အခန်း (၇၁၉) ရှုံဟွာ
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ရောက်တဲ့အခါ သူ့ဓမ္မစွမ်းအားကို သုံးပြီး ကွမ်းပုပိုင်နဲ့ ဟန်မင်ရဲ့ ဝိညာဉ်တွေကို ကာကွယ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ မဟာတာအိုပညာရှိ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို နတ်ဘီလူးချီနဲ့ ပေါင်းစပ်ဖို့ အလွယ်လေး ကူညီနိုင်လာပါတယ်။
ဟန်ကျွယ်ဟာ မျှော်လင့်ချက်ကြီးစွာနဲ့ စာအိတ်ကို ဖွင့်ဖတ်လိုက်ပါတယ်။ စာစောင်တွေ မဖတ်တာ နှစ်တစ်သောင်း ကြာခဲ့ပြီမလို့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းမှာပါ။ ပဟေဠိသေတ္တာ ဖွင့်လှစ်ရတဲ့ ခံစားချက်ကို ဟန်ကျွယ် ထပ်ပြီးတော့ ခံစားလိုက်ရပါတယ်။
[သင့်မြေးတပည့် ချူရှီရန်သည် အကောင်းစား ရတနာတစ်ပါးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် ပဋိပက္ခ အသူရာချောက်သို့ ပြုတ်ကျပြီး ကံတရား ဖုံးကွယ်ခံလိုက်ရ၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၂၁၃၂၂၈
[သင့်မြေးတပည့် ကျန်းယီသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၃၃၄၆၄၂၁
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် ကောင်းကင်ရုံးတော်ထဲသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် အမှောင်ထု ရင်းမြစ်ထဲသို့ ဝင်ရောက်ပြီး အမှောင်စွမ်းအားဖြင့် ဝိညာဉ်ကို သန့်စင်ကာ ပြန်လည်မွေးဖွားခဲ့၏။]
[သင့်တပည့် ကျိုးဖန်သည် မဟာတာအိုမျှော်စင်ကို အသုံးပြုပြီး မဟာတာအို အနန္တကပ်ဘေးကို ချောင်းကြည့်ခဲ့သဖြင့် တန်ပြန်ထိသွား၏။]
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ ထပ်ပြီးတော့ အဆော်ခံရပြန်ပါပြီ။ အထူးသဖြင့် ကျောက်ရွှမ်ယွမ်က အန္တရာယ်ကြားထဲ ကျသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုအရှင်သခင်တို့ သုံးယောက်က အရံအစီအစဉ်အနေနဲ့ သူတို့ဝိညာဉ် အပိုင်းအစတွေကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ချန်ထားခဲ့တာကြောင့်ပါ။ ဒါကြောင့် အပြင်မှာ သေသွားရင်တောင် ဘာမှမဖြစ်ပါဘူး။ မသေရင်တော့ ပိုကောင်းတာပေါ့။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် ကောင်းကင်ရုံးတော်ထဲ ဝင်သွားတာကို နောက်ကျမှ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ကျိန်စာနတ်ဘီလူးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန် အကြောင်းကို ထပ်တွေ့ရတဲ့အခါ သက်ပြင်းသာ ချမိပါတော့တယ်။ ဘိုးဘေးရှီတျန်ဟာ ထွက်မပြေးတဲ့အပြင် ပြန်လာမဲ့ပုံ ရှိပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူ့မိတ်ဆွေ တော်တော်များများ အခွင့်အရေးတွေ ရရှိကြတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
တိတ်ဆိတ်ဂိုဏ်း အပြင်စည်းကို အုပ်ချုပ်တဲ့ လီရွှမ်အောက်၊ ပုကျိုးနတ်တောင်က ဟန်ယွီ၊ မယ်တော်ဂိုဏ်းက ဝူတောက်ကျန့်၊ ကျယ်ကျောင်းတော်က ဟွမ်ဇွမ်တျန် စတဲ့လူတွေဟာ ပဋိပက္ခကိုသွားပြီး အခွင့်အရေး ရှာဖွေကြပါတယ်။
ပဋိပက္ခ ကောင်းကင်လမ်းကို သွားတဲ့လူတွေက အဆက်မပြတ် စီးဆင်းနေတဲ့ စမ်းချောင်းလိုပါပဲ။ ရပ်သွားတယ်ဆိုတာ မရှိပါဘူး။ ကျင့်ကြံသူ တော်တော်များများဟာ ပဋိပက္ခ ကောင်းကင်လမ်းမှာ ဈေးခင်းပြီး စိတ်ဝိညာဉ် ဆေးဝါးမျိုးစုံ၊ ဓမ္မရတနာမျိုးစုံနဲ့ သဘာဝရတနာမျိုးစုံကို ရောင်းချကြပါတယ်။ ဘုံငွေကြေးကတော့ ကောင်းကင်အရှင်ရွှမ်တု ဖန်တီးထားတဲ့ ရှန်တျန်ဆေးလုံးပဲ ဖြစ်ပါတယ်။ ရှန်တျန်ဆေးလုံးက ရှန်တျန်ချီကနေ ဖြစ်ပေါ်လာပြီး ကျင့်ကြံဖို့နဲ့ ဒဏ်ရာကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။
အင်မော်တယ်ကမ္ဘာကတော့ စိတ်ဝိညာဉ် ဆေးလုံးတွေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငွေကြေးအဖြစ် အသုံးပြုနေတုန်းပါ။ သေမျိုးကမ္ဘာကတော့ ဒီထက် ပိုဆိုးပါတယ်။ ရွှေငွေ ကျောက်သံပတ္တမြားတွေကို ငွေကြေးအဖြစ် သုံးနေကြတုန်းပါ။
စာစောင်တွေကို ဖတ်ကြည့်ရုံနဲ့တောင် ဟန်ကျွယ်ဟာ ခေတ်တစ်ခေတ်ရဲ့ လှိုင်းလုံးတွေကို ခံစားမိပါတယ်။ ကောင်းကင်တာအိုက ပဋိပက္ခဆီကို ဗိုလ်ကျလွန်းတဲ့ ရောင်ဝါနဲ့ ကျယ်ပြန့်နေတာပါ။
စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက ဟင်းလင်းပြင်ထဲမှာပါ။
နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးအသွင် ပြောင်းလဲထားတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မျက်ခုံးပင့်တက်သွားပါတယ် “သခင်ကြီးက ကျွန်တော် ကျိန်စာနတ်ဘီလူးနောက်ကို မလိုက်တာနဲ့ ချက်ချင်း ရောက်လာတာပဲ၊ ကြည့်ရတာ သခင်ကြီးက ကျွန်တော်ကို သေချာစောင့်ကြည့်နေပုံပဲ”
“မင်း ဒီအတောအတွင်း ဘာလုပ်နေလဲ”
နတ်ဒေါင်းအရှင်ဟာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်ပါတယ် “မပြောချင်ပါဘူး၊ ဟိုတစ်လောတုန်းက ကျွန်တော် ကျိန်စာနတ်ဘီလူးကို သတ်နိုင်တော့မလို့ပဲ၊ ဒါပေမဲ့ ရှုံဟွာလို့ခေါ်တဲ့ တည်ရှိမှုတစ်ခုက ဝင်နှောင့်ယှက်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရလုနီး ဖြစ်သွားတယ်၊ အဲဒီကောင်က ပဋိပက္ခ နတ်ဘီလူးတွေကို စုစည်းပြီး ပန်ကူးနဲ့ ပတ်သက်တာမှန်သမျှကို ရှင်းပစ်မယ်လို့တောင် ခြိမ်းခြောက်သွားသေးတယ်၊ အဲဒီကောင်က ကျွန်တော်ကို ပြဿနာတွေနဲ့ ဝေးဝေးမှာနေပြီး ဝင်မပါဖို့တောင် အကြံပေးသေးတယ်၊ တော်တော် ဘဝင်မြင့်တဲ့ကောင်…”
‘လာပြန်ပြီလား… ဒီရှုံဟွာ…’ ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ် “အဲဒီရှုံဟွာက မင်းကို မသတ်နိုင်ဘူးလား”
“သူက ကျွန်တော်ကို ဘာကိစ္စနဲ့ သတ်နိုင်ရမှာလဲ၊ ကျွန်တော်က လွတ်လပ်မှု ထိပ်ဆုံးအဆင့်လေ၊ ဘယ်လိုလုပ်ပြီး ကြက်ကလေး ငှက်ကလေးလို အလွယ်လေး သတ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ ချက်ချင်း ငုံ့ကြည့်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အသာလေး သတ်ပစ်နိုင်ပါတယ်။
ကျိန်စာနတ်ဘီလူးနဲ့ ရှိနေတဲ့ ရှုံဟွာက ပဋိပက္ခနတ်ဘီလူးတွေကို စုစည်းချင်တယ်လို့ ပြောတာက တကယ်ကို ကြီးမားတဲ့ ရည်မှန်းချက်ပါ။
“ကျွန်တော် ကောင်းကင်တာအိုထဲ ဝင်တာက ရှုံဟွာအကြောင်း စုံစမ်းဖို့ပဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း ရှုံဟွာ ခြိမ်းခြောက်တာကို ခံရတယ်၊ သူက သခင်ကြီးရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး” နတ်ဒေါင်းအရှင်က ပခုံးတွန့်ပြီး ပြောလိုက်ပါတယ်။
“ကျိန်စာနတ်ဘီလူးကို သတ်ရမှာက မင်းရဲ့ အဓိက တာဝန်ပဲ၊ ရှုံဟွာကိုတော့ ဂရုစိုက်၊ သူက မင်းရင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး၊ မသေစေနဲ့”
နတ်ဒေါင်းအရှင်ဟာ နှာခေါင်းရှုံ့သွားပါတယ် “အဲဒီရှုံဟွာက ကျွန်တော်ကို သတ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ အဲဒီကောင်က သူ့မျက်နှာအစစ်အမှန်နဲ့ ကံတရားကို ဖုံးကွယ်ထားတာ၊ သေချာပေါက် ကြောက်လို့ပေါ့၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒီကောင်ရဲ့ အင်အားက သူ မောက်မောက်မာမာပြောပြီး ရန်စမိတဲ့ ရန်သူတွေကို မရင်ဆိုင်နိုင်ဘူးဆိုတာ ထင်ရှားတယ်”
ဟန်ကျွယ်ဟာ အစော်ကားခံရသလို ခံစားလိုက်ရပါတယ်။ နတ်ဒေါင်းအရှင်ရဲ့ စကားကို သူ့ကို ရည်ရွယ်ပြီး ပြောနေသလိုပါပဲ။ ဟန်ကျွယ် စိတ်မပါတော့ဘဲ အိပ်မက်ကို ခပ်မြန်မြန် အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီရှုံဟွာက ဘယ်သူလဲ’
“နတ်ဒေါင်းအရှင်နဲ့ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဒဏ်ရာရအောင်လုပ်တဲ့လူက ဘယ်သူလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဒီနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူက လက်ချိုးရေလို့ ရပါတယ်။
[တွက်ချက်၍ မရပါ။ ထိုသို့သော ကံတရားမျိုး မရှိပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ် ‘စနစ်တောင် တွက်ချက်လို့မရတဲ့ တည်ရှိမှုတစ်ခု ရှိနေတာလား… ပန်ကူးနဲ့ တာအိုဘိုးဘေးတောင် ကံတရားအစအန ကျန်နေခဲ့သေးတာပဲ… ဒီရှုံဟွာက ပန်ကူးနဲ့ တာအိုဘိုးဘေးထက် စွမ်းအား ပိုကြီးနေတာလား…’
ဟန်ကျွယ်ဟာ ရတက်မအေးနိုင်တာကြောင့် တစ်မျိုးပြောင်းပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့ တွက်ချက်လို့မရတဲ့ အခြေအနေမျိုး ရှိနေတာလဲ”
[တစ်ဖက်တည်ရှိမှုသည် စနစ်၏ အကန့်အသတ်ထက် ကျော်လွန်လျှင်သော်လည်းကောင်း တစ်မူထူးခြားသော အကောင်းစား ရတနာရှိလျှင်သော်လည်းကောင်း တွက်ချက်မရနိုင်ပါ။]
‘တစ်မူထူးခြားတဲ့ အကောင်းစား ရတနာ… ဒီအကြောင်းပဲ ဖြစ်နိုင်တယ်၊ ရှုံဟွာသာ စနစ်ထက် ပိုပြီး စွမ်းအားကြီးတယ်ဆိုရင် ပဋိပက္ခကို တစ်ခါတည်း ဖျက်ဆီးပြီးနေလောက်ပြီ၊ ဒီလောက်များတဲ့ ပရိယာယ်တွေကို ခေါင်းခြောက်ခံပြီး စဉ်းစားနေမှာ မဟုတ်ဘူး…’
ဟန်ကျွယ်ဟာ ဒီရလဒ်ကို မယုံနိုင်သေးတာကြောင့် ထပ်ပြီးတော့ လေးငါးခြောက်ကြိမ် မေးကြည့်ပါတယ်။ အကြိမ်တိုင်း တွက်ချက်လို့မရတာချည်းပါပဲ။ ဒါကြောင့် နောက်ဆုံးမှာ ဟန်ကျွယ်လည်း လက်လျှော့လိုက်ရပါတယ်။
‘ဒီလူက ကောင်းကင်တာအိုကို ပစ်မှတ်ထားနေပြီ၊ ငါကလည်း တွက်ချက်လို့ မရဘူးဆိုတော့ သူ တိုက်ခိုက်လာတာကိုပဲ စောင့်တော့မယ်’ ဒီအတွေးကြောင့် ဟန်ကျွယ်ရဲ့ မျက်မှောင်တွေဟာ ပြေလျော့သွားပါတယ်။
လက်ရှိ ကောင်းကင်တာအိုက အရင်နဲ့ လုံးဝ မတူတော့ပါဘူး။ သာမန်ပဋိပက္ခ မျိုးနွယ်စုတွေ လာတိုက်လို့ ဖြုံမှာတောင် မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အသံလွှင့်ပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားဖို့နဲ့ သတိမလွတ်စေဖို့ပဲ သတိပေးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် စကားကို ကြားရလို့ အံ့အားသင့်ခြင်းမရှိဘဲ တန်းသဘောတူလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုလည်း ရှုံဟွာရဲ့ တည်ရှိမှုကို သိထားတယ် ထင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။
နောက်ထပ် နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး ဟန်မင်နဲ့ ကွမ်းပုပိုင်ကို လွှတ်ပေးလိုက်ပါတယ်။
ကွမ်းပုပိုင်ဟာ အနိုင်ယူမရ နတ်ဘီလူးအဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မင်ကတော့ ဝိညာဉ် နတ်ဘီလူးအဖြစ် ပြောင်းလဲသွားပါတယ်။
ဟင်းလင်းပြင် နတ်ဘီလူးကတော့ ပျိုးထောင်တဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။ မွေးဖွားလာဖို့ အချိန်အတော်ကြာ ယူရဦးမှာပါ။ မူလ ပဋိပက္ခ နတ်ဘီလူးတွေက ဝိညာဉ်ကိုပါ ပျိုးထောင်ရတဲ့အတွက် အချိန်ပိုယူရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနတ်ဘီလူးတိုင်းက မတူပါဘူး။ ဒါကြောင့် ပျိုးထောင်ရတဲ့ အချိန်ကလည်း ပုံမှန်မရှိပါဘူး။ အကုန်လုံးက ဟန်ကျွယ်ရဲ့ မဟာတာအို နားလည်မှုအပေါ် မူတည်နေပါတယ်။
“ဒါက ပဋိပက္ခ နတ်ဘီလူးလား…” ကွမ်းပုပိုင်ဟာ သူခ့န္ဓာကိုယ်ကို အသေးစိတ် လိုက်ကြည့်ပြီး အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ဟန်မင်လည်း အတူတူပါပဲ။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဟန်မင်နဲ့ ကွမ်းပုပိုင်ကို တာအိုဘုံကျောင်းအပြင် ထုတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကိုပြန်ပြီး လီယောင်ကို တာအိုဘုံကျောင်းထဲ ဆင့်ခေါ်လိုက်ပါတယ်။
“မင်း အဆင်သင့် ဖြစ်ပြီလား” ဟန်ကျွယ် အလေးအနက် မေးလိုက်ပါတယ်။
လီယောင်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး ပြန်ဖြေပါတယ် “ကျွန်မ ပြင်ဆင်ပြီးပြီ”
“ဒါဆိုရင် အခုအချိန်ကစပြီး မင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာရလိမ့်မယ်၊ အနန္တကမ္ဘာ မြင်ကွင်းကျယ်နဲ့လည်း အဆက်အသွယ် ဖြတ်ရလိမ့်မယ်”
လီယောင်ဟာ ဟန်ကျွယ်စကားကြောင့် တအံ့တဩ ဖြစ်သွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။ လီယောင်ရဲ့ အကြီးမားဆုံး ပန်းတိုင်က ဒီထက်ပိုပြီးတော့ စွမ်းအားကြီးလာဖို့ပါ။
ဟန်ကျွယ်ဟာ စကားအပို မပြောတော့ဘဲ လီယောင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးကာ သူမရဲ့ ဝိညာဉ်ကို လောကဦးကမ္ဘာထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် နတ်ဘီလူးချီအလုံးတစ်လုံးနဲ့ ပေါင်းစပ်စေလိုက်ပါတယ်။
လီယောင် အသွင်ပြောင်းလဲတာ အောင်မြင်သွားတဲ့နေ့ကျရင် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ နောက်တစ်ကြိမ် တာအိုဟောကြားမှာပါ။
ရှုံဟွာက ပဋိပက္ခနတ်ဘီလူးတွေကို စုစည်းချင်တာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ကလည်း ပဋိပက္ခ နတ်ဘီလူးစစ်တပ်ကို ခပ်မြန်မြန် အကောင်အထည် ဖော်လိုက်ပါတယ်။ နှစ်ဖက်ရင်ဆိုင်တွေ့တဲ့အချိန် ရောက်လာရင် ဘယ်ပဋိပက္ခ နတ်ဘီလူးတွေက စွမ်းအားပိုကြီးလဲဆိုတာ သိရတာပေါ့။ ရှုံဟွာက ဒီမတိုင်ခင် သေသွားရင်တော့ အတိုင်းထက် အလွန်ပါပဲ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံက နားထဲကို ဝင်လာပါတယ်။
“တာအိုရောင်းရင်းဟန်… ခပ်မြန်မြန်လာဦး၊ ကောင်းကင်တာအို ပြဿနာတက်နေပြီ”
ဟန်ကျွယ်ဟာ အထက်ကို မော့ကြည့်ပြီး သူမသိတဲ့ တည်ရှိမှုတွေ မရှိဘူးဆိုတာကို သေချာအောင်လုပ်ပြီးမှ စကြဝဠာခန်းမထဲကို ခုန်ဝင်လိုက်ပါတယ်။ စကြဝဠာခန်းမထဲမှာ တာအိုပညာရှိတွေ အကုန်လုံး စုဝေးနေကြပါပြီ။
ကောင်းကင်တာအိုပညာရှိတွေကတော့ ကောင်းကင်အရှင်ရွှမ်တု၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ရှီတုတောက်၊ လီတောက်ခုံး၊ ဖန်းလျန်၊ ဟွမ်ဇွမ်တျန်၊ ကျင်းရှန်၊ ပန်ရှင်းနဲ့ ရွှီတုတောက်တို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ကို မြင်တာနဲ့ တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ တာအိုပညာရှိအသစ် ရွှီတုတောက်လည်း ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
“ဒါက တာအိုပညာရှိအသစ်ပဲ၊ သူက တာအိုရောင်းရင်းနဲ့ ဆက်ဆံရေးရှိပြီး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အမွေကို ဆက်ခံထားတယ်” ပန်ရှင်းက အပြုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ရွှီတုတောက်ဟာ တလေးတစား ဦးညွှတ်လိုက်ပါတယ် “စီနီယာကို အရိုအသေပေးပါတယ်”
ဟန်ကျွယ်ဟာ မဆိုစလောက် ခေါင်းညိတ်လိုက်ပါတယ်။
[ရွှီတုတောက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 719
? Views, Released on December 17, 2024