Switch Mode

Chapter – 717

အခန်း (၇၁၇) အသက်သုံးသိန်းပြည့်ခြင်း
“အမှောင်သခင်ကြီး ရှိနေတော့ရော ဘာဖြစ်လဲ၊ အဲဒါနဲ့ပဲ ကျွန်တော်တို့က ကောင်းကင်တာအို တိုက်ခိုက်တာကို လက်လျှော့လိုက်ရမှာလား…” သေးငယ်တဲ့ရုပ်သွင်က မကျေနပ်တဲ့လေသံနဲ့ ပြန်မေးလိုက်ပါတယ်။
တခြားရုပ်သွင်ဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး ပြန်ပြောလိုက်ပါတယ် “ငါ့ ညွှန်ကြားချက်ကို စောင့်ဦး၊ အခု ပဋိပက္ခရဲ့ အခြေအနေက မှန်းဆလို့ မရဘူး၊ နှစ်ပေါင်းများစွာ ဂူအောင်းကျင့်ကြံနေတဲ့ အိုကြီးသက်မတွေ ပြန်ပေါ်လာတယ်၊ ငါတို့တွေ ကောင်းကင်တာအိုနောက်မှာ ဘယ်သူရှိတယ်ဆိုတာကို သေချာစုံစမ်းရမယ်၊ ဒါမှ ရန်မစသင့်တဲ့ တည်ရှိမှုတွေကို ရန်မစမိမှာ”
သေးငယ်တဲ့ရုပ်သွင်ဟာ တိတ်ဆိတ်သွားပါတယ်။
သူတို့တွေဟာ တစ်ခဏ ဆက်စောင့်ကြည့်ပြီးနောက် ပျောက်ကွယ်သွားကြပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုနဲ့ ပန်ရှင်းတို့ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ မည်းမှောင်တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “တကယ်လား…”
ပန်ရှင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ကောလဟာလတွေကို ဘယ်သူဖြန့်လိုက်လဲဆိုတာ ငါလည်း မသိဘူး၊ သူတို့ပြောတာတော့ ကောင်းကင်တာအို ဆက်ပြီးတော့ တိုးတက်ပြောင်းလဲမယ်ဆိုရင် ပန်ကူးက ကျိန်းသေပေါက် ပြန်မွေးဖွားလာလိမ့်မယ်တဲ့၊ ဘိုးဘေးမှော်ပညာရှိ ဆယ်နှစ်ပါးကလည်း ပြန်ရှင်သန်လာပြီလို့ ပြောကြတယ်၊ ဧကရီဟုတ်ထိုက ဘိုးဘေးမှော်ပညာရှိတွေနဲ့ ပူးပေါင်းပြီး ပဋိပက္ခမှာ ကမ္ဘာတစ်ခု ဖန်တီးထားတယ်၊ သူတို့က မှော်မျိုးနွယ်စုကို ပြန်တည်ဆောက်နေကြတယ်”
“ဒီအကြောင်းကြောင့် ဒီကောလဟာလကို ပိုပြီးတော့ လူယုံသွားစေတယ်၊ ပဋိပက္ခ ကောင်းကင်လမ်းမှာ အင်အားစု တော်တော်များများလည်း ပေါ်လာပြီ၊ သူတို့တွေ ကောင်းကင်တာအိုကို ဘယ်တော့ တိုက်ခိုက်မလဲဆိုတာ ငါလည်း မသိဘူး”
ကောင်းကင်အရှင်ရွှမ်တုဟာ အတွေးနက်သွားပါတယ်။
ပန်ရှင်းက ဆက်ပြောပါတယ် “ဒီအတောအတွင်း သူ့ကိုယ်သူ ရှုံဟွာလို့ခေါ်တဲ့ တည်ရှိမှုတစ်ခုက ပဋိပက္ခမှာ ပေါ်လာပြီး ကောင်းကင်တာအို သက်ရှိတွေကို လိုက်ဖမ်းနေတယ်၊ သူက အဲဒီသက်ရှိတွေကို အသုံးချပြီး အင်မော်တယ်ကမ္ဘာထဲ စိမ့်ဝင်ချင်ပုံပဲ၊ ဒါက သူရဲ့ နာမည်အတုပဲ ဖြစ်ရမယ်၊ ငါတို့‌တွေ ကံတရားကို တွက်ချက်လို့ မရဘူး၊ ဒါပေမဲ့ သူက ကံတရားကို လုံးဝ ဖုံးကွယ်နိုင်တယ်ဆိုတော့ ဒီလူရဲ့ ဆန်းကြယ်စွမ်းအားက လျှော့တွက်လို့ မရဘူး၊ နောက်ပြီး သူက ကောင်းကင်တာအိုကို တိုက်ခိုက်မဲ့ ရည်ရွယ်ချက်နဲ့ စစ်သားတွေ စုဆောင်းနေတယ်”
‘ရှုံဟွာ…’ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ်။
အချိန်အတန်ကြာမှ ကောင်းကင်အရှင်ရွှမ်တုက တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါ ရှုံဟွာအကြောင်းကို ဆရာသခင်ဆီမှာ စုံစမ်းလိုက်မယ်၊ ဒီအတောအတွင်း ပဋိပက္ခ ကောင်းကင်လမ်းကို မင်း ဂရုစိုက်ရလိမ့်မယ်၊ လျှောက်မသွားနဲ့”
ပန်ရှင်းဟာ ခေါင်းညိတ်ပြီး မတ်တတ်ရပ်ကာ ထွက်ခွာသွားပါတယ်။ ခြေနှစ်လှမ်း လှမ်းပြီးတာနဲ့ ပန်ရှင်းဟာ အစအန မကျန်အောက် ကွယ်ပျောက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ပန်ရှင်းထွက်သွားတဲ့ အရပ်မျက်နှာဘက်ကို ကြည့်ရင်း မျက်မှောင်ထပ်ကြုတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်ရှင်းက လုံးဝကို သာမန်မဟုတ်လို့ပါ။ ပန်ရှင်းက အရင်ကနဲ့ လုံးဝကွဲပြားခြားနားနေပြီး သူ့ကို တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။
ဟန်ကျွယ်က ပန်ရှင်းကို ဘယ်လိုမျိုး သိမ်းသွင်းလိုက်လဲဆိုတာကို ကောင်းကင်အရှင်ရွှမ်တုလည်း မခန့်မှန်းနိုင်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ ဒီအကြောင်းကို အများကြီး မတွေးဘဲ မန္တန်သုံးကာ သူ့ဆရာသခင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
နှစ် ၂,၀၀၀ ကျော် ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[သင်သည် အသက် ၃၀၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှာ ထွက်၍ ပဋိပက္ခကို ကိုင်လှုပ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့်‌ ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း… ဘာလိုလိုနဲ့ ငါတောင် အသက် သုံးသိန်း ပြည့်ပါပြီလား… အချိန်က တကယ်ကို အကြင်နာမဲ့တာပဲ’
‘ဟန်ထော်ကလည်း အသက် နှစ်သိန်းကျော်ဆိုတော့ ငါတို့နှစ်ယောက်က ညီအစ်ကိုတွေလိုပါပဲလား… အဟွတ်… ငါဘာတွေ လျှောက်တွေးနေတာလဲ…’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး သိစိတ်နဲ့ လောကဦးကမ္ဘာထဲ ဝင်ကာ နတ်ဘီလူးချီကို စတင်ရွေးချယ်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင် နတ်ဘီလူးကို ရွေးချယ်ပြီး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ဟင်းလင်းပြင် နတ်ဘီလူးချီနဲ့ ပေါင်းစပ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံစိုက်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ စမ်းသပ်တဲ့အနေနဲ့ နှစ်တစ်သောင်းကြာအောင် ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမဟာတာအိုကိုထဲကို စိတ်နှစ်လိုက်ပါတယ်။ အတွေးထောင်ချီဟာ ဟန်ကျွယ် စိတ်ထဲမှာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်တဲ့ အရာတွေကို ဖန်တီးကာ မဟာတာအိုကို ပိုတိကျအောင် ဖော်ပြပါတယ်။
ကျယ်ပြောလှတဲ့ ကြယ်တာရာ ကောင်းကင်ပြင်မှာ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ ဧရာမ ပဋိပက္ခသားရဲကြီးကို ဝိုင်းအုံတိုက်ခိုက်နေကြပါတယ်။ ဒီပဋိပက္ခသားရဲက ဧရာမလိပ်ကြီးနဲ့ တူပါတယ်။ လိပ်ခွံပေါ်မှာ သစ်ပင်တွေ ဖုံးလွှမ်းနေတဲ့ တောင်တစ်တောင် ရှိနေပါတယ်။ ဒီသစ်ပင်ပေါ်က သစ်သီးတွေဟာ တကယ်တော့ ဓမ္မရတနာမျိုးစုံမလို့ တလက်လက် တောက်ပြီး လှပနေပါတယ်။
ချူရှီရန်ဟာ ကျောက်တုံးတစ်တုံးပေါ် ရပ်ပြီး ဖရိုဖရဲ တိုက်ပွဲကို အဝေးကနေ ကြည့်နေပါတယ်။ ချူရှီရန်ဟာ ကျင့်ကြံသူတွေရဲ့ လောဘနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို‌ ထင်ထင်ရှားရှားကြီး တွေ့မြင်လိုက်ရတာကြောင့် သက်ပြင်းတစ်ချက် ချမိလိုက်ပါတယ်။
ကောင်းကင်တာအိုကနေ ထွက်လာပြီးနောက် ပဋိပက္ခက သူ ထင်ထားတာထက် ပိုရက်စက်တာကို ချူရှီရန် ရှာတွေ့လိုက်ရပါတယ်။ ချူရှီရန်ဟာ လူသားတွေကို ပဋိပက္ခမှာ တွေ့ရခဲမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒီလိုမဟုတ်ပါဘူး။ အခွင့်အရေးရှိတိုင်း ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာချည်းပါပဲ။ တချို့ကျင့်ကြံသူတွေက ကောင်းကင်တာအိုကနေ လာပြီး တချို့က အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ လာကြပါတယ်။ တချို့ကတော့ တခြားပဋိပက္ခကမ္ဘာတွေကနေ လာကြတာ ဖြစ်ပါတယ်။
ချူရှီရန်ရဲ့ ဘေးမှာ မျက်နှာဖုံးတပ်ထားတဲ့ မိန်းမလှတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ မျက်နှာဖုံးနဲ့ မိန်းမပျိုဟာ ပြုံးပြီး မေးလိုက်ပါတယ် “ဘာလဲ… ရှင် ကြောက်နေတာလား၊ ဒါကြောင့်မလို့ သွားမလုရဲတာမလား…”
ချူရှီရန်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါတယ် “ဘာအကြောင်းနဲ့ လုရမှာလဲ၊ မင်း ဒီနေ့ တစ်ယောက်ယောက်ဆီက လုယူရင် မနက်ဖြန်ကျ တစ်ယောက်ယောက်ကလည်း မင်းဆီက ပြန်လုယူလိမ့်မယ်၊ လွှတ်ချလိုက်မှသာ တာအိုကို ရယူနိုင်လိမ့်မယ်”
မျက်နှာဖုံးနဲ့ မိန်းမပျိုဟာ မျက်လုံးပင့်တင်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
ဒီအချိန်မှာပဲ နဂါးဟိန်းသံ ထွက်ပေါ်လာပြီး တိုက်ခိုက်နေတဲ့ အသံတွေကို လွှမ်းမိုးသွားပါတယ်။
ကျင့်ကြံသူတွေ အကုန်လုံး အသံလာရာကို ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ အမှောင်ထုနက်ထဲမှာ အာကာသ ကွဲကြေပြီး ရွှေရောင်နဂါးတစ်ကောင်က တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ တစ်ဟုန်ထိုး ပြေးလာတာကို တွေ့လိုက်ရပါတယ်။ နဂါးခေါင်းပေါ်မှာတော့ ငွေရောင်ချပ်ဝတ်နဲ့ အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ ရွှေရောင်နဂါးရဲ့ နောက်မှာလည်း မရေမတွက်နိုင်တဲ့ ကောင်းကင်စစ်သားတွေ ပါလာပါတယ်။
“ကောင်းကင်ရုံးတော်ပဲ…”
“ရွှေနဂါးကိုစီးပြီး ငွေရောင်သံချပ်ကာ ဝတ်ထားတာက ကောင်းကင်ရုံးတော် မဟာစစ်သူကြီးဟန်ပဲ” ကျင့်ကြံသူတစ်ဦးက တအံ့တဩ ပြောလိုက်ပါတယ်။
ပဋိပက္ခသားရဲကို ဝန်းရံနေတဲ့ ကျင့်ကြံသူသောင်းချီဟာ လျင်မြန်စွာပဲ လူစုခွဲလိုက်ပါတယ်။
‘မဟာစစ်သူကြီးဟန်…’ ချူရှီရန်ဟာ ဟန်ထော်ကို မြင်သွားတဲ့အခါ ပါးစပ်အဟောင်းသား မဖြစ်ဘဲ မနေနိုင်ပါဘူး။ ချူရှီရန်ဟာ ထူးဆန်းတဲ့ မျက်နှာနဲ့ လက်ချောင်းတွေသုံးပြီး တွက်ချက် ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ထော်က တာအိုကို ရယူသွားပြီမလို့ ချူရှီရန်ဟာ ဟန်‌ထော်ကို တွက်ချက်လို့ မရပါဘူး။
ဒါပေမဲ့ ဟန်ထော်ဟာ ဟန်ကျွယ်နဲ့ တော်တော်လေး ဆင်တူလွန်းပါတယ်။ ဒါ့အပြင် ချူရှီရန်ဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ ဟန်ကျွယ်ရဲ့သား ဟန်ထော်က ကောင်းကင်ရုံးတော်မှာ ရှိနေမှန်း သိထားပါတယ်။
‘အဲဒီဟန်ထော်က ဒီမဟာစစ်သူကြီးဟန်များလား…’
ဟန်ထော်ဟာ ချူရှီရန်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် လှမ်းကြည့်လိုက်တဲ့အခါ ချူရှီရန်ရဲ့ ကံတရားကို တစ်ချက်တည်းနဲ့ တွေ့မြင်သွားပြီး ချူရှီရန်က တိတ်ဆိတ်ဂိုဏ်းသားဆိုတာကို သိသွားပါတယ်။ ချူရှီရန်ရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတုအဆင့် ရှိတဲ့အတွက် သူ့အဖေရဲ့ တပည့်ရင်းဆိုတာကို မှန်းဆမိလိုက်ပါတယ်။
ဟန်ထော်ဟာ ကျင့်ကြံသူတွေကို လှမ်းအော်ပြောလိုက်ပါတယ် “ဒါက ကောင်းကင်ရုံးတော်ရဲ့ ကိစ္စပဲ၊ အမြန်နောက်ဆုတ်ကြ၊ မဟုတ်ရင် အကုန်လုံးကို သတ်ရလိမ့်မယ်”
ဗိုလ်ကျလွန်းတဲ့ ကြော်ငြာချက်ကြောင့် ကျင့်ကြံသူတွေဟာ ပဋိပက္ခသားရဲနဲ့ အဝေးကို ပြေးကြပါတယ်။ ဘယ်သူမှ စောဒက မတက်ရဲကြပါဘူး။ ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သတင်းက ပဋိပက္ခမှာ ပျံ့နှံ့နေတာ အတော်ကြာပါပြီ။ ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီးသုံးပါးက မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ခဲ့တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုတွေပါ။
ဟန်ထော်ဟာ ပဋိပက္ခသားရဲနားကို ချဉ်းကပ်သွားပါတယ်။ ပဋိပက္ခသားရဲဟာ ခပ်တိုးတိုး ဟိန်းဟောက်ပြီး ထွက်ပြေးဖို့ ကြိုးစားပါတယ်။
ဟန်ထော်ဟာ လက်မြှောက်ပြီး ဓမ္မစွမ်းအားကို ချိန်းကြိုးအသွင် ပြောင်းလဲကာ ဧရာမပဋိပက္ခသားရဲကြီးကို ရစ်ပတ်နှောင်ဖွဲ့လိုက်တာကြောင့် ပဋိပက္ခသားရဲဟာ မလှုပ်ရှားနိုင်တော့ပါဘူး။
ဟန်ထော်ဟာ ချူရှီရန်ကို ရုတ်တရက် လှမ်းကြည့်ပြီး အသံလွှင့်ပြောလိုက်ပါတယ် “လာ… မင်းကြိုက်တဲ့ ဓမ္မရတနာသုံးပါးကို လာရွေးချည်၊ မင်းကြိုက်တာ ယူလို့ရတယ်”
ချူရှီရန်ဟာ မှင်တက်သွားပါတယ်။
ဟန်ထော်ဟာ ချူရှီရန်ကို ကျောပေးပြီး စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
ချူရှီရန်ဟာ ဟန်ထော်ရဲ့ ကျောပြင်ကို ကြည့်ရင်း ဟန်ကျွယ်ကို ရုတ်တရက် တွေးမိလိုက်ပါတယ် ‘တော်တော် ဆင်တာပဲ’
ချူရှီရန်ဟာ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ပျံသန်းသွားလိုက်ပါတယ်။
ဒါကိုမြင်တဲ့ မျက်နှာဖုံးနဲ့ မိန်းမပျိုက ချက်ချင်းပဲ ပြောလိုက်ပါတယ် “မသွားနဲ့… သူတို့က ကောင်းကင်ရုံးတော်က လူတွေ”
ချူရှီရန်ဟာ သူမကို ဂရုမစိုက်ဘဲ ပဋိပက္ခသားရဲဆီ လျင်မြန်စွာ ပျံသန်းသွားပါတယ်။ ကောင်းကင်စစ်သားတွေက ချူရှီရန်ကို တားဆီးဖို့ ဟန်ပြင်လိုက်လိုက်တဲ့အခါ ဟန်ထော်က လက်မြှောက်ပြီး မတားဖို့ ပြောလိုက်ပါတယ်။
အဝေးက ကျင့်ကြံသူတွေ အကုန်လုံးဟာ ချူရှီရန် ဘာလုပ်မယ်မှန်း မသိတာကြောင့် စိတ်ဝင်တစား စိုက်ကြည့်နေကြပါတယ်။
မကြာခင်မှာပဲ ချူရှီရန်ဟာ အကောင်းစား ရတနာသုံးပါးကို ရွေးချယ်လိုက်ပါတယ်။
ဒါကို မြင်တဲ့ ကျင့်ကြံသူတွေ အကုန်လုံး လန့်သွားကြပါတယ်။
‘ဒီလူက ဘယ်သူလဲ… ကောင်းကင်ရုံးတော်ရှေ့မှာ ရတနာကို ရွေးယူရဲတယ်… ကောင်းကင်ရုံးတော်ကလည်း မတားဘူး…’ 
ချူရှီရန်ဟာ ဟန်ထော်ရှေ့ လျှောက်သွားပြီး လက်သီးဆုပ်လိုက်ပါတယ် “ကျေးဇူးပါပဲ”
ဟန်ထော်ရဲ့ လေးနက်တဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ် “ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲ၊ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး၊ ငါ့နောက်ကို အရင်ဆုံး လိုက်ခဲ့ချည်၊ မင်း ဒီဓမ္မရတနာသုံးပါးကို လုံးဝ ထိန်းချုပ်နိုင်သွားရင် ထွက်သွားလို့ရတယ်၊ ဒါမှ အချောင်သမားတွေ ရန်ကနေ ကာကွယ်နိုင်မှာ”
ချူရှီရန်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset