Switch Mode

Chapter – 4

ခိုးပြီးတိုက်လို့ ရတယ်

အပိုင်း ၄ 
ခိုးပြီးတိုက်လို့ ရတယ်

ရှန်းယွမ်သည် သစ်အိမ်၏ မနီးမဝေးရှိ စမ်းချောင်းထဲသို့ တစ်ရှိန်ထိုး ခုန်ဆင်းလိုက်သည်။ ထိုစဥ် ကုရှင်းမှာ ရှန်းယွမ် လဲဝတ်ရန် ယူလာသော အဝတ်အစားများ၊ ဆေးပုလင်းနှင့် သံချေး အထပ်ထပ် တက်နေသော ဓားမြှောင် စသည့် ပစ္စည်းများ အနီးတွင် စောင့်ပေးနေသည်။

ရှန်းယွမ်သည် ညစ်ပေနေသော အဝတ်တို့ကို ချွတ်ကာ ချောင်းထဲတွင် ငါးတစ်ကောင်အလား လူးလာကူးခတ် နေလေသည်။

အချိန် အတော်ကြာပြီးနောက် ရှန်းယွမ် ကိုယ်ဗလာဖြင့် ကမ်းပေါ် တက်လာပြီး ယင်ကျင်းလော့ ပေးလိုက်သော ဆေးပုလင်းကို ကောက်ကိုင်ကာ အဖုံးဖွင့်လိုက်သည်။ အနည်းငယ် နမ်းရှိုက် ကြည့်လိုက်စဉ် ကိုယ်ခန္ဓာမှာ ရှိန်းခနဲ ဖိန်းခနဲ လန်းဆန်းပေါ့ပါး သွားသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် အနည်းငယ် ယူလိုက်ပြီး ရင်ဘတ်ရှိ အနာပေါ်ကို ဖြူးလိုက်၏။ ထိုအခါ သွေးထွက်နေသေးသော ဒဏ်ရာမှာ တဖြည်းဖြည်းနှင့် သွေးတိတ် ခြောက်သွေ့လာသည်။

ရှန်းယွမ် တအံ့တဩ ရေရွတ်လိုက်၏။

“ဘုရားရေ ဒါက ဘာဆေးလဲဟ တယ်စွမ်းပါ့လား”

 လောက၌ သူသည်လည်း ဤဆေးကဲ့သို့ တစ်စက်မျှနှင့်ပင် အသုံးဝင်‌ စေရမည်ဟု ရှန်းယွမ် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ရှန်းယွမ်သည် ပို၍ကြီးမားသော ဒဏ်ရာပေါ်သို့ ဆေးအုပ်လိုက်ကာ အဝတ်ကို မြန်မြန် ဝတ်ဆင်လိုက်သည်။ ဆေးပုလင်းကိုလည်း ရတနာသဖွယ် အင်္ကျီအတွင်းအိတ်ထဲသို့ ထည့်လိုက်ပြီး သစ်အိမ်သို့ အပြေးပြန်လာသည်။

“လှပတဲ့ ဆရာသခင် ကျွန်တော် ရောက်ပြီ”

ရွှန်းယွမ်သည် ယခင်ဘဝက မူလတန်းဆင့်သာ တက်ရပြီး ငယ်ငယ် ကတည်းက သူတောင်းစား လုပ်ရသော်လည်း လူသဘော သဘာဝ အကောင်းအဆိုးတို့ကို မြင်ဖူးပြီး ဖြစ်သည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် ဤလူ ကောင်း မကောင်းကို သူ အကင်းပါးပါးဖြင့် သိနားလည်သည်။ 

တောင်းစားသူ… (သူဖုန်းစား) ဆိုသည်မှာ အဘယ်နည်း…။

တစ်နေ့ တစ်နေ့ လူအမျိုးမျိုး သဏ္ဌာန်အမျိုးမျိုးဆီမှ အသနားခံကာ လိုက်လံ တောင်းရသည်။ တစ်ခါတစ်ရံ ရှေ့ရေးဟောသူ တချို့နှင့် စကားစမြည် ပြောဆိုဖူးပြီး လက္ခဏာ ဖတ်နည်း အနည်းငယ်ကိုလည်း သင်ယူဖူးခဲ့သည်။

သူ့အနေဖြင့် ယင်ကျင်းလော့ကိုမူ သတိထားနေရန် မလိုပေ။

အဘယ်ကြောင့်ဆိုသော် ယင်ကျင်းလော့သာ သူ့အား သတ်လိုပါက မျက်စိ တစ်မှိတ်သာ ကြာမည် ဖြစ်သော်ငြား သူမက သူ့အား သိုင်းပညာပင် သင်ပေးဉီးမည်ဖြစ်ရာ မည်သို့မျှ သံသယ မဝင်နိုင်တော့ပေ။

ညသည် တစ်စတစ်စဖြင့် မှောင်စ ပျိုးလာသည်။

သစ်အိမ်ကြီး၏ အလယ်ရှိ မီးဖိုပေါ်တွင် တံစို့ထိုးထားသော ဝက်ဝံသားကင်ကြီး ရှိနေသည်။ ဤသည်မှာ ရှန်းယွမ်၏ လက်ရာပင် ဖြစ်၏။ လက်ရှိ ခန္ဓာကိုယ်၏ အတိတ် မှတ်ဉာဏ်တို့က ဤအရာများကို ရင်းနှီးနေစေသည်။ အဆာပလာများ ဖြူးပြီးသည်နှင့် ထွက်ပေါ်လာသော အသားကင်နံ့မှာ သွားရည်ပင် ကျလုအောင် ဆွဲဆောင် လာတော့သည်။

ဘေးရှိ ကုရှင်းမှာလည်း သွားရည် ကျနေပြီ ဖြစ်သည်။ ယင်ကျင်းလော့မှာ မြေပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ရှန်းယွမ်၏ အာရုံစူးစိုက်‌နေမှုကို ကြည့်ကာ –

“မထင်ရဘူး မင်းရဲ့ ဟင်းချက် စွမ်းရည်က ကောင်းသားပဲ”

ရှန်းယွမ်လည်း ယင်ကျင်းလော့ကို လှည့်ကာ ပြုံးပြလိုက်ပြီး ယုံကြည်ချက် ရှိစွာဖြင့် –

“ဒါပေါ့ သေချာတာက ခင်ဗျားထက် ပိုကောင်းတယ်”

ယင်ကျင်းလော့ စိတ်ဆိုးသွားပြီး စကားပြော ရပ်လိုက်သည်။ သူမ အဆင့်အတန်းနှင့် ဤအရာများကို လုပ်စရာပင် မလိုပေ။

ရှန်းယွမ် ချိုမြိန်စွာ ပြုံးလိုက်ပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် အနူးညံ့ဆုံးနှင့် အရသာ အရှိဆုံး အပိုင်းကို လှီးဖြတ်ကာ သစ်သား ပန်းကန်ထဲသို့ ထည့်၍ ယင်ကျင်းလော့ဆီ ကမ်းပေးရင်း ပြောလိုက်သည်။

“လှပတဲ့ ဆရာသခင် ဒါက ဆရာ့အတွက် လက်ဆောင် ပဏ္ဏာပါ”

ယင်ကျင်းလော့ ရှန်းယွမ်ကို ပြုံးပြီး ကြည့်လိုက်သည်။ ရှန်းယွမ်သည် ချောမောခံ့ညား မနေသော်လည်း သူ၏အပြုံးသည် ဖြူစင်ပြီး ဆွဲဆောင်မှု ရှိ၏။

“ဒီလို မှပေါ့”

ယင်ကျင်းလော့၏ သိုင်းကျင့်စဉ်သည် အဆင့်တစ်ခုထိ ရှိသော်လည်း စားသောက်စရာ မလိုသည့် အဆင့်ကို မရောက်သေးချေ။ ယခု သူမ၏ရှေ့ အရသာရှိသော အစားအစာ ရောက်လာသော အခါဝယ် အဘယ်မှာ ငြင်းဆိုနိုင်ပါတော့မည်နည်း…။

ယင်ကျင်းလော့ကို မျက်နှာချို သွေးလိုက်ပြီးနောက် ရှန်းယွမ်၏ မျက်လုံးများ မရည်ရွယ်ဘဲ သူမ၏ ညှပ်ရိုးပေါ် ဆတ်ခနဲ အကြည့် ရောက်သွားချိန် သူ၏ နှလုံးမှာ တဒုတ်ဒုတ် ခုန်သွားသည်။

ရှန်းယွမ် စိတ်ထိန်းကာ အသက်ဝဝ ရှူလိုက်ပြီး အကြည့်ကို ရုပ်သိမ်းလျက် အတွင်းစိတ်ကို ပြန်လည် တည့်မတ် လိုက်သည်။

“ရှန်းယွမ်၊ ရှန်းယွမ် မင်း နောင်ကျရင် ဆရာသခင် ယင်ကျင်းလော့လိုမျိုး မိန်းမ ရှာမယ်ဆိုရင် ခုကတည်းက များများ လေ့ကျင့်ထားမှ ရမယ်၊ မဟုတ်ရင် မိန်းကလေး တစ်ယောက်တောင် မနိုင်ဘူးဆိုပြီး အရှက်ကွဲလိမ့်မယ်”

ရှန်းယွမ်ဆီမှ သစ်သားပန်းကန်ကို လှမ်းယူနေသော ယင်ကျင်းလော့မှာမူ ရှန်းယွမ်၏ အကြည့်နှင့် အတွေးများကို မသိလိုက်ပေ။

ယင်ကျင်းလော့သည် အသားများကို သူမ ဆောင်ထားသော ငွေရောင်ဓားနှင့် လှီးဖြတ်လိုက်ပြီး တဖြည်းဖြည်းချင်း အရသာခံ စားနေသည်။ ထို့နောက် ရှန်းယွမ်ကို ကြည့်လိုက်သောအခါ ရှန်းယွမ်သည် ကုရှင်းနှင့် အသားခြောက် ခွဲနေသည်ကို တွေ့လိုက်ရပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

“ဘာလို့ အသားခြောက် စားတာလဲ ခုလေးတင် ကင်တဲ့ အသားက ပိုမကောင်းဘူးလား”

ရှန်းယွမ် ချိုသာစွာ ပြုံးလိုက်ပြီး-

“ဒီနေ့က ကျွန်တော် တပည့်ခံယူတဲ့ နေ့လေ၊ ကျွန်တော့် ဆရာကို အစားကောင်း ကျွေးမှာပေါ့၊ ပုံမှန်ဆို ဒီဝက်ဝံမိစ္ဆာက ကျွန်တော်နဲ့ ကုရှင်း နှစ်ရက်စားပြီး ကျန်တာကို အခြောက်ခံထားတာ။ ဒီမိစ္ဆာတောထဲမှာ အင်အားကြီး မိစ္ဆာတွေလည်းရှိတော့ နေ့တိုင်း သားကောင်ရဖို့က မဖြစ်နိုင်ဘူးလေ၊ ကုရှင်းနဲ့ ကျွန်တော်က အကျင့်ဖြစ်နေပြီ”

ထိုသို့ ပြောပြပြီးနောက် ရှန်းယွမ်သည် လက်ထဲမှ အသားခြောက်ကို ချိုးကာ ကုရှင်းဆီသို့ တစ်ဝက် ပစ်ပေးပြီး ဝါးလိုက်သည်။ ဤသည်ကိုမြင်သော် ယင်ကျင်းလော့ ရင်ထဲ တစ်မျိုးဖြစ်သွား၏။ သူမ၏ မိသားစု နောက်ခံသည် အဆင့်မြင့် အသိုင်းအဝိုင်း ဖြစ်သော်ငြား ရှန်းယွမ်မှာမူ ထိုသို့ ဟုတ်ဟန် မတူချေ။

“ရှန်းယွမ် မင်းမိဘတွေရော”

ယင်ကျင်းလော့ အမေးစကားက ရှန်းယွမ်အား စားလက်စ တန့်သွားစေသည်။ ချက်ချင်းပင် သူ့မျက်လုံးထဲ၌ အထီးကျန်မှုများ ပြည့်လျှမ်း လာသည်။ သူသည် ယခုဘဝတွင် သာမက ယခင် ဘဝ၌လည်း အမိမရှိ အဖမရှိ ကြီးပြင်းခဲ့ရသော မိဘမဲ့ တစ်ယောက်သာ ဖြစ်ခဲ့သည်။

တစ်ခဏကြာပြီးနောက် ရှန်းယွမ်မှ –

“ကျွန်တော်က မိဘမဲ့လေ၊ မိဘမရှိဘူး။ ကုရှင်းနဲ့ ကုယွဲ့ပဲရှိတာ။ ကုယွဲ့ကလည်း ယွဲ့ဟွမ်မြို့ရှင်ရဲ့သား ယွဲ့ကျွယ် သတ်လို့ သေသွားတာ မကြာသေးဘူး”

ယင်ကျင်းလော့မှာ ရှန်းယွမ်၏ စကားကို ကြားပြီးနောက် ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ မွန်းကျပ်သွားပြီး သက်ပြင်းဖွဖွလေး ချကာ တိတ်ဆိတ် သွားသည်။

ရှန်းယွမ် အသားကို တစ်စစီ ဖဲ့စားရင်း ယင်ကျင်းလော့၏ စားနေပုံကို ခိုးကာ ကြည့်နေသည်။ သူမ၏ ညင်သာနူးညံ့လှသော လှုပ်ရှားမှုနှင့် တစ်လုတ်ချင်း တစ်လုတ်ချင်း ဝါးစားနေပုံတို့မှာ ကြော့မော့နေပြီး အပြစ်ဆိုရက်ဖွယ် မရှိချေ။

အချိန်မည်မျှ ကြာသွားသည်မသိ၊ အပြင်ဘက် ကောင်းကင်မှာလည်း အမှောင်ထုက ကြီးစိုးလာပြီး လရောင်မှာ သစ်သား ပြတင်းပေါက်ကို ဖြတ်လျက် သစ်အိမ်အတွင်း ဖြာကျလာသည်။

ယင်ကျင်းလော့၏ မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေ ထိုင်နေပုံမှာ လရောင်အောက်တွင် ကွမ်းဟန် နတ်မိမယ်အလား ပြိုင်စံရှားအောင် လှနေပေသည်။

ရှန်းယွမ် တစ်ယောက် တရှိုက်မက်မက် ကြည့်နေပြီး ထိုအချိန်ကို အလွန် သဘောကျနေသည်။ ဤအချိန်လေးသာ ထာဝရ ဖြစ်မည်ဆိုလျှင် ဤကဲ့သို့ တိတ်တိတ်ကလေး ရှုစားရင်းးး….

ရုတ်တရက် ယင်ကျင်းလော့သည် သူမ၏ လှပသော မျက်ဝန်း တစ်စုံကို ဖျတ်ခနဲ ဖွင့်လိုက်ရာ သူမအား အရူးအမူး စိုက်ကြည့်နေ‌သော ရှန်းယွမ်အား တွေ့မြင်လိုက်သည်။ ချက်ချင်းပင် သူမရှေ့မှ ဝက်ဝံသားကင်ကို လက်ညှိုး ထိုးပြလိုက်ပြီး-

“ဒါကို ကြွပ်တဲ့ထိ ကင်လိုက်၊ ငါ မင်းတို့ စားသလိုပဲ စားမယ်။ အထူးတလည် ပြင်စရာ မလိုဘူး။ မနက်ဖြန်ကစပြီး လေ့ကျင့်ရေး ဆင်းရမယ်”

ရှန်းယွမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။

ယင်ကျင်းလော့သည် ရှန်းယွမ်အား အပြုံးမျက်စောင်းနှင့် ကြည့်ကာ သစ်သား ခုတင်ဘက်သို့ တစ်လှမ်းချင်း လှမ်းသွားရင်း ပြောလိုက်သည်။

“နားတော့ ငါအိပ်ရာပေါ် အိပ်မယ်၊ မင်း ကြမ်းပြင်ပေါ်အိပ်”

ရှန်းယွမ်က ခေါင်းကို အလျင်အမြန် ညိတ်ပြရင်း-

“ဒါက ကျွန်တော့် တာဝန်ပါ၊ အပြင်မှာ မအိပ်ရတာပဲ ကောင်းလှပါပြီ”

“မင်းက ငါ့ဆီ တပည့် ခံယူပြီးပြီဆိုတော့ မင်းရဲ့ဆရာ အနေနဲ့ စည်းမျဉ်း သတ်မှတ်မယ်” 

ယင်ကျင်းလော့ ခုတင်ပေါ်မှ တစ်ဖက်သို့ စောင်းလိုက်ရင်း ဆိုလိုက်သည်။

“ဒီနေ့ညကစပြီး ငါ့ကို ဘယ်အချိန် ဘယ်လို အခြေအနေပဲဖြစ်ဖြစ် အလစ်တိုက်လို့ရတယ်။ နိုင်ရင် မင်းလုပ်ချင်တာတွေ လုပ်လို့ရမယ်”

ယင်ကျင်းလော့၏ အပြုံးသည် ပန်းလေး တစ်ပွင့်နှယ် လှပနေပြီး လူကို စွဲလန်းမူးမိုက် သွားစေလေသည်။

ထိုစကား ကြားပြီးနောက် ရှန်းယွမ်၏ မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားပြီး တံတွေးကို မျိုချလိုက်ကာ ယင်ကျင်းလော့ကို ဆာလောင်နေသော ဝံပုလွေ တစ်ကောင်အလား တစ်ရှိုက်မက်မက် စိုက်ကြည့် လိုက်သည်။ ထို့နောက် –

“ဘာ ချုံခိုပြီး အလစ်တိုက်တာမှ မဟုတ်ဘူး၊ အဲ့ဒါ ကိုယ့်ကိုယ်ကို သတ်သေတာ အသိသာကြီးကို”

ရှန်းယွမ် စကားကြောင့် ယင်ကျင်းလော့ သက်ပြင်းဖွဖွ ချလိုက်ပြီး လက်ချောင်းလေးများ ညင်သာစွာ လှုပ်လိုက်လေသည်။ ရုတ်တရက် လေဟုန်တစ်ချက် ရှန်းယွမ်၏ နဖူးကို ရိုက်ခတ်သွားပြီး ရှန်းယွမ်မှာ မြေပြင်ထက် သုံး လေး ပတ် လိမ့်သွားလေသည်။

ဤတစ်ကြိမ်တွင်မူ ကုရှင်းသည် ယင်ကျင်းလော့ကို ခါတိုင်းကဲ့သို့ မဟောင်ပဲ ခြိမ်းခြောက်သံ ကဲ့သို့သာ ပေးလိုက်သည်။ သို့သော် သူ၏ ဝံပုလွေ မျက်လုံးထဲတွင်မူ နှစ်ထောင်းအားရ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ရှန်းယွမ်သည် အရှုံးမပေးဘဲ ထိုညတွင် ယင်ကျင်းလော့ကို ဆယ့်ခုနစ်ကြိမ် တိုင်တိုင် ချောင်းမြောင်း တိုက်ခိုက်သော်လည်း ယင်ကျင်းလော့၏ ဆံပင် တစ်မွေးကိုပင် မထိသည့်အပြင် အဆုံးသတ်သည်လည်း မရှုမလှ ဖြစ်ခဲ့ရသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset