Switch Mode

Chapter – 2

ခင်ပွန်းကို ဘယ်သူ သတ်တာလဲ

အပိုင်း ၂
ခင်ပွန်းကို ဘယ်သူ သတ်တာလဲ

ဝက်ဝံမိစ္ဆာသည် ကျားရဲမိစ္ဆာထက် ပို၍ စွမ်းအား ကြီးမားပေသည်။

ဤသည်မှာ ရှန်းယွမ် အနေဖြင့် ထိုသို့ ကြမ်းကြုတ်သည့် မိစ္ဆာသားရဲ တစ်ကောင်ကို ပထမဉီးဆုံး နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ဖူးခြင်းပင် ဖြစ်သည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။

ဘယ်လို လုပ်ပြီးများ ဒီဘဝနဲ့ မိစ္ဆာဝက်ဝံကို ကြုံရတာတဲ့လဲ…. သူ ငိုချင်သွားသည်။

“နောက်ဆုံး ငါ ပြန်မွေးဖွားဖို့ အခွင့်အရေး ရခဲ့တယ်၊ ဒါပေမဲ့ ဒီမှာ ငါ သေရတော့မှာလား… အကယ်၍ မိစ္ဆာဝက်ဝံသာ ငါ့ကို သတ်ခဲ့မယ် ဆိုရင် ငါက ဘယ်လိုလုပ် ရှန်းယွမ် ဖြစ်နိုင်တော့မလဲ.. .. … တိုက်စမ်း…”

ရှန်းယွမ် မာန်တင်းကာ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။

သေခြင်းနှင့် ရှင်ခြင်း အတွေးများကြား အခိုက်အတန့်၌ ရှန်းယွမ်၏ သွေးတို့မှာ ဆူပွက်လာပြီး သူ့ခါးတွင် ချိတ်ဆွဲထားသည့် သံချေးတက်နေသော ဓားမြှောင်ကို ဆုပ်ကိုင် လိုက်သည်။ နာကျင်မှုကို အန်တုလျက် သူ၏ ခွန်အားတို့ကို စုစည်းကာ ချက်ချင်းပင် ဝက်ဝံမိစ္ဆာထံ ဉီးတည်လိုက်သည်။

သံချေးတက်နေသည့် ဓားမြှောင်မှာ ၄၀ စင်တီမီတာခန့်သာ ရှည်ပြီး ဓားအသေးလေးနှင့် တူပေသည်။ ရှန်းယွမ်သည် ဓားမြှောင်ကို ကိုင်ထားစဉ် ရုတ်တရက် ထူးဆန်းသည့် ခံစားချက် တစ်ခု ရလိုက်သည်။ သို့သော် ဘာလဲဆိုတာ သူမပြောနိုင်သလို လတ်တလော ထိုအရာကို ဂရုလည်း မစိုက်နိုင်ပေ။ သူ့အနေဖြင့် ဘာမှ များများစားစား တွေးမနေနိုင်ပါချေ။

မိစ္ဆာဝက်ဝံသည် အသိဉာဏ် မြင့်မားဟန် ရှိပြီး သူ၏ စုတ်ချာလှသည့် ဓားမြှောင်ကို မြင်သောအခါ မျက်နှာတွင် လှောင်ပြောင်သည့် အရိပ်အယောင်တို့ ပေါ်လာကာ ဓားမြှောင်ကို လှမ်း၍ ဟပ်လိုက်သည်။

သို့သော် ဓားမြှောင်ကို ကိုက်လိုက်သည့် အခိုက်အတန့်မှာပင် ဝက်ဝံမိစ္ဆာ၏ ချွန်မြနေသည့် အစွယ်တို့မှာ အက်ကြောင်းများ ကွဲထွက်သွားပြီး သွေးများ စီးကျလာခဲ့သည်။

ဓားမြှောင်တွင် သွေးများ စွန်းပေသွားသည်နှင့် တစ်ပြိုင်နက် သက်ရှိ အရာကဲ့သို့ ပေါက်ကွဲ ထွက်သွားပြီး မရေမတွက်နိုင်အောင် ပါးလွှာသည့် အနက်ရောင် အခိုးအငွေ့ အမျှင်တန်းများအဖြစ် ပြောင်းလဲ သွားသည်။ ထို့နောက် ဝက်ဝံမိစ္ဆာ၏ ဉီးခေါင်းကို တိုက်ရိုက် ဖောက်ဝင် သွားလျက် တစ်ဆက်တည်းမှာပင် ရှန်းယွမ်၏ လက်ကိုလည်း ခပ်တင်းတင်း ချိတ်ဆက်သွားသည်။

ရှန်းယွမ်၏ ကိုယ်ခန္ဓာသည် ရုတ်တရက် တုန်ခါသွားပြီး မြောက်မြားစွာသော အနက်ရောင် အခိုးအငွေ့များမှာ စွမ်းအားများ အဖြစ် သူ့ကိုယ်ခန္ဓာ အတွင်းသို့ စိမ့်ဝင်သွားသည်။ ထိုစဉ်မှာပင် ရှန်းယွမ်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာ တဖြည်းဖြည်း ကောင်းမွန်လာလျက် ခွန်အားများ တိုးလာသည်ကို ခံစားလိုက်ရသည်။

‘အခု ငါ့ကိုယ်က ဒဏ်ရာတွေ မြန်မြန် သက်သာသွားပြီ။ ဆာလောင်နေတာတွေလည်း ပျောက်ပြီး ငါ့ခန္ဓာကိုယ် တစ်ခုလုံး ခွန်အားတွေ ပြည့်နေသလို ခံစားနေရတယ်။ ငါ့လက်ထဲက ဓားမြှောင်က ကြည့်နေရင်း သံချေးတက်နေတဲ့ အချို့ အစက်အပြောက်တွေ ပျောက်ပြီး အနက်ရောင် ဝိညာဉ်တွေ ယှက်သန်း သွားသလို လင်းသွားတယ်’

ခဏတာ မိန်းမော သွားပြီးနောက် ရှန်းယွမ်သည် သူ့အာရုံတို့ကို ပြန်လည် စုစည်းကာ ငွေအမြောက်အမြား ရရှိနိုင်သည့် မိစ္ဆာဝက်ဝံ၏ သားမွေးကို ဓားမြှောင်ဖြင့် အလျင်အမြန် ဖြတ်လိုက်သည်။

မူလခန္ဓာကိုယ်၏ အသိဉာဏ်စွမ်းဖြင့် ရှန်းယွမ်သည် အမြင့်ဆုံးဈေး ရောင်းချနိုင်မည့် သားမွေးဖြတ်နည်းကို ကောင်းမွန်စွာ သိလေသည်။ ထို့နောက် ထူးခြားသော စွမ်းအားဖြင့် ဝက်ဝံမိစ္ဆာကို သန့်စင်စွာ စုပ်ယူလျက် အသွေးအသားတို့ ပျောက်ကွယ် သွားစေသည်။ အရာအားလုံး ပြီးဆုံးပြီးနောက် ရှန်းယွမ်သည် ဝက်ဝံမိစ္ဆာ၏ သားမွေးထူကြီးအား ခေါက်လိုက်သည်။ ထို့နောက် ဝက်ဝံမိစ္ဆာ၏ အရိုးပုံကြီးကို ကြည့်လျက် မျက်လုံးများ အရောင် တောက်လာသည်။

“မိစ္ဆာဝက်ဝံရဲ့ အရိုးတွေကလည်း ရောင်းရင် အသပြာ အများကြီး ရတယ်”

အရိုးများ ကောက်ယူရန် သူ့လက်ကို ဆန့်ထုတ် လိုက်ရာ အရိုးပုံကြီးမှာ ရုတ်ခြည်း ပေါက်ကွဲသွားပြီး ပြာမှုန်များအဖြစ် လေထဲသို့ လွင့်ပျံ့သွားသည်။ ရှန်းယွမ်မှာ ထိတ်လန့်သွားလျက် ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ထို့နောက် သူ စိတ်မကောင်းစွာ ပင့်သက် ရှိုက်လိုက်သည်။

ထိုစဉ် ရှန်းယွမ်သည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေသော ကျောက်စရစ်ခဲ အရွယ်အစားခန့် သွေးနီရောင် အမြုတေကို ရုတ်တရက် တွေ့လိုက်ရလေသည်။

“ဟာ… ဟားဟား… ဒါက နီဒျန်ပဲ…”

ရှန်းယွမ်သည် ထိုအမြုတေ၏ အဖိုးထိုက်တန်မှုကို ကောင်းကောင်း သိလေရာ အလွန်ပင် ကျေနပ် အားရ သွားလေသည်။ တစ်နည်းဆိုသော် အမြုတေကို ရောင်းချကာ ဆေးစွမ်းကောင်းများနှင့် ပစ္စည်းကောင်းများကို ဝယ်နိုင်ပြီး အတိုင်းအတာ တစ်ခုအထိ သူ့ကိုယ်သူ အန္တရာယ် ကင်းစေမည် ဖြစ်သည်။

“ငါ့အရင် ဘဝတုန်းက ဆိုရင်တော့ ဒါတွေဟာ အဓိပ္ပာယ် မရှိဘူး။ အင်း… ဒီကမ္ဘာကြီးက မှော်ဆန်လိမ့်မယ်လို့ ငါမထင်ထားဘူး”

ရှန်းယွမ်သည် ချက်ချင်းပင် ယုံကြည်မှု အပြည့်ဖြင့် တိုက်ခိုက်လိုစိတ်များ ထက်သန်သွားသည်။ ထိုစဉ် ကုရှင်းမှာ ပါးစပ်တွင် ဝက်သားပေါက်လေး တစ်ကောင်ကို ကိုက်လျက် ရောက်ရှိလာသည်။

“ကုယွဲ့ ဘယ်မှာလဲ”

ကုရှင်းကို မြင်သည်နှင့် ရှန်းယွမ်သည် ချက်ချင်းပင် ကုယွဲ့ကို စဉ်းစားမိသွားသည်။ အကယ်၍ ကုယွဲ့ သေဆုံးခဲ့သော် သူ့အား ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးရပေမည်။

ကုရှင်းသည် ရှန်းယွမ်၏ စကားကို နားလည်ဟန်ဖြင့် ခေါင်းကို ဝမ်းနည်းစွာ ယမ်းပြလိုက်သည်။

ရှန်းယွမ်မှာ ကုယွဲ့ကို ထပ်မံ၍ မတွေ့နိုင်တော့သည်ကို သိလိုက်ပြီး နာကျင်စွာ ခံစားလိုက်ရသည်။

“သွားမယ် အိမ်ပြန်ကြစို့”

ဤနေရာနှင့် မနီးမဝေးရှိ သစ်ပင်ကြီး တစ်ပင်၌ သူ့အိမ် ရှိနေသည်ကို မှတ်ဉာဏ်မှ သိလိုက်သည်။

လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် သူတို့အိမ်သို့ မနှေးမမြန် လျှောက်လာကြသည်။ လမ်းလျှောက်နေရင်း ရှန်းယွမ်မှာ သူ၏ မှတ်ဉာဏ်များကို ပြန်လည် တူးဆွနေခဲ့သည်။ ဤသို့ဖြင့် သူတို့ နေထိုင်ရာ သစ်ပင်အိမ်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။

သစ်ပင်မြင့်ကြီးရှိ အိမ်လေး အတွင်း ရိုးရှင်းသော အိပ်ရာထက်တွင် ကျားရဲမိစ္ဆာ၏ သားရေဖြင့် ပြုလုပ်ထားသော စာရွက် တစ်ရွက်နှင့် နံရံထက်၌ သတ်ဖြတ်ခဲ့သည့် သားရဲတို့၏ အစွယ်များ၊ ချိုများ ချိတ်ဆွဲထားသည်။

အောက်ကြမ်းပြင်တွင်မူ နတ်ဝံပုလွေ၏ အရေခွံအတိတို့ဖြင့် ခင်းကျင်း ထားလေ၏။ သူ့စိတ်ထဲ လုံခြုံနွေးထွေးစေသော အိမ်လေးပင် ဖြစ်သည်။ ထိုသစ်အိမ်၏ အလယ်တွင် နေ့စဉ် ချက်ပြုတ်ရန် အတွက် အသုံးပြုသော အချင်း တစ်မီတာရှိ တွင်းနက်ကြီး တစ်ခု ရှိလေသည်။

လူအများသာ ထိုအကြောင်းကို ရှာတွေ့သွားပါက အဆုံးသတ်တွင် မြုပ်နှံစရာ သင်္ချိုင်းပင် မရှိသည့် သေခြင်းမျိုး ဖြစ်သွားနိုင်ပေသည်။

အမှီအခိုကင်းစွာ လွတ်လပ်သူ တစ်ယောက်သည် ယွဲ့ဟွမ်မြို့ရှိ အဖွဲ့အစည်း တစ်ခုခုသို့ ဝင်၍ အစေခံဖြစ်စေ၊ လူမိုက်ဖြစ်စေ ပြုလုပ်နိုင်သည့် အပြင် သူတို့၏ သက်တော်စောင့် သို့မဟုတ် ကြေးစား တစ်ယောက် အနေဖြင့်လည်း ပြုလုပ်နိုင်ပြီး မနှစ်မြို့ ရွံရှာဖွယ် လုပ်ဆောင်ချက်တို့ လုပ်ဆောင်ရသည်ကို သူ့အာရုံထဲတွင် သိမြင်ခဲ့ရသည်။

ပါရမီရှိသူ တချို့နှင့် ကံကောင်းသူတို့မှာ ဂိုဏ်းအချို့၏ တပည့်အဖြစ် လက်ခံမှုကို ရရှိကြသည်။ သူတို့မှာ အစားအသောက်နှင့် အဝတ်အထည် အတွက် ပူပန်စရာ မလိုတော့ပေ။ ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ရန်သာ ဖြစ်သည်။ ပစ္စည်းဉစ္စာများကို လုယက်ယူငင်ကြသည်။ အမျိုးသမီးများကိုလည်း မုဒိမ်းကျင့်ပြီး သတ်ပစ်နိုင်သည်။

ယခုအခါ ရှန်းယွမ်သည် ကူကယ်ရာမဲ့ ဖြစ်နေပြီး ဤကြမ်းကြုတ်လှသည့် ကမ္ဘာကြီးမှ သူ့ကိုယ်ပိုင် ကမ္ဘာ ဖန်တီးနိုင်ရန် အဘယ်မျှ ခက်ခဲမည်ကို ခံစားမိနေသည်။ သို့သော်လည်း ယဲ့ချောင်း မြို့တော်သခင်၏ သား ယွဲ့ကျယ်ကိုမူ သူ မဖြစ်မနေ ကလဲ့စားချေနိုင်ရန် မျှော်လင့်ထားသည်။

လူတို့သည် စိတ်ဓာတ် ကျလာသည်နှင့် အမျှ စိတ်စွမ်းအား၊ သတ္တိနှင့် ဆန္ဒများ ကင်းမဲ့ လာတတ်သည်ကို ရှန်းယွမ် ကောင်းကောင်း သိပေသည်။ ထို့ကြောင့် သူ့စိတ်ကို အတတ်နိုင်ဆုံး ကြိုးစား၍ ထိန်းထားသည်။

“ဘယ်နည်းနဲ့မဆို ငါ မင်းကို မရရအောင် လက်စားချေမယ်။ ခုချိန်မှာ မင်းရဲ့ ခန္ဓာနဲ့ မင်းတွဲလျက် ရှိနေသေးတာ ငါမင်းကို ပေးတဲ့ တစ်ခုတည်းသော ဆုလာဘ်ပဲ။ ငါ့ကိုကြည့်ထား ..… ငါက ငါ့ရဲ့ ကတိသစ္စာကို အသေအချာကို ဖြည့်ဆည်းမှာ”

ထို့နောက် ရှန်းယွမ်သည် သူ့ကိုယ်သူ အားပေးလိုက်ရင်း အိမ်၏ လျှို့ဝှက် သစ်သားတံခါး ဆီသို့ သွား၍ ဖွင့်ကြည့်လိုက်သည်။ သို့သော် ဘယ်အရာမှ ပြောင်းလဲခြင်း ရှိမနေချေ။

ရှန်းယွမ်သည် ကုရှင်းနှင့်အတူ အိမ်အတွင်းသို့ ပြန်လျှောက်လာရင်း သူ၏ သစ်သားခုတင်ကို ကြည့်လိုက်သော အခါတွင်မူ အလွန်အမင်း အံ့ဩသွားရသည်။

ရှန်းယွမ်မှာ သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ရင်း ခဏတာ အေးခဲသွား၏။

နှင်းဖြူရောင် ဖြူလွှလွှ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဉီးသည် ခါးထိအောင် ရှည်လျား၍ အနက်ရောင် ပိုးသားများ အလား ပျော့ပျောင်းသော ဆံနွယ်များကို ကျောပြင်ထက်၌ ဖြန့်ချထားသည်။ ကျောက်စိမ်းသားကဲ့သို့ ကြည်လင်နေသော သူမ၏ ခန္ဓာကိုယ်ကိုလည်း အိပ်ရာထက်၌ ကနွဲ့ကလှ လဲလျောင်းထားသည်။ မွှေးရနံ့ သင်းပျံ့နေသည့် ပခုံးသားဝိုင်းဝိုင်း၊ ပြီးပြည့်စုံသော စွဲမက်ဖွယ် ညှက်ရိုးတို့၏ အောက်တွင် မို့မို့မောက်မောက် ရင်သား တစ်ပိုင်းတစ်စမှာ ပြက်ပြက်ထင်ထင် ပေါ်ထွက်နေလေသည်။ ရှန်းယွမ်သည် ဖြူစင် ဝင်းမွတ်လှသည့် သန္တာရောင် အသားအရေ ပိုင်ရှင် အမျိုးသမီးကို မျက်လုံးပြူးကြီးများဖြင့် မမှိတ်မတုန် ကြည့်ရင်း တံတွေး တစ်ချက် မျိုချလိုက်သည်။

‘ငါ့တစ်သက်နဲ့ တစ်ကိုယ် ဒီလောက် လှပချောမောတဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး၊ ကြည့်လို့ ကောင်းလိုက်တာ…’

သူ့ရှေ့မှ အမျိုးသမီး၏ မျက်နှာ၊ ရင်သား.. သေးသွယ်သွယ် ခါးသိမ်သိမ်လေးနှင့် ဖော့ဖယောင်းအလား လက်လေးများက ဟန်ချက်ညီညီ ယိမ်းနွဲ့နေသည်ကို မှင်တက်စွာ ကြည့်နေမိသည်။ ထို့ပြင် ဖြူလွင်လွင် ဝတ်စုံအောက်မှ ကျောက်စိမ်းသား ကဲ့သို့ ကြည်လင် နူးညံ့သော ဒူးတစ်စုံမှာလည်း ပေါ်ထွက်နေ၏။ ဝတ်စုံပါးပါး အောက်ရှိ ကောက်ကြောင်း မှတစ်ဆင့် သူမ၏ ဖြောင့်စင်း သွယ်တန်းသော ခြေတံတို့ကို ပုံဖော်ကြည့်နိုင်သည်။

ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်…

ရှန်းယွမ်သည် သူ၏နှလုံးသား ခပ်ပြင်းပြင်း ခုန်သွားသည်ကို သတိပြုမိလိုက်သည်။ သူ့ရှေ့ရှိ အမျိုးသမီး မည်သူမည်ဝါ ဖြစ်သည်ကို သူ မသိသော်လည်း ဤသည်မှာ သူ၏အိမ် ဖြစ်သည်။ သူ့အိပ်ရာပေါ်တွင် သူမ အိပ်နေသည်မှာ သူ့ကို ဒေါသထွက်စေသည်။ ရှန်းယွမ်သည် အနည်းငယ် စိတ်လှုပ်ရှား နေသော်လည်း သတ္တိမွေးလိုက်ပြီး နတ်ဝံပုလွေ သားရေကြမ်းခင်းပေါ်သို့ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။

ထို့နောက် တံတွေး တစ်ချက် မျိုချလိုက်ပြီး ယောက်ယက်ခတ်နေသော စိတ်တို့အား တင်းထား လိုက်သည်။

‘ဒီမှာ.. မင်းရဲ့ ကြည့်ကောင်းတဲ့ တင်ပါးတွေကို ငါမကြည့်ဘူး’

သို့သော်ငြား သစ္စာတရားတို့ အချစ်တို့ ဆိုတာတွေဟာ ရွှမ်ယွမ်၏ စိတ်ထဲမှ ခုန်ပေါက် ထွက်ပြေး သွားကြလေပြီ။

ရှန်းယွမ်သည် ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း တိုးကပ်လာရင်း အသက်ရှူရ ကျပ်လာသည်။ ခုတင်ထက်ရှိ အမျိုးသမီးမှာ လဲလျောင်း နေသဖြင့် သူမ၏ ခန္ဓာကိုယ်ရှိ ပိုးသားဝတ်စုံမှ ပြည့်မောက်နေသော ရင်သားနှစ်မြွှာသည် ဖိညှစ်လိုက်သည့် အလား အမြှောင်းလိုက် ထင်းရင်း ပေါ်ထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်နှင့် အိကပ်နေသော ပိုးသားစကတ်သည်လည်း တင်းရင်း လုံးဝန်းနေသော တင်ပါးများကို ဖော်ညွှန်းပြနေ၏။ ထိုအမျိုးသမီး အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမထံမှ ထွက်လာသော ကိုယ်သင်းရနံ့တို့ကို ရှူရှိုက်မိလိုက်သည့် သကာလ ရှန်းယွမ် လန်းဆန်း တက်ကြွ သွားသည်။

‘ပြည့်စုံတယ်… အလွန်တရာကို ပြီးပြည့်စုံပေတယ်.. ကျေးဇူးတင်ပါတယ် ဘုရားသခင်၊ သင်က တကယ် တရားမျှတ ပါပေတယ်။ အကြောင်းပြချက် မရှိပဲ ငါ့ကို ဒီလိုလှပတဲ့ အမျိုးသမီး တစ်ယောက် ပေးခဲ့တယ်’

ရှန်းယွမ်မှာ စိတ်ရှုပ်ရှားစွာဖြင့် သူ့လက်အား ဆန့်တန်းလိုက်ပြီး အမျိုးသမီး၏ လက်မောင်းကို တို့ထိလိုက်သည်။ သူသည် အမျိုးသမီး၏ ကျောက်စိမ်းကဲ့သို့ ရှင်းသန့်နေသည့် လက်မောင်းသားကို ထိတွေ့မိသည်နှင့် မျက်ရည်ကျမတတ် ဘုရားသခင်ကို ကျေးဇူး တင်သွားသည်။

‘ထိတွေ့ရတာ ကောင်းလိုက်တာ… ချောမွတ်နေတာပဲ’

လှုပ်ခတ်သွားသော စိတ်ဝိညာဉ်ကို ထိန်းလိုက်ပြီး ရှန်းယွမ်သည် ချောင်းတစ်ချက် ဟန့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“မိန်းကလေး.. နိုးပြီလား မိန်းကလေး…”

ခြင်တစ်ကောင် အော်မြည်သည့်အလား တိုးညင်းလှသည့် ရှန်းယွမ်၏ ခေါ်ဆိုမှုသည် အမျိုးသမီးကို အမှန်တကယ် နိုးရန် မရည်ရွယ်ခဲ့ချေ။ သို့သော် လူအများအား ဖော်မပြနိုင်လောက်အောင် ခံစားချက် ပေးစွမ်းနိုင်သည့် လှပသော မျက်ဝန်းတစ်စုံမှာ ရုတ်တရက် ပွင့်လာလေသည်။

နတ်မိမယ်အလား နူးညံ့သိမ်မွေ့စွာ အဆုံးမရှိသော ဆွဲဆောင်မှုဖြင့် သွေးဆောင် ဖျားယောင်းနိုင်စွမ်း ရှိသော်လည်း ယခုတွင် အမျိုးသမီး၏ အမူအရာမှာ အေးစက် နေလေသည်။ ရုတ်ခြည်းပင် ရှန်းယွမ်၏ မျက်စိ အရှေ့၌ အလင်းတန်း တစ်ခု လင်းသွားသလို ခံစားလိုက်ရပြီး အမျိုးသမီး၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

ထို့နောက် နဖူးမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လွင့်သွားသည်။ နှစ်လိမ့် သုံးလိမ့် လိမ့်သွားခဲ့ပြီး ရှန်းယွမ်သည် ချက်ချင်းပင် မတ်တတ် ထရပ်လိုက်သည်။ လက်တစ်ဖက်ဖြင့် နဖူးကို အုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ရှေ့မှ အေးစက်စက် အလှတရားမကို ညွှန်ပြကာ ဒေါသတကြီး အော်လိုက်၏။

“မင်းက ကိုယ့်ခင်ပွန်းကို သတ်ချင်တာလား…”

အေးစက်စက် ရေခဲအလှလေးမှာ သူမရှေ့ရှိ ထိတ်လန့် တုန်လှုပ်နေသော ကောင်လေးကို ကြည့်လျက် ချိုမြိန်စွာ ပြုံးလိုက်သည်။ ပြည်တော်သိမ်းမည့် အပြုံးပန်း တစ်ပွင့်ပင် ဖြစ်၏။

အလွန်အမင်း ဒေါသ ထွက်နေသော ရှန်းယွမ်မှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ ဒေါသတို့မှာလည်း လွင့်ပျောက် သွားတော့သည်။ သူ့အရှေ့မှ အေးစက်စက် အလှဘုရားမမှာ အဆိုးရွားကြီး ဆိုးရွားသူ မဟုတ်တော့ပဲ သူ၏ အမြင်တွင် လူကောင်း တစ်ယောက် ဖြစ်လာသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset