Chapter – 194
“မိန်းမတစ်ယောက်ပါပဲ”
အမျိုးသမီးသည်စုယဲ့ယွဲ့အား စိုက်ကြည့်လိုက်ရင်း –
“မိန်းကလေး . . . မင်းနာမည်ဘယ်လိုခေါ်လဲ”
စုယဲ့ယွဲ့သည်ရဲရှောင်၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း တုန်ယင်သော အသံဖြင့်-
“ကျွန်မ နာမည်စုယဲ့ယွဲ့လို့ခေါ်ပါတယ်။ ရဲရှောင်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက်ရှင့်ကိုကျေးဇူးတင်ပါတယ်”
အမျိုးသမီးသည်စုယဲ့ယွဲ့၏ နာမည်အား ကြားလိုက်ရသောအခါ –
“စုယဲ့ယွဲ့တဲ့လား . . . တယ်လှတဲ့ နာမည်ပဲ။ ညအချိန်သာ မရှိရင်လမင်းကြီးလည်း ဘယ်သာနိုင်ပါ့မလဲ။ ညဘက်နဲ့ လမင်းကြီးကို ကိုယ်စားပြုထားလို့ မင်းရဲ့ နာမည်ကသိပ်လှတဲ့ နာမည်ပဲ”
အမျိုးသမီးသည်စုယဲ့ယွဲ့၏ နာမည်ကိုသာ စိတ်ဝင်စားလျက်ရှိပြီး ရဲရှောင်အား ကယ်တင်ခဲ့သည့်အတွက်ကျေးဇူးတင်ပါသည်ဆိုသော စကားကိုမူ ဂရုပင်မစိုက်ချေ။
ရဲရှောင်သည်သူမအတွက်မြူ မှုန်တစ်မှုန်လောက်ပင်အရေးမပါသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
အမျိုးသမီးသည်ချိုသာသော အသံဖြင့်-
“မိန်းကလေး . . . မင်းအနေနဲ့မကြာသေးခင်က ထူးခြားတာ တစ်ခုခု ကြုံတွေ့ခဲ့ရသေးလား”
အမျိုးသမီးသည်ဖီးနစ်ခန္ဓာကိုယ်ရှိသည့်မိန်းကလေးအား နှစ်ထောင်ပေါင်းများစွာကြာအောင်ရှာဖွေခဲ့သော်လည်း တစ်ယောက်တစ်လေမှပင်မတွေ့ခဲ့ချေ။
သူမ၏ ကျင့်စဉ်များ တိုးတက်လာပြီး ယခင်ကထက်စွမ်းအင်များ ပိုအားကောင်းလာသောအချိန်တွင်ရှာဖွေခြင်း ခရီးစဉ်သည်ပို၍ အဆင်ပြေလာခဲ့သည်။ သူမ၏ စိတ်စွမ်းအင်အား နယ်ပယ်အသီးသီးသို့ ဖြန့်ကျက်၍ဖီးနစ်ခန္ဓာကိုယ်ရှိသူအား ရှာဖွေခဲ့သည်။ ထို့အတွက်ကြောင့်အချိန်ကုန်လူပင်ပန်း ခံနေစရာ မလိုတော့ပေ။
ထိုခန္ဓာကိုယ်မျိုးသည်ဘုရားက ဖန်ဆင်းပေးထားသော ခန္ဓာကိုယ်ဟုပင်ဆိုနိုင်ပေသည်။ လူသန်းပေါင်းများစွာတွင်တစ်ယောက်ရှိရန်ပင်အလွန်ခက်ခဲလှသည်။ သူမအနေဖြင့်ထိုကဲ့သို့သော ခန္ဓာကိုယ်ပိုင်ရှင်အား ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူကြောင်းလည်းသိရှိခဲ့သည်။
မိန်းကလေးတစ်ယောက်သာလျှင်ဖီးနစ်ခန္ဓာကိုယ်ရှိသည့်လူတစ်ယောက်အဖြစ်မွေးဖွားနိုင်ပြီးမွေးရာပါ ဖီးနစ်ခန္ဓာကိုယ်ပိုင်ဆိုင်ရန်မှာ အလွန်ပင်ခက်ခဲလှသည်။
သို့သော်ယခုအချိန်တွင်သူမရှေ့တွင်ရှိနေသည့်မိန်းကလေးအားကြည့်ရင်း မယုံနိုင်အောင်ပင်ဖြစ်လျက်ရှိသည်။
သူမတွေ့ရှိခဲ့သည့်မိန်းကလေးသည်ဆယ့်ခြောက်နှစ်အရွယ်ပင်ရှိနေပြီ ဖြစ်သော်လည်း ထိုမိန်း ကလေးအား မကြာသေးမီကမှ စိတ်အာရုံစွမ်းအင်များမှ တစ်ဆင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
စုယဲ့ယွဲ့သည်အမျိုးသမီး၏မေးခွန်းကြောင့်စိတ်ရှုပ်ထွေးသွားဟန်ဖြင့်-
“ထူးခြားတာ တစ်ခုခု ဟုတ်လား . . . ကျွန်မတော့ ဘာမှထွေထူး ဖြစ်ခဲ့တာ မရှိပါဘူး”
စုယဲ့ယွဲ့၏ အဖြေကြောင့်အမျိုးသမီးသည်မျက်မှောင်ကြုတ်လိုက်ရင်း –
“အခု ငါမြင်နေရသလောက်ကတော့ မင်းကမွေးရာပါ ဖီးနစ်ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေး မဟုတ်ဘူး။ ဒါပေမယ့်လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက မင်းရဲ့ ခန္ဓာကိုယ်က ဖီးနစ်ခန္ဓာကိုယ်ဖြစ်နေတယ်။တော်တော်ကို ကြီးမားတဲ့ပြောင်းလဲမှုကြီးပဲ။ မင်းပြောသလို ထူးခြားတာ တစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင်ဒီကိစ္စက ဘယ်လိုဖြစ်နိုင်မှာလဲ”
စုယဲ့ယွဲ့သည်တစ်စုံတစ်ခုအား မှတ်မိသွားသည့်ဟန်ဖြင့်-
“အာ . . . ကျွန်မ မှတ်မိပြီ။ ထူးခြားတာ တစ်ခုဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်း က ကျွန်မ ထူးခြားဆေးလုံးသောက်လိုက်သေးတယ်”
“အဲ့ဒါကြောင့်ရော မဖြစ်နိုင်ဘူးလား”
အမျိုးသမီးသည်စိတ်ဝင်စားသွားဟန်ဖြင့်-
“ထူးခြားဆေးလုံး . . . ဟုတ်လား။ အဲ့ဒီဆေးလုံးက ဘာဆေးလုံးလဲ။ ဘာအတွက်သောက်ရတဲ့ဆေးလဲ။ မင်းကို ဒီလိုဖြစ်အောင်အဲ့ဒီဆေးလုံးကပြောင်းလဲလိုက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စုယဲ့ယွဲ့မှ ချက်ချင်း မတုန့်မဆိုင်းပင်-
“ထူးခြားဆေးလုံးဆိုတာ ရိုးရိုးဆေးတွေနဲ့ မတူဘူး။ ကျွန်မသောက်ခဲ့တဲ့ဆေးကဖေးယွမ်ဆေးလုံးပါ”
“ဖေးယွမ်ဆေးလုံး . . . ဟုတ်လား”
စုယဲ့ယွဲ့၏ အပြောကြောင့်အမျိုးသမီးသည်မျက်ဖြူ လန်သွားမတတ်ပင်ဖြစ်သွားကာ –
[ဒီလိုအဆင့်နိမ့်တဲ့ဆေးလုံးတွေကကောင်မလေးကို ဖီးနစ်ခန္ဓာကိုယ်ဖြစ်အောင်ပြောင်းလဲလိုက်နိုင်တယ်ဆိုရင်သေချာတာတစ်ခုကတော့ ကမ္ဘာကြီးလည်း လုံးရာကပြားပြီး ပျက်တော့မယ်ထင်တယ်]
ထိုစကားများအား စုယဲ့ယွဲ့၏ နှုတ်မှ ထွက်လာ၍ နားရှိ၍သာ ကြားရသည်အမျိုးသမီးအတွက်မူ ယုံချင်စရာမရှိပေ။ အကယ်၍ ယဲ့ယွဲ့သည်သာ ဖီးနစ်ခန္ဓာကိုယ်ရှိသည့်မိန်းကလေးတစ်ဦး ဖြစ်မနေခဲ့လျှင်ထိုအမျိုးသမီးသည်ယဲ့ယွဲ့၏ ပါးအား ဘယ်ပြန်ညာပြန်ရိုက်ရုံသာမက စိတ်ထဲတွင်လည်း –
[ဟမ်. . . နင်လို မိန်းကလေးကများ ငါ့ကို ဒီလို အဆင့်နိမ့်ဖေးယွမ်ဆေးအကြောင်းပြောပြီး အရူးလုပ်ရဲတယ်ပေါ့လေ]
ရဲရှောင်သည်စုယဲ့ယွဲ့အားကြည့်ရင်း အံ့ဩနေမိရင်း စိတ်ထဲတွင်လည်း –
[ယဲ့ယွဲ့မှာ အရင်က ဖီးနစ်ခန္ဓာကိုယ်မရှိဘူး ဒါပေမယ့်မကြာသေးမီကမှ သူရဲ့ခန္ဓာကိုယ်ကပြောင်း လဲသွားတာဆိုပဲ။ အမျိုးသမီးကလည်း အရင်တုန်းက စိတ်အာရုံခံနိုင်စွမ်း မရှိခဲ့ဘူး။ဒါပေမယ့်အခုကြတော့ သူ ယဲ့ယွဲ့ကို ရှာတွေ့သွားပြီ။ ဘာတွေဖြစ်ကုန်တာလဲ။ပြောင်းလဲသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ။ ကြည့်ရသလောက်တော့ ထူးခြားဆေးလုံးကြောင့်တော့ပြောင်းလဲသွားတာ မဟုတ်ဘူး။ ဒါပေမယ့်ယဲ့ယွဲ့မှာလည်းဖေးယွမ်ဆေးလုံးသောက်တာကလွဲပြီး တခြားဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာမရှိဘူး]
ရဲရှောင်သည်ဖြစ်ပျက်ပြီးခဲ့သည့်အရာများအား ဆက်စပ်စဉ်းစားလိုက်သောအခါ အကြောင်း အရာတစ်ချို့အား ပြန်လည်မှတ်မိသွားခဲ့သည်။ သေလုမြောပါးဖြစ်ခဲ့သည့်သူ၏ အခြေအနေအား ပြောပြလိုက်သည့်အချိန်တွင်အလွန်အမင်း စိုးရိမ်ပူပန်နေသော ယဲ့ယွဲ့တစ်ယောက်အရုပ်ကြိုးပျက်ပင်လဲကျသွားခဲ့သည်။
ရဲရှောင်သည်ယဲ့ယွဲ့အား ချက်ချင်း သတိပြန်လည်လာစေရန်အတွက်ဟင်းလင်းပြင်ကြီးထဲမှရှေးဦးခရမ်းရောင်ချီဓာတ်အား အသုံးပြု၍ သူမ၏ အသွေးအသားများကို သန့်စင်ပေးခဲ့သည်။
ထိုအခါ ဟင်းလင်းပြင်ကြီးထဲမှ ဥ သည်ရှေးဦးခရမ်းရောင်ချီဓာတ်အသုံးပြုခြင်းအား မနှစ်မြို့သည့်ဟန်ဖြင့်အပေါ်သို့ လွင့်မြောသွားလေသည်။
ရဲရှောင်သည်ဥ အား လျစ်လျုရှုလိုက်ရင်း စိတ်ထဲတွင်လည်း –
[ငါ့ခရမ်းရောင်ချီဓာတ်ကို ငါသုံးတာ ဘာဖြစ်လဲ။ ဘယ်သူ့ဂရုစိုက်ရမှာလဲ]
ရဲရှောင်သည်ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့်ယဲ့ယွဲ့၏ အသွေးအသားတစ်ခုလုံးအား သန့်စင်ပေးလိုက်သည်။
ထိုအချိန်တွင်တစ်ကြိမ်တစ်ခါမျှ မတုန်ခါခဲ့ဘူးသော ဥ သည်ဆတ်ဆတ်ခါအောင်တုန်ခါလျက်ရှိပြီး အဝါရောင်အခိုးအငွေ့များသည်ပင်ထွက်ပေါ်လာခဲ့သည်။
ရှေးဦးခရမ်းရောင်ချီဓာတ်များအား ရပ်တန့်သွားစေရန်ဥ မှ ကြိုးစားနေသည့်ပုံစံပင်။
ရဲရှောင်သည်စုယဲ့ယွဲ့ ပြန်လည်သက်သာလာစေရန်အာရုံစိုက်၍ ကုသပေးနေရသည့်အတွက်ဥ အား ဂရုမစိုက်နိုင်တော့ချေ။ အစွမ်းကုန်ကြိုးစားကုသပြီးသည့်နောက်တွင်ရှေးဦးခရမ်းရောင်ချီဓာတ်အချို့ နှင့်အတူ အဝါရောင်အခိုးအငွေ့များသည်စုယဲ့ယွဲ့၏ အသွေးအသားများထဲသို့ စီးဆင်းဝင်ရောက်သွားကြသည်။
အားလုံးပြီးဆုံးသွားသည့်နောက်တွင်ဥ သည်လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဆိုးဆိုးဝါးဝါး နာကျင်သွားသည့်ပုံပင်။
ထိုအခြင်းအရာများ ဖြစ်ပျက်နေသည့်အချိန်တွင်စုယဲ့ယွဲ့သည်သတိမေ့မျောနေ၍ ဘာဆိုဘာမှပင်မသိခဲ့ချေ။
ရဲရှောင်သည်အခြေအနေများအား ခြုံငုံစဉ်းစားမိလိုက်ကာ စိတ်ထဲတွင်-
[အဲ့ဒီအချက်ကြောင့်ပဲ ယဲ့ယွဲ့မှာ ဖီးနစ်ခန္ဓာကိုယ်ရှိသွားတာနေမှာ]
အမျိုးသမီးသည်ယဲ့ယွဲ့အား မယုံကြည်နိုင်သော အကြည့်များဖြင့်ကြည့်နေရင်း သူ၏ စိတ်ထဲမှလည်း –
[မကြာသေးခင်ကမှ ဖီးနစ်ခန္ဓာကိုယ်ပြောင်းသွားတာဆိုရင်ဘယ်လြိုဖစ်လို့မွေးရာပါပုံစံလို ဖြစ်သွားတာပါလိမ့်။အခုအခြေအနေကမွေးရာပါထက်ကို ပိုကောင်းနေသေးတယ်။ ဒါပေမယ့်ငါကရော ဘာဖြစ်လို့ နည်းနည်းလေးမှတောင်စိတ်အာရုံ မခံနိုင်ခဲ့တာပါလိမ့်။ ထူးဆန်းလိုက်တာ]
စဉ်းစား၍ မရသည့်အဆုံးနောက်ဆုံးတွင်အမျိုးသမီးသည်စုယဲ့ယွဲ့၏ လက်မောင်းအား ဆတ်ကနဲ ဆွဲယူလိုက်ပြီး သန့်စင်သေးငယ်သော ဝိညာဉ်တော်ချီဓာတ်များအား လက်မောင်းအတွင်းသို့ စီးဆင်းစေလိုက်သည်။ ထိုဝိညာဉ်တော်ချီဓာတ်များဖြင့်ယဲ့ယွဲ့၏ အသွေးအသားများအား စစ်ဆေးလိုက်သည်။
ခဏအကြာတွင်အမျိုးသမီး၏ မျက်နှာတစ်ခုလုံးသည်နီရဲသွားပြီး ဟန်မဆောင်နိုင်လောက်အောင်ပင်ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမအနေဖြင့်ယခုကဲ့သို့ အခြေအနေမျိုြးဖင့်ကြုံတွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့မိပေ။ သူမထက်ပင်သန်စင်သည့်ဖီးနစ်ခန္ဓာကိုယ်ရှိသော စုယဲ့ယွဲ့အားတွေ့ရှိခဲ့ပြီး ယဲ့ယွဲ့၏ ခန္ဓာကိုယ်ထဲတွင်ရှေးကျသော စွမ်းအင်အချို့ ရှိနေသည်ကို ခံစားလိုက်ရသည်။
သူမကိုယ်တိုင်စမ်းသပ်ပြီးသည့်နောက်ဆုံးတွင်အမျိုးသမီးသည်တုန်လှုပ်အံ့ဩသွားလေသည်။
မယုံနိုင်လောက်အောင်အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်များကြောင့်သိုင်းပညာအား စတင်ကျင့်ကြံခဲ့သည့်အချိန်က သူမ၏ ဆရာပြောခဲ့သော စကားအချို့အား ပြန်လည်တွေးတောမိသွားခဲ့သည်။
“ဖီးနစ်ကကြိုးကျင့်စဉ်က ပြိုင်ဘက်ကင်းပြီး အတုမရှိတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဘယ်လူသားကမှ ဖန်တီးလို့လည်းမရဘူး။ အဲ့ဒီကျင့်စဉ်ကို စကြာဝဠာကြီးကပဲ ပိုင်ဆိုင်တယ်”
“ရှေးရှေးတုန်းကတော့ ဖီးနစ်ကကြိုး ကျင့်စဉ်နဲ့ ဆင်တူယိုးမှားဖြစ်တဲ့ ကျင့်စဉ်အနည်းငယ်တော့ ရှိခဲ့ဖူးတယ်။ တကယ်တော့ ငါတို့ရဲ့ ဖီးနစ်ခန္ဓာကိုယ်က တခြားသာမန်ခန္ဓာကိုယ်တွေနဲ့ ကွာခြားမှု သိပ်မရှိလှဘူး။ စစ်မှန်တဲ့ ဖီးနစ်ခန္ဓာကိုယ်နဲ့ ယှဉ်ရင်တော့ ပိုဆိုးပေါ့။ ငါတို့ရဲ့ သိုင်းပညာတွေကို အမြင့်ဆုံးအဆင့်ရောက်အောင်ကျင့်ကြံနိုင်မယ့်နည်းလမ်းတွေကို သိပေမယ့်လည်းစစ်မှန်တဲ့ ဖီးနစ်ခန္ဓာကိုယ်မရှိတော့ ငါတို့အားလုံး ဘယ်သူမှ မလုပ်နိုင်ကြသေးဘူး။ရှေးဦးခရမ်းရောင်ချီဓာတ်ကြောင့်ဖြစ်တည်လာတဲ့ စစ်မှန်တဲ့ ဖီးနစ်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်ကပဲ ဖီးနစ်ကကြိုးကျင့်စဉ်မှာအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်ကိုးဆင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်”
သူမ၏ ဆရာဖြစ်သူသည်ထိုစကားများအားပြောကြားပြီးသည့်အခါတိုင်း အမြဲလိုလို သက်ပြင်းချနေတတ်သည်။
နောက်ပိုင်းကာလများတွင်အမျိုးသမီးသည်ဖီးနစ်ကကြိုးကျင့်စဉ်ကျင့်ကြံသူများအားလုံးကြားတွင်စွမ်းအားအရှိဆုံးဖြစ်လာပြီးအောင်မြင်မှုများ ပိုင်ဆိုင်လာခဲ့သည်။ ဆရာဖြစ်သူ၏ သင်ကြားမှုများအား တသွေမတိမ်း လိုက်နာကျင့်ကြံနိုင်ခဲ့သောကြောင့်လည်း ဖြစ်သည်။
ထူးခြားဆန်းကြယ်သည့်ကျင့်စဉ်တစ်ခုသည်ကျင့်ကြံသူများအား ဦးဆောင်နိုင်ရုံသာမက စကြာဝဠာကြီးအထိပင်ခမ်းနားကြီးကျယ်သောအောင်မြင်မှုများကို ရရှိစေနိုင်ပေသည်။
ကျင့်ကြံသူများအားလုံးသည် စစ်မှန်သော ဖီးနစ်ခန္ဓာကိုယ်မရှိခြင်းကြောင့်ထိုကဲ့သို့သောအောင်မြင်မှုများအား လိုချင်တပ်မက်ကြသော်လည်း သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်ကြချေ။
ထိုခံစားချက်သည်ကျင့်ကြံသူများအတွက်မူ အနာသိပေမယ့်ဆေးမရှိသည့်ခံစားချက်နှင့်ပင်တူနေသည်။
ယခုအခါတွင်မူ အမျိုးသမီးသည်စုယဲ့ယွဲ့အား အံ့ဩထူးဆန်းဖွယ်ကောင်းသည့်လူတစ်ယောက်ကဲ့သို့ပင်စူးစိုက်၍ ကြည့်နေလေသည်။
အဘယ့်ကြောင့်ဆိုသော်စုယဲ့ယွဲ့ထံတွင်အလွန်ရှားပါးသော ဖီးနစ်ခန္ဓာကိုယ်ရှိနေရုံသာမကရှေးဦးခရမ်းရောင်ချီဓာတ်များ နှင့်မွေးရာပါသန့်စင်သော အသွေးအသားများ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
စုယဲ့ယွဲ့သည်တုန်ရီသောလေသံဖြင့်-
“ဘာ . . . ဘာ . . . ဘာဖြစ်လို့ အကျယ်ကြီးအော်ရယ်တာလဲဟင်”
အမျိုးသမီးသည်အသက်ဝဝရှူ သွင်းလိုက်ရင်း တည်ငြိမ်သောလေသံဖြင့်-
“စုယဲ့ယွဲ့ . . . ယွဲ့လေး . . . မင်း ငါ့တပည့်အဖြစ်ခံယူရမယ်”
အမျိုးသမီး၏ အပြောကြောင့်စုယဲ့ယွဲ့၏ ကြည်လင်တောက်ပသော မျက်ဝန်းများတွင်ကြောက်ရွံ့စိတ်များဖြင့်ပြည့်နှက်သွားပြီးနောက်သို့ပင်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ –
“ကျွန်မ . . . ကျွန်မ . . . မ . . . မလုပ်ချင်ဘူး”
အမျိုးသမီးမှလည်း ချက်ချင်း မတုန့်မဆိုင်းပင်-
“မိန်းကလေး . . . မင်း ငါ့နောက်လိုက်ပြီး ငါ့တပည့်အဖြစ်သစ္စာခံနေသမျှ ကာလပတ်လုံး ကမ္ဘာကြီး နဲ့ စကြာဝဠာကြီးအထိမှာပါ စွမ်းအားအရှိဆုံး လူတစ်ယောက်ဖြစ်လာအောင်ငါလုပ်ပေးမယ်။ အဲ့ဒါတွေပါ မကသေးဘူး မင်းရဲ့အသက်ကို ထာဝရရှင်သန်အောင်အထိပါ လုပ်ပေးနိုင်တယ်နောက်ပြီး ဘယ်တော့မှမှေးမှိန်ပျောက်ကွယ်မသွားနိုင်တဲ့ ထင်ပေါ်ကျော်ကြားမှုတွေ ရအောင်လည်း ငါလုပ်ပေးနိုင်တယ်။ အဲ့ဒီအရာတွေအကုန်လုံးကို မင်းပိုင်ဆိုင်နိုင်အောင်ငါပေးနိုင်တယ်. . .”
အမျိုးသမီးသည်မက်မောလောက်ဖွယ်ရာကောင်းသော မက်လုံးများပေးနေခြင်းဖြစ်သည်။ မက်လည်း မက်လောက်စရာပင်။ အမျိုးသမီးသည်သူ၏ ကမ်းလှမ်းမှုများ မည်သူတစ်ဦးတစ်ယောက်ကမှ ငြင်း လိမ့်မည်မဟုတ်ဟု အပြည့်အဝယုံကြည်ထားသည်။ စုယဲ့ယွဲ့သည်လည်း မငြင်းဘဲ သူမ၏နောက်သို့ လိုက်လိမ့်မည်ဟုတွေးနေမိသည်။
သို့သော်စုယဲ့ယွဲ့မှ ရဲရှောင်အား ကြည့်ရင်း –
“ကောင်းပြီ . . . ဒါဆို သူ့ကိုကြ ဘယ်လိုလုပ်မှာလဲ”
အမျိုးသမီးသည်ရဲရှောင်အား လှည့်ပင်မကြည့်ဘဲ တည်ငြိမ်သောလေသံဖြင့်-
“သူ့ကိုတော့ခေါ်လို့မရဘူး။ သူက အားနည်းလွန်းတယ်။ အရည်အချင်းပြည့်မီဖို့လည်းတော်တော်လိုသေးတယ်”
အမျိုးသမီး၏ စကားကြောင့်စုယဲ့ယွဲ့သည်သူမ၏ခေါင်းအား တွင်တွင်ခါယမ်းလိုက်ရင်း –
“အဲ့ဒီလိုဆိုရင်ကျွန်မ ရှင်နဲ့ မလိုက်နိုင်ဘူး”
ယဲ့ယွဲ့၏ အဖြေကြောင့်အမျိုးသမီးသည်ပါးစပ်အဟောင်းသားပင်ဖြစ်သွားကာ –
“ဘာ . . . ဘယ်လို . . . မင်းဘာပြောလိုက်တယ်။ မလိုက်ဘူးလို့များ မင်းပြောလိုက်သလားလို့။ ဒါမှမဟုတ်ငါများ နားကြားမှားမိသလား။ မင်းဘာပြောလိုက်သလဲဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား။ ငါနဲ့အတူ မလိုက်နိုင်ဘူးလို့ ငြင်းလိုက်တာ ကိုယ့်တက်လမ်းကို ပိတ်လိုက်တာနဲ့ အတူတူပဲဆိုတာ မင်း သိရဲ့လား။ ခမ်းနားကြီးကျယ်တာတွေ၊ စွမ်းအားအရှိဆုံးဆိုတာတွေကို စွန့်လွှတ်မလို့လား . . .”
စုယဲ့ယွဲ့သည်ခေါင်းငုံ့ထားရင်းလေသံအေးလေးဖြင့်-
“တကယ်တော့ . . . အဲ့ဒီအရာတွေက ကျွန်မအတွက်ဘာအဓိပ္ပါယ်မှ မရှိဘူး။ ကျွန်မက ကျွန်မ အမေလို သာမန်မိန်းမတစ်ယောက်ပါပဲ။ အရွယ်ရောက်လာရင်ကျွန်မကို ချစ်ပြီး ယုယကြင်နာပေးနိုင်မယ့်လူတစ်ယောက်ကိုရှာရမယ်လို့ ငယ်ငယ်တုန်းက အမေ ပြောခဲ့ဖူးတယ်။ ကျွန်မတစ်ဘဝလုံးရဲ့ အချိန်တွေကို ဒီယောက်ျားရဲ့အနားမှာပဲ ကုန်ဆုံးသွားချင်တယ်။ ကျွန်မတို့မှာ ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ရလာမယ်နောက်ပြီးမောင်တစ်ထမ်းမယ်တစ်ရွက်နဲ့လောကဓံတွေကို အတူတူရင်ဆိုင်သွားမယ်။နောက်ဆုံးတဖြည်းဖြည်းနဲ့ အိုမင်းမစွမ်းဖြစ်လာပြီး မတ်တတ်တောင်မရပ်နိုင်တော့တဲ့အချိန်ကြရင်ကျွန်မတို့လင်မယားနှစ်ယောက်လုံး ထိုင်ခုံလေးပေါ်မှာပဲ ထိုင်နေပြီး သားတွေ သမီးတွေ နဲ့မြေးတွေရဲ့ ပြုစုစောင့်ရှောက်တာကို ခံမယ်. . .”
“မိန်းမတစ်ယောက်ရဲ့ဘဝမှာ အဲ့ဒီအချက်တွေ ပိုင်ဆိုင်နေရင်ကို ပြည့်စုံပြီလို့ အမေကပြောခဲ့ဖူးတယ်။ ခမ်းနားကြီးကျယ်တာတွေ၊ စွမ်းအားကြီးတာတွေက တကယ်တော့ မိန်းမတစ်ယောက်အတွက်ဘာမှအရေးမပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က မိန်းမတွေ ဖြစ်နေလို့လေ”
စုယဲ့ယွဲ့သည်ထိုစကားများအားသူမ၏ နှုတ်မှ အဆက်မပြတ်ပြောနေမိသော်လည်း အချို့သော စကားလုံးများ၏ အဓိပ္ပါယ်အနှစ်သာရများကိုမူ အမှန်တကယ်တမ်းတွင်မူနားမလည်သေးပေ။ ထို့ကြောင့်စကားများပြောဆိုနေသည့်အချိန်တွင်သူမ၏ မျက်နှာ၌ စိတ်ရှုပ်ထွေးမှုများ အထင်သားပေါ်လွင်လျက်ရှိသည်။
သို့သော်ယဲ့ယွဲ့အနေဖြင့်ထိုကဲ့သို့သော ဘဝမျိုးအား ပိုင်ဆိုင်နိုင်ရန်မျှော်လင့်နေမိသည်။
အမျိုးသမီးသည်စုယဲ့ယွဲ့၏ စကားများကြောင့်အံ့ဩတုန်လှုပ်သွားရင်း –
“ကျွန်မက မိန်းမတစ်ယောက်မလို့ . . . ဟုတ်လား . . .”
စုယဲ့ယွဲ့ပြောလိုက်သည့်”မိန်းမတစ်ယောက်မလို့” ဟူသည့်စကားလုံးသည်အလွန်ရိုးရှင်းလှသော်လည်း အမျိုးသမီး၏ ရင်ထဲတွင်မူကြိတ်မနိုင်ခဲမရပင်ဖြစ်လျက်ရှိသည်။ သူမ၏ စိတ်ထဲတွင်လည်း –
[ဘယ်လောက်တောင်တုံးအလိုက်တဲ့ စိတ်ကူးမျိုးလဲ။ ငါလည်း မိန်းမတစ်ယောက်ပါပဲ။ ငါလည်း အဲ့ဒီလိုဘဝမျိုး လိုချင်တဲ့ဆန္ဒရှိတာပဲ။ ဒါပေမယ့်ငါက ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ။ တကယ်လို့ ပိုင်ဆိုင်နိုင်ခဲ့ရင်တောင်ငါဖြင့်အဲ့ဒီလိုဘဝမျိုးသေတောင်မလိုချင်ပေါင်. . .]