Chapter – 193
“နဝမဖန်တီးခြင်းဆေး”
မြေပြင်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အသားစများနှင့် သွေးများသည် ချောင်းငယ်တစ်ခုသဖွယ်မြေနိမ့်ရာဘက်သို့ စီးဆင်းသွားကြသည်။
“အား . . .”
စုယဲ့ယွဲ့သည်ကြောက်လန့်တကြားဖြင့်သတိလက်လွတ်ပင်အော်ဟစ်လိုက်သည်။ ထို့ပြင်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်လျက်ရှိပြီး အမျိုးသမီးအား သရဲတစ္ဆေတစ်ကောင်အလား ကြည့်လိုက်သည်။ သူမ၏ နှုတ်မှလည်း –
“ဘုရား ဘုရား . . .”
အမျိုးသမီးမှ –
“အာ . . . မိန်းကလေး ကြောက်သွားတာလား။ ငါမင်းကို ပြောပါတယ် မကြည့်ပါနဲ့ဆိုမှ။ ဆရာ့စကား နားမထောင်ရင် အမြဲတမ်း အမှားတွေ့မှာပဲ။ အခုတော့ နားလည်ပြီမလား . . .”
စုယဲ့ယွဲ့သည်အသံတုန်တုန်ယင်ယင်ဖြင့် –
“ဒါ . . . ဒါဘယ်လို ဖြစ်တာလဲ။ ဘယ် . . . ဘယ်လိုလုပ် လူတွေက သေကုန်ကြတာလဲ . . .”
စုယဲ့ယွဲ့သည်ရဲရှောင်အား အားကိုးတကြီးဖြင့်ပင်ကြည့်လိုက်သည်။ ရဲရှောင်၏ နှုတ်မှ မည်သို့မည်ပုံ ဖြစ်သွားသည်ဆိုသည့်ရှင်းပြစကားအား နားထောင်ချင်သောကြောင့်ဖြစ်သည်။ သို့သော်ရဲရှောင်၏ မျက်နှာသည်သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ပင်ဖြစ်နေပြီးဝေဒနာများ ခံစားနေရသည့်ပုံစံ ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
ရဲရှောင်အား ကြည့်ရင်း စုယဲ့ယွဲ့လည်း အထိတ်တလန့်ဖြင့်ပင်-
“ရှောင်ရှောင် . . . ဘာဖြစ်တာလဲ . . .”
အမျိုးသမီးမှ ရဲရှောင်အား ကြည့်ရင်း –
“သူ့ဒဏ်ရာတွေကြောင့် သူသေတော့မှာ . . .”
စုယဲ့ယွဲ့သည် ရဲရှောင်အား ဖက်ထားရင်းမျက်ရည်များပင်ပိုးပိုးပေါက်ပေါက် ကျလာလေသည်။ ထို့နောက်သည်းထန်စွာ ငိုကြွေးလိုက်ရင်း –
“မဖြစ်ဘူး . . . ငါနင့်ကို အသေမခံနိုင်ဘူး ရှောင်ရှောင် . . . ထပါ၊ နင်နဲ့ငါနဲ့ လက်တောင် မထပ်ရသေးဘူးလေဟာ . . . အီးဟီးဟီး . . .”
အမျိုးသမီးသည် စုယဲ့ယွဲ့၏ အနောက်တွင် ရပ်နေရင်း ရဲရှောင်အား ကြည့်နေလေသည်။
မူလက မာထန်နေသော သူမ၏ မျက်နှာသည် အနည်းငယ်ပျော့ပျောင်းသွားသည်။ ရဲရှောင်သည်လည်း သူမအား တည်ငြိမ်စွာဖြင့်ပင်ကြည့်နေလျက်ရှိသည်။
အမျိုးသမီးမှ ရဲရှောင်အား –
“ငါမင်းရဲ့ မိန်းမကို ငါ့တပည့်အဖြစ် ခေါ်သွားမယ်။ မင်းရဲ့ သဘောကရော . . .”
ရဲရှောင်သည်မျက်မှောင်ကြုတ်လိုက်ရင်း –
“ခင်ဗျားလို အရည်အချင်းရှိတဲ့ လူတစ်ယောက်က သူ့ကို တပည့်အဖြစ် ခေါ်သွားတာ သေချာပေါက်ကို ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်မှာပါ . . .”
ရဲရှောင်၏ နှုတ်မှ ထိုကဲ့သို့သော စကားမျိုးထွက်လာ၍ အမျိုးသမီးသည်အံ့ဩသွားသည့်ဟန်ဖြင့်-
“ဟင် . . . တကယ်လား၊ မင်းလည်း အဲဒီလိုပဲ ထင်တယ်ပေါ့ . . .”
ရဲရှောင်သည်အမှန်တကယ်ပင် ထိုကဲ့သို့ တွေးမိလိုက်သည့်အတွက်သူ၏ ဆန္ဒအမှန်အား ပြောလိုက်ခြင်းပင်ဖြစ်သည်။
အမျိုးသမီးသည် ရဲရှောင် ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်လွန်းလှသည်။ ထိုကဲ့သို့သော အတုမရှိသည့်ပညာရှင်တစ်ဦးမှ စုယဲ့ယွဲ့အား တပည့်အဖြစ် ခေါ်ယူသွားပါက စုယဲ့ယွဲ့၏ အနာဂတ်သည်ယခုထက်ပင်ပို၍တောက်ပလာမည်ကို ရဲရှောင်တပ်အပ်သိနေလေသည်။
အကယ်၍ ယခုကဲ့သို့သော အခွင့်အရေးမျိုးအား စုယဲ့ယွဲ့အနေဖြင့်ငြင်းလိုက်မည်ဆိုပါက တစ်ဘဝလုံးစာနောင်တရနေမည်ကိုလည်း သိနေပေသည်။
“ဒါပေမယ့်. . . လိုက်မလိုက်ဆုံးဖြတ်ရမဲ့လူက သူပဲလေ . . .”
ရဲရှောင်ပြောနေသည့်စကားများသည်စိတ်ထဲမှ ရှိသည့်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း အမျိုးသမီးသည်သိနေလေသည်။
သူ၏ စူးရှသော အကြည့်များအောက်တွင်ရဲရှောင်မှ လိမ်လည်ပြောဆိုနိုင်မည်မဟုတ်ကြောင်းလည်း သိနေလေသည်။
အမျိုးသမီးမှ –
“မင်းမှာ ဒီလို နက်နဲတဲ့ အတွေးအခေါ်မျိုး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ သူ့အတွက်တော့ ဘာမှ စိတ်ပူ မနေပါနဲ့”
ထို့နောက် စုယဲ့ယွဲ့ဘက်သို့ လှည့်လိုက်ရင်း –
“မိန်းကလေး . . . မင်းငါနဲ့ လိုက်မှာလား . . .”
စုယဲ့ယွဲ့သည် အမျိုးသမီးမေးလိုက်သည့်စကားအား အာရုံပင်မရှိချေ။ သူမအနေဖြင့်ရဲရှောင်၏ ဒဏ်ရာများအား စိတ်ပူနေသည်မှ လွဲ၍ အခြားအရာများအား စိတ်ပါဝင်စားခြင်း မရှိတော့ပေ။
အမျိုးသမီးသည် စုယဲ့ယွဲ့၏ ပုံစံအား ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါယမ်းလိုက်သည်။ ထို့နောက်သူမ၏လက်များအား ဝေ့ယမ်းလိုက်သည်။ ထိုအခါ အင်္ကျီလက် အတွင်းမှ ရောင်စုံတိမ်တိုက်တစ်ခုကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုရောင်စုံ အလင်းတန်းသည် ရဲရှောင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။
အလင်းတန်းများ ဝင်ရောက်ပြီးသွားသောအခါ ချက်ချင်းဆိုသလိုပင်သူ၏ စွမ်းအင်သိုလှောင်ရာနေရာမှ အပူဓာတ်များ ထွက်ပေါ်လာသည်ကို ရဲရှောင်ခံစားလိုက်ရသည်။
တခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများအားလုံး ယူပစ်လိုက်သကဲ့သို့ပျောက်ကွယ်သွားပြီး ဒဏ်ရာများအားလုံးသည်လည်း အမာရွတ်ပင်မကျန်အောင် ပျောက်ကင်းသွားလေသည်။
အချိန်ခဏလေးအတွင်းတွင်လူကောင်းပကတိ ပြန်ဖြစ်သွားခြင်း ဖြစ်သည်။
အမျိုးသမီး တိုက်လိုက်သည့် ဆေးလုံးသည်သူ၏ ထူးခြားအစွမ်းထက် ဆေးလုံးများထက် များစွာ သာလွန် အစွမ်းထက်သည် ဆိုသည်ကို ရဲရှောင်သိလိုက်သည်။ ထိုဆေးသည်ယခုမော်တယ်ကမ္ဘာတွင်မဆိုထားနှင့် ချင်းယန်နယ်ပယ်မှာပင်မရှိသလောက် ရှားမည့် ဆေးပင်ဖြစ်ပေလိမ့်မည်။
သူ၏ ခန္ဓာကိုယ်၏ ဒဏ်ရာများ ပျောက်သွားသည့်တိုင် စွမ်းအင်များသည် အဆက်မပြတ် လည်ပတ်စီးဆင်းနေဆဲပင်ဖြစ်သည်။ ထိုစွမ်းအင်များသည်စွမ်းအင်သိုလှောင်ရာအတွင်းသို့ စီးဆင်း သွားပြီး မူလက ရှိနေသော စွမ်းအင်များဖြင့်ပေါင်းစည်းသွားကြသည်။
အကယ်၍နောက်တစ်ကြိမ်သေဘေးနှင့် ရင်ဆိုင်ရသည့် အချိန်တွင်လည်း အဆိုပါ စွမ်းအင်များသည် အကျိုးပြုနေဦးမည် ဆိုသည်ကို ရဲရှောင်သေချာပေါက်ပင်သိနေလေသည်။
ထိုဆေးသည်ဘယ်နှကြိမ်မြောက်ထိအသက်ကယ်တင်ပေးနိုင်မည်၊ အာနိသင်ရှိနေမည်ဆိုသည်ကိုမူ သူအသေအချာ မသိချေ။ အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်အတွင်း အသက်ဘေးမှ လွတ်မြောက်စေနိုင်ပေလိမ့်မည်။
“ငါ့ရဲ့ တပည့်မေလးက မင်းကို နှစ်နှစ်ကာကာ ချစ်နေတဲ့အပြင် မင်းကလည်း အသက်စွန့်ပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။ အဲ့ဒီအတွက်ဒီ နဝမဖန်တီးခြင်း ဆေးလုံးကို မင်းအတွက် လျော်ကြေးပေးတယ်လို့ သဘောထားလိုက်ပါ . . .”
အမျိုးသမီးသည်တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
ဆေး၏ နာမည်အား ကြားလိုက်ရသောအခါ ရဲရှောင် တုန်လှုပ်သွားလေသည်။ ထိုဆေးလုံးနာမည်အား တစ်ကြိမ်တစ်ခါမှပင်မကြားဖူးခဲ့ချေ။
အမျိုးသမီးသည်စုယဲ့ယွဲ့အတွက်ကြောင့်သာသူ့အား ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း ရဲရှောင်
သိလေသည်။ စုယဲ့ယွဲ့ကြောင့်သာ ယခုကဲ့သို့ တန်ဖိုးကြီးလှသည့် ဆေးလုံးအား ပေးလိုက်ခြင်း ဖြစ်သည်။
မယုံကြည်နိုင်စရာပါပင်။
ထို ဆေးလုံးထက် စုယဲ့ယွဲ့သည်များစွာ တန်ဖိုးရှိနေသောကြောင့်သာ အမျိုးသမီးမှ လိုလိုလားလား ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ရဲရှောင်အတွက် အလွန်တန်ဖိုးရှိသော ဆေးလုံးဖြစ်သော်လည်း အမျိုးသမီးအတွက်မူ တန်ဖိုးရှိလှပုံ မပေါ်ချေ။
ဥပမာအားဖြင့် ဖေးယွမ်ဆေးလုံးများကဲ့သို့ပင် ဖြစ်သည်။ မော်တယ်ကမ္ဘာရှိ သာမန်လူများအဖို့ ထူးခြားအစွမ်းထက်သည့် ဆေးလုံးများဖြစ်သည့် ဖေးယွမ်ဆေးများအား မှော်ဆေးလုံးများကဲ့သုိ့ တန်ဖိုးထားကြသော်လည်း ချင်းယန်နယ်ပယ်တွင်မူ အမှိုက်တစ်ခုလိုပင် ဖြစ်သည်။
ထိုဥပမာအရဆိုလျှင်ယခုအခါတွင်ရဲရှောင်သည် သာမန်လူတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး အမျိုးသမီးမှာမူ ချင်းယန်နယ်ပယ်မှ ပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေပေသည်။
တန်ဖိုးဆိုသည်မှာနေရာဒေသ၊ လူအပေါ်တွင်မူတည်၍ ပြောင်းလဲသွားတတ်သည် မဟုတ်ပါလော။
ရဲရှောင် သက်သာလာမှန်း သိသည့်အခါ အမျိုးသမီးမှ –
“ဒီဆေးက မင်းရဲ့ တစ်ဘဝလုံးမှာ ၈ ကြိမ်တိတိ ကယ်တင်ပေးလိမ့်မယ်။ နောက်ပြီး မင်းရဲ့ ကျင့်ကြံမှု တွေကိုလည်း အထောက်အကူ ပြုပြီးတော့ ပိုပြီး လွယ်ကူစေလိမ့်မယ်။ မင်းသာ ကြိုးစားမယ်ဆိုရင် ဒီကမ္ဘာမှာ ဒဏ္ဍာရီထဲက ပညာရှင်တစ်ယောက်လိုတောင် ဖြစ်နိုင်သေးတယ်။ အဆင့်မြင့် နယ်ပယ် တစ်ခုခုကိုတောင် တက်လှမ်းချင် တက်လှမ်းနိုင်မှာပေါ့။ အပြန်အလှန်အနေနဲ့ ငါမင်းရဲ့ ဇနီးလောင်းကို ခေါ်သွားမယ်။ ဒီကိစ္စက မင်းကို နာကျင်စေမယ်မှန်း သိပါတယ်။ အဲ့ဒီအတွက် ဒီဆေးလုံးက မင်းအတွက် လုံလောက်မယ် ထင်ပါတယ် . . .”
အမျိုးသမီး နောက်ဆုံး ပြောလိုက်သော စကားသည် ရဲရှောင်၏ နားထဲသို့ သံရည်ပူများလောင်း ချလိုက်သည့်အတိုင်းပင်ခံစားလိုက်ရသည်။
ရဲရှောင်လည်း ခေါင်းခါယမ်းလိုက်ပြီး –
“ကျုပ်အတွက် ဟုတ်လား . . . ဘယ်လုံလောက်ပါ့မလဲ . . .”
အမျိုးသမီးသည် အံ့သြသွားပြီး မျက်နှာအမူအယာသည်ချက်ချင်းပင်အေးစက်မာကြောသွားလေသည်။ ထို့နောက်ခက်ထန်သော အသံဖြင့်-
“မလုံလောက်ဘူး ဟုတ်လား . . . ဒီမှာ ကောင်လေး၊ မင်းသိပ်ပြီး လောဘမကြီးသင့်ဘူး . . .”
ရဲရှောင်မှ တည်ငြိမ်စွာဖြင့် –
“ကျုပ်ကလောဘကြီးတာ မဟုတ်ပါဘူး။ ပထမအချက် ခင်ဗျားဆီက အဲ့ဒီဆေးကို ကျုပ်က ပေးပါလို့ တောင်းဆိုခဲ့တာလည်း မဟုတ်ဘူး။ ဒုတိယအချက် ခင်ဗျားက ကျုပ်အတွက် တကယ်ပဲ လုံလောက်တယ်လို့ ထင်နေတယ်ပေါ့။ ဒါဆို ခင်ဗျား စဉ်းစားကြည့်စမ်းပါ ကျုပ်သာ ခင်ဗျား ယောကျာ်းကို သတ်ပြီး ဒီလို လျော်ကြေး ပေးမယ်ဆိုရင် ခင်ဗျား အတွက် လုံလောက်တယ်လို့ ခံယူပါဦးမလား . . .”
အမျိုးသမီးမှ အေးစက်သော လေသံဖြင့် –
“မင်းအနေနဲ့ ဒီလိုစကားမျိုး ငါ့ကို ပြောဖို့ဆိုတာ တော်တော် အလှမ်းဝေးတယ် . . .”
ရဲရှောင်မှ –
“အဲဒါဆို ခင်ဗျားကရော ကျုပ်ကို ဘာလို့ ပြောရတာလဲ . . .”
အမျိုးသမီး၏ မျက်နှာသည် အေးစက်သထက် အေးစက်လာခဲ့သည်။
စုယဲ့ယွဲ့သည်ရဲရှောင် အရှေ့တွင် ရပ်လိုက်ရင်း –
“ရှင် . . . ရှင်ဘာလိုချင်တာလဲ . . .”
အမျိုးသမီးမှ စုယဲ့ယွဲ့အား ပြုံး၍ ကြည့်လိုက်ကာ –
“မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ မင်းနောက်ထပ် နှစ်ပေါင်း တစ်သန်းလောက် ကြိုးစားမယ် ဆိုရင်တောင် ငါ့ယောကျာ်းကို သတ်နိုင်ဦးမှာ မဟုတ်သေးဘူး . . .”
ရဲရှောင်လည်း ပြုံးလိုက်ရင်း –
“မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။ ဘာကိုပဲလုပ်လုပ် ဘာကိုပဲ ပြောပြော အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေပါနဲ့ . . .”
အမျိုးသမီးသည်ရဲရှောင်အား မည်သည့်စကားမျှ တုန့်ပြန်ပြောဆိုခြင်း မပြုတော့ဘဲ ပြုံး၍သာ ကြည့်နေလေသည်။
ရဲရှောင်တွင်ဒဏ်ရာများ မရှိတော့ဘဲ လူကောင်းပကတိအတိုင်းပင်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အမျိုးသမီးသည် ရဲရှောင် ပြန်ကောင်းလာသည့်အပေါ် အံ့သြသည့်ဟန် မပြချေ။ ရဲရှောင်တို့အား တစ်ခုခု ပြောချင်နေသေးသော်လည်း ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များသည်မခံနိုင်အောင်ပင်ဖြစ်လာသည့်အတွက်အမျိုးသမီးသည်သူမ၏ လက်အား တစ်ချက် ဝေ့ယမ်းလိုက်သည်။ ထိုအခါ တောင်တစ်ခုလုံးသည်လူသေကောင်များ မရှိတော့ဘဲ ပြောင်ရှင်း၍ သွားလေသည်။
ထို့နောက်ခဏအကြာတွင်ရဲရှောင်နှင့် စုယဲ့ယွဲ့တို့သည် အမျိုးသမီးနှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ကြရသည်။
တိမ်တိုက်များသည် သူတို့၏ နံဘေးတွင် လွင့်မျောလျက်ရှိသည်။တောင်ေအာက်ရှိ မြင်ကွင်းများကိုလည်း မပီမပြင်ဝိုးတဝါးသာ မြင်တွေ့ရတော့သည်။
စုယဲ့ယွဲ့မဆိုထားနှင့် ရဲရှောင်ပင် ယခုကဲ့သို့တောင်ပေါ်သို့ မည်သို့မည်ပုံ ချက်ချင်း ရောက်သွား သည်ဆိုသည်ကုနားမလည်နိုင်အောင်ပင်ဖြစ်နေလေသည်။ အံ့ဩမှုများနှင့်အတူ ရဲရှောင်၏ စိတ်ထဲတွင်လည်း –
[ဒီမိန်းမက တောင်တွေကို ရွေ့ပစ်နိုင်ပြီး ပင်လယ်ကိုတောင် ပြန်ဖြည့်ပေးနိုင်တဲ့ အစွမ်းမျိုး ရှိနေတာပါလား။ နောက်ပြီး တိမ်တိုက်တွေနဲ့ လေကိုပါ ထိန်းချုပ်နိုင်သေးတယ် . . .]
ယခင်ရှောင်ဧကရာဇ်ဘဝတွင်ထိုကဲ့သို့သော အစွမ်းမျိုး ရရှိပိုင်ဆိုင်နိုင်ရန်အမြဲလိုလိုပင်တောင်း တခဲ့ရသည်။ ပိုင်ဆိုင်နိုင်ရန်အတွက်လည်း တစ်ဘဝလုံး ကြိုးစားခဲ့သည်။ သို့သော် မပိုင်ဆိုင်နိုင်ခဲ့ချေ။
“ထိုင်ကြ . . .”
အမျိုးသမီးသည်သူ၏ လက်အား ဝေ့ယမ်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိကျောက်တုံးများသည်ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျောက်ပြားတစ်ခု ပေါ်လာလေသည်။
အဆိုပါ ကျောက်ပြားပေါ်တွင် အဖြူရောင် ကျောက်စားပွဲနှင့် ကုလားထိုင် ၃ လုံး ရှိနေသည်။ ကုလားထိုင် တစ်လုံးသည် စားပွဲ၏ တစ်ဖက်တွင် ရှိနေပြီး ကျန် ၂ လုံးနှင့် မျက်နှာချင်းဆိုင် အနေအထား ရှိနေခြင်း ဖြစ်သည်။
စုယဲ့ယွဲ့သည် ရဲရှောင်၏ အင်္ကျီစအား မလွတ်တမ်း ဆွဲထား၍ မဝံ့မရဲ ဖြစ်နေလျက်ရှိသည်။ ထို့နောက် ထွက်လည်း မပြေးဝံ့သဖြင့် ထိုင်ခုံပေါ်တွင်ခပ်ဖြည်းဖြည်းသာ ထိုင်ချလိုက်သည်။ သူမ မြင်တွေ့ခဲ့ရသည့် သွေးထွက်သံယို မြင်ကွင်းများအား မျက်လုံးထဲမှ မထွက်သဖြင့် ယခုတိုင်အောင် ထိတ်လန့်နေမိခြင်း ဖြစ်သည်။
အမျိုးသမီးသည် သူတို့နှစ်ဦးနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စုယဲ့ယွဲ့အား စိုက်၍ကြည့်နေလေသည်။
အမျိုးသမီး၏ မျက်လုံးများထဲတွင် အံ့သြမှု၊ နားမလည်နိုင်မှု၊ သံသယဖြစ်မှုများနှင့် စိတ်ရှုပ်ထွေးမှုများအား အတိုင်းသားပင်တွေ့မြင်နိုင်ပါတော့သည် . . .။