Chapter – 195
“အင်အားဆိုသည်မှာ”
“ဒီကမ္ဘာကြီးမှာ မိန်းမတွေက ဒီလို နိမ့်ကျတယ်တဲ့လား . . .”
အမျိုးသမီးသည် ကောင်းကင်ထက်မှ အဖြူရောင် တိမ်တိုက်များအား ကြည့်ရင်း –
“ယောကျာ်းတွေက သောက်စား ပျော်ပါးနေတဲ့ အချိန်မှာ မိန်းမတွေကတော့ မလုပ်နိုင်ဘူး။ ယောကျာ်းတွေက သူတို့အချစ်ကို မိန်းကလေးတိုင်းစီ ပေးနိုင်ပေမယ့်မိန်းမတွေကတော့ မပေးနိုင်ဘူး။ ယောကျာ်းတွေက မိန်းမတွေ အများကြီး လက်ထပ်လို့ ရပေမဲ့ မိန်းမတွေကတော့ မလုပ်နိုင်ဘူး။ ဒီလိုမျိုး ယောကျာ်းတွေက လုပ်ချင်တာ လုပ်နေနိုင်ကြတဲ့ အချိန်မှာ မိန်းမတွေကတော့ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်။ လောကကြီးက မတရားလိုက်တာ . . . ငါတို့က ဒီလို စည်းမျဉ်းတွေကို ဘာကြောင့် လိုက်နာရမှာလဲ . . .”
“ငါတို့ရော ကိုယ်စိတ်ပျော်သလို နေလို့ မရဘူးလား။ ငါကတော့ မင်းပြောတဲ့ ဘဝမျိုးကို မကြိုက်ဘူး။ မင်းက အဲဒီလို ဘဝမျိုးကိုမှ ကြိုက်တာလား . . .”
အမျိုးသမီးသည် စုယဲ့ယွဲ့အား မေးလိုက်ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူသူမကိုယ် သူမ ပြန်၍မေးခွန်းထုတ်နေမိခြင်း ဖြစ်သည်။
စုယဲ့ယွဲ့မှ –
“ကျွန်မတို့က မိန်းမသားတွေပါ။ ဘာလို့ ကျွန်မတို့ရဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းချင် ရမှာလဲ . . .”
စုယဲ့ယွဲ့၏ အဖြေသည်ရိုးရှင်းလှသော အဖြေတစ်ခုပင်ဖြစ်သည်။ အမျိုးသမီးလည်း မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်းမပြုတော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည်။ သူမ၏ စိတ်ထဲ အဓိပ္ပါယ်မရှိသော စကားများအား ကြားနေရသလိုပင် ခံစား နေရလေသည်။
ယဲ့ယွဲ့သည် ခေါင်းမော့၍ အမျိုးသမီး၏ မျက်လုံးများအား စူးစိုက်ကာ ကြည့်လိုက်ရင်း –
“ဒီလောကကြီးက မတရားဘူးဆိုတာကို ကျွန်မသိတယ်။ အဲ့ဒီအတွက်လည်း မငြင်းပါဘူး . . .”
“ဒါပေမဲ့ ရှင်က ရှင့်လက်တစ်ချက် ရမ်းလိုက်ရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်နိုင်ရင်ေတာင် ဘာကိုများ ပြောင်းလဲနိုင်ဦးမှာမို့လဲ . . .”
“ရှင့်မှာ အရမ်းစွမ်းတဲ့အစွမ်းတွေ ရှိတယ်။ ကမ္ဘာတစ်ခုလုံးက လူတွေကို စိတ်ကြိုက် ကစားနိုင်တယ်။ အဲဒီလို လုပ်နိုင်တော့ရော ဘာဖြစ်လဲ။ မိန်းမတွေပေါ် သက်ရောက်နေတဲ့ ကန့်သတ်ချက် တွေကို ပြောင်းလဲနိုင်စွမ်း ရှိလို့လား . . .”
အမျိုးသမီးသည် ယဲ့ယွဲ့၏ အပြောကြောင့်ပါးစပ်အဟောင်းသားပင်ဖြစ်သွားရင်းခေါင်းငိုက်စိုက်ကျသွားလေသည်။ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ခေါင်းငိုက်စိုက်ကျသွားမိခြင်း ဖြစ်သည်။ ထို့ေနာက်တိုးညင်းသော လေသံဖြင့် –
“ဟင့်အင်း . . .”
စုယဲ့ယွဲ့မှ အားတက်သွားကာ –
“ရှင်ပြောတဲ့ အစွမ်းတွေ ကျွန်မဆီမှာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ကျွန်မဘေးမှာ သူရှိနေပြီလေ။ အဲဒါကပဲ လုံလောက်နေပြီ မဟုတ်လား . . .”
အမျိုးသမီးသည်တခဏမျှ နှုတ်ဆိတ်သွားပြီးနောက်-
“ဟုတ်တယ် . . . မင်းနားမှာ သူရှိနေတယ်။ ဒါပေမဲ့ သူကလည်း မင်းအတွက် အသက်စွန့်နိုင်ရင် တစ်ခါပေါ့။ အဲဒီလောက်နဲ့ လုံလောက်မှု ရှိနေပြီလား။ ငါသာ အရောက်နောက်ကျခဲ့ရင် သူသေနေတာ ကြာလှပြီ။ အဲဒါဆို မင်းလည်း သူကို ဆုံးရှုံးလိုက်ရမှာပဲ မဟုတ်လား . . .”
ယခုအကြိမ်တွင်ခေါင်းငိုက်စိုက်၍ ငိုင်ကျသွားသူမှာ စုယဲ့ယွဲ့ပင် ဖြစ်သည်။
အမျိုးသမီးပြောလိုက်သည့်စကားများသည်အမှန်တရားများပင်ဖြစ်နေသည့်အတွက်စုယဲ့ယွဲ့၏ ရင်ဘထဲတွင်နာကျင်နေမိရုံမှတစ်ပါး မည်သည့်စကားမျှ ပြန်လည်တုန့်ပြန်ပြောဆိုနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ စားပွဲခုံအောက်ရှိ ရဲရှောင်၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်းတွေဝေလျက်ရှိသည်။ မလွှတ်တမ်း ဆုပ်ကိုင်ထားသောကြောင့်ရဲရှောင်၏ လက်များပင်နာကျင်နေလေသည်။
ငေးငိုင်ကျသွားသော ယဲ့ယွဲ့အား ကြည့်ရင်း အမျိုးသမီးမှ –
“မင်းရဲ့ အတွေးကို ငါနားလည်ပါတယ်။ လက်လည်းလက်ခံတယ်။ ငါ့တပည့်အဖြစ်နေခိုင်းတယ်ဆိုတာ မင်းကောင်းဖို့အတွက်ပါ။ မင်းမှာသာ ကမ္ဘာတစ်ခုလုံး ကို တုန်လှုပ်အောင် လုပ်နိုင်တဲ့ စွမ်းအားတွေရှိနေမယ်ဆိုရင် မင်းရဲ့ ရန်သူတွေကို မင်းသတ်နိုင်မယ်။ အရာအားလုံးအပေါ် စိတ်ရှိတိုင်း လုပ်နိုင်မယ်။ လူတိုင်းထက်မင်းက အင်အားကြီးနေမှ ကိုယ့်ဘဝကို ကာကွယ်နိုင်မယ်။နောက်ပြီး မင်းချစ်ရတဲ့ လူတွေအားလုံးကိုလည်း ကာကွယ်ပေးနိုင်မယ်. . .”
“မင်းဟာမင်း မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် အဓိကက အင်အားကြီးဖို့ပဲ လိုတယ်။ ငါတို့ရဲ့ ဘဝတွေ၊ အသက်တွေ၊ ဂုဏ်သိက္ခာတွေ၊ အချစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စွမ်း အားကြီးဖို့လိုတယ်၊ အင်အားကြီးဖို့ လိုတယ်မဟုတ်ဘူးလား။ မင်းသာ အားနည်းတဲ့ လူတစ်ယောက်ဖြစ်နေရင် ကိုယ့်ကိုကိုယ်လည်း မကာကွယ်နိုင်၊ ကိုယ်ချစ်ရတဲ့သူတွေကိုလည်း မကာကွယ်ပေးနိုင်ရင်ဘဝက ဘာများအဓိပ္ပါယ် ရှိတော့မှာလဲ။ နောက်ဆုံး အခုနေ ကာကွယ်ပေးနိုင်ခဲ့ရင်တောင်မှ နောက်ထပ် တစ်ကြိမ်မှာ ဆုံးရှုံးနိုင်သေးတာပဲ . . .”
“သာမန်လူတွေကတော့ ငွေအတွက်၊ ချမ်းသာဖို့အတွက် ကြိုးစားကြတယ်။ အဲဒါကလည်း သူတို့ရဲ့ အင်အားပဲ။ ချမ်းသာမှ၊ငွေရှိမှ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ကြမှာကိုး . . .”
“ဒါပေမယ့်သူတို့တွေက ငွေကြေးကို မလိုအပ်တော့ရင်၊ ချမ်းသာတဲ့ အရသာကို ခံစားပြီးသွားရင် အသက်ရှည်နိုင်မယ့်နည်းလမ်းေတွနောက်ကိုပဲ လိုက်ကြတော့တယ်။ အသက်ရှည်မှ ကိုယ်လုပ်ချင်တာတွေ ဆက်လုပ်လို့ ရမယ်။ ကိုယ်ချစ်ရတဲ့ သူတွေနဲ့ အကြာကြီးနေနိုင်မှာကိုး . . .”
“မင်းသာ အင်အားကြီးတဲ့ လူတစ်ယောက်ဆို မင်းလုပ်ချင်တာ လုပ်လို့ရမယ် မဟုတ်လား။ အားနည်းတဲ့ လူတစ်ယောက် ဆိုရင်တော့ သာမန်လူတွေလောက်တောင် နေနိုင်ပါ့မလား မသေချာဘူး။ မင်းထက် အင်အားကြီးတဲ့ လူတစ်ယောက်က မင်းကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တယ် ဆိုတာကိုလည်း မြဲမြဲမှတ်ထားပါ . . .”
ထို့နောက် အမျိုးသမီးသည်ရဲရှောင်အား လက်ညှိုးထိုးလိုက်ပြလိုက်ရင်း –
“ကဲ . . . အရိုးရှင်းဆုံး ဥပမာတစ်ခုပေးမယ်။ မင်းလို မိန်းမလှလေး တစ်ယောက်ကို လက်ထပ်တဲ့ အချိန် သူ့မှာ လုံလောက်တဲ့ အစွမ်းအစ မရှိဘူးပဲ ထားပါတော့။ လောကကြီးမှာ လူရမ်းကားတွေကလည်း အများသား။ သူက ဒီလို လူရမ်းကား မဟုတ်တဲ့အတွက် မင်းကတော့ ကျေနပ်ချင် ကျေနပ် နေမှာပေါ့။ ဒါပေမယ့်မင်းကို ထိပါးလာတဲ့ လူတွေကို မင်းမှာ ပြန်တွန်းလှန်နိုင်မဲ့ အင်အားလည်း မရှိဘူး သူကလည်း မင်းကို ကာကွယ်ပေးနိုင်ဖို့ အင်အားမရှိဘူးဆိုရင်မင်းဘာလုပ်မလဲ . . .”
“အဲဒါကြောင့် အင်အားကြီးဖို့က အဓိကလို့ ပြောတာပေါ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အရေးကြီးဆုံးက အင်အားကြီးဖို့ပဲ . . .”
“အားနည်းတဲ့ အဖေတစ်ယောက်က သူ့ကလေးတွေကို ကောင်းကောင်း မြေတောင်မြှောက်ပေးနိုင်မှာ မဟုတ်ဘူး။ အားနည်းတဲ့ လင်ယောကျာ်း တစ်ယောက်က သူ့ရဲ့ လှပတဲ့ မိန်းမတစ်ယောက်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ အားနည်းတဲ့ သားတစ်ယောက်ကလည်း သူ့အဖေကို တခြားလူတွေ သတ်မှာဖြစ်ဖြစ် ရောဂါကြောင့် ငွေမရှိလို့ သေမှာကိုဖြစ်ဖြစ် တားဆီးနိုင်မှာ မဟုတ်ဘူး။ ဘာဆိုဘာမှ လုပ်နိုင်ကြမှာ မဟုတ်ဘူး . . .”
“ဒါပေမဲ့ အင်အားကြီးရင်တော့ သူတို့ဖြစ်ချင်တာတွေကို အကုန်လုပ်နိုင်လိမ့်မယ်။ ခုနကလို အဖြစ်ဆိုးတွေကို ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး။ သူတို့ကိုယ် သူတို့ဖြစ်စေ သူတို့ချစ်တဲ့ အရာအားလုံးကို ဖြစ်စေ အပြည့်အဝ ကာကွယ်ပေးနိုင်လိမ့်မယ်။ လောကကြီးမှာ အားကြီးသူကပဲ ရှင်သန်နိုင်လိမ့်မယ် . . .”
“အခု ငါမင်းကို ကမ်းလှမ်းနေတာက အင်အားကြီးဖို့၊ အစွမ်းရှိဖို့၊ အားလုံးကို လွှမ်းမိုးနိုင်ဖို့ပဲ . . .”
“ငါ့တပည့်ဖြစ်ရင် မင်းအဲဒါတွေ အားလုံးကို ပိုင်ဆိုင်ရလိမ့်မယ်။ ငါနဲ့မလိုက်ဘဲ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလိုက်မယ် ဆိုရင်တော့ ငါ့ဆီက ထူးခြားအစွမ်းထက်တဲ့ ကျင့်စဉ်တွေကိုလည်း သင်ယူခွင့်ရမှာ မဟုတ်တော့ဘူး။ အဲဒီတော့ ဘာဖြစ်သွားမလဲဆိုရင်မင်းရောသူပါ အခုလို အဖြစ်အပျက်မျိုးတွေ ထပ်ကာတလဲလဲ ဖြစ်နေဦးမှာပဲ၊ ကြုံနေရဦးမှာပဲ။ အခုကတော့ ငါနဲ့တွေ့လို့ မင်းတို့ ကံကောင်းသွားတယ်။ နောက်တစ်ခါ ဆိုရင်တော့ ကံမကောင်းနိုင်တော့ဘူး။ မင်းတို့ သေလိမ့်မယ်။ မင်းအရင်သေရင်လည်း သေမယ်။ ဒါမှမဟုတ်လည်း သူအရင်သေရင်လည်း သေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ၂ ယောက်လုံး သေရမှာပါ။ အခု ငါပြောနေတာတွေ အားလုံးက အမှန်တရားပဲ . . .”
အမျိုးသမီးသည် စုယဲ့ယွဲ့အား ငေးကြည့်လိုက်ပြန်ရင်း –
“မိန်းကလေး . . . ငါမင်းကို တွန်းအားမပေးချင်ပါဘူး။ အချိန်ယူပြီး သေချာစဉ်းစားပါ။ မင်းရဲ့ အဖြေကို ငါစောင့်နေမယ် . . .”
စုယဲ့ယွဲ့သည်နှုတ်ဆိတ်နေလျက်ရှိသည်။ အမျိုးသမီးပြောလိုက်သည့်စကားများသည်မှန်ကန်နေသည်မှာ ငြင်းဆန်ဖွယ်ရာ မရှိချေ။ ထို့အတွက်ကြောင့်သူမအနေဖြင့်မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကိုတွေဝေနေမိနေလေသည်။
တောင်ပိုင်းရှိ အဖေဖြစ်သူအကြောင်း၊ သူတို့ နှစ်ဦး ရုတ်တရက် လုပ်ကြံခံရ၍ သေမလို ဖြစ်ခဲ့ရသည့် အကြောင်း၊ ရဲရှောင် သွေးသံရဲရဲဖြင့် သေလုမျောပါး ဖြစ်ခဲ့သည့် အကြောင်းများအား တွေးမိလိုက်ေသာအခါ ထိတ်လန့် တုန်လှုပ်သွားလေသည်။ သူ၏ စိတ်ထဲတွင်လည်း –
[ဟုတ်တယ် . . . အမှန်ပဲ။ ငါသာ အင်အားကြီးရင် တောင်ပိုင်းကို ငြိမ်းချမ်းအောင်လုပ်ပြီး အဖေ့ကို ကူညီပေးနိုင်မယ်။နောက်ပြီး နိုင်ငံတစ်ခုလုံးကိုလည်း ကယ်တင်နိုင်မယ်။ လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း ကြောက်နေစရာ မလိုတော့ဘူး။ ရှောင်ရှောင် ကာကွယ်ပေးတာကိုလည်း မလိုတော့ဘူး။ ငါကတောင် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မယ် . . .]
အမျိုးသမီး၏ တပည့်အဖြစ်လိုက်သွားရမည့်ကိစ္စသည်သူ့အတွက်မူ မက်လောက်စရာ အခွင့်အရေးတစ်ခုပင်ဖြစ်သည်။
အမျိုးသမီး၏ မျက်လုံးများသည် ယဲ့ယွဲ့အား ကြည့်ရင်းတောက်ပသည်ထက်တောက်ပ လာခဲ့သည်။ ယဲ့ယွဲ့တွေးနေသည့်အတွေးများအား သိရှိနေသလိုပင်။ သူမနှင့်အတူ လိုက်လိမ့်မည်ဟု လည်း တထစ်ချ ယုံကြည်ထားလေသည်။
ရဲရှောင်မှ ယဲ့ယွဲ့အား ကြည့်လိုက်ရင်း –
“ယဲ့ယွဲ့ . . . သူပြောတာ မှန်တယ်။ ဒီကမ္ဘာမှာ လူတိုင်း အဲ့ဒီလို အစွမ်းမျိုး မရှိနိုင်ဘူး . . .”
ရဲရှောင်၏ စကားအား ကြားလိုက်ရသောအခါ အမျိုးသမီးမှ ခနဲ့တဲ့တဲ့ဖြင့် –
“မင်းက အမြင်ကျဉ်းလိုက်တာ နွားခြေရာ ခွက်ထဲက ဖားလေးတစ်ကောင်လိုပဲ။ နောက်ပြီး မင်းကို တစ်ခုပြောဦးမယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစ တစ်ခုတော့ ရှိကြတာပဲ။ အဲ့ဒီလူက ဘယ်လိုလူပဲဖြစ်ဖြစ်၊ ဘယ်အဆင့်ပဲရောက်ရော သူ့အစွမ်းစနဲ့ သူတော့ ရှိနေမှာပဲလေ . . .”
ရဲရှောင် တခဏမျှ နှုတ်ဆိတ်သွားပြီးနောက် –
“နက်နဲတဲ့ ရှုထောင့်ပါလား . . . ဘယ်နယ်ပယ်မှာမဆို အသက်ရှင်နေတဲ့ လူတိုင်းမှာ ကိုယ်ပိုင် စွမ်းအင် ကိုယ်ပိုင် အင်အား ရှိနေတယ်ဆိုတာ အမှန်ပဲ . . .”
ရဲရှောင်၏ စိတ်ထဲတွင်အမျိုးသမီး၏ စကားအား သဘောကျသွားလေသည်။
စုယဲ့ယွဲ့သည် ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း မရှိသဖြင့်အကူအညီတောင်းသည့် သဘောဖြင့်ရဲရှောင်အားကြည့်လိုက်သည်။
ရဲရှောင်လည်းသက်ပြင်းချလိုက်မိသည်။ စုယဲ့ယွဲ့အနေဖြင့်အမျိုးသမီး၏ စကားများအား နားဝင်သွားပြီ ဆိုသည်ကို သူသိလိုက်သည်။ ထိုကဲ့သို့သာ မဟုတ်ပါက ယခုကဲ့သို့ ချီတုံချတုံ ဖြစ်နေလိမ့်မည် မဟုတ်ချေ။ အကယ်၍ ယခု စုယဲ့ယွဲ့ ရရှိနေသည့်အခွင့်အရေးအား ရဲရှောင်လည်း ရခဲ့မည်ဆိုပါကလည်း ထို့အတူသာ ဖြစ်ပေလိမ့်မည်။ ရဲရှောင်သည်အမျိုးသမီးဘက်သို့ လှည့်လိုက်ရင်း –
“ကျုပ်တို့ကို ခင်ဗျား ဘယ်လို ဆက်ဆံခဲ့သလဲ ဆိုတာကို သိပါတယ်။ အဲ့ဒီအတွက်ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့်ခင်ဗျားက ဘယ်သူလဲ၊ ဘယ်ကလာတာလဲ ဆိုတာကိုတော့ ကျုပ်တို့ သိဖို့လိုတယ်။ သူက ခင်ဗျားနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်တော့မှ ပြန်လာနိုင်မှာလဲ။ သူ့ကို တွေ့ချင်ရင်ရော ကျုပ်က ဘယ်မှာ လိုက်ရှာရမှာလဲ . . .”
အမျိုးသမီးသည် ရဲရှောင်၏ စကားကြောင့်အံ့ဩသွားကာ –
“မင်းက တော်တော် အံ့သြဖို့ကောင်းတဲ့ ကောင်လေးပဲ။ ငါ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလေ့ မရှိဘူး။ ဒါပေမဲ့ မင်းတို့အတွက် ဒီနေ့တော့ အဲဒီထုံးစံကို ဖျက်လိုက်ပါ့မယ်။ ငါ့နာမည်က မန်ဟွာချင်းပါ။ ကောင်းကင်ဘုံအထက် လူသားနယ်ပယ် တစ်ခုကပဲ ဆိုပါတော့။ မင်းတို့ကမ္ဘာထက် အများကြီး အဆင့်မြင့်တာပေါ့ . . .”
ထို့နောက် ရဲရှောင်အား စေ့စေ့ကြည့်ရင်း –
“အောင်မြင်မှုတွေရဖို့အတွက် မင်းသူ့ကို ငါနဲ့လိုက်စေချင်တာ ငါသိပါတယ်။ ဒါပေမဲ့ မင်းစိတ်ထဲမှာ လည်း ဒွိဟဖြစ်နေတယ်။ သူ့ကို နောက်ထပ် မတွေ့ရတော့မှာကို မင်းစိုးရိမ်နေတာလေ။ ယောကျာ်း တစ်ယောက်က အချစ်ကို ဒီလို တန်ဖိုးထားတာ ရှားတယ်”
“အဲဒါကြောင့် ငါမင်းကို မလိမ်ချင်ဘူး။ သူထွက်သွားပြီးတာနဲ့ မင်းတို့ နှစ်ယောက် ထပ်တွေ့နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး . . .”
“တကယ်တော့ မင်းလည်း ငါပြောတဲ့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ် ဆိုတာကို တစ်ခါမှ ကြားဖူးမှာ မဟုတ်ပါဘူး။ ရှာလို့လည်း တွေ့မှာ မဟုတ်ဘူး . . .”
“ငါမင်းကို ပြောစရာရှိတာ အကုန်ပြောပြီးပြီ။ အခုရော မင်းသူ့ကို ငါနဲ့ ထည့်လိုက်ချင်သေးလား”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း –
“ထည့်ချင်ပါတယ် . . .”
“ခင်ဗျား ယုံမယုံတော့ မသိဘူး။ ခင်ဗျားက ထူးခြားတဲ့ နေရာကဆိုတာ ကျုပ်သိပါတယ်။ ခင်ဗျားနဲ့ အတူလိုက်ခွင့်ရတာ သူ့အတွက် အရမ်းတန်ဖိုးရှိမှာပါ . . .”
“စကြာဝဠာကြီးထဲမှာ ရှိတဲ့ နယ်ပယ်ဘီလံယံပေါင်း အများကြီးထဲမှာ သူ့လို အခွင့်အရေးရတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး နောက်တစ်ယောက် ရှိမယ် မထင်ဘူး။ ဒီလို အခွင့်အရေးကို သူလက်မလွှတ်သင့် ဘူး။ သူ့ကို ကျုပ်ဆွဲထားမိရင် သူ့ရဲ့ တောက်ပတဲ့ အနာဂတ်ကို ဖျက်ဆီးမိသလို ဖြစ်သွားလိမ့်မယ်”
“ကျုပ်ဘဝမှာ နောင်တရစရာ အဖြစ်မျိုး မရှိချင်ဘူး . . .”
“တကယ်ကို ခင်ဗျားနဲ့ လိုက်စေချင်ပါတယ်။ သူနဲ့ ခွဲနိုင်အောင်လည်း ကျုပ်ကြိုးစားရမှာပေါ့။ ဒါပေမဲ့ သူ့ကို မရှာနိုင်ဘူးဆိုတဲ့ ခင်ဗျားစကားကိုတော့ ကျုပ်မယုံဘူး . . .”
“မင်းက ဘယ်ဆိုးလို့လဲခေသူ မဟုတ်ဘူးပဲ။ စကြာဝဠာကြီးထဲမှာ နယ်ပယ်ဘီလျံပေါင်း အများကြီး ရှိနေတာကို သိနေတာပဲ။ ငါလူကဲခတ် ဒီလောက် ညံ့ခဲ့လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ထားခဲ့မိဘူး”
အမျိုးသမီးသည် ရဲရှောင်အား အနည်းငယ် လေးစားသွားသည့်ပုံပင်ဖြစ်သွားပါတော့သည်Top of Form . . .။