Switch Mode

Chapter – 708

အခန်း (၇၀၈) ပန်ရှင်းနဲ့ ကျင်းရှန်
ဟန်ကျွယ်ဟာ ဟိုဟိုဒီဒီ လျှောက်တွေးရင်း မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အကြံက သူ့အငယ်ဆုံးသားကို လောကဦးဘီလူး သွေးစည်း ယာယီဆုံးရှုံးအောင် လုပ်ချင်တာပါ။ ဒီလိုဆိုရင် သူ့အငယ်ဆုံးသားက မွေးဖွားလာနိုင်ပါတယ်။
‘ငါက ငါ့သားရဲ့ အရည်အချင်းကို ဖိနှိပ်နေတာပဲ၊ ငါ ဘာဖြစ်လို့ လောကဦး နတ်ဘီလူးသွေးစည်းကို မစွန့်လွှတ်ရမှာလဲ’
ဒီအတွေးက ဟန်ကျွယ်ရဲ့ ခေါင်းထဲမှာ ရုတ်ခြည်း ပေါ်လာပြီး ရုတ်ခြည်း စွန့်ပစ်ခံလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သားက လောကဦး နတ်ဘီလူးဆိုရင်တောင် ကြီးထွားလာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာပါ။ ဒါပေမဲ့ သူကတော့ သူ့ဘေးနားက လူတိုင်းကို ကာကွယ်နိုင်တဲ့ လောကဦး နတ်ဘီလူးပါ။
ဟန်ကျွယ်ဟာ ရူးရူးမိုက်မိုက်နဲ့ ကိုယ့်ပြဿနာ ကိုယ်မရှာချင်ပါဘူး။
‘လောကဦး နတ်ဘီလူးထက် ပိုမြင့်တဲ့ သွေးစည်း မရှိတော့ဘူးလား…’ ဒီအတွေးပေါ်လာတာနဲ့ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ့သွေစည်းက လောကဦးနတ်ဘီလူးကို ကျော်လွန်သွားရင် ငါ့အငယ်ဆုံးသားက မွေးဖွားလာနိုင်မှာလား…”
[သက်တမ်း ၁၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မွေးဖွားလာနိုင်ပါသည်။ ပဋိပက္ခသည် လောကဦးပဋိပက္ခကိုသာ ငြင်းဆန်သည်။ သို့သော် လောလောဆယ်၌ လောကဦးနတ်ဘီလူးထက် ပိုမိုသန်မာသော သွေးစည်း မရှိသေးပါ။ အနည်းဆုံး ထိုသို့သော ကံတရားမျိုးကို စနစ်မှ မတွေ့ကြုံဖူးပါ။]
ဒီစာကြောင်းမှာ သတင်းအချက်အလက်တွေ တော်‌တော်များများ ပါဝင်နေပါတယ်။
‘စနစ်က လောကဦးနတ်ဘီလူးနဲ့ အရင်တုန်းက တွေ့ဖူးတာလား… ဒီလိုဆိုရင် စနစ်က ပဋိပက္ခထက် ရှေးပိုကျတဲ့ခေတ်ကနေ လာခဲ့တာပေါ့…’
ဟန်ကျွယ်ဟာ တွေးတောင် မတွေးရဲတော့ပါဘူး။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့လည်း မမေးရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆက်မေးလေ သိချင်လေ ဖြစ်လာပြီး မရပ်တန့်နိုင်မှာစိုးလို့ပါ။ သက်တမ်း ၁၀ ကွာဒလီယံက ဟန်ကျွယ်အတွက် ဘာမှမဟုတ်ပေမဲ့ ဒီလိုမျိုး မေးခွန်းတစ်သိန်းမေးရင် ကုန်ဆုံးမဲ့ သက်တမ်းက နည်းနည်းနောနော မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလောက်ဆုံးရှုံးမှုကို မခံနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ထပ်ကြည့်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က သူမရဲ့ လက်ရှိအခြေအနေကို လက်မခံနိုင်တော့မှပဲ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်တစ်ခု ချမှာပါ။ အခုအချိန်မှာတော့ သန္ဓေသားလောင်းက ရှင်းဟုန်ရွှမ်ကို ကျင့်ကြံအားထုတ်ဖို့ ကူညီနေတုန်းပါ။ ဒါက ကောင်းတဲ့ကိစ္စပါ။
လူသားမဖြစ်လာခင် ကျင့်ကြံမှုအကူအပစ္စည်း ဖြစ်တာကလည်း သိပ်တော့ မဆိုးလှပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲမှာ လက်ခနဲ ဖြစ်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပါတယ်။ သူသာ သူ့အငယ်ဆုံးသားရဲ့ သွေးစည်းကို ဖယ်ရှားလိုက်လို့ သူ့အငယ်ဆုံးသားသာ သာမန်အရည်အချင်းနဲ့ မွေးဖွားလာခဲ့မယ်ဆိုရင် လူအများကြီးရဲ့ မျှော်လင့်ချက်တွေဟာ အဆုံးစွန်ထိရောက်အောင် စိတ်ပျက်လက်ပျက် ဖြစ်သွားမှာပါ။ ဒါက တိတ်ဆိတ်ဂိုဏ်းရဲ့ အသန်မာဆုံး ပါရမီရှင်ဆိုတဲ့ နေရာကနေ လျှောကျတာပါ။ ဒီပုံစံက ရှန်းရှန်ဝတ္ထုတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဒီအဖြစ်ကို မြင်ချင်သွားပါတယ်။
‘အဟွတ်..အဟွတ်… ငါ ဘာတွေ တွေးနေတာလဲ၊ အရင်ဆုံး စောင့်ကြည့်တာ ကောင်းပါတယ်လေ၊ ဖြစ်နိုင်ရင် ငါလည်း ဒီလိုမလုပ်ချင်ပါဘူး… မဟုတ်ရင် ငါ့အငယ်ဆုံးသားက တော်‌တော်လေး ဒုက္ခခံရမှာ…’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
…..
အင်မော်တယ်ကမ္ဘာရဲ့ အစွန်းမှာ ရွှေရောင်လမ်းတစ်လမ်းဟာ တောင်ထိပ်တစ်ခုကနေ အမှောင်တားမြစ်နယ်မြေထဲကို သွယ်တန်းနေပါတယ်။ ဒီရွှေရောင်လမ်းက ပေတစ်သောင်း ကျယ်ပြီး တော်‌တော်လေး ကြီးကျယ်ခမ်းနားပါတယ်။ ရွှေရောင်လမ်းပေါ်မှာ သွားလိုက်လာလိုက် ကျင့်ကြံသူတွေနဲ့ စည်ကားနေပြီး ကျင့်ကြံသူတွေဟာ အချင်းချင်း ဖြတ်သွားမိရင် နွေးနွေးထွေးထွေး နှုတ်ဆက်ကြပါတယ်။
ပဋိပက္ခမှာ လေ့ကျင့်ပြီးနောက် ကောင်းကင်တာအိုကို ပြန်လာတဲ့ ကျင့်ကြံသူတွေဟာ မွေးရပ်မြေကို ပြန်လာသလိုမျိုး ခံစားရတာကြောင့် မျက်နှာမှာ အပြုံးနဲ့ချည်းပါပဲ။
ပန်ရှင်းက ကောင်းကင်တာအိုကို အကျိုးအများကြီး ဆောင်လိုက်တယ်လို့ ပြောလို့ရပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်းက ကောင်းကင်တာအိုရဲ့ အမြင့်ပိုင်း ကျင့်ကြံသူတွေကို စည်းလုံးညီညွတ်အောင် တကယ်ပဲ ကူညီပေးလိုက်တာပါ။
ပန်ရှင်းဟာ ရွှေရောင်လမ်းပေါ်ကို ရုတ်တရက် ဆင်းသက်လိုက်ပါတယ်။ ပန်ရှင်းရဲ့ နောက်မှာတော့ ကျင်းရှန် ပါလာပါတယ်။ ပန်ရှင်းနဲ့ ကျင်းရှန်ဟာ သူတို့ရဲ့ တာအိုပညာရှိရောင်ဝါကို ရုပ်သိမ်းပြီး သူတို့ရဲ့ ကျင့်ကြံမှုကို ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်အထိ ဖိနှိပ်ကာ ရှေ့ကို ဆက်လျှောက်ကြပါတယ်။
“ဒီခရီးမှာ ငါ ပဋိပက္ခ ကောင်းကင်လမ်းကို စစ်ဆေးမယ်၊ မင်းလည်း သေချာဂရုစိုက်ပြီး တစ်ခုခု လိုနေလားဆိုတာ လိုက်ကြည့်ချည်” ပန်ရှင်းက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ကျင်းရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတဲ့ အမူအရာ ဖြစ်နေပါတယ်။ ကျင်းရှန်ဟာ ပန်ရှင်းက ပြောင်းလဲသွားပြီလို့ ခံစားလိုက်ရပါတယ်။ ပန်ရှင်းဟာ ပိုပြီးတော့ တည်ငြိမ်လာပြီး ‌ကောင်းကင်အရှင်ရွှမ်တုလိုမျိုး တာဝန်ယူတတ်လာပါတယ်။
အရင်တုန်းက ပန်ရှင်းဟာ ပဋိပက္ခ ကောင်းကင်လမ်း ပြည့်စုံလား ဆိုတာကို ဂရုမစိုက်ပါဘူး။ ပန်ရှင်းစိတ်ထဲမှာ အာဏာပဲ ရှိပါတယ်။
‘အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူ့ကို တကယ်ပဲ ဉာဏ်အလင်း ပေးလိုက်တာလား…’ ကျင်းရှန်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်ရဲ့ ပုံရိပ်က ရုတ်တရက်ဆိုသလို မြင့်မားသွားပါတယ်။
ကျင်းရှန်ရဲ့ အမြင်မှာ ဟန်ကျွယ်ကမှ တကယ့် တာအိုလိုက်စားသူပါ။ ဟန်ကျွယ်ဟာ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုတွေကို ဂရုမစိုက်ဘဲ နေ့တိုင်း ကျင့်ကြံအားထုတ်နေပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို အန္တရာယ်တွေ့တဲ့အခါ ဘယ်တော့မှ လက်‌ရှောင်ခြင်းမရှိဘဲ အမြဲတမ်း မတ်မတ်ရပ်ပြီး တိုက်ပွဲဒီရေကို ပြောင်းလဲစေပါတယ်။
ဒါပေမဲ့ ကျင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးမရှိပါဘူး။ လေးစားတာက လေးစားတာ သက်သက်ပါ။
တိတ်ဆိတ်ဂိုဏ်းက အခုတောင် စွမ်းအားကြီးနေပါပြီ။ ဒါကြောင့် ကျင်းရှန် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ရင်တောင် ဟန်ကျွယ်ရဲ့ ယုံကြည်မှုကိုရဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပန်ရှင်းကတော့ မတူပါဘူး။ ပန်ရှင်းဘေးနားမှာ လူသိပ်မရှိပါဘူး။ အခုတောင် သူက ညာလက်ရုံး ဖြစ်နေပြီ မဟုတ်ပါလား။
တာအိုပညာရှိနှစ်ပါး ရှေ့ဆက်လျှောက်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းတိုင်းက ပေတစ်သောင်းကျော် ရောက်ပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ အမှောင်တားမြစ်နယ်မြေထဲကို ဝင်သွားပြီး လှည့်ကြည့်ရင်တောင် အင်မော်တယ်ကမ္ဘာကို မမြင်ရတော့ပါဘူး။
အမှောင်ထုက ရွှေရောင်လမ်းကို ဝန်းရံထားပါတယ်။ ဒီနေရာမှာ လုံးဝမှောင်မိုက်နေပြီး ဘယ်ကိုကြည့်ကြည့် အလင်းရောင်မရှိတဲ့အတွက် စိတ်ကို အတော်လေး လေးလံစေပါတယ်။
လူသုံးယောက်ဟာ ပျံသန်းရင်း တစ်ယောက်ကို တစ်ယောက် စောဒက တက်နေကြပါတယ်။
“အဲဒါ မင်းမှားတာ၊ ဘယ်လို သတင်းအချက်အလက်ကို မင်းရှာထားတာလဲ၊ ဒီနေရာမှာ ဘာအခွင့်အရေးမှ မရှိဘူး၊ လုံးဝကို ငရဲပြည်ပဲ”
“ဟုတ်တယ်၊ တာအိုအရှင်သခင်… မင်း နောက်ကျရင် ဒီထက်ပိုပြီးတော့ သတိထားသင့်တယ်”
“သောက်ပိုတွေ… အဲဒါ မင်းတို့နှစ်ယောက်ကြောင့်… မင်းတို့တွေက ခွေးလို လျှောက်သွားလို့ ကန့်သတ်စည်းကို သွားထိမိပြီး အခုလို ဖြစ်ရတာ”
ဒီလူသုံးယောက်က တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရောင်ဝါဟာ နည်းနည်း အားနည်းနေပါတယ်။ သူတို့တွေ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့ရတယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိသာလှပါတယ်။
ပန်ရှင်းနဲ့ ကျင်းရှန်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ကို မှတ်မိပါတယ်။ တာအိုပညာရှိအကုန်လုံးက တိတ်ဆိတ်ဂိုဏ်းကို ဂရုစိုက်ကြတယ် မဟုတ်ပါလား။ နောက်ပြီး တာအိုအရှင်သခင်တို့ သုံးယောက်က တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ မျက်နှာပါ။ တိတ်ဆိတ်ဂိုဏ်းထဲ မဝင်ခင်ကတည်းက တာအိုအရှင်သခင်တို့ သုံးယောက်ဟာ နာမည်ကျော်ပြီးသားပါ။
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ တာအိုပညာရှိတွေရဲ့ ပုံစံအမှန်ကို မမြင်နိုင်ကြပါဘူး။ မျက်နှာကို မြူတွေ အုံ့ဆိုင်းနေတာကိုသာ မြင်နိုင်ကြပါတယ်။ ဒါကြောင့် တာအိုအရှင်သခင်တို့ သုံးယောက်ဟာ ရပ်တန့်ခြင်းမရှိဘဲ ပန်ရှင်းတို့ကို ကျော်သွားပါတယ်။
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ ပဋိပက္ခ ကောင်းကင်လမ်းမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူတို့ရဲ့ ပုံစံအမှန်ကို ဖုံးကွယ်လေ့ရှိတာမလို့ အံ့အားသင့်ခြင်း မရှိပါဘူး။
တာအိုအရှင်သခင်တို့နဲ့ တော်တော်လေး အလှမ်းဝေးသွားတဲ့အခါမှာ ကျင်းရှန်က သက်ပြင်းချလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်က တကယ့်ကို နက်ရှိုင်းတာပဲ၊ တာအိုအရှင်သခင်တို့ သုံးယောက်က တာအိုပညာရှိအတုတွေ ဖြစ်နေကြပြီ”
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ ပဋိပက္ခထဲမှာ တာအိုပညာရှိအတုတွေ ဖြစ်ခဲ့ကြတာပါ။
ပန်ရှင်းက သာမန်ကာလျှံကာ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က တကယ်ကို အမြင်စူးရှတယ်၊ သူရှိနေတာက ကောင်းကင်တာအိုအတွက် ကံကောင်းမှုတစ်ခုပဲ”
ကျင်းရှန်ဟာ ပန်ရှင်းစကားရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် သတိထားပြီး မေးလိုက်ပါတယ် “စီနီယာနဲ့ တာအိုရောင်းရင်းဟန်က…”
“ဘာမှမဟုတ်ပါဘူး၊ တာအိုဆွေးနွေးမှု အပြီးမှာ ငါ သူ့အကြောင်းကို ပိုနားလည်သွားတယ်၊ တာအိုရောင်းရင်းဟန်က ငါတို့ရဲ့ ရန်သူ ဖြစ်လာမှာ မဟုတ်ဘူး၊ ငါတို့ရဲ့ ကူညီသူပဲ ဖြစ်လာမှာ” ပန်ရှင်းက ရည်မှန်းချက်ကြီးစွာ ပြောလိုက်ပါတယ်။
ကျင်းရှန်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် ‘ပန်ရှင်းနဲ့ ဟန်ကျွယ်က ဆက်ဆံရေး ကောင်းကင် တည်ဆောက်ပြီးပြီလား… ဒါမှမဟုတ် မဟာမိတ်ဖွဲ့လိုက်တာလား… ဒီအတိုင်းဆိုရင် ငါတို့တွေ ကောင်းကင်တာအိုမှာ ရှင်သန်ဖို့ လွယ်သွားပြီ၊ တခြားတာအိုပညာရှိတွေ ဟန့်တားမှာကို ကြောက်စရာ မလိုတော့ဘူး…’ ကျင်းရှန်ဟာ တွေးလေလေ သူ့အနာဂတ်က တောက်ပလေလေလို့ ခံစားရလေလေပါပဲ။
ဒီအချိန်မှာပဲ ပန်ရှင်းက ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အတွက် ကျင်းရှန်ဟာ ထိတ်လန့်သွားပါတယ်။ တာအိုပညာရှိနှစ်ပါးရဲ့ အကြည့်အောက်မှာ အမှောင်ထုပဲ ရှိပါတယ်။ ဘာကိုမှ မမြင်ရပါဘူး။
“ဘာမှားနေလို့လဲ” ကျန်းရှန်က မေးလိုက်ပါတယ်။
“တစ်စုံတစ်ခုက ငါတို့ကို စိုက်ကြည့်နေတယ်” ပန်ရှင်းက မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
“အမင်္ဂလာ မကောင်းဆိုးဝါးလား..”
ပန်ရှင်းဟာ ခေါင်းခါလိုက်ပါတယ်။
ကျင်းရှန်ဟာ အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်ထု တားမြစ်နယ်မြေထဲမှာ မမြင်နိုင်တဲ့ တည်ရှိမှုက အမင်္ဂလာ မကောင်းဆိုးဝါးပဲ ရှိလို့ပါ။
“ဆက်လျှောက်ကြမယ်၊ ဒီဟာက ငါတို့ကို ဘယ်အချိန်အထိ ဆက်လိုက်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့”
ကျင်းရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပုံမှန်ခြေလှမ်းအတိုင်း ရှေ့ဆက်လျှောက်ကြပါတယ်။
သွေးရောင်နီရဲနေတဲ့ ကြယ်တာရာ ကောင်းကင်ပြင်မှာ ရေတွက်ဖို့ မဖြစ်နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ဟင်းလင်းပြင်ထဲ ပေါလော မျောနေပါတယ်။ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေကြားမှာ ပျက်စီးယိုယွင်းနေတဲ့ ဇရပ်တစ်ဆောင် ရှိနေပါတယ်။ သွေးအလူးလူး ဖြစ်နေတဲ့ ဟန်ထော်ဟာ ဇရပ်ရဲ့ အမိုးမှာ လဲလျောင်းပြီး အသက်ကို အမောတကော ရှူရှိုက်ကာ မျက်နှာတစ်ခုလုံး ညှိုးငယ်နေပါတယ်။
ယီတျန်ဟာ ရုတ်တရက် ဆင်းသက်လာပြီး ဟန်ထော်ဘေးမှာ ထိုင်ကာ မေးလိုက်ပါတယ် “ကောင်စုတ်… ကြောက်နေပြီလား”
ဟန်ထော်ဟာ မျက်လုံးပင့်တင်လိုက်ပါတယ် “မင်းရော တူတူပဲ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ အယောင်ဆောင်နေတာလဲ”
ယီတျန်ဟာ အဝေးတစ်နေရာကို ကြည့်လိုက်ပါတယ်။ ကြောက်မက်ဖွယ် ဧရာမရုပ်သွင်နှစ်ခုဟာ ဟင်းလင်းပြင်နက်ထဲမှာ တိုက်ခိုက်နေကြပါတယ်။ မကုန်ဆုံးနိုင်တဲ့မြူတွေ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံး ဖိအားကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီသွေးရောင်ခြယ် ကြယ်တာရာ ကောင်းကင်က အချိန်မရွေး ကွဲကြေတော့မဲ့အတိုင်းပါပဲ။
ယီတျန်ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပေါ်လာပါတယ်။
ကွာခြားမှုက ကြီးမားလွန်းတဲ့အတွက် ယီတျန်ဟာ တိုက်ပွဲနားကို လုံးဝ မချဉ်းကပ်ရဲပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset