Switch Mode

Chapter – 713

အခန်း (၇၁၃) နတ်မိမယ်ရှီရွှမ်တို့ ပြန်လာခြင်း
မူလဆန်းကြယ် နတ်စွမ်းအားငါးပါး။
ချင်လင်းရဲ့ ကျင့်ကြံမှုက တကယ်ကို လျင်မြန်စွာ တိုးတက်လာတာပါ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အချိန်နည်းနည်းသာ ဆက်နေမယ်ဆိုရင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာနိုင်ပါတယ်။
လီရွှမ်အောက်ဟာ စိတ်ထဲမှာ အံ့အားသင့်သွားသလို လီတောက်ခုံးကိုလည်း နည်းနည်း မနာလို ဖြစ်သွားပါတယ်။ သူ့ဂိုဏ်းတူအစ်ကိုက အောင်မြင်မှုမှာရော တပည့်လက်ခံတဲ့ နေရာမှာရော သူ့ထက် သာနေတယ် မဟုတ်ပါလား။
လီရွှမ်အောက်ဟာ ခံစားချက်ကို အမြန်ဆုံး ပြုပြင်ပြီး ချင်လင်းကို လက်ယပ်ခေါ်လိုက်ပါတယ်။ အဲဒီနောက် ပျံသန်းရင်း စကားစမြည် ပြောဆိုကြပါတယ်။ ဒီမြင်ကွင်းကို တခြားပါရမီရှင်တွေ မြင်တဲ့အခါ လီရွှမ်အောက်က ချင်လင်းကို ပျိုးထောင်ချင်မှန်း သိသွားကြပါတယ်။ ပါရမီရှင်တွေဟာ ချင်လင်းကို မနာလိုသာ ဖြစ်ပြီး မမျှတဘူးလို့ မခံစားကြရပါဘူး။ ချင်လင်းရဲ့ အရည်အချင်းကလည်း ဗိုလ်ကျလွန်းတာကိုး။
ချင်လင်းဟာ လီရွှမ်အောက်ကို တရိုတသေ ဆက်ဆံပါတယ်။ ဘာပဲဖြစ်ဖြစ် လီရွှမ်အောက်က သူ့ဆရာဘိုးဘိုး လီတောက်ခုံးရဲ့ ဂိုဏ်းတူညီ မဟုတ်ပါလား။
ပါရမီရှင်တွေ ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ဂျိရှင်းရှန်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် ပဋိပက္ခနတ်ဘီလူး သွေးကို ဝါးမျိုပြီး သွေးစည်းသန္ဓေ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ နတ်‌ဒေါင်းအရှင်သည် ကံတရား ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မျိုးဆက် ဟန်ယွီသည် ပဋိပက္ခ ကောင်းကင်လမ်းသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် တာအိုအရှင်သခင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၃၈၉၃၂၀
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၂၃၄၄၉
[သင့်မိတ်ဆွေ ကျန်းယီသည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၂၂၁၇၅
‘ဟန်ထော် စုပ်ယူလိုက်တဲ့ ပဋိပက္ခ နတ်ဘီလူးသွေးက သူတို့တွေ သွားတိုက်တဲ့ ပဋိပက္ခ နတ်ဘီလူး အလောင်းကများလား…’
‘ဒီကောင်တွေ ဒီလောက် ခံရတာတောင် အမှတ်မရှိဘူး… မဟုတ်မှလွဲရော ဖုံးကွယ် မဟာတာအို နတ်ဘီလူး လှုပ်ရှားလိုက်လို့များလား…’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံ့အားသင့်သွားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ မိစ္ဆာ ကောင်းကင်ဧကရာဇ် အိပ်မက် လာမပေးတဲ့အတွက် သူတို့တွေ အန္တရာယ်မရှိဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ ဆက်ဖတ်တဲ့အခါ တာအိုအရှင်သခင်တို့ သုံးယောက် အဆော်ခံရတာကို တွေ့လိုက်ရပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ မသနားတဲ့အပြင် ဝမ်းတောင် သာပါသေးတယ်။
သူတို့ကို ဘယ်သူက မောက်မာခိုင်းလို့လဲ။ အပြင်မှာ ရှင်သန်ဖို့က လွယ်ကူတာ မဟုတ်ပါဘူး။
အဲဒီနောက် စာစောင်အများစုက အခွင့်အရေး အကြောင်းတွေချည်းပါပဲ။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သတိထားမိသွားပါတယ်။ အဲဒါကတော့ လီယောင် တာအိုပညာရှိအတု ဖြစ်လာတာပါ။
ဟန်ကျွယ်ဟာ လီယောင်ကို တော်တော်လေး ဂရုစိုက်ပါသေးတယ်။ လီယောင်ရဲ့ စရိုက်က သူနဲ့ တစ်ထပ်တည်းပါ။ မယ်တော်ဂိုဏ်းကို တည်ထောင်ပြီးနောက် လီယောင်ဟာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပါတယ်။ လီယောင်က သူ့ရဲ့ တာအိုလက်တွဲဖော်မလို့ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပြီးတိုင်း လီယောင်ကို ကြည့်ရှုလေ့ရှိပါတယ်။
လက်ရှိ မယ်တော်ဂိုဏ်းက သိုသိုသိပ်သိပ်နေပြီး အရင်လို အင်အားကြီးတယ်လို့ မထင်ရတော့ပါဘူး။ တကယ်တော့ မယ်တော်ဂိုဏ်းက အခြေချနေတာပါ။
ထူလင်းအာဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပြီး မယ်တော်ဂိုဏ်းရဲ့ နာမည်ကျော် ပါရမီရှင်တစ်ပါး ဖြစ်လာပါတယ်။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ကလည်း မယ်တော်ဂိုဏ်းမှာ ရာထူးကြီးကြီးမားမား ရှိပါတယ်။ ဒါပေမဲ့ သူတို့ကျင့်ကြံမှုက သူတို့အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့အထိ မမြင့်မားပါဘူး။
ဟန်ကျွယ်ရဲ့ တခြား တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းကတော့ မူလဆန်းကြယ် နတ်စွမ်းအားခြောက်ပါး အဆင့်မှာ တစ်နေပြီး အခုထက်ထိ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်မလာသေးပါဘူး။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို တော်တော်လေး ကြိုက်ပါသေးတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအစလမ်းမှာ ရွှမ်ချင်းကျွင်းက သူ့ကို တော်တော်လေး ကူညီခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ရွှမ်ချင်းကျွင်းကို အိပ်မက်ပေးကာ တာအိုဟောကြားပေးပါတယ်။ နှစ်သုံးဆယ်ကြာတဲ့အခါမှာတော့ တာအိုဟောကြားမှု ပြီးဆုံးသွားပါတယ်။
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို ရုတ်တရက် ဖမ်းဆွဲပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘာဖြစ်လို့ ဒီလောက်တောင် အလျင်စလို ထွက်သွားချင်နေရတာလဲ”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပြီး တစ်အောင့်ကြာမှ ပြောလိုက်ပါတယ် “မင်းအားရင် ပြန်လာခဲ့ဦး”
အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ အိပ်မက်ထဲမှာ ပျော်ပါးဖို့ စိတ်မဝင်စားပါဘူး။ တကယ်လို့ ရွှမ်ချင်းကျွင်းသာ ပျော်ပါးမြူးထူးချင်တယ်ဆိုရင် လူကိုယ်တိုင် ပြန်လာလို့ ရပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ပဋိပက္ခနက်ထဲမှာ ရောင်ခြည်ခုနစ်ပါး ထုတ်လွှတ်နေတဲ့ ကျယ်ပြောတဲ့ ကမ္ဘာတစ်ခု ပေါလောမျောနေပါတယ်။ ကောင်းကင်စစ်သားတွေဟာ အရပ်ဆယ်မျက်နှာမှာ ‌စောင့်ကြပ်နေကြပါတယ်။
ဒီကမ္ဘာရဲ့ တောင်ထိပ်တစ်ခုက နန်းတော်ထဲမှာ…
ဟန်ထော်ဟာ ဆေးရည်‌တွေ ဆူပွက်နေတဲ့ ကြေးဆေးအိုးထဲမှာ မိမွေးတိုင်းဖမွေးတိုင်း ထိုင်နေပါတယ်။ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ နီရဲနေပြီး ဟန်ထော် မျက်နှာကလည်း မျက်မှောင်ကြုတ်နေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ယီတျန်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးတို့ဟာ ဆေးအိုးရှေ့မှာ မတ်တတ်ရပ်နေပါတယ်။
ဟိန်တျန် ကောင်းကင်စစ်သူကြီး၊ ယီတျန်နဲ့ ဟန်ထော်တို့ဟာ ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီးသုံးပါး ဖြစ်ပြီး သူတို့လက်အောက်မှာ ကောင်းကင်စစ်သား ဆယ်သန်းစီ ရှိကြပါတယ်။ သူတို့အထဲမှာ ဟိန်တျန် ကောင်းကင်စစ်သူကြီးက အတွေ့အကြုံအရှိဆုံးနဲ့ ဩဇာအရှိဆုံး ဖြစ်ပါတယ်။
ဟန်ထော်ရဲ့ အခြေအနေကို အကဲခတ်ရင်း ဟိန်တျန် ကောင်းကင်စစ်သူကြီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး… ဒီလိုဆက်သွားနေရင် သူ တကယ်ရော အဆင်ပြေပါ့မလား၊ သူ့ခန္ဓာကိုယ်ကို အားဖြစ်စေဖို့ ကျွန်တော် ဆေးမြစ်တချို့ ရှာပေးဖို့ လိုလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ရတယ်၊ ဘာမှမဖြစ်ဘူး၊ သူ တောင့်ခံနိုင်တယ်၊ သူ့ရုပ်ခန္ဓာ အလားအလာက ပဋိပက္ခနတ်ဘီလူးထက် မနိမ့်ကျဘူး၊ ငါ သူ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတာကိုလည်း မြင်ချင်တယ်”
ယီတျန်က စပ်စုလိုက်ပါတယ် “ဒါကြောင့် သူက နတ်ဘီလူးရဲ့သွေးကို စုပ်ယူနိုင်တာလား၊ သူ့ဆီမှာ ဘယ်လိုရုပ်ခန္ဓာမျိုး ရှိနေတာလဲ”
ဟိန်တျန်ကောင်းကင်စစ်သူကြီးဟာ ခေါင်းခါလိုက်ပါတယ် “ဒါ သူ အဖေကြောင့် ဖြစ်လိမ့်မယ်၊ သူ့အဖေရဲ့ ကျင့်ကြံမှုက စွမ်းအားကြီးလွန်းတော့ သူ့မျိုးဆက်တွေကို အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိစေတာပေါ့”
ယီတျန်ဟာ သက်ပြင်းချလိုက်ပါတယ် “အဖေကောင်းတစ်ယောက် ရှိတာ တော်တော် ကောင်းတာပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားတစ်လုံးမှ ဝင်မပြောဘဲ ဟန်ထော်ကိုသာ စိုက်ကြည့်နေပါတယ်။
ဒီအချိန်မှာပဲ…
ဟန်ထော်ရဲ့ နဖူးမှာ အရည်ကြည်ဖုကြီး နှစ်ခု ပေါ်လာပြီး ပေါက်ကွဲထွက်သွားတာကြောင့် သွေးတွေ လွင့်စဉ်ကုန်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို ဒေါင်လိုက် မျက်လုံးနှစ်လုံး ပေါ်လာပါတယ်။ မျက်လုံးလေးလုံးရှိတဲ့ ဟန်ထော်က တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ အသွင်အပြင် ရှိပါတယ်။
ဟန်ထော်ရဲ့ မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်လွန်းတဲ့အတွက် ယီတျန်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ အလိုလို နောက်ကို ခြေတစ်လှမ်း ဆုတ်မိသွားပါတယ်။
“ဝုန်း…”
ကြေးဆေးအိုးဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဆေးရည်တွေ လွင့်စဉ်ကုန်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဓမ္မစွမ်းအားသုံးပြီး လေအရံအတားတစ်ခု ဖန်တီးကာ ဆေးရည်တွေကို ဟန့်တားလိုက်ပါတယ်။
ဟန်ထော်ဟာ တဖြည်းဖြည်းချင်း မတ်တတ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်။ ဟန်ထော်ရဲ့ အသားအရေဟာ တောက်ပြောင်နေပြီး သူ့ခန္ဓာကိုယ်အချိုးအစားက လုံးဝကို ပြည့်စုံနေပါတယ်။
ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို အကဲခတ်ပြီး ရေရွတ်လိုက်ပါတယ် “တော်တော် ကြီးမားတဲ့ အင်အားပဲ…”
ဒီအချိန်မှာပဲ ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး မွေးဖွားလာတာကို ဂုဏ်ပြုသလိုမျိုး ခန်းမအပြင်ဘက်မှာ မိုးခြိမ်းသံတွေ ဆူညံသွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဘယ်လို ခံစားရလဲ”
ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် တာအိုကို ရယူချင်တယ်”
“ဒါဆို ရယူလေ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ တစ်ကမ္ဘာလုံးမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေဟာ ခန်းမထဲကို စုပြုံလာပြီး ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပါတယ်။ ဒါတင် မကသေးပါဘူး၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့ဓမ္မစွမ်းအားကိုလည်း ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းပေးပြီး ဟန်ထော် တာအိုရယူနိုင်အောင် ကူညီပေးပါတယ်။
ဟန်ထော်ဟာ ဇက်ချိုးလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ရဲ့ မျက်လုံးလေးလုံးဟာ ရုတ်တရက်ဆိုသလို နီရဲသွားပါတဘ်။ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ကလည်း စပြီးတော့ ဖောင်းကားလာပါတယ်။ အထူးသဖြင့် ကျောဘက်မှာ အလွန်ကြီးမားတဲ့ အသားပိုနှစ်ခု ကြီးထွားလာပါတယ်။ ကြောက်စရာ တော်တော် ကောင်းပါတယ်။
“မင်းတို့နှစ်ယောက် အရင်ထွက်သွားနှင့်…”
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် အမိန့်ပေးလိုက်ပါတယ်။ ယီတျန်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးလည်း အများကြီး မတွေးရဲဘဲ ခန်းမထဲကနေ ချက်ချင်း ထွက်ခွာသွားကြပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပါတယ်။ ‌နောက်ထပ် နှစ်ငါးထောင် ထပ်ကုန်သွားပါပြီ။ အခုဆိုရင် ဟန်ကျွယ်ဟာ အသက် ၂၉၀,၀၀၀ ရှိသွားပါပြီ။ အချိန်က တကယ်ကို အကုန်မြန်လွန်းတာပါ။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်း၊ လီယောင်၊ နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ ထူလင်းအာတို့က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ စောင့်ဆိုင်းနေတာကို သတိထားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူတို့ငါးယောက်ကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။
ချန်ယွီအာဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ချန်ယွီဟာ တစ်ခဏ မှင်တက်သွားပြီးနောက် မချိုပြုံးပြုံးကာ ပြောလိုက်ပါတယ် “ဂိုဏ်းတူမောင်လေး… မောင်လေးကို မြင်ဖို့က တော်တော်ခက်တာပဲ၊ အစ်မတို့တွေ အချိန်မှန် ပြန်လာတာတောင် တော်တော် စောင့်လိုက်ရသေးတယ်”
နတ်မိမယ်ရှီရွှမ်က ချန်ယွီအာကို ကြိမ်းမောင်းလိုက်ပါတယ် “ဘာတွေ လျှောက်ပြောနေတာလဲ၊ မရိုင်းစမ်းနဲ့”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ သူက ငါရဲ့ ဂိုဏ်းတူအစ်မ ဖြစ်ချင်နေတုန်းပဲ၊ ဒါက ငါ့အတွက် ပျော်စရာကိစ္စပဲ”
ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ နတ်မိမယ်ရှီရွှမ်တို့ငါးယောက် ထိုင်ဖို့ ကော်ဇောငါးချပ် ပေါ်လာပါတယ်။
ရွှမ်ချင်းကျွင်းဟာ မယ်တော်ဂိုဏ်းရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အစီရင်ခံပါတယ်။ လီယောင်ကတော့ တိတ်တဆိတ် ထိုင်နေပါတယ်။ အဖြူရောင်ဝတ်ရုံနဲ့ လီယောင်ရဲ့ အလှဟာ တကယ်ကို ပြိုင်ဘက်ကင်းပါတယ်။ သူမရဲ့ ကိုယ်ဟန် အနေအထားက အရင်ကထက် ပိုတည်ငြိမ်လာပြီး ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ရောင်ဝါမျိုး ရှိနေပါပြီ။
ထူလင်းအာက သူ့ကို ဝါးစားမတတ် စိုက်ကြည့်နေတဲ့အတွက် ဟန်ကျွယ် နည်းနည်း မကျေမချမ်း ဖြစ်သွားပါတယ် ‘ဘာလဲ… မင်းက ငါ့ကို စားချင်သေးတာလား…’
ဟန်ကျွယ်ရဲ့ အကြည့်ဟာ နတ်မိမယ်ရှီရွှမ်ဆီကို ရောက်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ မှတ်ဉာဏ်ထဲကအတိုင်း အရင်လို လှပနေတုန်းပါ။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကို ပိုပြီးတော့ သတိရပါတယ်။ သူ သေမျိုးဘဝက အချိန်တွေကို သတိရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒါက အချစ်ကြောင့် မဟုတ်ပါဘူး။ ဟန်ကျွယ် ဘဝမှာ အချစ်က ဘာမှ အရေးမကြီးပါဘူး။ ဟန်ကျွယ် ဘဝရဲ့ အဓိကသံစဉ်က မဟာတာအိုပါ။
တကယ်လို့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာက သူ့ကို ကြိုက်တယ်ဆိုရင် ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို ငြင်းပယ်မှာ မဟုတ်ပါဘူး။ နောင်တဆိုတာက မရှိလေ ကောင်းလေပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset