Switch Mode

Chapter – 1

ပြန်လည် မွေးဖွားခြင်း

အပိုင်း ၁
ပြန်လည်မွေးဖွားခြင်း

သူသည် မိဘမဲ့တစ်ဉီး၊ အမည်နာမပင် မရှိခဲ့သော ကလေးငယ် တစ်ဉီး ဖြစ်သည်။ သူ့အသက် လေးနှစ်သား အရွယ်ကပင် စွန့်ပစ်အမှိုက်ပုံမှ ‌အလေအလွင့် ခွေးများ ကြောင်များကို တိုက်ခိုက် စားသောက်ရင်း ရှင်သန်လာခဲ့သည်။

သူ့ကံကြမ္မာကို အင်မော်တယ် တစ်ဉီးကဲ့သို့ ကောင်းကင်တွင် ဝဲပျံလျက် တောင်များ၊ ပင်လယ်များအား ဖြတ်သန်းနိုင်သည့် တန်ခိုးရှင်ပမာ ပြောင်းလဲ ပစ်ချင်သည်။ ထို့ကြောင့် ရှန်းယွမ်ဟု သူ့ကိုယ်သူ အမည် ပေးလိုက်သည်။

အကြောင်းမှာ… တောင်းရမ်း စားသောက်၍ နက္ခတ်ဗေဒင် ဟောပြောပေးသည့် မျက်မမြင် လူအိုကြီး တစ်ဉီးထံမှ ‘ဧကရာဇ် ရှစ်ပါးကို အုပ်စိုးသော လူအပေါင်း ခစားကြရသည့် ကြီးမြတ်သော ဧကရာဇ်မျိုးဆက် ရှန်းယွမ်’ ဆိုသည့် တိုးတိုး ရေရွတ်သံကို ကြားဖူးသောကြောင့် ဖြစ်သည်။

အသက် ငါးနှစ်သား အရွယ်တွင် သူတောင်းစားအိုကြီး တစ်ယောက်သည် သူ့အား ခေါ်ယူ စောင့်ရှောက် ပေးခဲ့သည်။ ထိုအဘိုးအိုမှ ရှင်သန် နေထိုင်နိုင်မည့် နည်းလမ်းတို့ကို သင်ကြား ပေးခဲ့၏။

သူတောင်းစား အဘိုးအိုက-

‘ရှန်းယွမ် … မင်းကျောင်းတက်ရမယ်’

“ငါက အသက်ကြီးလာပြီ သေဖို့လည်း နီးနေပြီ။ ပြီးတော့ မင်းကို သူတောင်းစား ဘဝနဲ့ နေခွင့် မပေးနိုင်ဘူး၊ ဒီဘဝနဲ့ဆို မင်းကို လူတွေက အထင်သေးကြလိမ့်မယ်… မင်းဘဝကို သူတောင်းစားဘဝနဲ့ အဆုံးမသတ် စေချင်ဘူး။ ဒီတော့ စာဖတ်ခြင်းက မင်းအတွက် တစ်ခုတည်းသော နည်းလမ်းကောင်းပဲ။ မင်းက ထက်မြက်တဲ့ ကလေးပါ။ ဒါကြောင့် မင်းစာသင်ရမယ်။ မြို့ကြီးတစ်မြို့ကို ဝင်လိုက်တာနဲ့ မိန်းမလှလေးတွေ တန်းစီရပ်ခိုင်းပြီး မင်းစိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အနေအထားမျိုးထိ ရောက်အောင် မင်းရှင်သန်ကြီးပြင်းရမယ် ”


ကျောင်းစတက်သည့် ပထမဆုံးနေ့၌ ရှန်းယွမ်မှာ လမ်းတစ်လျှောက် ငိုရှိုက်ရင်း သွားခဲ့သည်။

သို့သော် သူသည် ထက်မြက်သည့် ကလေးတစ်ဉီး ဖြစ်သည်။ တရုတ်၊ သင်္ချာနှင့် အဂ်လိပ် စသည့် ဘာသာရပ်တို့ သာမက ဘက်စုံ ထူးချွန်ခဲ့သည်။ မြို့၏ နံပါတ်တစ် ထူးချွန်သူ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ တစ်ဉီးဖြစ်ကြောင်းလည်း သိထားသဖြင့် ကျောင်းမှ သင်ကြားစရိတ်များ ကင်းလွတ်ခွင့် ရရှိသည့်ပြင် ထောက်ပံ့ကြေး အချို့လည်း ရရှိခဲ့သည်။

သို့ရာတွင် သူ၏ ကံကြမ္မာ တစ်လှည့် ပြောင်းခဲ့ပြန်သည်။

ရှန်းယွမ်သည် သူ နှစ်ပေါင်းများစွာ မှီခိုသမှုပြုနေသော သူတောင်းစား အဘိုးအို ဂုဏ်ယူနိုင်စေရန် အစွမ်းကုန် ကြိုးစားနေစဉ်မှာပင် အဘိုးအိုသည် အလွန်အေးသည့် ဆောင်းညတစ်ည၌ သေဆုံးသွားခဲ့သည်။

ရှန်းယွမ်မှာ အံကို တင်းတင်းကြိတ်လျက် ပြင်းထန်လှသည့် အအေးဒဏ်ကို အန်တုရင်း သူတောင်းစား အဘိုးကြီး၏ သက်မဲ့ခန္ဓာအား လူသူကင်းမဲ့ရာ အရပ်သို့ သယ်ဆောင် လာခဲ့သည်။ မျက်ရည်များ စီးကျလျက် ဆီးနှင်းများ ဖုံးနေသော အေးခဲမာကျောလှသည့် မြေပြင်ကို လက်မှ သွေးထွက်သည့်တိုင် တူးဆွပြီး ကျေးဇူးရှင် အဘိုးအိုကို မြှုပ်နှံလိုက်သည်။

“အဘိုး ခင်ဗျား ခု တစ်ယောက်တည်း ထွက်သွားတာ အရမ်းအရမ်းကို အထီးကျန် ရတော့မယ်.. ခင်ဗျား ပြောတော့ လူကောင်းတွေကို ဆုချလိမ့်မယ်ဆို… ဘာကြောင့် ခင်ဗျား သေရတာလဲ။ နောက်နောင်ဘဝမှာ ခင်ဗျား ကြောင့်ကြမရှိ .. တည်ငြိမ် ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ်”

ရှန်းယွမ် ပြောရင်း မျက်ရည်များ ဝဲတက် လာပြန်သည်။

‘ဆင်းရဲဒုက္ခ ရောက်နေတဲ့ လူကောင်း တစ်ယောက်ကို အကြိမ်တစ်ရာလောက် အရိုအသေ ပေးမယ်ဆိုရင် အဲ့လူဟာ နောက်ဘဝမှာ ပိုပြီး ကောင်းမွန်တဲ့ ဘဝကို ရလိမ့်မယ်လို့ ဗေဒင်ဆရာ တစ်ယောက် ပြောတာကို ငါ ကြားခဲ့ဖူးတယ်။ ငါ အဘိုးအိုကြီးကို အကြိမ် တစ်ရာမက အရိုအသေ ပြုခဲ့ပြီးပြီ။ ဒါကြောင့် နောက်ဘဝမှာ သူ တစ်နေ့ ထမင်း သုံးကြိမ်စားပြီး အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေ ပျော်ရွှင်တဲ့ ဘဝမှာ နေနိုင်မှာပါ’

သူတောင်းစား အဘိုးကြီး၏ အုတ်ဂူရှေ့ရှိ နှင်းများပေါ်တွင် အနီရောင် သွေးကွက်များ ရှိနေသည်။ အုတ်ဂူအရှေ့ မတ်မတ် ရပ်နေသည့် ရှန်းယွမ်၏ နဖူးပြင်သည်လည်း သွေးစသွေးနများ စွန်းပေလျက်ရှိ၏။ သူ၏ မျက်ဝန်းတစ်စုံမှာ ဗလာကျင်းနေပြီး မျက်ရည်များ အဆီးအတားမရှိ ကျနေခဲ့သည်။

ရှန်းယွမ်သည် ဝမ်းနည်း ပူဆွေးစွာဖြင့် တစ်လှမ်းပြီး တစ်လှမ်း လှမ်းနေမိသည်။

သူ ဘာဆက်လုပ်ရမည်နည်း။

နှစ်ပေါင်းများစွာ သူတောင်းစားအိုကြီးနှင့် နေထိုင်ခဲ့ပြီး အဘိုးကြီး၏ နောက်သို့သာ အချိန်ကြာမြင့်စွာ လိုက်နေခဲ့သည်။ ယခု သူတောင်းစား အဘိုးအိုမှာ သေဆုံး သွားခဲ့လေပြီ။ သူအဘယ်သို့ နေထိုင်ရမည်ကို မသိပေ။ ရှန်းယွမ်မှာ ဆောက်တည်ရာမဲ့ ခံစားနေရသည်။

ထူထပ်စွာ ကျနေသော ဆီးနှင်းများကြား ရှန်းယွမ်သည် ရီဝေမူးမိုက်လျက် အေးခဲထုံကျင် နေသော်ငြား ဉီးတည်ရာမရှိ လျှောက်လှမ်း နေမိသည်။ အဆုံး၌ သူသည် မဟန်နိုင်တော့ပဲ နှင်းခဲပြင်ပေါ်သို့ လဲကျသွားတော့သည်။ ပိန်းပိတ်အောင် ကျနေသော ဆီးနှင်းထုက တစ်ခဏ အတွင်းမှာပင် သူ့အား ဖုံးလွှမ်း သွားခဲ့ပြီး မကြာမီ အုတ်ဂူ တစ်ခုပမာ ဖြစ်သွားတော့သည်။

အုံ့မှိုင်းနေသည့် ကောင်းကင်ထက်၌ အဆုံးစမဲ့ ဝိညာဉ်အမျှင်တန်း တစ်ခု မျောလွင့် နေလေသည်။

ကြမ်းတမ်းသော လေ၊ ရေခဲဆီးနှင်းတို့ နှင့်အတူ စီးမျော နေသည်မှာ ရှန်းယွမ်၏ ဝိညာဉ်ပင် ဖြစ်သည်။ ရှန်းယွမ်သည် သူ၏ ကိုယ်ခန္ဓာမှာ တစ်စုံတစ်ရာ ထိန်းချုပ်ထားခြင်း မရှိပဲ ပေါ့ပါးလွတ်လပ်စွာ မျောလွင့်နေသည်ကို ခံစားမိနေသည်။

‘ငါ ဘယ်ရောက်နေတာလဲ’

သူ အောက်သို့ ငုံ့ကြည့်လိုက်သည်တွင် ထောင်ပေါင်း များစွာသော အလောင်းများ ပုံထပ်နေသည့် လူခြေသုံးပါး ဆိတ်သုဉ်းနေသော သင်္ချိုင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ပုပ်ပွစ ပြုနေသော အလောင်းများအား ကျီးကန်းအုပ်ကြီးနှင့် လင်းတတို့က ဝိုင်းအုံ ထိုးဆိတ် နေကြသည်။

‘ဘာလို့ ဒီမှာ လူသေတွေ ဒီလောက် များနေတာလဲ။ ငါရော သေပြီလား’

ရှန်းယွမ် မသက်မသာ ခံစားမိပြီး သူ့လက်တို့အား ကြည့်လိုက်စဉ် သူ့အောက်၌ မရေမတွက်နိုင်အောင် သေနေသော အလောင်းများကို တွေ့လိုက်ရ၏။ သူတကယ် သေသွားခဲ့သည့်ပုံပင်။

ထိုအချိန်၌ တစ်ကိုယ်လုံး ငွေမင်ရောင် အမွေးအမှင်များ ရှိသည့် ဝံပုလွေ တစ်ကောင် ရုတ်တရက် ပြေးလာသဖြင့် အသေကောင်ပုပ်များအား ထိုးဆိတ်နေကြသော ကျီးအုပ်ကြီးနှင့် လင်းတများမှာ အနီးရှိ သစ်ကိုင်းခြောက်များပေါ်သို့ ပျံတက်သွားကြပြီး ဝံပုလွေအား ကြည့်လျက် ဆူညံစွာ အော်ဟစ်ကြတော့သည်။

သို့သော် တစ်ကောင်တည်းသော ဝံပုလွေသည် ဘာကိုမှ ဂရုမစိုက်ပဲ လူငယ်လေးတစ်ဉီး အနီးသို့ ချဉ်းကပ် လာလေသည်။ ၎င်းမှာ ထိုလူငယ်အား အကြိမ်ကြိမ် အနံ့ခံလိုက်ပြီး အနားတွင် ထိုင်လိုက်သည်။ ထို့နောက် ဝမ်းနည်း ပူဆွေးသံဖြင့် ဆွဲဆွဲငင်ငင် အူလိုက်ရာ ကျီးအုပ်နဲ့ လင်းတတို့၏ အသံများပင် ရုတ်တရက် တိတ်ဆိတ် သွားလေသည်။

ဝံပုလွေ ဘေးရှိ သေဆုံးနေသော လူငယ်လေး၏ မျက်နှာမှာ ပြတ်သားဟန် ရှိသော်လည်း သွေးမဲ့ကာ ဖြူဖျော့နေ၏။ အဝတ်အစားတို့မှာ အစုတ်စုတ် အပြတ်ပြတ် ဖြစ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ဒဏ်ရာအတိဖြင့် ပြည့်နှက်နေသည်။ ထိုလူငယ်၏ ခါးတွင်မှု သံချေး အနည်းငယ် တက်နေသော အနက်ရောင် ဓားမြှောင်တစ်ခု ချိတ်ဆွဲလျက် ရှိသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာများက လူငယ်၏ ဖြတ်လပ်မှုတို့ကို ပျောက်ဆုံးစေခဲ့လေပြီ။

တစ်ကောင်တည်းသော ဝံပုလွေသည် လူငယ်လေး ဘေး၌ ဝမ်းနည်း ပူဆွေးစွာ ရှိနေပြီး ကောင်းကင်ကို မော့ကြည့်လျက် ဘုရားသခင်ကို တောင်းဆုပြုနေသည့် အလား ဆွဲဆွဲငင်ငင် အူနေတော့သည်။

ဝံပုလွေ၏ အသနားခံမှုကို ဘုရားက ဖြေသိမ့်မှု ပေးလိုက်သည့်နှယ် ရုတ်တရက် လူငယ်လေး၏ ခါးတွင် ချိတ်ဆွဲထားသော အနက်ရောင် ဓားမြှောင်မှာ အနည်းငယ် လှုပ်ယမ်းသွားပြီး ထူးခြားသော စွမ်းအားတစ်ခု အသက် ဝင်လာခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ဆန်းကြယ်သော စုပ်ယူမှု တစ်ခုကလည်း ရှန်းယွမ်၏ ဝိညာဉ်ကို ဆွဲယူလိုက်ရာ ရှန်းယွမ်မှာ ထိတ်လန့် သွားခဲ့သည်။ ရှန်းယွမ် အသိ ဝင်လာချိန်တွင် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် နစ်မြုပ်သွားသည်ကို ခံစားလိုက်ရပြီး ယခင်ကကဲ့သို့ ပေါ့ပါးနေမှုများ ပျောက်ဆုံး သွားတော့သည်။

သူ့မျက်လုံးများ ဖွင့်ကြည့်လိုက်ချိန် အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို ရှန်းယွမ် တွေ့မြင် လိုက်ရသည်။ ရုတ်တရက် ရီဝေမူးမိုက်သွားပြီး သူ့စိတ် အတွင်း၌ အကြောင်းအရာပေါင်း များစွာ ထွက်ပေါ်လာသည်။ ထိုသို့ဖြစ်နေစဉ် သူ၏ ဉီးခေါင်းသည် ပေါက်ကွဲ ထွက်တော့မည့် အလား ခံစားနေရသည်။

ထို့နောက် မြောက်မြားစွာသော အလောင်းကောင်များကို တွေ့လိုက်ရပြီး လေထုမှာလည်း ပုပ်ပွနေသည့် အလောင်းများ၏ အနံ့များဖြင့် ပြည့်နေသည်ကို ရှူရှိုက်မိလိုက်သည်။ ချက်ချင်းပင် ရှန်းယွမ်သည် အမြီးနင်းမိသည့် ကြောင်တစ်ကောင်နှယ် ထခုန်လိုက်သည်။

‘ဘာဖြစ်နေတာလဲ၊ ငါ တကယ် သေနေတာလား။ ဘာပဲဖြစ်ဖြစ် ဒီက ထွက်သွားရမယ်’

ဤသည်မှာ ရှန်းယွမ်၏ ပထမဉီးဆုံးသော အတွေးဖြစ်သည်။ သူသည် မရေတွက်နိုင်သော အလောင်းများကို ဖြတ်လျက် တောအုပ်ဆီသို့ ဒရောသောပါး ပြေးတော့သည်။ ထို့နောက် အပုပ်နံ့များ အားပျော့လာပြီး လူသေအလောင်းများ အာရုံထဲ၌ မှေးမှိန်သွားသည်ကို ခံစားမိလိုက်ချိန်တွင် သူသည် အုံ့ဆိုင်းနေသော တောအုပ် အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း ကြေမွနေသည့် အလား နာကျင်နေ၏။

သူဆက်၍ မပြေးနိုင်တော့ချေ။ ခြေထောက်များမှာ တဆတ်ဆတ် တုန်ယင်နေပြီး အသံများပင် ထွက်နေသည်။ သူ သစ်ပင် တစ်ပင်အောက် ထိုင်လိုက်ရင်း ပင့်သက် ရှိုက်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် ရှန်းယွမ်သည် တိဘက်အိမ်စောင့်ခွေး အရွယ်အစားရှိသည့် ဝံပုလွေ တစ်ကောင်မှာ သူ့ဉီးခေါင်း နောက်တွင် ရှိနေသည်ကို သိရှိလိုက်ပြီး ထိတ်လန့် သွားခဲ့သည်။

‘အထီးကျန်ကြယ်”

ရုတ်တရက် ထွက်လာသော ရှန်းယွမ်၏ အသံကို ကြားသည်နှင့် ဝံပုလွေ၏ မျက်လုံးများမှာ ပိုမိုလင်းလက်လာပြီး အချိန်အတန်ကြာ ရှန်းယွမ်ကို ကြည့်လျက် တုံ့ပြန်သံများ ထပ်သလဲလဲ ပြုနေလေသည်။

သို့သော် ရှန်းယွမ်မှာမူ ထိုအသံကို မရင်းနှီးသလို ခံစားရသည်။ သူ့စိတ်၌ သူမသိသည့် အကြောင်းအရာများ ရှိနေသေးသည်။ မည်သို့ဆိုစေ ယခုအချိန် အရေးကြီးဆုံးမှာ သူ၏ဗိုက် ဖြည့်ဖို့ပင် ဖြစ်တော့သည်။

“ကုရှင်း .. ငါ ဗိုက်ဆာတယ်။ ငါ ဘယ်လိုမှ မလျှောက်နိုင်ဘူး။ ငါ့အတွက် စားစရာ တစ်ခုခု ရှာပေးပါ”

ရှန်းယွမ်၏ ဗိုက်အတွင်းမှ တဂွီဂွီ အသံများ ထွက်ပေါ်လျက် မျှော်လင့်ချက် အနည်းငယ်ဖြင့် အားအင် ဖျော့တော့စွာ ပြောလိုက်သည်။

ကုရှင်းသည် ရှန်းယွမ်၏ စကားအား နားလည်စွာ ချက်ချင်းပင် တောအုပ် အတွင်းသို့ ပြေးဝင်သွား၏။ ရှန်းယွမ်မှာ ကုရှင်း၏ ဝိညာဉ် ဆက်စပ်မှုနှင့် ပတ်သက်ပြီး အံ့အားသင့် သွားသည်။ သို့သော်လည်း ဤသည်တို့မှာ သူ၏ နားမလည်နိုင်သော မှတ်ဉာဏ်များ ဖြစ်နေသည်။

ရှန်းယွမ်သည် ကုရှင်း သူ့အတွက် စားစရာ ရှာနေသည့် အခွင့်ကောင်းကို အသုံးချလျက် သူ၏မှတ်ဉာဏ်များကို သေချာစွာ စုစည်းကြိုးပမ်းရန် ဆုံးဖြတ်လိုက်သည်။

“ဒီသေဆုံးနေတဲ့ သူရဲ့ ခန္ဓာကိုယ်ကို ငါအပိုင်ရပြီး တိုက်ရိုက် ပြန်မွေးဖွားတာလား။ အဲလိုများလား.. ခု ဘာတွေ ဖြစ်နေတာလဲ…”

လက်ရှိ အနေအထားအရ သူ၏ အနောက်၌ တောအုပ်တစ်ခု ရှိပြီး သူ့ရှေ့တွင် အလောင်းကောင်များ ပုံထပ်နေသော သင်္ချိုင်းတစ်ခု ရှိနေသည်။

ထိုစဉ် သူ့အာရုံအတွင်း လင်းလက် တောက်ပစွာ လှည့်နေသော မီးပုံးများပမာ အရိပ်များ တစ်ခုပြီး တစ်ခု ပေါ်ထွက် လာပြီးနောက် ခဏအကြာမှာပင် ထိုအရာတို့သည် သူ၏ ကိုယ်ပိုင်ဘဝ မဟုတ်မှန်း သိလိုက်ရသည်..

ဤခန္ဓာကိုယ် ပိုင်ရှင်သည် သူ့ဘဝနှင့် အလားတူ ဖြစ်ခဲ့သည်။ ၎င်းသည် အသက် ဆယ့်လေးနှစ် အရွယ်တွင် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော ကလေးတစ်ဉီး ဖြစ်သည်။ သူ့တွင် အားကိုးစရာ တစ်စုံတစ်ယောက်မှ မရှိ၊ အမည်နာမ မရှိ တစ်ဉီးတည်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်။

ရုတ်တရက် ရှန်းယွမ်သည် ထိုသူ၏ ခါးရှိ သံချေးကိုက်နေသော ဓားမြှောင်ကို ကိုင်လိုက်သည်။ ထိုအရာမှာ ထက်မြိဟန် မရှိသော်လည်း သံကို ရွှံ့တုံးကဲ့သို့ ပိုင်းဖြတ်နိုင်သော မှော်အစွမ်းများ အမြောက်အမြား ပါဝင်နေပုံ ရသည်။

သစ်တော၏ တောနက်ပိုင်းကို သားရဲမိစ္ဆာ တောအုပ်ဟု ခေါ်သည်။ ထိုတောအုပ်၏ နက်ရှိုင်းသော အပိုင်း၌ ကြမ်းတမ်း ခက်ထန်သော သားရဲ မြောက်မြားစွာ ပုန်းအောင်းနေလေ့ ရှိ၏။ သို့သော် သူသည် တောအုပ် အပြင်ပိုင်းရှိ သားရဲများနှင့် အဆင့်နိမ့် သားရိုင်းကောင်များကိုသာ သတ်ရဲသည်။

အကြောင်းရင်းမှာ များစွာသော သားရဲတို့သည် အလောင်းကောင်များကို စားသောက်ရန် သင်္ချိုင်းသို့ လာလေ့ရှိကြပြီး ထိုသားရဲများမှ ရသည့် သားရေနှင့် အမွေးများကို လအလင်းမဲ့မြို့တော်သို့ သွား၍ တိုက်ခိုက်ရေး ဒင်္ဂါးနှင့် လဲလှယ်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ကုရှင်း၊ ကုယွဲ့တို့နှင့် ပူးပေါင်းကာ ကျားရိုင်းမိစ္ဆာကို လိုက်လံ သတ်ဖြတ်ခဲ့သည်။ ထိုတိုက်ပွဲ အတွင်းတွင် ကုယွဲ့မှာ သေလုမြောပါး ဒဏ်ရာ ရရှိခဲ့ပြီး ကုယွဲ့ကို ကယ်တင်ရန် ကုသရေး ဆေးပြားအချို့ လိုအပ်ပေသည်။ မမျှော်လင့်စွာ တိုက်ပွဲမှ ကျားရိုင်းမိစ္ဆာ၏ အမြုတေကို သူတို့ ရရှိလိုက်ကြသည်။

သားရဲအမြုတေမှာ အဖိုးအနဂ္ဃ ထိုက်တန်လှပြီး ရရှိရန် ခက်ခဲလှ၏။ သားရဲတစ်ရာ သတ်နိုင်သော်ငြား အမြုတေ တစ်ခုရရှိရန်မှာ မဖြစ်နိုင်ချေ။ ယခုအခါ ကျားရိုင်းအမြုတေမှာ သူတို့အတွက် နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုး တစ်မျှင်ပင် ဖြစ်သည်။

ကုယွဲ့ကို စောင့်ရှောက်ရန် ကုရှင်းကို ထားခဲ့ပြီး သူတစ်ယောက်တည်း ယွဲ့ဟွမ်မြို့ကို အစောတလျင် ထွက်လာခဲ့သည်။ ကုယွဲ့ကို ကယ်ဆယ်ရန် ကျားရိုင်းအမြုတေ ရောင်းချပြီး ကုသရေး ဆေးပြားတချို့ ဝယ်ယူရန် ဖြစ်သည်။

သို့သော် သူ၏ ကျားရိုင်း အမြုတေမှ ထွက်ပေါ်လာသော အော်ရာသည် ယွဲ့မိသားစု၏ အငယ်ဆုံး သခင်လေး ယွဲ့ကျယ် စီးနှင်လာသော မြင်းကို ထိတ်လန့် သွားစေခဲ့သည်။ ကျားရဲမိစ္ဆာ အမြုတေမှာ အရည်အသွေး အလွန် မြင့်မားကြောင်း တွေ့မြင်သွားသော ယွဲ့ကျယ်သည် ယွဲ့မိသားစု၏ နတ်ဆိုး အစေခံများအား သူ့ကို ရိုက်နှက်ပြီး အမြုတေကို ယူရန် ခိုင်းစေခဲ့သည်။

သူ ဒဏ်ရာ အပြင်းအထန် ရရှိပြီး သေလုမြောပါး ဖြစ်နေစဉ် ယွဲ့ကျယ်သည် သူ့ကိုယ်မှ ကျားရဲမိစ္ဆာ အမြုတေကို မောက်မာစွာ ယူလိုက်သည်။ ထို့နောက် သူ့အား သင်္ချိုင်း၌ ပစ်စလက်ခတ် စွန့်ပစ်ခိုင်းသည့်ပြင် ဆဲဆိုကြိမ်းမောင်း လိုက်သည်။

“ရဲတင်းလှတဲ့ အပယ်ခံကောင်… ငါ့သား(မြင်း)ကိုများ ထိတ်လန့်အောင် လုပ်ရဲတယ်ပေါ့.. မသေရုံတမယ် ရိုက်ပြီး သူ့ကို သင်္ချိုင်းကုန်းမှာ ပစ်လိုက်၊ သားရဲတွေ စားပစေ။ ဒါမှ ငါ့ပေါ် ငါ့သား မုန်းတီးမနေမှာ”

သို့သော်လည်း ကုရှင်း၏ ကာကွယ်မှုဖြင့် သူ့ခန္ဓာကိုယ်မှာ သားရဲတို့ စားသောက်ခြင်း ကင်းဝေးခဲ့သည်။ သို့ရာတွင် ကုသမှု တစ်စုံတစ်ရာ မရခဲ့သဖြင့် ဒီအတိုင်း သူ သေဆုံးခဲ့ရသည်။ သူသေဆုံး သွားသော်ငြားလည်း ကုရှင်းသည်ကား သူ့အား ကာကွယ်မှုကို မစွန့်လွတ်ခဲ့ချေ။

ရှန်းယွမ် အာရုံ၌ တရိပ်ရိပ် ထွက်ပေါ်လာသော ဤအကြောင်းအရာတို့မှာ သူရရှိထားသော မူလခန္ဓာပိုင်ရှင်၏ အကြောင်းအရာများ ဖြစ်ကြောင်း သိရှိပြီး ရုတ်တရက် ရယ်လိုက်သည်။

‘ဒါက ဘယ်လို ကမ္ဘာတဲ့လဲ၊ ကောင်းကင်က တရားမျှတမှု မရှိတော့ဘူးလား၊ ဒီ ယွဲ့ကျယ်က လူမဆန်ဘူး”

ရှန်းယွမ်၏ ဒေါသသံတို့က ကျယ်လောင်စွာ ဟိန်းထွက်လာသည်။

“ထားပါ မေ့လိုက်တော့… သူတို့က မျှော်လင့်စရာ မရှိတဲ့ တိရစ္ဆာန်လိုကောင်တွေ… ခု ငါမင်းရဲ့ ခန္ဓာကိုယ်ကို ယူထားပြီ… မင်းကငါ ဖြစ်သလို ငါကလည်း မင်းပဲ။ ငါနားမလည်တဲ့ ဒီကမ္ဘာကို ရောက်လာပြီ ငါပြန်မလှည့်တော့ဘူး။ ဒီအခိုက်အတန့်ကို ငါ ဘယ်တော့မှ မမေ့ဘူး။ တစ်နေ့နေ့မှာ ငါဟာ ဧကရာဇ် ရှန်းယွမ်လို ဖြစ်တည်မှု ရှိရမယ်။ ကမ္ဘာကြီးကို အုပ်စိုးမယ်။ ဒီနေ့က စပြီး ရှန်းယွမ် နာမည်နဲ့ ငါ့ရှေ့မှာ ရှိတဲ့ အတားအဆီးတွေကို အကုန် ဖျက်ဆီးပစ်မယ်”

ထိုအခိုက်အတန့်၌ ရှန်းယွမ်၏ ကြမ္မာဆိုးလား မသိနိုင်သည့် အပြင်းအထန်သော မြေပြင်လှုပ်ခတ်မှု ဖြစ်ပေါ်လာသည်။

ဘန်း ဘန်း.. ဘန်း

သူ့ခေါင်း လှည့်၍ ကြည့်လိုက်စဉ် ၃ မီတာ အမြင့်ရှိ ကြမ်းကြုတ်သော မျက်နှာ၊ ချွန်ထက်နေသော အစွယ်များနှင့် ဝက်ဝံမိစ္ဆာ တစ်ကောင်သည် ညာဘက်ခြမ်းမှ တစ်ဟုန်ထိုး ရောက်ရှိလာပြီး သူ့အား ခုန်အုပ်လိုက်သည်။

ရှန်းယွမ်မှာ တစ်ကိုယ်လုံးရှိ အမွေးအမှင် အားလုံး ထောင်သွားခဲ့ပြီး ကြောက်ရွံ့မှုမှာ ငယ်ထိပ်သို့ တက်သွားခဲ့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset