Switch Mode

Chapter – 6

အပိုင်း ၆

ယင်ကျင်းလော့ မထင်မိသည်မှာ ရှန်းယွမ်သည် ဤအရာကို “နဂါးအကြေးခွံ အမှုန့်နှင့် လိမ်းလိုက်မည် ဟူ၍ပင်။

ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ထိုနေရာသည် ခန္ဓာကိုယ်၏ ထိလွယ် ရှလွယ်ဆုံး အထိမခံသည့် အပိုင်းဖြစ်ပြီး အရေပြားမှ ထိုးဖောက်ရန် အခက်ခဲဆုံး အပိုင်းလည်း ဖြစ်လေသည်။

မည်သို့ဆိုစေ.. အချိန်ခဏမျှသာ‌ လေ့ကျင့်ရသေးသော်လည်း ဤနေရာထိ သန့်စင်နိုင်သည်မှာ ရှန်းယွမ်သည် ပါရမီရှင်များထဲမှ တစ်ယောက်ဟု ဆိုနိုင်သည်။

ယင်ကျင်းလော့သည် ရှန်းယွမ်၏ ခန္ဓာကိုယ် ယိုစိမ့်ပေါက်များမှ မိုးကောင်းကင်နှင့် ကမ္ဘာမြေ စွမ်းအားများ စီးဝင်နေသည်ကို ခံစားသိရှိလိုက်သည်။

“မရပ်လိုက်နဲ့ မင်းရဲ့ ဟွာ နာနေလည်း ဆက်လေ့ကျင့်နေရမယ်” 

ယင်ကျင်းလော့ ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။

“လူဆိုတာ သံအပိုင်းအစလိုပဲ မီးနဲ့သန့်စင် ပေးရတယ်၊ အကြိမ်ပေါင်းများစွာ သန့်စင်ပြီးမှ လိုချင်တဲ့ အကောင်းဆုံး အနှစ်သာရ ဆိုတာကိုရမှာ၊ မင်းခန္ဓာကိုယ်ထဲမှာ မသန့်စင်တာတွေ များနေတယ်၊ ခုမှအစပဲ ရှိသေးတယ် ဘယ်လောက်ပဲ နာကျင်ပါစေ မင်း တောင့်ခံနိုင်ရမယ်”

ယင်ကျင်းလော့၏ အသံသည် တောင်ကျ စမ်းရေတွင် လေညင်းကလေး တိုက်ခတ် လိုက်သည့်အလား နားထောင်နေသော လူကို သာယာနာပျော်ဖွယ်နှင့် ကြည်လင်စေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ရှန်းယွမ်မှာ ခန္ဓာကိုယ်ပေါ်တွင် နှိုင်းပြ၍ မရ‌နိုင်လောက်အောင် တရွရွနှင့် ခံစားနေရသည်။ အထူးသဖြင့် သူ၏ ထိုနေရာပင်။ သို့သော် အမျိုးအမည် မသိသော သက်သောင့်သက်သာ ရှိမှုကိုလည်း ခံစားမိပြီး တစ်ချိန်တည်းမှာ သာယာမှုနှင့် နာကျင်မှု ဒွန်တွဲ ဖြစ်ပေါ်လျက် ရှိသည်။

ယင်ကျင်းလော့ ရှန်းယွမ်၏ အရေပြားကို ကြည့်လိုက်သည်။ အရေပြား အတွင်းမှ စေးကပ်ပြီး သိပ်သည်းသော နီညစ်ညစ် အရောင် အညစ်အကြေးများ စိမ့်ထွက်လာသည်။ ဤအညစ်အကြေးများသည် လူ၏ခန္ဓာကိုယ်နှင့် မိုးကောင်းကင် မြေကမ္ဘာ စိတ်စွမ်းအား ဆက်သွယ်မှု၏ အဓိက အဟန့်အတားပင် ဖြစ်သည်။

တဖြည်းဖြည်းနှင့် အညစ်အကြေးများ ကုန်သလောက်နီးနီး ရှိသွားသည်။ ဤသည်မှာ ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ ၏ စွမ်းအားပင် ဖြစ်သည်။ နဂါးတွင် ဆန့်ကျင်ဘက် အကြေးခွံများရှိပြီး ထိသော သူအား သေစေ၏။ ယခုချိန်တွင် ရှန်းယွမ်သည် နဂါးငယ် တစ်ကောင်နှင့် တူနေပြီး သူ၏ကိုယ်ပေါ်မှ အကြေးခွံများသည် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်။

နောက်တစ်နေ့ ရောက်သော် ရှန်းယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံး နှစ်ပေါင်းများစွာ ရေမချိုးထားသူအလား အနံ့ဆိုးများ ထွက်နေကာ စေးကပ်နေလေသည်။

သူ၏ကိုယ်မှ ထွက်သော အနံ့အသက်သည် လူကို မူးမေ့မတတ် နံပါသော်လည်း ယင်ကျင်းလော့မှာ စိတ်လှုပ်ရှားစွာဖြင့်-

“ကောင်းတယ် ဒီနေ့တော့ ဒီလောက်ပဲ၊ ကိုယ်ပေါ်က အရာတွေကို မြန်မြန် ဆေးကြောလိုက်ဦး။ နဂါးအကြေးခွံ အမှုန့်က မင်းကိုယ်ထဲ တိုးဝင်သွားပြီ၊ မင်းကို တစ်နေ့ထဲနဲ့ လုပ်နိုင်မယ်လို့ မထင်ထားဘူး ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို တတ်ကျွမ်းတဲ့ထိ တောင့်ခံနိုင်ရင်ကို အတော် ကောင်းနေပြီ”

ရှန်းယွမ်သည်လည်း ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို လေ့ကျင့်ပြီးနောက် ပင်ပန်းနွမ်းနယ်မှု အလျှင်းမရှိဘဲ အင်အားများ ပြည့်လာသည်ဟု ခံစားနေရသည်။ ယခုချိန်တွင် နွားတစ်ကောင်ကို မုချဧကန် မ’ နိုင်ပြီဟုလည်း ယုံကြည်နေသည်။

“ဟ ဟ ကောင်းပြီ”

ရှန်းယွမ် ထခုန်လိုက်ပြီး ရေ‌ချောင်းရှိရာဆီသို့ ပြေးသွားကာ ရေထဲသို့ ဒိုင်ဗင် ထိုးချလိုက်သည်။ ရှန်းယွမ် ရေလယ်ခေါင်သို့ ရောက်သွားသည့် အချိန်တွင် ရေသည်လည်း နီညစ်ညစ် အရောင်သို့ ပြောင်းသွားပြီး စေးကပ်သော အဆီအရွှဲများမှာ ရေနှင့်အတူ ရောပါသွားလေသည်။ ရှန်းယွမ်မှာ ရေစုန် ရေဆန် ကူးခတ်နေသော်လည်း ပင်ပန်းခြင်းမရှိ တစ်ကိုယ်လုံး အားအင်များဖြင့် ပြည့်နေသကဲ့သို့ ခံစားနေရသည်။

ယင်ကျင်းလော့ ရှန်းယွမ်ကို ကြည့်ရင်း ပီတိများဖြင့် တွေးလိုက်သည်။

“ဒီ တစ်လအတွင်း သူ့ကို အများကြီး သင်ပေးချင်သေးတယ်၊ တစ်ရက်တည်းနဲ့တောင် နဂါးအကြေးခွံ အမှုန့် အကူအညီနဲ့ သူ နရိုင်းနှစ်ကောင် ခွန်အားကို ရသွားတာပဲ၊ တကယ့်ကို ပါရမီရှင်လို့ ပြောရမယ်”

ပထမနေ့မှာပင် ရှန်းယွမ်က ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်းအတတ်’ ကို ပိုင်နိုင်စွာ လေ့ကျင့်နိုင်သွားသည်။

ဤသို့ဖြင့် ဒုတိယ‌နေ့ပြီး တတိယနေ့ အရောက်တွင် နရိုင်းနှစ်ကောင် အင်အားမှ ငါးကောင် အင်အားသို့ တိုးတက်သွားသည်။ ယင်ကျင်းလော့ အားတက်သွားပြီး တပည့်ကောင်း တစ်ယောက် မွေးထုတ်နိုင်ပြီဟု မှတ်ယူလိုက်သည်။

ရှန်းယွမ် အားသွန်ခွန်စိုက်နှင့် မိုးကောင်းကင်နှင့် မြေကမ္ဘာ၏ စိတ်စွမ်းအားကို အာရုံသွင်းပြီး အရေပြားပေါ်မှ မသန့်စင်ရသေးသော နေရာများကို သန့်စင်နေသည်။ လွန်ခဲ့သည့် ရက်အတွင်း ယိုစိမ့်ပေါက်ရှိ အညစ်အကြေးများ တဖြည်းဖြည်းနှင့် နည်းလာသော်လည်း လုံးဝ ကုန်သွားသည်ဟု မဆိုနိုင်ချေ။

ဤသည်မှာ အစပင် ရှိသေးသောကြောင့်ဟု ရှန်းယွမ်သိ၏။ ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ ကိုးဆယ့် ရှစ်ဆင့်လောက် လေ့ကျင့်ပြီး ခန္ဓာတစ်ခုလုံးကို သန့်စင်နိုင်မှသာ ‘တိုက်ခိုက်ရေး လောက’ သို့ ခြေလှမ်း စလှမ်းနိုင်မည် ဖြစ်သည်။

“လှပတဲ့ဆရာသခင် ဒီနေ့အစာတွေ စားကုန်သွားလို့ တောလိုက် သွားဦးမယ်”

သုံးရက်တာ ကျင့်ကြံအပြီး ရှန်းယွမ်၏ ကိုယ်ခံ အင်အားမှာ အသိအသာ ပြောင်းလဲလာပြီး အင်အားကြီး လာရုံသာမက အစားလည်း အလွန် စားလာသည်။ ယင်ကျင်းလော့မှာ သိပ်မစားဖြစ်သော်လည်း ရှန်းယွမ်မှာ အလွန် စားပြီး သိုလှောင်ထားသော အစာများ ကုန်သွားလေသည်။ 

ယင်ကျင်းလော့ အသာအယာ ခေါင်းညိတ်ပြရင်း..

“သွားပါ”

ချက်ချင်းပင် ရှန်းယွမ်သည် ကုရှင်းအား ခေါ်ပြီး သားရဲမိစ္ဆာတောသို့ ဦးတည်ကာ သုတ်ခြေတင်တော့သည်။ 

သင်္ချိုင်းကို ဦးတည်ရာ အရပ်တွင် –

အရည်အသွေး ကောင်းမွန်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူနှစ်ယောက်သည် အေးစက်စွာ ပြုံးလျက် ‌တောင့်နေပြီဖြစ်သော ယောက်ျားတစ်ယောက်၏ အလောင်းကို တွင်းတစ်ခု ရှိရာသို့ ဆွဲယူ သွားနေသည်။

ထိုသူနှစ်ယောက်မှာ ယွဲ့အိမ်တော်မှ ရက်စက်သော ကျွန်များ ဖြစ်ကြသည်။ သူတို့ကြောင့် လူမည်မျှ၏ ဘဝများ ဆုံးရှုံးခဲ့ရသည်ကိုပင် မရေနိုင်တော့ချေ။

“ဟင်း ဒီကောင်လေးက စိတ်မရှည်လိုက်တာ။ ယွဲ့သခင်လေး သူ့အစ်မကို ကြိုက်တယ်ဆိုတာ သူရဲ့ဘဝ‌ပေါင်း တစ်ရာအတွက် ကောင်းချီးပဲ။ အဲ့ဒါကို ယွဲ့အိမ်တော်ဆီ လာပြီး တောင်းကြမ်းရဲသေးတယ် ကိုယ့်သေတွင်းကိုယ် တူးတာပဲ”

အစေခံ နှစ်ယောက်ထဲမှ ချန်ရုံလိုင်ဆိုသူက ထေ့ငေါ့စကား ဆိုလိုက်ပြီး အလောင်းကို နှစ်ချက် ဆင့်ကာ ကန်လိုက်သည်။

“ဟီးဟီး ယွဲ့သခင်လေးက ညှာတာပြီး ခြေပဲ ချိုးခိုင်းပေမယ့် ငါ မကြာသေးခင်ကပဲ နရိုင်းလေးကောင်အားထိ တိုးတက် ထားတာလေ၊ ငါရဲ့အားကို ဂရုမစိုက်မိပဲ သူ့ကို တစ်ခါတည်း သေအောင် ရိုက်လိုက်မိတာ၊ ဒါနဲ့ ယွမ်သခင်လေးက ငါ့ကို တိုက်ခိုက်ရေး ဒင်္ဂါး တစ်‌ထောင် ပေးမယ်လို့တောင် မထင်ထားဘူး ငါ‌နောက်မှ မင်းကို သောက်ဖို့ ခေါ်ဦးမယ်”

ချန်ရုံဖူ အမည်ခံ အစေခံမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူတို့နှစ်ယောက် စကား တပြောပြောဖြင့် မြေကျင်းရှေ့ ရောက်သော် အလောင်းကို ပစ်ချလိုက်ပြီး ဖုတ်ဘက်ခါကာ ပြန်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရှန်းယွမ်သည် သူတို့နှစ်ယောက်၏ စကားကို ကြားသွားသည်။ သိုင်းကျင့်စဉ်ကို ကျင့်လိုက်စဉ်မှ စ၍ သူ၏ အာရုံငါးပါးမှာ အလွန် အားကောင်းလာပြီး မီတာ ငါးဆယ် အကွာကိုပင် ရှင်းလင်းစွာ မြင်ရကြားနေရသည်။ ချန်ရုံလိုင်နှင့် ချန်ရုံဖူတို့ နှစ်ယောက်သည် ယွဲ့ကျွယ်ကို ခစားနေရသော အစေခံများဖြစ်ပြီး ထိုနေ့က သူ့ကိုရိုက်ခဲ့သော သူများလည်း ဖြစ်ကြသည်။

ထိုသူနှစ်ယောက်မှာ အပြစ်မရှိသော သူကိုပင် သတ်လိမ့်မည်ဟု ရှန်းယွမ် မထင်ထားခဲ့၊ သူ ရုတ်တရက် ဒေါသ ထွက်သွားသည်။ သို့သော်လည်း သူ့ထက် ခွန်အား ကြီးနေသော လူနှစ်ယောက်အား ရင်ဆိုင်ရမည်ကိုသိပြီး စိတ်ကို ပြန်၍ လျှော့ချလိုက်သည်။ ယခု အနေအထား၌ ဒေါသရှေ့ထားပြီး ပြုမူမိပါက သူသည်သာ အထိ နာသွားနိုင်သည်။ သူသည် ယခုထက်တိုင် အတွေ့အကြုံ မရှိသေးပေ။ သူ့အနေဖြင့် သားရဲမိစ္ဆာများကို ကျွမ်းကျင်စွာ အမဲလိုက်နိုင်သော်လည်း ဤအနေအထားက လူများအား ယှဉ်နိုင်သည့် အဆင့် မဟုတ်သေးချေ။

ထိုစဉ် ရုတ်တရက် ရှန်းယွမ် အကြံတစ်ခု ရသွားပြီး ချန်ရုံလိုင်နှင့် ချန်ရုံဖူတို့အနီး ဆယ်မီတာ အကွာအထိ ကုရှင်း နှင့်အတူ ချဉ်းကပ် သွားလိုက်သည်။

ချန်ရုံလိုင်တို့ နှစ်ယောက်မှာ ရှန်းယွမ်ကို မထင်မှတ်ပဲ တွေ့မြင်လိုက်ရသောအခါ အံ့ဩ သွားကြသည်။

ထို့နောက် ချန်ရုံလိုင်သည် ထူးဆန်းသော အပြုံး ပြုံးလိုက်ပြီး-

” ဒါ မကြာသေးခင်ကမှ သေလုနီးပါး အရိုက်ခံရတဲ့ ကောင်လေး မဟုတ်လား။ သူမသေသေးတာ ငါဖြင့် အံ့ဩပါ့။ ကြည့်‌ရတာ ဘေးက ဝံပုလွေ ကောင်းလို့ ထင်တယ်။ ငါတို့ ဖမ်းပြီး ဝံပုလွေသားကင် လုပ်စားရအောင်”

“နောက်ပြီး သူ့ကိုသတ်လိုက်ရင် ယွဲ့သခင်လေးဆီကနေ ဆုလက်ဆောင်ယူလို့ ရဉီးမယ်၊ ဝံပုလွေ အမွှေးကလည်း မဆိုးဘူး၊ အသားကင်ကို ယွဲ့သခင်လေးဆီ ဆက်သရင် သခင်လေး တော်တော် ပျော်သွားမှာ”

ထိုသို့ပြောပြီး ချန်ရုံဖူသည် ရှန်းယွမ်ဆီသို့ ကြမ်းကြုတ်သော သွင်ပြင်ဖြင့် လှမ်းလာသည်။ ဤအခြေအနေတွင် ဒဏ်ရာရနေသော ရှန်းယွမ် မဆိုထားနှင့် အကောင်းအတိုင်း ရှိသူပင်လျှင် အသတ် ခံရနိုင်သည်။ ထိုလူနှစ်ယောက် သူ့ဆီသို့ တစ်လှမ်းချင်း လှမ်းလာသည်ကို ကြည့်ပြီး ရှန်းယွမ်မှာ ယုန်သူငယ်ပမာ နောက်သို့‌ ဆုတ်ရင်း အော်လိုက်သည်။

“ဘာဖြစ်လို့ ခင်ဗျားတို့ နှစ်ယောက်ပဲ ဖြစ်နေရတာလဲ၊ အရင်တစ်ခါကလည်း သေခါနီးထိ ရိုက်ပြီးပြီပဲ၊ အခု ကျုပ်ကို လွှတ်ပေးလို့ မရဘူးလား”

“ဟားဟားဟား ကြည့်ရတာ  မင်းကို ဘာမှ မရဲလောက်တဲ့ထိ ရိုက်လိုက်မိတယ်နဲ့ တူတယ်၊ ကောင်းပြီ … အခု မင်းကို လွှတ်ပေးလို့ ရတယ် ဒါမဲ့ မင်းဘေးက ဝံပုလွေကို ချန်ခဲ့။ ငါ စိတ်ကောင်း ဝင်နေတုန်းမလို့ မင်းကို လွှတ်ပေးလိုက်တာနော်”

ချန်ရုံလိုင်မှာ ကျယ်လောင်စွာ ရယ်ရင်း ပြောလိုက်သည်။ သို့သော် နောက်တစ်ယောက်က ကြားဝင်ကာ –

“လွှတ်ပေးရမယ် ဟုတ်လား၊ သခင်လေးယွဲ့ကျွယ် လှည်းကို မှောက်စေပြီး ပြန်လည်း ခံပြောရဲတဲ့ မင်းလို အပယ်ခံကောင်က အကြိမ်တစ်သောင်း သတ်တောင် မလုံလောက်ဘူး၊ မင်းသာမကဘူး မင်းဘေးက ဝံပုလွေ၊ မင်း တစ်မိသားစုလုံးလည်း သေရမှာ”

ချန်ရုံဖူ၏ ရက်စက်သည့် စကားတို့ကြောင့် ချန်ရုံလိုင်လည်း မတတ်နိုင်တော့ဘဲ အသံတိတ်သွားပြီး ခက်ထန်စွာပင် ကြည့်လာသည်။

“ကုရှင်း ပြေးတော့”

ရှန်းယွမ်မှ ကျယ်လောင်စွာ အော်လိုက်ပြီး သုတ်ခြေတင် ပြေးလေသည်။ ချန်ရုံလိုင်နှင့် ချန်ရုံဖူတို့ အချင်းချင်း ခပ်ဟဟ ပြုံးကြည့်လိုက်ပြီး နောက်မှ လိုက်ကြတော့သည်။

“ကောင်လေး ဒီတစ်ခါ ငါ မင်းကို လွယ်လွယ် ပေးမသေဘူး၊ မင်းရဲ့ခြေတွေ လက်တွေဖြတ်ပြီး သင်္ချိုင်းက သားရဲမိစ္ဆာတွေကို ကျွေးပစ်မှာ”

ချန်ရုံဖူသည် အင်အား ပိုကြီးသောကြောင့် အမှီလိုက်နိုင်ပြီး ရှန်းယွမ်ကို‌ နောက်မှ ထိုးရန် ကြိုးစားလိုက်သည်။ ထိုစဉ် ရှန်းယွမ် ကျောနောက်မှ ရုတ်တရက် အောင့်ခနဲ ခံစားလိုက်ရပြီး ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်းအတတ်’ ၏ အထိအတွေ့ အာရုံဖြစ်ကြောင်း သိလိုက်သည်။

ချန်ရုံဖူ လက်သီးအား ရှန်းယွမ် ငုံ့ရှောင်လိုက်ပြီး နောက်လှည့်ကာ ချန်ရုံဖူ၏ ဗိုက်တည့်တည့်ကို ဖျတ်ခနဲ ထိုးချလိုက်သည်။

ရှန်းယွမ်၏ လက်သီးချက်သည် သေးငယ်သော လေလှိုင်းတစ်ခုအဖြစ် ပြောင်းသွားပြီး နရိုင်းငါးကောင်နှင့် ညီမျှသောအားကို ဖြစ်သွားစေသည်။

ချန်ရုံဖူ၏ မျက်လုံးများ ပြူးထွက်သွားပြီး သဲခြေရည်များ အန်ထွက်လာသည်။ ရှန်းယွမ်သည် နရိုင်းငါးကောင် ခွန်အား ရှိနေမည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့တွေ့ခဲ့သော ရှန်းယွမ်မှာ အားအင် ချိနဲ့သူသာ ဖြစ်ပြီး အချိန်တိုလေးအတွင်း ဤသို့ အဆမတန် အင်အား ကြီးမားလာသည်။ ထို့အပြင် သူ့အား ပို၍ စိတ်တိုစေသည်က ရှန်းယွမ်သည် ခွန်အား ရှိနေသော်လည်း သိုးယောင်ဆောင်ကာ ကျားကို လာစားခြင်းမှာ ရွံစရာ ကောင်းလှပေသည်။

တစ်ချက်….

လက်သီး တစ်ချက်တည်းနှင့် ချန်ရုံဖူကို ထပ်မံ မတိုက်ခိုက်နိုင်အောင် လုပ်လိုက်နိုင်သည်။ ချန်ရုံဖူမှာ အရေခွံ နွှာခံထားရပြီး ဓာတ်လိုက်ကာ ပါးစပ်တွင် အမြှုပ်များ တစီစီ ထွက်နေသော ဖားပြုပ်နှင့်ပင် တူသွားသည်။

ချန်ရုံလိုင်၏ မျက်နှာတွင် ကြောက်စိတ် နှင့်အတူ မည်သို့ မည်ပုံ ဖြစ်ပျက် သွားသည်ကို လိုက်မမှီနိုင်အောင် ဖြစ်နေ၏။

“မင်း မင်းဘာလုပ်မလို့လဲ”

ထိုသူနှစ်ယောက်၏ ကံကြမ္မာသည် ယခုအချိန်တွင် ပြောင်းပြန် ဖြစ်နေပြီး ချန်ရုံလိုင်မှာ ယုန်သူငယ်နှင့် တူကာ ရှန်းယွမ်မှာမူ ရက်စက်သည့် ဝံပုလွေကဲ့သို့ ဖြစ်သွားသည်။

ကုရှင်းမှာလည်း ကောက်ကျစ် စဉ်းလဲသော အကြည့် ပြက်ရယ် ပြုချင်သော မျက်နှာဖြင့် တဖြည်းဖြည်းချင်း လျှောက်လာသည်။

“ကောင်းပြီ …ငါလည်း မင်းတို့ ခြေလက်တွေ ချိုးပြီး သားရဲမိစ္ဆာတွေကို ကျွေးမယ်၊ အဲ့ဒါမှ မင်းတို့ ဘယ်လို ခံစားရမလဲ သိသွားစေမယ်”

ထိုသို့ ပြောပြီးနောက် ရှန်းယွမ် ရှေ့သို့ တိုးလာသည်။

နရိုင်းသုံးကောင်နှင့် နရိုင်းငါးကောင် အင်အားမှာ ကွာခြားချက် ကြီးမားလှသည်။ သို့သော် ချန်ရုံလိုင်မှာ ရှန်းယွမ် လက်ဖြင့် ဆွဲယူခြင်း ခံလိုက်ရပြီး ပြုတ်တူနှင့် အညှပ် ခံထားရသကဲ့သို့ မလှုပ်နိုင် မရှားနိုင် ဖြစ်သွားသည်။ ခန္ဓာကိုယ်မှ အရိုးများ တဂျွတ်ဂျွတ် ကျိုးသံနှင့်အတူ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ နာကျင်လွန်းလှသဖြင့် သူ၏မျက်နှာတွင် မျက်ရည် နှာရည်များ အပေပေ အလူးလူး ဖြစ်သွားသည်။

အမှန်ဆိုလျှင် သူသည် အကြမ်းဖက်သမားဖြစ်ပြီး မည်သူကမှ သူ့အား ဤသို့ မပြုမူရဲခဲ့ပေ။

ယွဲ့အိမ်တော်သည် ယွဲ့ဟွမ်မြို့၏ အကြီးဆုံး အိမ်တော်ဖြစ်ပြီး ခွေးရိုက်မည် ဆိုလျှင်ပင် သခင်ကို ကြည့်ကြရသည်။ 

သို့သော် ရှန်းယွမ်သည် ဤသည်ကို ထည့်၍ပင် မတွက်ချေ။

ဂျွတ်…. ဂျွတ်…..

ချန်ရုံလိုင်၏ အရိုးကျိုးသံများ အဆက်မပြတ် ထွက်နေသည်။

“ အ… အား…”

အော်ဂလီဆန်ဖွယ် အနံ့များ ထွက်လာသဖြင့် ရှန်းယွမ်လည်း နှာခေါင်းကို ကပြာကယာ ပိတ်ထားလိုက်သည်။ ထို့နောက် သူသည် ချန်ရုံဟိုင်ထံမှ တိုက်ခိုက်ရေးဒင်္ဂါး တစ်ထောင်ကို တွေ့လိုက်ရသည်။ ရုတ်တရက် ရှန်းယွမ် မှင်တက် သွား၏။

အဘယ်ကြောင့်ဆိုသော် ယွဲ့အိမ်တော်၏ အစေခံသည်ပင် မိမိ တစ်ဘဝလုံး စုဆောင်း ထားသည်ထက် ပို၍ ချမ်းသာနေသောကြောင့် ဖြစ်သည်။ ထို့နောက် ရှန်းယွမ်သည် ငွေအိတ်ကို ဆတ်ခနဲ ယူလိုက်သည်။ 

ပြီးသည်နှင့် ရှန်းယွမ်သည် ချန်ရုံဖူ ရှေ့သို့ သွားပြီး သူ၏အရိုးများကို ခြေထောက်ဖြင့် အရှိန်ပြင်းပြင်း ကန်ချိုးလိုက်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် ရှန်းယွမ် အလွန် ပျော်သွား၏။ အမှန်ဆိုရသော် သူသည် လူတစ်ယောက်ကိုမျှ မသတ်ဖူး၊ သတ်ရန် စိတ်ကူး မရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ ထိုသို့ ပြုလုပ်ခြင်းက ဤသူတို့အတွက် သင့်လျော် မှန်ကန်သော အပြစ်ဒဏ် ပေးခြင်းဖြစ်သည်ဟုသာ ထင်မိသည်။

ချန်ရုံဖူထံတွင်မူ တိုက်ခိုက်ရေး ဒင်္ဂါးပေါင်း နှစ်ထောင့်ငါးရာ ရှိနေသည်။ ထို့ကြောင့်ပင် ချန်ရုံဖူက ပန်းအရက် သောက်ချင်သည်ဟု ပြောနိုင်ခြင်း ဖြစ်သည်။

“အစ်ကိုလေး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ကျုပ်တို့ အမှားပါ။ အစ်ကိုလေးသာ ခွင့်လွှတ်ရင် ကျုပ်တို့ အစ်ကိုလေး ပြောတဲ့တိုင်း တစ်တဝေမတိမ်း လုပ်ပါ့မယ်”

ချန်ရုံလိုင်နှင့် ချန်ရုံဖူမှာမူ ကြောက်လန့်ကြီးစွာ တစ်ယောက်တစ်လှည့် တောင်းပန်နေသည်။

“ဒီမကောင်းတဲ့ ငွေတွေကို မင်းတို့အစား သုံးပေးလိုက်မယ်၊ မင်းတို့ အသက်တော့ မင်းတို့ပေါ် မူတည်သွားပြီ”

ရှန်းယွမ် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အစေခံ နှစ်ယောက်ကို ခြေမှကိုင်ကာ လမ်းကြမ်းပေါ်သို့ တရွတ်တိုက် ဆွဲသွားသည်။ ထိုသူတို့၏ မျက်နှာတွင် ပွန်းရှမှုများဖြင့် ပေါက်ပြဲ ဖူးယောင်နေပြီး ရှန်းယွမ်သည် သူတို့အား ခွေးသေကောင်များကဲ့သို့ အုတ်ဂူရှေ့တွင် ထားခဲ့ကာ မိစ္ဆာသားရဲ တောအုပ်ထဲသို့ အမဲလိုက်ရန် ဝင်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset