အခန်း (၇၁၁) ယုတ္တိကို တော်လှန်သော စွမ်းအား
ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံဟာ ပဋိပက္ခကို လျင်မြန်စွာ ရှာဖွေပြီး စကြဝဠာတွေနဲ့ ပြင်ညီတွေကို လွှမ်းခြုံသွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ရဲ့အမြန်နှုန်းနဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ အရာအားလုံးကို လေ့လာသုံးသပ်ပါတယ်။
ရေတွက်ဖို့ မဖြစ်နိုင်တဲ့ ပုံရိပ်တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ရုတ်ခြည်းပေါ်လာပြီး ရုတ်ခြည်းပျောက်သွားပါတယ်။
တစ်မိနစ်အကြာမှာတော့ ဟန်ကျွယ်ဟာ ဟန်ထော်ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ် နယ်ပယ်ကို ရှာတွေ့သွားပါတယ်။ ဒီနယ်ပယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ ကန့်သတ်စည်းတစ်ခုက ချိပ်ပိတ်ထားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ် မလွတ်မြောက်နိုင်တာ အံ့ဩစရာတော့ မရှိပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး ညာလက်ကို မြှောက်ကာ ညာလက်ညှိုးကို ဟန်ထော်ရှိတဲ့ အရပ်ဆီ ထိုးလိုက်ပါတယ်။
အလွန်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါ ထွက်ပေါ်လာတဲ့အတွက် တာအိုပညာရှိတွေဟာ ထိတ်လန့်သွားပြီး ဟန်ကျွယ်ကို အလန့်တကြား ဝိုင်းကြည့်ကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုတောင် ကြက်သီးမွေးညင်း ထသွားပါတယ်။
‘ဒီရောင်ဝါ…’ ကောင်းကင်အရှင်ရွှမ်တုဟာ ရုတ်ခြည်းဆိုသလို သူ့ဆရာသခင်ကို တွေးမိလိုက်ပါတယ်။
‘ဒါဆို ငါ ခံစားမိတာ အမှန်ပဲ… ဟန်ကျွယ်က ငါ့ဆရာသခင်လောက် စွမ်းအားကြီးနေတာပဲ… သူ လှုပ်ရှားတိုင်း ရန်သူတွေကို ကြက်ကလေး ငှက်ကလေးလို သတ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး… သူက မဟာတာအိုပညာရှိကိုး…’
တခြား တာအိုပညာရှိတွေဟာ ဒီအကြောင်းကို မတွေးမိကြပါဘူး။ သူတို့ဟာ ဟန်ကျွယ်ကို အံ့ဩတကြီးသာ စိုက်ကြည့်နေကြတာပါ။
လီတောက်ခုံး၊ ဖန်းလျန်၊ ဟွမ်ဇွမ်တျန်နဲ့ လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုခြင်းကို ခံထားရတဲ့ တခြား တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို တလေးတစား ဝိုင်းကြည့်ကြပါတယ်။
ရှီတုတောက်ရဲ့ မျက်လုံးထဲမှာလည်း အံ့ဩမှုတွေ လျှပ်တပြက် ပေါ်လာပါတယ် ‘သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ’
ဟန်ကျွယ်ရဲ့ ညာလက်ညှိုးက ရုတ်တရက် ထွက်ပေါ်လာတဲ့ ဓားချီဟာ အမှောင်တားမြစ်နယ်မြေထဲကို လျင်မြန်စွာ ဝင်ရောက်ပြီး တစ်စွန်းတစ်စ မမြင်ရအောင် ပျောက်ကွယ်သွားပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
ဟန်ကျွယ်ဟာ အဆင့်တက်တိုင်း သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ ဒါကြောင့် ဒီမိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကလည်း မဟာတာအိုအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းက မဟာတာအိုစွမ်းအားသာ ရှိပြီး မဟာတာအို ဆန်းကြယ်စွမ်းအားတွေလိုမျိုး သိမ်မွေ့နက်နဲမှု မရှိပါဘူး။
ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်ကို အသုံးပြုပြီး ဓမ္မရုပ်တု အများကြီးရဲ့ စွမ်းအားတွေကို မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းထဲ ပေါင်းထည့်ထားပါတယ်။ ဒီပေါင်းထည့်ထားတဲ့ စွမ်းအားတွေအထဲမှာ ဖြတ်သန်း နတ်ဘီလူး၊ အာကာသခွဲ နတ်ဘီလူး၊ ဖျက်ဆီးနတ်ဘီလူး၊ အချိန်နတ်ဘီလူး၊ အာကာသနတ်ဘီလူး၊ ခွန်အားနတ်ဘီလူး စတဲ့ နတ်ဘီလူးစွမ်းအားတွေ ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုက လျှို့ဝှက်ဆန်းကြယ် အာကာသ ကန့်သတ်စည်းကို ထိုးဖောက်ပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ကို ထွက်ပြေးဖို့ အခွင့်အရေး ပေးလိုက်တာပါ။
သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်၊ ယီတျန်၊ ကျိုးဖန်နဲ့ စစ်သူကြီး ဒါဇင်ကျော်ဟာ ဧရာမကျောက်တုံးကြီးတစ်တုံးအပေါ် စုစည်းနေကြပါတယ်။ အလွန်ကြီးမားတဲ့ အလင်းရောင်ဟာ သူတို့ကို ရစ်ပတ်ထားပြီး အရပ်ဆယ်မျက်နှာကလာတဲ့ တိုက်ခိုက်မှုတွေကို ခုခံပေးနေပါတယ်။
သူတို့တွေဟာ အမင်္ဂလာ နတ်ဆိုးဧကရာဇ်နဲ့ ပဋိပက္ခနတ်ဘီလူးကြားက တိုက်ပွဲကို မျက်တောင်မခတ် စိုက်ကြည့်နေကြပါတယ်။
ပဋိပက္ခနတ်ဘီလူး မျိုးဆက်တွေက ပုရွက်ဆိတ်အုံလိုပါပဲ။ ဆင်ကောင်လုံးကို ပုရွက်ဆိတ်တွေ ဝိုင်းစားသလိုမျိုး အမင်္ဂလာနတ်ဧကရာဇ် ကိုယ်ပေါ်ကို ပိုပိုပြီး တွားသွားတက်လာကြပါတယ်။ ဒီမြင်ကွင်းက တော်တော်လေး အသည်းယားစရာ ကောင်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချပြီး ဟန်ထော်ကို ကြည့်လိုက်ပါတယ် “ငါ မင်းအဖေကို အိပ်မက်ထဲကနေ သွားလည်ပြီးပြီ၊ မင်းအတွက် နောက်ဆုံးစကား ဘာပြောချင်လဲလို့ ငါ မေးလိုက်တော့ အလကားသက်သက် အသေမခံနဲ့တဲ့”
ဒီစကားကြောင့် ဟန်ထော်ရဲ့ အမူအရာဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ မျက်လုံးထဲက ကြောက်ရွံ့မှုတွေ မျှော်လင့်ချက် ကင်းမဲ့မှုတွေဟာ ချက်ချင်း ပျောက်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက သူ့ခန္ဓာကိုယ်ထဲကို နောက်ဆုံးကျန်တဲ့ ခွန်အားတစ်ခု သွတ်သွင်းလိုက်သလို လန်းဆန်းသွားစေပါတယ်။
ယီတျန်ဟာ ဟန်ထော်ကို မနာလိုစွာ ကြည့်လိုက်ပါတယ်။ ဟန်ထော်မှာ မသေခင် အားပေးမဲ့ မိသားစု ရှိပါသေးတယ်။ သူက တစ်ကောင်ကြွက် မဟုတ်ပါလား။ ယီတျန် အလိုချင်ဆုံးက မိသားစု ဖြစ်ပြီး ယီတျန်အတွက် မဖြစ်နိုင်ဆုံးကလည်း မိသားစုပါပဲ။
ကျိုးဖန်ဟာ စိတ်ဓာတ် တက်ကြွသွားပြီး ကြုံးဝါးလိုက်ပါတယ် “ဟုတ်တယ်၊ ဆရာသခင်ပြောတာ မှန်တယ်၊ ငါတို့တွေ ဒီလမ်းကို ရွေးခဲ့ပြီးပြီပဲ၊ တိုက်ပြီဆိုမှတော့ အဆုံးထိ တိုက်ခိုက်ရမယ်၊ ဘာလို့ သေမှာ ထိုင်စောင့်နေရမှာလဲ”
“သေချင်တယ်ဆိုရင်တောင် ရန်သူ သတ်တာကို ထိုင်စောင့်မနေဘဲ တိုက်ပွဲထဲမှာ အားကုန်ခမ်းပြီးတော့ပဲ သေသင့်တယ်”
ကျိုးဖန်ရဲ့ စကားကြောင့် ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က စစ်သူကြီးတွေဟာ မတ်မတ်ရပ်ပြီး ဟိန်းဟောက်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးကြပါတယ်။ လက်ရှိ အခြေအနေက အဆုံးသတ်ကို ရောက်နေပါပြီ။ တစ်ယောက်ယောက်က သူတို့ကို လာကယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ထော်ရဲ့ အဖေက အလှမ်းဝေးတဲ့ ကောင်းကင်တာအိုထဲမှာ ဖြစ်တဲ့အတွက် သူတို့ကို လာကယ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။
ကောင်းကင်တာအိုက သူတို့နဲ့ တကယ်ကို အလှမ်းဝေးလွန်းပါတယ်။ တာအိုပညာရှိအတုတောင် ကောင်းကင်တာအိုဆီ သွားတဲ့လမ်းကို ရှာဖွေနိုင်မှာ မဟုတ်လောက်ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာလည်း ဂျူနီယာတွေကို ကြည့်ပြီး စိတ်အားတက်ကြွသွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက သူ့ကို တိုက်ရိုက်ပြောတယ်လို့တောင် ခံစားလိုက်ရပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ် ဟန်ကျွယ်ကို အိပ်မက်ပေးတာကလည်း အကူအညီတောင်းဖို့ မဟုတ်ပါဘူး။ ပထမတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို ကယ်တင်ဖို့ ဖုံးကွယ် မဟာတာအို နတ်ဘီလူးကို အကူအညီတောင်းခဲ့ပါတယ်။ အနည်းဆုံးတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ သွေးသားကို သူ့လက်ထဲမှာ မသေစေချင်ပါဘူး။
ဒါပေမဲ့ ဖုံးကွယ် မဟာတာအို နတ်ဘီလူးကလည်း ဒီကိစ္စကို မတတ်နိုင်ပါဘူး။ ဖုံးကွယ် မဟာတာအို နတ်ဘီလူးရဲ့ အဆိုအရ ဟန်ကျွယ်ဟာ ဆင့်ခေါ်ဆန်းကြယ်စွမ်းအား တစ်မျိုးကို တတ်မြောက်ထားတဲ့အတွက် သူ့သားကို သူကိုယ်တိုင် ကယ်တင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ရဲ့ စကားအရ ကယ်တင်နိုင်မဲ့ပုံ မရှိပုံပါပဲ။
ဘာပဲဖြစ်ဖြစ် သေမှာဖြစ်တဲ့အတွက် သိက္ခာရှိရှိတော့ သေသင့်တယ် မဟုတ်ပါလား။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ နဂါးချီ ပေါက်ကွဲထွက်လာပြီး ရွှေရောင်နဂါးကိုးကောင်အသွင် ပြောင်းလဲကာ အလင်းစက်ဝန်းကို ထိုးဖောက်ထွက်သွားပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့ရဲ့နောက်ဆုံး ခံစစ်က ပျောက်ကွယ်သွားပြီ ဖြစ်တဲ့အတွက် သူတို့မှာ သေတဲ့အထိ တိုက်ခိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
“ကောင်းကင်ရုံးတော်သားတို့… ငါ မင်းတို့ကို ဒုက္ခပေးမိပြီ၊ ငါ မင်းတို့နဲ့ အတူတူ သေရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူး…” မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ကောင်းကင်စစ်သားတွေရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။ ကောင်းကင်စစ်သားတွေဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အပြစ်မတင်ပါဘူး။ သူတို့ဟာ ဒီလိုသေဆုံးရလို့ နောင်တလုံးဝ မရှိပါဘူး။ တိုက်ပွဲတိုင်းမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က နောက်ကနေ ထိုင်ကြည့်နေတာ မဟုတ်ဘဲ သူတို့နဲ့ အတူတူ သေအတူရှင်မကွာ တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။
ကောင်းကင်စစ်သားတွေဟာ ဒီလိုသခင်မျိုးနောက် လိုက်ရတာကို လုံးဝ နောင်တ မရကြပါဘူး။
“သတ်…”
“သတ်…”
“သတ်…”
ကောင်းကင်စစ်သားတွေဟာ တညီတညာတည်း အော်ဟစ်လိုက်ကြပါတယ်။ ကောင်းကင်စစ်သားတွေဟာ သိပ်မကျန်တော့ပေမဲ့ တိုက်ခိုက်ရည်က ပိုကြမ်းလာကြပါတယ်။ မဟာတာအိုမျှော်စင်က စစ်သူကြီးတွေလည်း လှုံ့ဆော်ခံရပြီး အသေခံ တိုက်ခိုက်ကြပါတော့တယ်။ သူတို့အားလုံးမှာ နောင်တမရှိဘဲ သေချင်တဲ့ ဆန္ဒတစ်ခုသာ ရှိပါတော့တယ်။
ကျိုးဖန်ဟာ မဟာတာအိုမျှော်စင်ကို ထုတ်ယူလိုက်ပါတယ်။ မဟာတာအိုမျှော်စင်ဟာ လျင်မြန်စွာ ကြီးမားသွားပါတယ်။
ဒီအချိန်မှာပဲ…
ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာတဲ့အတွက် အော်သံတွေဟာ ရုတ်ခြည်း ရပ်တန့်သွားပါတယ်။ အမင်္ဂနတ်ဆိုးဧကရာဇ်နဲ့ ပဋိပက္ခနတ်ဘီလူးကြားက တိုက်ပွဲဟာလည်း အချိန်ရပ်တန့်သွားသလိုမျိုး ရုတ်တရက် ရပ်သွားပါတယ်။
အမင်္ဂလာနတ်ဆိုးဧကရာဇ်နဲ့ ပဋိပက္ခနတ်ဘီလူးတို့ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေရဲ့ နောက်ဘက်ကို လှည့်ကြည့်လိုက်ကြပါတယ်။
သူတို့အကြည့်ကို ရင်ဆိုင်လိုက်ရတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေကို တုန်လှုပ်ချောက်ချားကုန်ပါတယ်။ မဟာတာအိုပညာရှိရဲ့ အကြည့်ကို သူတို့တွေ ဘယ်လိုမှ မခံနိုင်ပါဘူး။
“ဝုန်း..ဝုန်း…”
မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ကျိုးဖန်၊ ဟန်ထော်၊ ယီတျန်နဲ့ တခြားလူတွေဟာ သူတို့နောက်ဘက်ကနေ နားကွဲမတတ် ကျယ်လောင်လှတဲ့ အသံကြီးကို ကြားလိုက်ရပါတယ်။ သူတို့တွေဟာ အလိုလို လှည့်ကြည့်မိလိုက်ပေမဲ့ သူတို့တွေ ဘာမှမတွေ့မမြင်နိုင်ခင်မှာပဲ ကြောက်မက်ဖွယ် ဓားချီတစ်စဟာ သူတို့ခေါင်းပေါ်က ဖြတ်သန်းပြီး ပဋိပက္ခနတ်ဘီလူးကို ဗိုလ်ကျလွန်းတဲ့ ရောင်ဝါနဲ့ တိုက်ခိုက်လိုက်ပါတယ်။
ဓားချီသွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ နတ်ဘီလူးစစ်သားတွေ အကုန်လုံးဟာ အမှုန့် ဖြစ်ကုန်ပါတယ်။ ဓားချီက ပဋိပက္ခ နတ်ဘီလူးရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားတာ မြင်လိုက်ရတဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေဟာ မျက်လုံးပြူးသွားကြပါတယ်။
သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်ဟာလည်း ဓားချီရဲ့ ဆုတ်ဖြဲမှုကြောင့် သူတို့ရှေ့က မြင်ကွင်းကို နှစ်ခု ကွဲသွားစေပါတယ်။
အံ့ဩတုန်လှုပ်ဖို့ ကောင်းသလို ခမ်းနားထည်ဝါလွန်းလှပါတယ်။
အကုန်လုံး ကြက်သေသေကုန်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမြန်ဆုံး တုံ့ပြန်သူပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး ရုတ်တရက် လှည့်ကြည့်လိုက်ပါတယ်။ အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်မှာ တခြား ဟင်းလင်းပြင်နဲ့ ဆက်သွယ်ထားတဲ့ တွင်းနက်တစ်ခု ပေါ်လာပါတယ်။
“ပြေးကြတော့… ကန့်သတ်စည်း ကျိုးပျက်သွားပြီ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျယ်လောင်စွာ အော်ဟစ်ပြီး လူတိုင်းကို လှုပ်နိုးလိုက်ပါတယ်။
တခြားလူတွေလည်း ငေးကြောင်နေရာက နိုးထလာပြီး တွင်းနက်ကို အလျင်စလို ဝင်ပြေးကာ သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်ကနေ ထွက်ခွာကြပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ် ပြန်လှည့်ကြည့်လိုက်တဲ့အခါ အမင်္ဂနတ်ဆိုးဧကရာဇ်က ပဋိပက္ခ နတ်ဘီလူး ဒဏ်ရာရသွားတာကို အခွင့်ကောင်းယူပြီး ချက်ချင်း တိုက်ခိုက်တာကို တွေ့လိုက်ရပါတယ်။
‘ဒီဓားချီက…’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ မယုံနိုင်တဲ့ မျက်နှာ ဖြစ်သွားပြီး အတွေးကြီးတစ်ခု ပေါ်လာပါတယ်။ ဒီအတွေးကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နှလုံးသားဟာ တဒိတ်ဒိတ် ခုန်သွားပါတယ်။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဒါ ဟန်ကျွယ်ရဲ့ ရောင်ဝါပဲ… သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ… ဖုံးကွယ် မဟာတာအို နတ်ဘီလူး မချိုးဖျက်နိုင်တဲ့ ကန့်သတ်စည်းကို ဓားချီတစ်ချက်တည်းနဲ့ ချိုးဖျက်ပြီး ပဋိပက္ခနတ်ဘီလူးကိုတောင် ဒဏ်ရာရသွားအောင် လုပ်လိုက်တယ်’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်က သူ့နားလည်မှုကို အမြစ်ကနေလှန်ပြီး ဖျက်ဆီးလိုက်တယ်လို့ ခံစားလိုက်ရပါတယ်။ ပထမတစ်ကြိမ် ဒီလိုခံစားရတာက ဟန်ကျွယ်ရဲ့ အရည်အချင်းပါ။ အခုတစ်ကြိမ်က ဟန်ကျွယ်ရဲ့ စွမ်းအားပါ။
တခြားလူတွေဟာ ကပ်ဘေးကနေ ရှင်သန်နိုင်တဲ့အတွက် အလွန်တရာမှ စိတ်လှုပ်ရှားနေကြပါတယ်။
ယီတျန်ဟာ မနေနိုင်ဘဲ ပြောလိုက်ပါတယ် “သေစမ်း… ငါတို့တွေ ဒီလိုအခြေအနေကနေတောင် လွတ်မြောက်နိုင်တာလား… ငါတို့တွေ ဒီလိုမျိုး ဖြစ်နေတာ ဘယ်နှကြိမ် ရှိပြီလဲ၊ အရှင်မင်းကြီး… အရှင်မင်းကြီးရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တော်တော်စွမ်းအားကြီးတာပဲ၊ သူက တကယ်ကို အတုမဲ့ပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် ‘ဒါက ငါ့နောက်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်ဘူး… အဲဒါ သူဆိုတာ အသိသာကြီး…’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။
ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကြောင့် မျက်ခုံးလှုပ်သွားပါတယ် ‘ဒီဓားချီ ပိုင်ရှင်က…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 711
? Views, Released on December 17, 2024