Switch Mode

Chapter – 5

ဟွာ... နာသွားပြီ

အပိုင်း ၅ 
ဟွာ… နာသွားပြီ…

ကောင်းကင်၌ နေသည် အရှေ့အရပ်မှ ထွက်လာပြီး နေရောင်ခြည်သည် အပင်ကြီးများကို ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ဖြာကျလာသည်။

ရှန်းယွမ်၏ နဖူးမှာ ယောင်ကိုင်းနေ၏။ ပြီးခဲ့သည့် ညက သူ ယင်ကျင်းလော့ကို ဆယ့်ခုနစ်ကြိမ် တိုင်တိုင် ခိုး၍ တိုက်ပါသော်လည်း အဆုံးထိ မနိုင်ခဲ့ပေ။ ထို့ပြင် ယင်ကျင်းလော့၏ အကြိမ်တိုင်း နဖူးတောက်သည်ကို ခံရပြီးနောက် ဤသို့ ယောင်ကိုင်း လာခြင်းဖြစ်သည်။

မျက်နှာ ရှုံ့မဲ့နေသော ရှန်းယွမ်ကို ကြည့်ပြီး ယင်ကျင်းလော့ တစ်ယောက် ပျော်နေသည်။ လက်ကို နောက်ပစ်ထားပြီး ပြေပြစ်သွယ်လျလှသော ပခုံးနှစ်ဖက်၊ ထင်ရှား ပေါ်လွင်နေသော စွဲမက်ဖွယ် ညှပ်ရိုးနှင့် သူမသည် အလွန်တရာ လက်ရာ မြောက်လှသော ပန်းပုရုပ်ထု အလား တင်စားချင်စဖွယ် ရှိနေသည်။

သူမ ခြေလှမ်း လှမ်းလိုက်တိုင်း အဖြူရောင် ဂါဝန်စလေး လွင့်ဝဲသွားပုံမှာ ပန်းချီကားထဲမှ နတ်သမီးလေးပမာ လှနေပြီး ဤမြင်ကွင်းက ရှန်းယွမ်ကို ထပ်မံ ညှို့ယူနေပြန်သည်။

ကုရှင်း ကိုယ်ပေါ်မှ ငွေရောင် အမွေးအမျှင်များမှာ နေရောင်အောက်တွင် တောက်ပစွာ အရောင် ထွက်နေသည်။ ထို့နောက် ကုရှင်းသည် အစွယ်များ ပေါ်အောင် သန်းလိုက်ပြီး မနေ့ညက ရှန်းယွမ်ကြောင့် အိပ်ရေး ပျက်ရသဖြင့် ရှန်းယွမ်ကို ဘုကြည့် ကြည့်နေသည်။

“ငါတို့မစခင် မင်းကို မေးစရာ ရှိတယ်၊ ‘တိုက်ခိုက်တယ်’ ဆိုတဲ့ စကားလုံးကို မင်း ဘယ်လို နားလည်သလဲ” 

ယင်ကျင်းလော့သည် သူမအပေါ် စိတ်ယိုင်နေသော ရှန်းယွမ်ကို မသိကျိုးကျွံပြုကာ မေးလိုက်သည်။

ရှန်းယွမ်သည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး-

“တိုက်ခိုက်တယ်ဆိုတာ လူတွေနဲ့ တိုက်တာ ကမ္ဘာမြေနဲ့ တိုက်တာ မိုးနဲ့တိုက်တာ ဘာပဲဖြစ်ဖြစ် ပျော်စရာတွေက ပြောမကုန်အောင်ပဲ”

ယင်ကျင်းလော့သည် ရှန်းယွမ် အဖြေကြောင့် အံ့အားလည်းသင့်၊ အနည်းငယ်လည်း ပျော်သွားသည်။ ရှန်းယွမ်သည် ဤစိတ်ဖြင့်သာ လေ့ကျင့်ပါက သူမ၏ ပထမဆုံးသော တပည့်သည် ကျင့်ကြံမှုတွင် ဆရာတစ်ဆူ ဖြစ်နိုင်ပေမည်။

“ကောင်းပြီ… ကြည့်ရတာ မင်းက သိုင်းကျင့်စဉ်အတွက် သင့်လျော်တဲ့ပုံပဲ။ မင်းသာ သာမန် လူတွေလို တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ပြီး တစ်နေ့ သုံးနပ်စားနဲ့ ကျင်လည်နေရင် မင်းသေသွားရင် ဘာအစအနမှ ကျန်ခဲ့မှာ မဟုတ်ဘူး၊ အဲလိုဆို နှမြောစရာ ကောင်းတယ်” ယင်ကျင်းလော့၏ စကားကို ရှန်းယွမ် အလွန်ပင် သဘောကျသွား၏။

“တကယ်လို့ ကျွန်တော်သာ တောနက်ထဲမှာ တောရိုင်းမိစ္ဆာ စားတာခံရပြီး သေသွားရင်လည်း တစ်ယောက်မှ ကျွန်တော့်အတွက် မျက်ရည်ကျမှာ မဟုတ်ပါဘူး” ရှန်းယွမ်က ခပ်လေးလေး ဆိုလိုက်သည်။

“ဒါကြောင့်မို့ မင်းအနေနဲ့ သိုင်းကျင့်စဉ်တွေကို ပိုပြီး အာရုံစိုက်ရမယ် ငါ့ကို စိတ်မပျက်စေနဲ့” 

ယင်ကျင်းလော့ မျက်လုံးထဲတွင် မရေရာသော ရင်နာမှုခြင်းများနှင့် ပြည့်သွားသည်။ သို့ရာတွင် သူမ၏ ဆံနွယ်များ လေထဲ ဝဲလွင့်နေပုံမှာ ဖော်မပြနိုင်သော အရှိန်အဝါကို ခံစားရစေသည်။ ထိုစဉ် ယင်ကျင်းလော့၏လက် ရုတ်တရက် လှုပ်ရှားသွားပြီး ကြီးမားသော ပေါက်ကွဲသံကြီး တစ်ဆက်တည်း ထွက်ပေါ်လာရာ ရှန်းယွမ်မှာ ထိတ်ခနဲ လန့်သွားသည်။

“သာမန် လူတစ်‌ယောက်ရဲ့ အားက နရိုင်း(နွားရိုင်း) တစ်ကောင်ရဲ့ အားရှိနေရင် အဲ့လူက မွေးရာပါ နတ်စွမ်းအား ရှိတယ်လို့ ယူဆလို့ ရတယ်။ သိုင်းလောကရဲ့ ပထမဦးဆုံး အဆင့်က တိုက်ခိုက်သူ အဆင့်ပဲ၊ တိုက်ခိုက်သူ အဆင့်ကို အမြင့်ဆုံး ရောက်အောင် ကျင့်ကြံနိုင်ရင် အဲ့လူက နရိုင်းကိုးကောင်နဲ့ ညီမျှတဲ့အားကို ရနိုင်တယ်”

ယင်ကျင်းလော့၏ သိုင်းကျင့်စဉ် အ‌ကြောင်း ပြောသည်ကို ကြားသည်နှင့် ရှန်းယွမ် အသေအချာ နားထောင်လိုက်ပြီး သိလိုသည်ကို ခပ်မြန်မြန်ပင် မေးလိုက်၏။

“နရိုင်းကိုးကောင်အား ကျော်ပြီးရင် ဘယ်လို အဆင့်မျိုး ရောက်မှာလဲ”

“အဲ့ဒါကျော်ပြီဆို တိုက်ခိုက်သူဖြစ်ပြီ၊ အရမ်းကြီး အဆင့်ကျော်ပြီး မတွေးနဲ့ဦး၊ သာမန်လူတွေ တိုက်ခိုက်သူ အဆင့်ကို ကျင့်ကြံဖို့ဆိုတာ တော်ရုံမလွယ်ဘူး။ ဒီအဆင့်မှာဆိုရင် မင်းရဲ့ကိုယ်ပေါ်က အရေပြားကို လေ့ကျင့်ရမှာ။ အရေပြားပေါ်မှာ ယိုစိမ့်ပေါက်(ချွေးပေါက်)တွေ ရှိတယ် သိုင်းမကျင့်ကြံတဲ့ သူတွေရဲ့ အရေပြားပေါ်က ယိုစိမ့်ပေါက်တွေက ပိတ်နေလေ့ရှိတယ်။ အဲ့ဒါကြောင့် သူတို့ကိုယ်ထဲ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကနေ စွမ်းအားတွေ စုပ်ယူဖို့ ခက်ခဲကြတယ်၊ သူတို့ အသက်ကြီးပြီး အရွယ်ကောင်း လွန်လာတဲ့အခါ အိုစာလာပြီး ဖျတ်လတ် တက်ကြွမှုလည်း မရှိကြတော့ဘူး။ ဒါပေမယ့် မင်းသာ တိုက်ခိုက်သူအဆင့်ကို ကျင့်ကြံနိုင်မယ်ဆိုရင် မင်းရဲ့ အိုမင်းမှုကို နှောင့်နှေးစေနိုင်ရုံ သာမကဘူး ခန္ဓာကိုယ် ကြံ့ခိုင်မှု နဲ့အတူ အသက်လည်း ရှည်သွားလိမ့်မယ် ”

ရှန်းယွမ် ကျင့်စဉ်နှင့် ပတ်သက်၍ ရှုပ်ထွေးနေသည်ကို သိသော ယင်ကျင်းလော့သည် အသေးစိတ်မှအစ ရှင်းပြသောအခါ ရှန်းယွမ်မှာ နားလည် သဘောပေါက် သွားသည်။ ထို့နောက် ယင်ကျင်းလော့က-

“မင်းရဲ့ကိုယ်ပေါ်က အရေပြားကို ထိုးဖောက် မြင်နိုင်အောင် လေ့ကျင့်မှ မိုးကောင်းကင်နဲ့ ကမ္ဘာမြေ စွမ်းအားကို မင်းစုပ်ယူနိုင်မှာ၊ အဲ့ချိန်ရောက်ရင် မင်း သိုင်းလောကထဲ ဝင်နိုင်ပြီး တိုက်ခိုက်ရေး စိတ်စွမ်းအားတွေ စုစည်းနိုင်ပြီ၊ ဒါပေမယ့် မင်းကျင့်ကြံဖို့ ဆိုရင်တော့ မှော်အတတ်တွေ ရှိရမှာပေါ့၊ ခု ငါ မင်းကို ငါတို့ ယင်အိမ်တော်ရဲ့ ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်းအတတ်’ ကိုသင်ပေးမယ်။ မင်း ဘယ်လောက် နားလည်နိုင်မလဲ သေချာကြည့်ထား”

ပြောရင်း ယင်ကျင်းလော့သည် လက်ထဲမှ ရွှေရောင် တလက်လက်နှင့် အင်မတန် မာကျောပြီး အပေါ်တွင် သေးငယ်သော စာလုံးများ ထွင်းထုထားသော နဂါးအကြေးခွံ တစ်ခုကို ထုတ်လိုက်သည်။

ရှန်းယွမ်သည် ရွှေရောင် တလက်လက်နှင့် နဂါးအကြေးခွံကို လက်ခံပြီးနောက် အပေါ်၌ ထွင်းထုထားသော အကြောင်းအရာကို ဖတ်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ကိုယ်ခန္ဓာသည် မိုးကောင်းကင်၊ ကမ္ဘာမြေတို့နှင့် ဆက်သွယ် ထားသကဲ့သို့‌ ခံစားလိုက်ရပြီး နာကျင်သွားသည်။

ရှန်းယွမ်၏ နားလည်မှုအားမှာ ဤမျှကောင်း‌ နေလိမ့်မည်ဟု ယင်ကျင်းလော့က မထင်ထားပေ။ တစ်နာရီပင် မရှိသေးဘဲ ရှန်းယွမ်သည် ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို သုံးပြီး သူ၏ ခန္ဓာကိုယ်အား မိုးကောင်ကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားနှင့် ဆက်သွယ် လိုက်နိုင်သည်။

“လှပတဲ့ ဆရာသခင်၊ အခု ကျွန်တော့် ခန္ဓာကိုယ်က စူးပြီး ထုံကျင်နေတာကို ခံစားရတယ် အဲ့လိုမျိုးလား” ရှန်းယွမ်သည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဟုတ်တယ် အဲဒီခံစားချက်ပဲ၊ မင်းက ငါ့ရဲ့ပထမဆုံး တပည့်ဆို‌တော့ ဆိုးဆိုးရွားရွား မလုပ်ပါဘူး၊ နောက်ပြီး ရော့ … ဒါက ရှားပါးလှတဲ့ ‘နဂါးအကြေးခွံ အမှုန့်’၊ ဒီအမှုန့်ကို မင်းရဲ့ကိုယ်ပေါ် ဖြူးထားလိုက်။ ဒါဆို မင်းရဲ့ကိုယ်ပေါ်က ယိုစိမ့်ပေါက်တွေထဲ ပိတ်နေတဲ့ မသန့်စင်မှုတွေကို မြန်မြန် ဖယ်ရှား ပေးလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ကိုယ်ကနေလည်း နဂါးအကြေးခွံ အနံ့အသက်လေး ရလာလိမ့်မယ်”

ယင်ကျင်းလော့ ပြောသည့်အတိုင်း ပြုလုပ်လိုက်ပြီးနောက် ရှန်းယွမ်သည် ကျောက်စိမ်းရောင် ဆေးပုလင်းနှင့် ရွှေရောင် လက်နေသော နဂါးအကြေးခွံကို သူမထံ ပြန်ပေးလိုက်သည်။ ယင်ကျင်းလော့မှာ ခေါင်းကို ခါလိုက်ရင်း-

“ထားလိုက်တော့ ငါ့ဆီက လက်ဆောင်လို့ သဘောထားလိုက်၊ နဂါးအကြေးခွံ အပိုင်းလေးက ရောင်းရင်လည်း ငွေတော်တော်ရမှာ၊ ငါ မင်းကို အကြာကြီး သင်မပေးနိုင်ဘူး။ ဒါပေမယ့် မင်း ဒီအကြေးခွံကို ရောင်းချင်ရင်တော့ အပေါ်က စာလုံးတွေကို ဖျက်ပြီးမှရောင်း”

ဤအရာတို့မှာ ယင်ကျင်းလော့အတွက် အသုံးမဝင်တော့ကြောင်း တွေးမိလိုက်ပြီးနောက် ရှန်းယွမ်သည် လိပ်ပြာလုံလုံနှင့် လက်ခံလိုက်သည်။ မည်သို့ဆိုစေ ဆရာက တပည့်ကို ပစ္စည်းပေးခြင်းမှာ သဘာဝပင် ဖြစ်၏။

ယင်ကျင်းလော့သာ ရှန်းယွမ် ထိုသို့ တွေးသည်ကို သိပါက မုချဧကန် စိတ်ဆိုးသွားမည် ဖြစ်သည်။ နဂါးအကြေးခွံပေါ်ရှိ ‘ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ သည် သူမအတွက် အသုံးမဝင် စေကာမူ ဤအကြေးခွံ၏ အကာအကွယ် စွမ်းအားမှာ အလွန်ပင် ကောင်းနေသေး၏။ သာမန် လက်နက်များဖြင့် ဤအကာအကွယ်ကို ထိုးဖောက်နိုင်ရန် မလွယ်ကူပေ။

ရှန်းယွမ်သည် နဂါးအကြေးခွံကို ရင်ဘတ်ရှိ အိတ်ထဲသို့ ထည့်ပြီး နဂါးအကြေးခွံ အမှုန့်ပါသော ကျောက်စိမ်းရောင် ပုလင်းကို ကိုင်ကာ မူမမှန်သော လေသံဖြင့်-

“လှပတဲ့ ဆရာသခင် ကျွန်တော့်ကို လိမ်းပေးလို့ ရမလား”

ယင်ကျင်းလော့က မျက်စောင်းထိုးပြီး ရှန်းယွမ်ကို အရေးတယူ မလုပ်ပဲ ပြောလိုက်သည်။

“ကိုယ့်ဟာကိုယ် လိမ်း”

ရှန်းယွမ်လည်း ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်စွာဖြင့် ယင်ကျင်းလော့ ရှေ့တွင် အင်္ကျီချွတ်လိုက်သည်။ ယင်ကျင်းလော့မှာ ချက်ချင်း မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး တခြားဘက်သို့ ကပြာကယာ လှည့်သွားသည်။ မည်သို့ဆိုစေ ယင်ကျင်းလော့သည် ရှန်းယွမ်ထက် အသက် နှစ်နှစ်သာ ကြီးပေသည်။

ယင်ကျင်းလော့ ဝတ်ဆင်ထားသော ဖြူလွလွ ဂါဝန်သည် သူမ၏ လည်တိုင် ကြော့ကြော့နှင့် ဆွဲ‌ဆောင်မှု ရှိသော ရုပ်ရည်သွင်ပြင်ကို ပနံသင့်စေကာ စွဲမက်ဖွယ် ကောင်းနေ‌၏။ ရှန်းယွမ် တစ်ယောက် မကြာခဏ ခိုးခိုးကြည့်ရင်း တံတွေး တမျိုမျို ဖြစ်နေရသည်။

“တစ်ကိုယ်လုံး လိမ်းရမှာလား”

“အင်း”

ယင်ကျင်းလော့ စိတ်ဆိုးဆိုးနှင့် စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။

” ဒီကောင်လေး အရှက်ကိုမရှိဘူး”

ရှန်းယွမ်လည်း အချိန်မဆွဲတော့ဘဲ လက်ထဲသို့ ‘နဂါးအကြေးခွံ အမှုန့်’ ကို ဖြူးကာ လိမ်းလိုက်ပြီး အလွန် သက်သောင့်သက်သာ ရှိဟန်ပြုရင်း ပါးစပ်ကပါ အသံထွက်လိုက်သည်။

“အိုး.. အို့ ”

“လိမ်းမှာဖြင့် လိမ်းစမ်းပါ၊ ပါးစပ်က ဘာလို့ အော်နေတာလဲ” ယင်ကျင်းလော့ ခပ်ဆတ်ဆတ် ငေါက်လိုက်သည်။

ရှန်းယွမ်မှာ မူလက သက်သောင့်သက်သာ ရှိဟန်သာ ညည်းနေသော်လည်း ယင်ကျင်းလော့ စကားကိုကြားပြီး ပို၍ပင် ညည်းပြလိုက်သည်။

“အိုးဟိုး… အာ့… အင်း… အို့”

ယင်ကျင်းလော့ ဒေါသဖြင့် ဆတ်ဆတ်တုန်နေပြီး ပြောရန် စကားလုံးပင် ပျောက်သွားသည်။ ရှန်းယွမ်မှာ ခပ်တည်တည်ပင် ဆေးကို ခန္ဓာကိုယ် အနှံ့ လူးနေပြီး သူ၏အောက်ပိုင်းကို ကြည့်လိုက်ကာ-

“ဒီနေရာကော သန့်စင်ဖို့ လိုတယ် လိမ်းဦးမှ”

ရှန်းယွမ်သည် လက်ထဲသို့ နဂါးအကြေးခွံ အမှုန့်ဖြူးပြီး အောက်ပိုင်းကို လိမ်းလိုက်သောအခါ ရုတ်ခြည်းပင် တစ်ကိုယ်လုံး လန်းဆန်း သွားသည့်နှယ် ခံစားလိုက်ရသည်။

ရှန်းယွမ် ချက်ချင်း ပင့်သက် ရှူထုတ်ပြီး-

” အား အို မဖြစ်ဘူး… မရဘူး…”

ရှန်းယွမ်၏ အသက် ရှူထုတ်သံ နှင့်အတူ သူမ နားမလည်နိုင်သော စကားများကြားပြီး ယင်ကျင်းလော့မှာ ပို၍ပင် စိတ်တိုလာပြီး ရှန်းယွမ်ကို ဒေါသတကြီး အော်လိုက်သည်။

“မင်းနောက်တစ်ခါ အော်ရဲအော်ကြည့် သေအောင် သတ်ပစ်မယ်” ယင်ကျင်းလော့ ကြိမ်းမောင်း လိုက်လေသည်။

ရှန်းယွမ်လည်း ချက်ချင်းပင် ပါးစပ်ပိတ်ကာ သူ၏အဝတ်များကို မြန်မြန်ဆန်ဆန် ဝတ်ဆင်ပြီး မြေပြင်ပေါ်သို့ တင်ပျဥ်ခွေ ထိုင်လိုက်သည်။

“ဆရာသခင် ကျွန်တော် လိမ်းပြီးပြီ၊ သိုင်း စပြီးကျင့်ကြံတော့မယ် ကျွန်တော့်ကို မနှောင့်ယှက်နဲ့”

ယင်ကျင်းလော့ မျက်လုံး ပြူးသွားသည်။ စောနလေးက သူ မဟုတ်သလိုပင် ပြောဆိုသွားပြီး မိမိအား ပြန်၍ပင် သတိ ပေးလိုက်သေးသည်။

ယင်ကျင်းလော့ ဆတ်ခနဲ လှည့်ကြည့်လိုက်ရာ ရှန်းယွမ်၏ လေးနက်နေသော အကြည့်ကို မြင်သွားချိန် ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည်။

ရှန်းယွမ်၏ သူမတူသော မျက်နှာ၊ ချိုသာသော အပြုံးနှင့် ‌ဖော်ပြရခက်သော ထက်မြက်မှုတို့က သူအား နောင်အနာဂါတ်အတွက် အဆင်သင့် ဖြစ်နေသည့် အလားပင်။

ရှန်းယွမ်မှာမူ မျက်လုံး ပိတ်ထားသဖြင့် ယင်ကျင်းလော့၏ ပြောင်းလဲသွားသော မျက်နှာ အမူအရာကို မမြင်တွေ့လိုက်ပေ။

အာရုံစုစည်းလိုက်ပြီး ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း ကျင့်စဉ်’ကို လေ့ကျင့်ရာ အရေပြားပေါ်သို့ ကောင်းကင်နှင့် ကမ္ဘာမြေ စိတ်စွမ်းအားများ စိမ့်ဝင်နေပြီး တစ်ကိုယ်လုံး ထုံကျင် လာသည်။ ထို့နောက် ခန္ဓာကိုယ်ပေါ်ရှိ ယိုစိမ့်ပေါက်များမှာ အပ်ဖျားနှင့် ထိုးဖောက် ခံလိုက်ရသည့်အလား တစ်ပေါက်ပြီး တစ်ပေါက် ပွင့်လာနေသည်ဟု ခံစားလာရသည်။

ရှန်းယွမ် ဤမျှ တောင့်ခံနိုင်မည်ဟု ယင်ကျင်းလော့ မထင်ထားပေ။ ‘နဂါးအကြေးခွံ အမှုန့်ကို အကူ ‌အနေဖြင့် သုံးသော်လည်း အပ်များဖြင့် အထိုးခံရသည့်အလား နာကျင်မှုကိုမူ တောင့်ခံရပေသည်။ ဤသည်ကို သူမကိုယ်တိုင်လည်း ငယ်စဉ်က ခံစားဖူးပြီး အံကြိတ်ကာ မအော်မိစေရန် ကြိုးစားခဲ့ရသည်။ ယခုမူ ရှန်းယွမ်မှာ မည်သို့မှ မနေသည့်အလား တည်ငြိမ် နေသည်မှာ ထူးခြားလှပေသည်။

တစ်နာရီခန့် ကြာပြီးနောက်-

ရှန်းယွမ်သည် ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ ကို အပေါ်ပိုင်းမှ အောက်ပိုင်းသို့ ရွှေ့အပြီး… ရုတ်တရက် မျက်နှာ အရောင် ပြောင်းသွားသည်။ ထို့နောက် သူ၏ အောက်ပိုင်းကို ဖုံးဖိရင်း ဘေးဘက်သို့ လိမ့်သွားကာ နာနာကျင်ကျင် အော်လိုက်၏။ 

“ဆရာသခင် ကျွန်တော့် ဟွာ…နာတယ် အရမ်းနာတယ်”

ယင်ကျင်းလော့ ရုတ်တရက် လန့်သွား‌သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset