အခန်း (၇၁၆) ဟန်ကျွယ်ရဲ့ အုတ်မြစ်
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဝင်လာပြီးနောက် ရွှမ်ချင်းကျွင်းနဲ့ လီယောင်ဟာ ဟန်ကျွယ်ဆီကို ချက်ချင်း လာလည်ပါတယ်။ ရွှမ်ချင်းကျွင်းတို့ဟာ ပန်းစိတ်ဝိညာဉ် မိန်းကလေးကိုလည်း အထဲခေါ်ချင်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အဆိုအရ ဒီမိန်းကလေးဟာ မယ်တော်ဂိုဏ်းမှာ မွေးဖွားလာခဲ့တဲ့ နတ်ဆိုးတစ်ကောင်ပါ။ ဒါပေမဲ့ ပန်းစိတ်ဝိညာဉ် မိန်းကလေးက နှစ်သက်ဖို့ကောင်းတဲ့အတွက် သူတို့နဲ့အတူ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ခေါ်လာတာ ဖြစ်ပါတယ်။
ဟန်ကျွယ်လည်း မသိကျိုးကျွန်ပြုပြီး ပန်းစိတ်ဝိညာဉ် မိန်းကလေးကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ရွှေ့လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှမ်ချင်းကျွင်းနဲ့ လီယောင်က သူ့မိန်းမတွေ ဖြစ်တဲ့အတွက် နည်းနည်းတော့ မျက်နှာသာပေးရမယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပန်းစိတ်ဝိညာဉ် မိန်းကလေးဟာ သဘာဝရတနာ တစ်ပါးကနေ ဖြစ်ပေါ်လာမှန်း အာရုံခံမိပါတယ်။ ပန်းစိတ်ဝိညာဉ် မိန်းကလေးဟာ သာမန်သက်ရှိတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုအရည်အချင်းမျိုးက ဟန်ကျွယ် မျက်လုံးထဲကို ဘယ်လိုမှ မဝင်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးထံမှ လမ်းညွှန်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မြေးတပည့် ချူရှီရန်သည် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၂
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကောင်းကင်တာအိုမှ ထွက်ခွာသွား၏။]
[သင့်တပည့် စုချီသည် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကို ထိန်းချုပ်ပြီး တာအိုပညာရှိအဆင့်သို့ ခြေတစ်လှမ်း ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ကပ်ဘေး ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးကို အိပ်မက်ထဲ၌ တွေ့ဆုံမိပြီး ဝိညာဉ် ဒဏ်ရာရသွား၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ကျော်ဖြတ်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၆၀၉၇၂၁
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည်…]
ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ် တွေ့ကြုံခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ဖုံးကွယ် မဟာတာအို နတ်ဘီလူး ဖြစ်နိုင်ပါတယ်။ ဖုံးကွယ် မဟာတာအို နတ်ဘီလူးက လိမ်လိမ်မာမာ ရှိနေပြီး ဟန်ကျွယ်အပေါ်ကို ဘာမုန်းတီးမှုမှ မရှိပါဘူး။ လောလောဆယ်တော့ ဟန်ကျွယ်နဲ့ ရန်သူ မဖြစ်သေးပါဘူး။
စုချီကလည်း ဒီတောအတွင်း အများကြီး တိုးတက်လာတဲ့အတွက် မကြာခင်မှာ တာအိုပညာရှိ ဖြစ်လာတော့မှာပါ။
ကောင်းကင်ကပ်ဘေး ဧကရာဇ် ကိစ္စကိုလည်း ဟန်ကျွယ်အနေနဲ့ ဂရုမစိုက်လို့ မရပါဘူး။
ပြောရမယ်ဆိုရင် စုချီ အခုလိုမျိုး မြန်မြန်ဆန်ဆန် ကျင့်ကြံအားထုတ်နိုင်တာက ကောင်းကင်ကပ်ဘေး ဧကရာဇ်ဆီကနေ အကူအညီတွေ အများကြီး ရခဲ့လို့ပါ။ အခုအချိန်မှာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကလည်း ဟန်ကျွယ်ကို လေးစားနေပါပြီ။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန် အကြောင်းကို တွေ့ရတဲ့အခါ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ဘိုးဘေးရှီတျန်က ဘိုးဘေးရှီတျန် ဖြစ်နေတုန်းပါ။ အမြဲတမ်း လမ်းရှာနိုင်ပါတယ်။
ဘိုးဘေးရှီတျန်ကလည်း ဇာတ်လိုက်တစ်ယောက်ပါ။ ဘိုးဘေးရှီတျန်ဟာ တစ်ချိန်တုန်းက ကောင်းကင်တာအိုရဲ့ မျက်နှာကျက် ဖြစ်ခဲ့တဲ့အတွက် အလွယ်တကူတော့ သေဆုံးမှာ မဟုတ်ပါဘူး။
အဲဒီနောက်ပိုင်း စာစောင်တွေကိုတော့ ဟန်ကျွယ်ဟာ သိပ်ပြီးတော့ စိတ်မဝင်စားတော့ပါဘူး။ စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ချက်ချင်းပဲ အိပ်မက်ထဲကနေ သွားလည်ပါတယ်။
အိပ်မက်နယ်မြေက ငရဲပြည်မှာရှိတဲ့ အကူအညီမဲ့တံတားမှာပါ။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပထမဆုံး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
“မင်းကို အရင်တစ်ခေါက် ဒဏ်ရာရအောင်လုပ်တာ ဘယ်သူလဲ”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တလေးတစား ပြန်ဖြေပါတယ် “ကျွန်မလည်း သေချာမသိဘူး၊ အဲဒီလူက သူ့ကိုယ်သူ ရှုံဟွာလို့ခေါ်တယ်၊ သူက ကျွန်မကို သစ္စာဖောက်ဖို့ စည်းရုံးတာပဲ၊ ကျွန်မက ငြင်းလိုက်တော့ ကျွန်မဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်သွားတယ်”
“စောစောတုန်းက တာအိုပညာရှိကိုလည်း သူ အယောင်ဆောင်ထားလို့ ထင်တဲ့အတွက်…”
‘ရှုံဟွာ…’ ဟန်ကျွယ်ဟာ ပထမဆုံး ဟန်မင်ကို တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်မင်ဟာ ဒုတိယ တာအိုစက်ကွင်းထဲကို ရောက်သွားကတည်း လိမ်လိမ်မာမာရှိနေပြီး ဒုတိယ တာအိုစက်ကွင်းကနေ တစ်ဖဝါးမှ မခွာသေးပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းလုပ်တာ ကောင်းတယ်၊ မင်းကျင့်ကြံမှု တိုးတက်အောင် ငါ တာအိုဟောကြားပေးမယ်၊ လွတ်လပ်မှုအဆင့်ကို အမြန်ဆုံးရောက်အောင် ကြိုးစားချည်”
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်အဆုံးအဆင့်မှာ တစ်နေတာ အတော်ကြာပါပြီ။ သူမဘာသာ အဆင့်ထိုးဖောက်ဖို့က တော်တော်ကို ခက်ခဲလွန်းတဲ့ကိစ္စပါ။
ဒါကြောင့် ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ တစ်ခါတည်း တာအိုဟောကြားလိုက်ပါတယ်။
နှစ်တစ်ရာကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ကောင်းကင်ကပ်ဘေး ဧကရာဇ် ပြောတဲ့ ရှုံဟွာက ဘယ်သူလဲဆိုတာကို ငါ သိချင်တယ်”
[တွက်ချက်၍ မရပါ။ ကောင်းကင်ကပ်ဘေး ဧကရာဇ်နှင့် ဆက်နွှယ်နေသော ကံတရားများတွင် ရှုံဟွာဟူသော တည်ရှိမှုမရှိပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ရှုံဟွာဆိုတာ မရှိဘူး.. ရှုံဟွာက နာမည်လွဲတစ်ခုလား၊ ကြည့်ရတာ အမှောင်သခင်ကြီး ပစ်မှတ်ထားခံရမှာကို ကြောက်နေတဲ့ပုံပဲ…’
အနည်းဆုံးတော့ ဒီအဖြစ်အပျက်ကနေ ရှုံဟွာက ကောင်းကင်တာအိုထဲမှာ အမှောင်သခင်ကြီး ရှိနေတာကို ခန့်မှန်းမိပုံ ရပါတယ်။
‘ဒါဆို ကျိန်စာနတ်ဘီလူးများလား…’
ဟန်ကျွယ် လူမှုဆက်ဆံရေးကနေ ကျိန်စာနတ်ဘီလူးကို စစ်ဆေးကြည့်လိုက်ပေမဲ့ ကျိန်စာနတ်ဘီလူးရဲ့ အချက်အလက်ထဲမှာ ရှုံဟွာဆိုတဲ့နာမည်က ရှိမနေပါဘူး။
ကျိန်စာနတ်ဘီလူး အကြောင်း ပြောရရင် ကျိန်စာနတ်ဘီလူးဟာ နတ်ဒေါင်းအရှင် လိုက်တိုက်တာကို ခံနေရတုန်းပါ။ နတ်ဒေါင်းအရှင်ဟာ ကျိန်စာနတ်ဘီလူးနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲ အတွေ့အကြုံကို အသုံးပြုပြီး ကံတရား ဆန်းကြယ်စွမ်းအားကိုတောင် သုံးသပ်နားလည်လိုက်ပါသေးတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်နဲ့ မတွေ့ခင် နတ်ဒေါင်းအရှင်ရဲ့ လက်ချက်နဲ့ ဇိဝိန်ချုပ်သွားမှာပါ။
ဟန်ကျွယ်ဟာ ရှုံဟွာနဲ့ ပတ်သက်ပြီး ဘာမှတွက်ချက်လို့ မရတဲ့အတွက် လောလောဆယ် ဘေးဖယ်ထားလိုက်ပါတယ်။ တစ်ဖက်လူက သူ့ကို ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် အရင်ဆုံး ကောင်းကင်တာအိုထဲကို ဝင်ရမှာပါ။
လက်ရှိ ကောင်းကင်တာအိုက တစ်နေ့တခြား အင်အားကြီးလာနေပါတယ်။ ကောင်းကင်တာအိုပညာရှိတွေရဲ့ ကျင့်ကြံမှုတောင် အရင်ကထက် တိုးတက် လာကြပါတယ်။ ကောင်းကင်တာအိုပညာရှိတွေဟာ ဒီကိစ္စကို ရှာတွေ့သွားကြပြီး အံ့အားသင့်သွားကြပါတယ်။ ဒီအကြောင်းကြောင့်ပဲ ကောင်းကင်တာအို ပညာရှိတွေဟာ ကောင်းကင်တာအို တိုးတက်ပြောင်းလဲဖို့ ပိုအားစိုက်ပြီး ကြိုးစားလာကြပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို အကဲခတ်လိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာရှိတဲ့ သက်ရှိအရေအတွက်ဟာ တရိပ်ရိပ် တိုးတက်လာပါတယ်။ အထူးသဖြင့် ပဋိပက္ခ ကောင်းကင်လမ်း ဖွင့်လှစ်အပြီးမှာ ကျင့်ကြံသူ အမြောက်အမြား ဝင်ရောက်သွားတဲ့အတွက် ကောင်းကင်တာအိုထဲမှာ ရှင်သန်ဖို့ ဖိအားက အတော်လေး လျော့ကျသွားပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ ကုန်းမြေကလည်း ဆက်တိုး ကျယ်ပြန့်နေပြီး သေမျိုးကမ္ဘာတွေရဲ့ စိတ်ဝိညာဉ်ချီကလည်း ဆက်တိုက်ဆိုသလို တိုးတက်နေပါတယ်။
ဘုံပျံတက်တာက သေမျိုးကမ္ဘာရဲ့ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာသလို ပဋိပက္ခ ကောင်းကင်လမ်းကလည်း အင်မော်တယ်ကမ္ဘာရဲ့ အဓိက အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ တစ်ဆင့်ပြီး နောက်တစ်ဆင့် ရှိနေတဲ့အတွက် ကျင့်ကြံတာက အဆုံးမရှိဘူးလို့ သက်ရှိအားလုံးကို ခံစားရစေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ လက်ရှိ ပြောင်းလဲမှုတွေကို တော်တော်လေး ကျေနပ်အားရပါတယ်။ ကောင်းကင်တာအိုပညာရှိတွေက တော်တော်လေးကို အရည်အချင်း ရှိတာပါ။ အထူးသဖြင့် သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကို ဖြားယောင်း မြူဆွယ်တဲ့နေရာမှာပေါ့။
‘ဒီလိုသာ ဆက်သွားရင် တစ်နေ့မှာ ကောင်းကင်တာအိုက ပဋိပက္ခရဲ့ ဗဟိုချက်မ ဖြစ်လာမှာပဲ၊ ငါကလည်း ကောင်းကင်တာအိုထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံမယ်ဆိုရင် ဘယ်သူမှ ငါ့ကို လာနှောင့်ယှက်မှာ မဟုတ်ဘူး…’ ဟန်ကျွယ်ရဲ့ မျက်နှာမှာ ပြုံးယောင်သမ်းသွားပါတယ်။ ဟန်ကျွယ်ရဲ့ လမ်းစဉ်က တိတ်တိတ်ကျင့် မြင့်မြင့်ကြံပါ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို သေချာအကဲခတ်လိုက်တဲ့အခါ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အရေအတွက်က နှစ်ဆနီးပါး တိုးလာတာကို တွေ့လိုက်ရပါတယ်။
ပါရမီရှင်ခေတ်မှာ ကျင့်ကြံတာက အရမ်းအရမ်းကို စည်ပင်သာယာ ဝပြောပါတယ်။ လူသားမျိုးနွယ်စုက သေမျိုးတွေတောင် သူတို့ရဲ့ စိတ်ဝိညာဉ်မြစ်ကို မစစ်ဆေးတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ဒါက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လူသားတွေပါ။ သေမျိုးကမ္ဘာမှာရှိတဲ့ လူသားတွေကတော့ ဒီလောက်ထိ မတိုးတက်သေးပါဘူး။
နာမည်ရှိ မျိုးနွယ်စု၊ ရှေးဟောင်း မျိုးနွယ်စု၊ နဂါးမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုတွေဟာလည်း အင်အားကြီးနေတုန်းပါပဲ။ ဒီမျိုးနွယ်စုတွေဟာ လူသားမျိုးနွယ်စု ဖိနှိပ်တာကို မခံရပါဘူး။
မျိုးနွယ်စု အကြောင်းပြောရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိတဲ့ ချီလင် မျိုးနွယ်စုကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ ပထမဦးဆောင် အသွင်ပြောင်းထားတဲ့ ချီလင်၊ ရွှီလင်ရဲ့ ဦးဆောင်မှုအောက်မှာ ချီလင်မျိုးနွယ်စုဝင် အရေအတွက်က တစ်သိန်းကျော်သွားပါပြီ။ ဒါတောင် မျိုးနွယ်စုဝင် အများစုက ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်ပြီး မျိုးပွားဖို့ အချိန်မပေးနိုင်ကြလို့ပါ။ ချီလင်မျိုးနွယ်စုဟာ မြေအောက်မှာပဲ နေထိုင်ကြပြီး မကြာမကြာ အပေါ်တက်လာပြီး တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ ဆက်သွယ်လေ့ ရှိပါတယ်။
တိတ်ဆိတ်ဂိုဏ်းမှာ ချီလင်မျိုးနွယ်စုဝင်တွေရဲ့ နေရာက အမည်ခံတပည့်နဲ့ အတူတူပါပဲ။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ချီလင်မျိုးနွယ်စုကို အနိုင်မကျင့်ရဲပါဘူး။ နောက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ဟန်ကျွယ်ရဲ့ ခြေရင်းမှာ မဟုတ်ပါလား။
တာအိုစက်ကွင်းနှစ်ခုနဲ့ ကောင်းကင်တာအိုကို ပိုင်ဆိုင်ထားတဲ့ ဟန်ကျွယ်ဟာ မသိမသာနဲ့ အင်အားစုကြီးတစ်စု ဖြစ်လာပါတယ်။ ပဋိပက္ခမှာတောင် ဟန်ကျွယ်ရဲ့ အင်အားက လျှော့တွက်လို့မရတဲ့ အနေအထားကို ရောက်ရှိလို့ လာပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ ထူးခြားမှုကို မှီခိုရုံနဲ့တင် ပြိုင်ဘက်ကင်းနေပါပြီ။ ပဋိပက္ခနတ်မင်းတွေကို ရန်မစမိရင်ပေါ့။
ဒီလောက်ကြီးမားတဲ့ အင်အားစုကြီး ရှိနေတာတောင် ဟန်ကျွယ်ဟာ သူ့ရဲ့မူလ ရည်ရွယ်ချက်ကို အပျောက်မခံပါဘူး။ ပျော်ပါးမှုမှာ မွေ့လျော်ခြင်းမရှိဘဲ ဇွဲရှိရှိနဲ့ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ သူ့အင်အားကို ပြန်တွေးပြီးနောက် သူ့ကိုယ်သူ ယုံကြည်မှုတွေ အများကြီး တိုးလာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ထပ်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။
ပဋိပက္ခ နတ်မင်းတွေနဲ့ တာအိုဖန်တီးရှင်တွေက ဟန်ကျွယ်ခေါင်းပေါ်မှာ မိုးထားတဲ့ ဓားသွားတွေလိုပါပဲ။ အဆင့်မတူသေးသမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်အနေနဲ့ စွမ်းအားအကြီးဆုံးဖြစ်အောင် ကျင့်ကြံအားထုတ်ရပါမယ်။
အမှောင်တားမြစ်နယ်မြေ။
အမှောင်ထုထဲက ရုပ်သွင်နှစ်ခုဟာ အရပ်မျက်နှာတစ်ဖက်တည်းကို တိတ်တဆိတ် ကြည့်နေပါတယ်။ ဒီရုပ်သွင်နှစ်ခုကို အနက်ရောင် ရောင်ဝါတွေ လွှမ်းခြုံနေတာကြောင့် လူသားပုံစံရှိမှန်းသာ တွေ့မြင်နိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာစစ်ကို ဘယ်လိုမှ တွေ့မြင်နိုင်ခြင်း မရှိပါဘူး။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေကတော့ အစိမ်းရောင် သမ်းနေပါတယ်။
သေးငယ်တဲ့ ရုပ်သွင်က ပြောလိုက်ပါတယ် “ကောင်းကင်တာအိုက တစ်နေ့တခြား အင်အား ပိုကြီးလာတယ်၊ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် မကြာခင်မှာ ပဋိပက္ခအရှင်နယ်ပယ် ဖြစ်လာပြီး အဆုံးသတ် အပျက်အစီး နတ်ဘုံကို ကျောက်တက်သွားလိမ့်မယ်၊ ငါတို့တွေ မလှုပ်ရှားကြတော့ဘူးလား…”
တခြားရုပ်သွင်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “မလှုပ်ရှားသေးဘူး၊ ငါတို့တွေ အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို အရင်ဆုံး စုံစမ်းဖို့ လိုတယ်၊ သူက ကောင်းကင်တာအိုထဲမှာ ပုန်းနေတယ်၊ မဟုတ်ရင် ငါတို့တွေလည်း မီးလျှံမျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုလိုမျိုး အဆုံးသတ်ရလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 716
? Views, Released on December 17, 2024