခဲ့သည်။

ရှန်းယွမ်သည် ထိပ်တန်း တိုက်ခိုက်သူ အဆင့်သို့ ခြေစလှမ်းနေလေပြီ။ ထိုအချိန်တွင် သူ၏စွမ်းအားသည် နရိုင်း တစ်ဆယ့် ရှစ်ကောင်အားသို့ ရောက်ရှိလာပြီး ယင်ကျင်းလော့ မျှော်မှန်းထားသည်ထက် သာနေသည်။

ဤသို့ဖြင့် ရှန်းယွမ်သာ စစ်သည်တော် အဆင့်ကို ကျော်ဖြတ် နိုင်သွားလျှင် အင်အား မည်မျှ ရှိမည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။ ထိုအချိန်၌ ထိပ်တန်း စစ်သည်‌တော် မဟုတ်ပါက ရှန်းယွမ်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

ဤငါးရက်အတွင်း ကုရှင်းသည်လည်း ရှန်းယွမ်ကို နေ့နေ့ညည အဖော်ပြုပေးရင်း နရိုင်း ခြောက်ကောင်အားမှ နရိုင်းဆယ်ကောင်အား အထိ ရှိလာသည်။ ကူရှင်း၏ ခန္ဓာကိုယ်မှာ ပို၍သန်မာလာပြီး အမွေးအမျှင်များမှာလည်း ထူထဲလာသည်။ ပုံမှန်အချိန်တွင် သူ၏အမွေးသည် အလွန် နူးညံ့သော်လည်း တိုက်ခိုက်တော့မည် အချိန်တွင်မူ ဆူးအလား ချွန်မြ ထက်ရှလာသည်။

“မင်း တိုက်ခိုက်သူ အဆင့်ကနေ စစ်သည်တော် အဆင့်ကို မတက်ခင် ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုသိဖို့လိုမယ်၊ မင်းသာ အရေပြားနဲ့ အသားရဲ့ လျှို့ဝှက်ချက်ကို သိရင် မင်း ကျော်ဖြတ်နိုင်လိမ့်မယ်၊ တိုက်ခိုက်သူက အရေပြားကို သန့်စင်ပြီး စစ်သည်တော်က အသားကို သန့်စင်တယ်။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေစွမ်းအားကို သုံးပြီး အသားထဲထိတိုင် သန့်စင်တဲ့အခါ အရေပြားပေါ်က ယိုစိမ့်ပေါက်တွေကို ဖုံးပြီး အသား တစ်လွှာချင်းစီကို လေ့ကျင့် သန့်စင်ရတာ”

ရှန်းယွမ်သည် တိုက်ခိုက်သူ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ချိန်တွင် သစ်အိမ်အခန်းထဲမှ ယင်ကျင်းလော့၏ အသံ ထွက်ပေါ်လာ၏။

ရှန်းယွမ် ခေါင်းညိတ် လိုက်သည်။ ဤရက်ပိုင်းအတွင်း ရှန်းယွမ်သည် ယွဲ့အိမ်တော်၏ အိမ်တော်ထိန်းကို သတ်လိုက်ရာ သူသည် ယွဲ့အိမ်တော်၏ ရန်သူစာရင်းထဲ ပါနေလောက်ပြီ ဖြစ်၏။ ယွဲ့ဟွမ်မြို့ထဲ သွားပါက တစ်ခါတည်း အသက် ပျောက်သွားနိုင်သည်။ ထို့ကြောင့် မိမိ၏အင်အားကို စွမ်းစွမ်းတမံ တိုးမြင့်နိုင်မှသာလျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိမည်ဖြစ်သည်။ 

ဤငါးရက်အတွင်း ရှန်းယွမ်သည် အင်အားကြီး လာသည် နှင့်အမျှ သူ၏နေ့စဉ် စားသောက်မှုသည်လည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။ ယခုအခါ ရှန်းယွမ်၏ တစ်နပ်စားနှုန်းမှာ အသား ကီလိုနှစ်ဆယ်ခန့် ဖြစ်သည်။

ဆယ့်တစ်ရက်အတွင်း ရှန်းယွမ် အရပ်မှာလည်း ပိုမိုမြင့်မားလာသည်။ မူလက ၁.၆မီတာ(၅ပေ၂လက်မ)သာရှိပြီး ယခုမူ ၁.၆၅မီတာ (၅ပေ ၄လက်မ) ထိ မြင့်လာခဲ့သည်။ ၁.၇၆ မီတာ (၅ပေ၇လက်မ) ရှိသော ယင်ကျင်းလော့နှင့် မယှဉ်သာ သေးသော်လည်း ရက်ပိုင်းအတွင်း အတော်ပင် ကြီးထွား ဖွံ့ဖြိုးလာသည်ဟု ဆိုရမည်။ မည်သို့ဆိုစေ ရှန်းယွမ်သည် အသက် ဆယ့်လေးနှစ်သာ ရှိသေးပြီး ဆက်လက် ကြီးထွားဦီးမည့် အရွယ်ပင် ဖြစ်သည်။

” လှပတဲ့ ဆရာသခင် အစာတွေ ကုန်ခါနီးပြီ ကျွန်တော် အမဲလိုက် ထွက်ရဦးမယ်”

စကားဆုံးသည်နှင့် ကုရှင်းပေါ်သို့ တက်လိုက်၏။ ထို့နောက် သားရဲမိစ္ဆာ တောဘက်သို့ ထွက်ခွာ သွားတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset