အပိုင်း ၃
လှပသော ဆရာ..
“ကျွန်မ ယောက်ျား… ….. အို့…. ဘယ်သူများ သတ်လိုက်ပါလိမ့်”
မိန်းမလှလေးက ခပ်လှောင်လှောင် ပြုံးလိုက်ပြီး နုဖပ်ရှင်းသန့်လှသော ခြေဗလာဖြင့် ရှန်းယွမ်ဆီသို့ တစ်လှမ်းချင်း လှမ်းလာသည်။
ထိုအချိန်တွင် ကုရှင်းသည် ရှန်းယွမ်ရှေ့ ရပ်ကာ မာန်ဖီ လိုက်သော်လည်း မိန်းမလှက မကြားဟန် ပြုလိုက်သည်။
ရှန်းယွမ်သည် ရှေ့မှ ခေါင်းတစ်လုံးစာ ပိုမြင့်သော ထိုမိန်းမကို ကြည့်ပြီး သူ့ကို ရိုက်လိုက်သည့် သူမ၏ လှုပ်ရှားမှုများကို သေချာ မမြင်လိုက်ရသော်လည်း အင်အားချင်း ကွာဟမှုကို သိသွားသည်။ သို့သော်လည်း –
“ငါ့အိမ်ထဲ လာအိပ်နေပြီး လူကို ရိုက်ရဲတယ်ပေါ့”
မိန်းမလှလေး ခြေလှမ်းများ ရပ်တန့်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ ဖော်မပြနိုင်သော အခိုးအငွေ့များ ရှိနေသည်။ ထို့နောက် သူမသည် ရှန်းယွမ်၏ ကြိမ်ဒဏ်ကြောင့် စုတ်ပြဲနေသော အဝတ်ပေါ်ရှိ သွေးများနှင့် အဝတ်ကြားမှ သွေးစို့နေသော အနာတို့ကို ကြည့်ရင်း ပြုံးကာ-
“ခန္ဓာကိုယ်ကတော့ မဆိုးဘူးပဲ၊ ဒါပေမယ့် မင်းမှာ အနိမ့်ဆုံး တိုက်ခိုက်ရေး သမားရဲ့ အင်အားတောင် မရှိဘူး။ ဒီအိမ်က မင်းရဲ့အိမ်ပါလို့ ဘယ်လို သက်သေပြမလဲ။ မင်းမှာ သစ်ပင်ခုတ်ပြီး အိမ်ဆောက်နိုင်တဲ့ အရည်အချင်းကော ရှိရဲ့လား”
“ကောင်းပြီ… ခင်ဗျား အိပ်နေတဲ့ အိပ်ရာအောက်က သားရဲအရေကို ဖယ်ကြည့်လိုက်… အဲဒီမှာ လျှို့ဝှက် အကန့်လေး ရှိတယ်။ အထဲမှာ တိုက်ခိုက်ရေး ဒင်္ဂါးပေါင်း ကိုးရာ သုံးဆယ့် ခြောက်ပြား ရှိလိမ့်မယ်”
ရှန်းယွမ်မှ အိပ်ရာ၏ အလယ်ကို ထိုးပြပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
မိန်းမလှလေးမှာ ခဏတာ မှင်တက် သွားပြီး ကျားရဲမိစ္ဆာ၏ သားရေကို ဆွဲလှန် လိုက်သည်။ ထိုအခါ လျှို့ဝှက်ပေါက် တစ်ခုကို တွေ့မြင် လိုက်ရ၏။ သူမ အထဲမှ တိုက်ခိုက်ရေး ဒင်္ဂါးများကို ထုတ်ယူလိုက်ပြီး ရေတွက်ကြည့်လိုက်ရာ အမှန်ပင် ကိုးရာ သုံးဆယ့် ခြောက်ပြား ဖြစ်နေသည်။
ရှန်းယွမ်မှာ မိန်းမလှလေး၏ မျက်နှာ အမူအရာ အပြောင်းအလဲကို ကြည့်ပြီး ရှေ့သို့ တစ်လှမ်း တိုးကာ –
“ကုရှင်း မင်းဖွက်ထားတဲ့ အရိုးကို တူးပြီး သူ့ကို ပြလိုက်ဦး”
“ဝု..”
ကုရှင်း တစ်ချက် ဟောင်လိုက်ပြီး သစ်အိမ်၏ ထောင့်တစ်နေရာကို တူးလိုက်သည်။
“ဒါကျွန်တော့်အိမ် မဟုတ်ဘူးလို့ ခင်ဗျား ပြောရဲသေးလား။ မယုံသေးရင်လည်း ထပ်ပြမယ်”
ရှန်းယွမ်သည် သစ်သား နံရံဆီသို့ သွားကာ လျှို့ဝှက် အကန့်ထဲမှ အသားခြောက်နှင့်ရေကို ထုတ်ပြလိုက်သည်။
“ခုတော့ ယုံပြီမလား”
ထိုအခါ မိန်းမလှလေးမှာ ချက်ချင်းပင် ချိုသာစွာ ပြုံးလိုက်ပြီး –
“အားနာပါတယ်၊ ခုနက ကျွန်မ ပင်ပန်းနေလို့… နောက်ပြီး ဒီနေရာကလည်း မဆိုးတာနဲ့ ခဏ အနားယူ လိုက်တာ၊ ခုအိမ်ရှင်ပြန်လာပြီဆိုတော့ ကျွန်မ သွားတော့မယ်” ဟုဆိုကာ သစ်သားတံခါးဆီသို့ လျှောက်သွားသည်။
“ခဏနေဦး၊ ခင်ဗျားက ကျွန်တော့် နေရာမှာလည်းနေသေး လူကိုလည်း အကြောင်းမရှိ ရိုက်သေးတယ်၊ ဒီတိုင်း ထွက်သွားတာ မလွန်လွန်းဘူးလား”
ရှန်းယွမ် သူမကို လွယ်လွယ်ကူကူ လွှတ်ပေး လိုက်ပါက ဆယ့်ရှစ်ဆက်သော ဘိုးဘေးဘီဘင်တို့ကို အပြစ်လုပ်မိသလို ဖြစ်ပေမည်။ ဒါ့ပြင် တစ်ဖက်တွင်လည်း သူမထံမှ ဤကမ္ဘာနှင့် ပတ်သက်သော အကြောင်းအရာများနှင့် သူ၏မှတ်ဉာဏ်ထဲမှ အရာများကို သတင်းနှိုက် လိုသေးသည်။ ထို့ကြောင့် ဆွဲထားရန် ဆုံးဖြတ်ပြီး တားမြစ်စကား ဆိုလိုက်၏။
မိန်းမလှလေးမှာ တစ်ချက် ဆွံအ သွားပြီး တစ်ခဏအကြာ နီရဲနေသော နှုတ်ခမ်းလေးကို ခပ်ဟဟ ဖွင့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“မင်း ဘာလိုချင်တာလဲ၊ မင်းရဲ့အင်အားနဲ့ ငါ့ဆံပင် တစ်မွေးကိုတောင် ထိလို့မရဘူး ဆိုတာ သိမှာပါ၊ ငါသွားရင်ကော မင်းက တားနိုင်မှာ မို့လို့လား”
ရှန်းယွမ်လည်း ရုတ်တရက် ထူပူသွားပြီးမှ အကြံရကာ-
“ခင်ဗျား ဒီလို လုပ်လို့တော့ မရဘူးလေ။ ကောင်းပြီ… ခင်ဗျား ကျွန်တော့်ကို တစ်လ လေ့ကျင့်ပေး။ တစ်လပြီးမှ ထွက်သွားချင်သွား ဘယ်လိုလဲ”
မိန်းမလှလေးက ဆယ်ကျော်သက် အရွယ်သာ ရှိဉီးမည့် ရှန်းယွမ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထို့နောက် ရှန်းယွမ် ကိုယ်ပေါ်မှ ဒဏ်ရာများမှာ အနိုင်ကျင့်ခံ ရလာသည်ဟု ခန့်မှန်းမိပြီး လက်ခံ သဘောတူ လိုက်သည်။
“ကောင်းပြီ ငါ မင်းကို တစ်လ သင်ပေးမယ်၊ ဒါပေမဲ့ တစ်လ ပြည့်တာနဲ့ ငါ ထွက်သွားမှာနော်။ ပြီးမှ ငါ မင်းကို ဘာအခွင့်အရေးမှ မပေးဘူးလို့ မပြောနဲ့”
ရှန်းယွမ်မှာ အလွန်အမင်း ပျော်သွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြကာ-
“စိတ်မပူပါနဲ့ ကျွန်တော်က အခွင့်အရေးတွေကို လက်မလွတ်တတ်တဲ့ လူစားမျိုးပါ၊ ဒါနဲ့ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ ကျွန်တော့် နာမည်က ရှန်းယွမ်”
“ရှန်းယွမ်…. အင်း… နာမည်က စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ငါ့နာမည်က ယင်ကျင်းလော့”
ပြောရင်းပင် ယင်ကျင်းလော့သည် ခုတင်အောက်တွင် ချွတ်ထားသော သူမ၏ တိမ်လွှာဖိနပ်ကို စီးလိုက်ပြီး ရှန်းယွမ်ဆီသို့ လျှောက်လှမ်း လာသည်။
“မင်း တကယ်ပဲ ငါ့ကို သင်ခိုင်းမှာလား။ ဒီလမ်းက လျှောက်ရတာ မလွယ်ဘူးနော်၊ မင်းဒီတိုင်းပဲ အမဲလိုက်ပြီး အသက်ရှင်တာ မကောင်းဘူးလား။ ဒီ ရှုပ်ထွေးလှတဲ့ ကျင့်စဉ်တွေ ကျင့်ပြီး ဘာလုပ်မှာလဲ”
“လူတွေက ကျားအပေါ် ဘာအန္တရာယ်မှ မပြုနိုင်ဘူး။ ဒါပေမဲ့ ကျားကတော့ မတူဘူး၊ အဲလိုပဲ ဒီလောကကြီးမှာ ဘာပဲဖြစ်ဖြစ် အင်အားကြီးသူက သာတာပဲ၊ ကျွန်တော့် ကိုယ်ပေါ်က အမာရွတ်တွေကို ကြည့်ကြည့်၊ ဒါက တောင်ပေါ်မှာ ယွဲ့ဟွမ်မြို့ရှင်ရဲ့သား ‘ယွဲ့ကျွယ်’ ရဲ့ လှည်းရထားကို လန့်စေမိလို့ ကျွန်တော့်ကို မသေရုံတမယ် ရိုက်နှက်ပြီး သင်္ချိုင်းကို တရွတ်တိုက်ဆွဲ ပစ်ထားခဲ့တာကြောင့်ပဲ။ ကျွန်တော် ငယ်ငယ် ကတည်းက အတူရှိခဲ့တဲ့ ကုယွဲ့ကလည်း အသတ် ခံလိုက်ရတယ်၊ အခု ကျွန်တော့်မှာ ကုရှင်းပဲ ကျန်တော့တာ။ ကျွန်တော် လက်စား ချေကို ချေရမှ ဖြစ်မယ်”
ရှန်းယွမ်၏ မျက်လုံးထဲတွင် လူသတ်ငွေ့တို့ဖြင့် ပြည့်နေသည်။
“လူဖြစ်လာပြီ ဆိုတာနဲ့ အချစ်ကော အမုန်းကော ဒွန်တွဲပြီး ဘဝကို ပျော်ပျော် ဖြတ်သန်းသင့်တယ်၊ ဒါမှ အသွေးအသားနဲ့ လူလို့ ဆိုထိုက်မှာ။ ကျန်တဲ့ တစ်ဘဝလုံး သူရဲဘောကြောင်တဲ့ သူဖြစ်ရမှာထက် ကောင်းကင်ရော ကမ္ဘာမှာရော လက်မထောင်နိုင်တဲ့ လူစွမ်းကောင်း ဖြစ်ကို ဖြစ်ရမယ်”
ယင်ကျင်းလော့လည်း ပင့်သက် ရှိုက်လိုက်ပြီး-
“ကောင်းပြီ မင်း အဲ့လိုတွေးရင် ငါလည်း ဘာမှ ပြောစရာ မရှိဘူး၊ ခုတော့ အဝတ်ချွတ်လိုက်”
ရုတ်တရက် ရှန်းယွမ် တစ်ယောက် ကြက်သေ သေသွားကာ နောက်သို့ အယောင်ယောင် အမှားမှား ဆုတ်သွားပြီး လက်နှစ်ဖက်နှင့် ရင်ဘတ်ကို အုပ်ထားလိုက်သည်။
သို့သော် အကြည့်မှာမူ ယင်ကျင်းလော့ ရင်ဘတ်ရှိ ညှပ်ရိုးပေါ် ရောက်နေလေသည်။ ဤမျှလှပသော မိန်းမပျိုနှင့် တစ်လ အတူတူ ရှိရမည်ကို သူ့အနေဖြင့် တွေးပင် မတွေးထားမိခဲ့ချေ။
“ခင်ဗျား ဘာလုပ်မလို့လဲ၊ ကျွန်တော်က သွေးသားနဲ့ လူဆိုပေမယ့် ရိုးရိုးသားသားလေးနော် ..ခင်ဗျား….”
ယင်ကျင်းလော့သည် စိတ်လည်းဆိုး ရယ်လည်း ရယ်ချင်ဖြစ်ကာ ရှေ့သို့ တိုးလာပြီး သူမ၏ ဖြူနုသွယ်ပျောင်းလှသည့် လက်ချောင်းလေးနှင့် ရှန်းယွမ်၏ နဖူးကို တောက်လိုက်သည်။
အားအနည်းငယ်သာ သုံးလိုက်သော်လည်း ရှန်းယွမ်မှာ နောက်သို့ သုံးလေးလှမ်း ရောက်သွားသည်။ ရှန်းယွမ်လည်း လန့်သွားပြီး-
“ဘာလို့ အဲ့လောက် စွမ်းအားကြီး ရတာလဲ၊ မိန်းကလေး တစ်ယောက် ဖြစ်နေပြီး လက်ချောင်းမှာ ဘာလို့ ဒီလောက်တောင် အင်အား ရှိရတာလဲ၊ လူကော ဟုတ်ရဲ့လား”
“ဘာမှ အံ့ဩစရာ မရှိဘူး။ မင်းလို အခြေခံ ကျင့်ကြံမှုတောင် မရောက်သေးတဲ့ သူအတွက် ဒီလိုစွမ်းအားက မတွေးဝံ့စရာပဲပေါ့၊ ကဲ… မင်းကိုယ်က ညစ်ပတ်နေတယ်၊ အရင်ဆုံး ရေမိုးချိုးပြီး သန့်ရှင်းတဲ့ အဝတ် ဝတ်ခဲ့။ ငါ့မှာ မင်းဒဏ်ရာတွေ မြန်မြန် ပျောက်နိုင်တဲ့ ဆေးရှိတယ်။ မနက်ဖြန်ကစပြီး မင်းကို ကျင့်ကြံသူတွေရဲ့ လောကထဲ ရောက်အောင် သင်ကြားပေးမယ်”
ထို့နောက် ယင်ကျင်းလော့သည် ခါးမှ ကျောက်စိမ်းရောင် ဘူးကို ဖြုတ်ပြီး ရှန်းယွမ်အား ပစ်ပေးလိုက်သည်။
“ကျေးဇူးပါ ချောမောလှပတဲ့ ဆရာသခင်”
ရှန်းယွမ်လည်း ဆေးဘူးအား ဖမ်းယူလိုက်ပြီး ခုတင် အောက်မှ သန့်ရှင်းသည့် အဝတ်များကို ဆွဲယူကာ အမြန် ပြေးထွက် သွားတော့သည်။
“ကုရှင်း ရေသွားချိုးမယ်”
ယင်ကျင်းလော့လည်း ရှန်းယွမ်၏ နောက်ကျောကို အတန်ကြာအောင် ငေးကြည့်နေပြီး ပြုံးကာ ရေရွတ်လိုက်သည်။
“ရှန်းယွမ် တစ်လအတွင်း မင်း ဘယ်လောက်အထိ ရောက်နိုင်မလဲ ဆိုတာကို ငါ စောင့်ကြည့်နေမယ်…. ”
***