Switch Mode

Chapter – 710

အခန်း (၇၁၀) အင်အားကြီး ဒုတိယ တာအိုစက်ကွင်း
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်ပြီး ခပ်ယဲ့ယဲ့အပြုံးနဲ့ မေးလိုက်ပါတယ် “ဒါဆို… တာအိုရောင်းရင်း ရွှမ်တုက ငါ့ကို စီစဉ်ချင်တာလား…”
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက ဘာကိုဆိုလိုလဲဆိုတာကို နားလည်ပါတယ်။ အရင်တုန်းကဆိုရင် ဟန်ကျွယ်ဟာ ကျိန်းသေပေါက် ကြောက်မိမှာပါ။ ဒါပေမဲ့ အခု သူက မဟာတာအိုပညာရှိ ဖြစ်နေပါပြီ။ ကောင်းကင်အရှင်ရွှမ်တုရဲ့ ဆရာသခင် လောင်ဇီတောင် သူ့ကို မယှဉ်နိုင်တော့ပါဘူး။
ဒါ့အပြင် ကောင်းကင်အရှင်ရွှမ်တုက လောကဦး ကောင်းကင်ထောင်ကို မျက်မြင်ကိုယ်တွေ့ မတွေ့ရဘူးဆိုရင် ဟန်ကျွယ်က နည်းလမ်းတချို့သုံးပြီး အကျပ်ကိုင်ထားတယ်လို့ပဲ အများဆုံး တွေးနိုင်မှာပါ။
အကြည့်ချင်း ဆုံသွားတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုဟာ ရုတ်တရက်ဆိုသလို ကျောရိုးထဲ စိမ့်တက်သွားပါတယ်။
‘သေစမ်း… ငါ လက်လွတ်စပယ် လုပ်လိုက်မိပြီ၊ ငါနဲ့ သူက ဆက်ဆံရေး ကောင်းတယ်ဆိုပေမဲ့ ဒါက အပေါ်ယံတင်ပဲ၊ သူ့အတွက် အန္တရာယ်ရှိတယ်လို့ ခံစားရရင် သူက ငါ့ကို ကျိန်းသေပေါက် သတ်မှာပဲ…’
ဒီအတွေးကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ် “ငါက မေးကြည့်ရုံတင်ပဲ၊ တကယ်လို့ တာအိုရောင်းရင်းဟန်ကို အပြစ်ပြုမိတယ်ဆိုရင် ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့…”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်း ရွှမ်တု… လန့်စရာ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က ကောင်းကင်တာအို ပိုကောင်းလာတာကို လိုချင်ကြတာပဲမလား…”
ကောင်းကင်အရှင်ရွှမ်တုဟာ ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံပါဘူး “ဟုတ်တယ်၊ ကောင်းကင်တာအိုက ငါတို့ရဲ့ ဘုံပန်းတိုင်လည်း ဟုတ်သလို အရေးအကြီးဆုံး ပန်းတိုင်လည်း ဟုတ်တယ်”
ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲကနေ ကွယ်ပျောက်သွားပါတယ်။
…..
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် ထွက်သွားပြီဆိုတာ သေချာအောင် စစ်ဆေးပြီးတဲ့အခါမှာတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တကယ် ကြောက်လန့်နေခဲ့တာပါ။ သူ့ဘက်က နည်းနည်း လွန်သွားတာကိုး။
‘ငါ အရင်အတိုင်းပဲ ဆက်နေတာ ကောင်းတယ်၊ ကောင်းကင်တာအိုကို ဟန်ကျွယ် ကူညီနေသမျှ ကာလပတ်လုံး ငါက ဘာကိစ္စနဲ့ သူ့လျှို့ဝှက်ချက်တွေကို စုံစမ်းရမှာလဲ’
ကောင်းကင်အရှင်ရွှမ်တုဟာ သူ့တာအိုနှလုံးသားက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ ကိုယ်ကျိုးရှာ အတ္တစိတ်တွေက အားကောင်းလာတယ် မဟုတ်ပါလား။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ ချက်ချင်း တရားထိုင်ပြီး ကျမ်းစာကို ရွတ်ဖတ်လိုက်ပါတယ်။
“ဖော်ပြလို့ရတဲ့ တာအိုက အနှိုင်းမဲ့တာအို မဟုတ်ဘူး…”
တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီကို စတင် ရွေးချယ်ပါတယ်။ အတန်ကြာအောင် စဉ်းစားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ သွေးသား နတ်ဘီလူးကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သွေးသားနတ်ဘီလူးကို အမာခံအနေနဲ့ ပြုစုပျိုးထောင်မယ်ဆိုရင် အနာဂတ်မှာ သွေးသားနတ်ဘီလူးက ကျိန်းသေပေါက် နတ်ဘီလူးစစ်တပ်ရဲ့ ရှေ့တန်းတိုက်စစ်မှူး ဖြစ်လာမှာပါ။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက သွေးသားနတ်ဘီလူးချီနဲ့ ပေါင်းစပ်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပြီး ဖြတ်သန်းနတ်ဘီလူးနဲ့ မြူနတ်ဘီလူးကို လွှတ်ပေးလိုက်ပါတယ်။
နတ်ဘီလူးနှစ်ပါးဟာ လူသားအသွင်ကို ယူလိုက်ကြပါတယ်။ ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ယောက်က ရက်စက်ပြီး ကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကလေးတွေပဲ ရှိပါသေးတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးနှစ်ပါးကို မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ နတ်ဘီလူးအဖြစ် ပထမဆုံး အသွင်ပြောင်းလဲခဲ့တဲ့ မုရုံချီဟာ အခုဆိုရင် တာအိုပညာရှိအတုအဆင့်ကို ရောက်နေပါပြီ။ ဧရာမနတ်ဘီလူးကို ရည်ညွှန်းတဲ့ ကြက်သွေးရောင် မြေခွေးနီကလည်း အတူတူပါပဲ။ ကောင်းကင်နက္ခ နတ်ဘီလူးကလည်း တာအိုပညာရှိအတု ဖြစ်လာပြီး မုရုံချီနဲ့ ကြက်သွေးရောင် မြေခွေးနီထက် စွမ်းအား ပိုကြီးပါတယ်။
လက်ရှိ ဒုတိယ တာအိုစက်ကွင်းမှာ တာအိုပညာရှိ တစုန်ကောင်းကင်၊ တာအိုပညာရှိအတု လေးပါးနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် သုံးပါး ရှိနေပါပြီ။ တာအိုပညာရှိအတု လေးပါးက မုရုံချီ၊ ကြက်သွေး‌ရောင် မြေခွေးနီ၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ကွမ်းပုပိုင်တို့ ဖြစ်ပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်‌ သုံးပါးကတော့ အချိန်နတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူးနဲ့ မြူနတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ရန်တုက နတ်မင်းအဆင့်ကို ရောက်တာ သိပ်မကြာသေးပါဘူး။ ဒါကြောင့် တာအိုပညာရှိအတု ဖြစ်လာပြီး ပဋိပက္ခနတ်ဘီလူး သွေးစည်းကို အစားထိုး လဲလှယ်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။
တာအိုစက်ကွင်းအစောင့် တုန်းကျိုးကလည်း တာအိုပညာရှိလီမုယဲ့ကို ပုံတူပွားထားတာပါ။ တာအိုပညာရှိအစောင့်တွေကို ထည့်မတွက်ရင် လက်ရှိ ဒုတိယ တာအိုစက်ကွင်းက ပင်မတာအိုစက်ကွင်းထက် စွမ်းအား ပိုကြီးနေပါပြီ။ ပင်မတာအိုစက်ကွင်းမှာ တပည့်တွေ အများကြီးရှိတယ်ဆိုပေမဲ့ တာအိုပညာရှိအတုက နည်းနည်းပဲ ရှိပါတယ်။ တာအိုပညာရှိက ပို့လိုတောင် ရှားပါသေးတယ်။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်း နှစ်ခုစလုံးကို ကျေနပ်အားရပါတယ်။ ဘာပဲဖြစ်ဖြစ် ရန်သူကို အငိုက်ဖမ်းနိုင်ဖို့ အသန်မာဆုံး အင်အားတချို့ကို ဝှက်ထားတာက ဟန်ကျွယ်အတွက် လုပ်ကိုလုပ်ရမဲ့ ကိစ္စတစ်ခုပါ။
ဖြတ်သန်း နတ်ဘီလူးနဲ့ မြူနတ်ဘီလူး ရောက်လာတာက ဒုတိယ တာအိုစက်ကွင်းကို စည်ကားသွားစေပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ တခြား နတ်ဘီလူးတွေလည်း ရောက်လာကြပါတယ်။
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။ ပန်ရှင်းကို သိမ်းသွင်းဖို့အတွက် ဟန်ကျွယ်ဟာ နှစ်ငါးထောင်ကြာအောင် မကျင့်ကြံခဲ့ရပါဘူး။ အချိန်အကြာကြီး မကျင့်ကြံတာကို ဟန်ကျွယ်ဟာ ကျင့်သား မရသေးပါဘူး။
ဒါကြောင့် အမြန်ဆုံးး နှစ်ငါးထောင် ဂူအောင်းကျင့်ကြံပြီး တာအိုနှလုံးသားကို တည်ငြိမ်အောင် လုပ်ရပါမယ်။
၉၇၃ နှစ် ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ စိတ်ထဲမှာလည်း တော်‌တော်လေး မကျေမနပ် ဖြစ်သွားပါတယ် ‘ငါ့ကျင့်ကြံမှုကို ထပ်နှောင့်ယှက်ပြန်ပြီ’
ဒါပေမဲ့ တစ်ဖက်လူက မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖြစ်နေတာကြောင့် ဟန်ကျွယ်ဟာ ဘာမှမလုပ်နိုင်ပါဘူး။ တခြားလူသာဆိုရင် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ထုတ်ပြီး သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မှာပါ။
[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ထပ်ခါထပ်ခါ ကြိုးစားလာတဲ့အတွက် ဟန်ကျွယ်လည်း လက်ခံဖို့ ရွေးချယ်လိုက်ရပါတယ်။ ဒါက အိပ်မက်တစ်ခုသာ ဖြစ်တဲ့အတွက် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး။ တကယ်လို့ အန္တရာယ်ရှိခဲ့တယ်ဆိုရင်တောင် ဟန်ကျွယ်မှာ ထွက်ပြေးဖို့ နည်းလမ်း ရှိပါတယ်။ ဟန်ကျွယ်က မဟာတာအိုပညာရှိ ဖြစ်နေပြီ မဟုတ်ပါလား။
အိပ်မက်နယ်မြေက သွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်ပြင်ပါ။ နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကို တွေ့မြင်နိုင်ပါတယ်။ ပုကျိုးနတ်တောင်လောက် ကြီးမားတဲ့ သားရဲကြမ်းတွေကိုလည်း ဒီနေရာမှာ အများကြီး တွေ့မြင်နိုင်ပါတယ်။ သူတို့ရောင်ဝါက အတော်လေး ကြောက်ဖို့ ကောင်းပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်စစ်သားတွေကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ကောင်းကင်စစ်သား အများစုက အလောင်း ဖြစ်နေပါပြီ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပြီး လေးနက်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒါက ငါ့ရဲ့ လက်ရှိ အခြေအနေပဲ၊ ငါ ဒီတိုက်ပွဲကို မနိုင်မှာ စိုးရိမ်မိတယ်၊ မင်းမှာ မင်းသားကို ပြောစရာရှိရင် ငါ ပြောပေးမယ်၊ သူ့ကို ဂရုမစိုက်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ထွက်ပြေးဖို့ နည်းလမ်း မရှိဘူးလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “မရှိဘူး၊ ငါ့ခန္ဓာကိုယ်ကို အသတ်ခံရပြီးပြီ၊ ငါ့ဝိညာဉ်က သီးသန့်အစီအမံထဲမှာမို့ မင်းဆီကို အိပ်မက်ကနေတစ်ဆင့် လာလည်နိုင်တာ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို တိုက်ခိုက်ဖို့ တောင်းဆိုနေတယ်လို့တောင် သံသယဝင်သွားပါတယ်။
ဟန်ကျွယ်ရဲ့ သံသယသာ မှန်ကန်မယ်ဆိုရင် မေးစရာ နည်းနည်း ရှိသွားပါပြီ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ မဟာတာအိုပညာရှိ ဖြစ်သွားတာကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ။ မိစ္ဆာ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်က မဟာတာအိုပညာရှိ ဖြစ်ရင်ဖြစ် မဟုတ်ရင် တခြား မဟာတာအိုပညာရှိ တစ်ပါးက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လမ်းညွှန်လိုက်တာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ပတ်ဝန်းကျင်က အရာအားလုံးကို တိတ်တဆိတ် မှတ်တမ်းတင်ရင်း ပြောလိုက်ပါတယ် “ဟန်ထော်ကို ပြောပေးပါ၊ အရာအားလုံးက ကံကြမ္မာပဲ၊ သေမယ်ဆိုရင်တောင် အလကားတော့ အသေမခံနဲ့”
ပြီးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
အစစ်အမှန်ကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ငါ့အိပ်မက်ထဲ လာလည်အောင် လုပ်တာ ဘယ်သူလဲ”
ဟန်ကျွယ်ဟာ သူ့ဘာသာ တွက်ချက်လို့ မရတဲ့အတွက် စနစ်ကိုပဲ မှီခိုရပါတော့တယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
‘တကယ်ပဲ လက်သည်ရှိနေတာကိုး… မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဒီလောက် မတန်ဘူး…’
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ဖုံးကွယ် မဟာတာအို နတ်ဘီလူး: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ တာအိုဖြတ်ကျော် ဆရာကြီး၊ ပဋိပက္ခ နတ်ဘီလူး။]
‘လက်စသတ်တော့ ဒီကောင်ကိုး…’
ဟန်ကျွယ်ဟာ ပဋိပက္ခနက်ထဲသွားပြီး အန္တိမမူလ မဟာတာအိုကို သွားရှာတုန်းက ဖုံးကွယ် မဟာတာအို နတ်ဘီလူးနဲ့ တွေ့ခဲ့ပါတယ်။ ဒါတင် မကသေးဘဲ ဟန်ကျွယ် တတ်မြောက်ထားတဲ့ နတ်ဘီလူး ဓမ္မရုပ်တုတွေထဲမှာလည်း ဖုံးကွယ် နတ်ဘီလူးဓမ္မရုပ်တု ရှိနေပါတယ်။
‘သူက မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ခံလား… မိစ္ဆာ ကောင်းကင်ဧကရာဇ် ဒီလောက်မြန်မြန် အင်အားကြီးလာတာ အံ့ဩစရာ မရှိတော့ပါဘူး…’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။
တစ်ဖက်လူက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို သူ့အိပ်မက်ထဲ လာလည်အောင် လုပ်တဲ့လူဆိုတော့ သူ လှုပ်ရှားတာကို ကျိန်းသေပေါက် လိုချင်တာပါ။ ဟန်ကျွယ်ဟာ ပဋိပက္ခကို မသွားချင်ပါဘူး။
ဒါပေမဲ့ တစ်ဖက်လူက တာအိုဖြတ်ကျော် ဆရာကြီး ဖြစ်တဲ့အတွက် ကျင့်ကြံမှုကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မဟာတာအိုပညာရှိ အကုန်လုံးက ဟန်ကျွယ် မဟာတာအို ရယူတာကို သိပြီးသား မဟုတ်ပါလား။ နောက်ပြီး ကိုယ့်သားကို ကယ်တင်တာလည်း ဖြစ်သင့်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ကိုယ်တိုင်သွားဖို့ အစီအစဉ် မရှိပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ခုန်တက်ပြီး အမှောင်တားမြစ်နယ်မြေကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် အိပ်မက်ထဲက နယ်မြေကို ရှာဖွေပါတယ်။
ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံဟာ အမှောင်တားမြစ်နယ်မြေကို ဖြတ်သန်းပြီး ပဋိပက္ခနက်ထဲကို ရောက်ရှိသွားပါတယ်။ မဟာတာအိုပညာရှိတွေဟာ ပဋိပက္ခကို အတွေးတစ်ချက်တည်းနဲ့ ထုတ်ချင်းပေါက် မြင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ အိပ်မက်ထဲက နယ်မြေကို လိုက်ရှာရင်း လက်ချောင်းသုံးပြီး ဟန်ထော်ရှိရာကို တွက်ချက်ပါတယ်။ သူတို့နှစ်ယောက်က သွေးချင်းဆက်နေတဲ့အတွက် ဟန်ထော်ကို ရှာဖို့ဆိုတာ ဘာမှမခက်ပါဘူး။
ဒီအချိန်မှာပဲ တာအိုပညာရှိတွေဟာ တစ်ခုခုမှားတယ်လို့ ထင်ပြီး ဟန်ကျွယ်‌ဘေးနားမှာ ပေါ်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ရှာဖွေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုလည်း ရောက်လာပါတယ်။ တာအိုပညာရှိတွေ အကုန်လုံးဟာ ကောင်းကင်အရှင်ရွှမ်တုကို ကြည့်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုလည်း ရွေးချယ်စရာ မရှိဘဲ ရှေ့ထွက်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… ဘာရှာနေတာလဲ”
ဟန်ကျွယ်က လျစ်လျူရှုထားတဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ နည်းနည်း အနေရ ခက်သွားပါတယ်။
တာအိုပညာရှိတွေဟာ ပိုပြီးတော့ ရင်ထိတ်သွားကြပါတယ် ‘စွမ်းအားကြီးရန်သူ ကောင်းကင်တာအိုကို တိုက်ခိုက်တော့မှာလား…’
ကောင်းကင်အရှင်ရွှမ်တုလည်း ဒီအတွေးကြောင့် ချက်ချင်း စိုးရိမ်ပူပန်သွားပါတယ်။ ဟန်ကျွယ်ကို နိုးနိုးကြားကြား ဖြစ်စေနိုင်တဲ့ တည်ရှိမှုက သူတို့တွေ ရင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့အထိ ကျိန်းသေပေါက် စွမ်းအားကြီးမှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset