Switch Mode

Chapter – 704

အခန်း (၇၀၄) ပဋိပက္ခအူတိုင် ကံတရား
“ငါ သွားရင် တစ်ဖက်လူကို အနိုင်ယူနိုင်မှာလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အနိုင်ယူနိုင်ပါသည်။]
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စိတ်သက်သာရာ ရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး ထပ်မေးလိုက်ပါတယ် “ငါသွားရင် စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတွေ တိုက်ခိုက်တာကို ခံရနိုင်လား”
[တိုက်ခိုက်မခံရပါ။ ပဋိပက္ခ ကံတရားမြစ်သည် အထူးသီးသန့်နေရာတစ်ခု ဖြစ်သည်။ ပဋိပက္ခ ကံတရားမြစ်ထဲသို့ ဝိညာဉ်အဖြစ်သာ ဝင်ရောက်နိုင်ပြီး ကံတရားဖြင့်သာ တွေ့ဆုံနိုင်သည်။]
‘ဪ… ဒီလိုကိုး…’
ဟန်ကျွယ်ဟာ နားလည် သ‌ဘောပေါက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့မှတ်ဉာဏ်တွေ အဝေးဆီ စီးဆင်းသွားတာကို ခံစားမိပါတယ်။ ဒီခံစားချက်က အရမ်းကို ထူးဆန်းပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိ အနေနဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို တကယ် ခံစားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သွားဖို့ ရွေးချယ်လိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ ကောင်းကင်တာအိုနဲ့ ပဋိပက္ခထဲကနေ ခုန်ထွက်ပြီး အဆင့်ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို ရောက်ရှိသွားပါတယ်။
ဟန်ကျွယ် သေချာကြည့်လိုက်တဲ့အခါ ဘေးပ‌တ်ဝန်းကျင်က တွန့်လိမ်ရှုံတွပြီး တလက်လက် တောက်ပနေတဲ့ ခုနစ်ရောင်ခြယ် အလင်းတန်းတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ ခြေထောက်အောက်မှာတော့ မရေမတွက်နိုင်တဲ့ ကြယ်တွေရဲ့ အလင်းရောင်ကနေ ဖြစ်ပေါ်လာတဲ့ ရွှေရောင်မြစ်တစ်စင်း ရှိနေပါတယ်။ မဟာတာအိုပညာရှိ ဖြစ်နေတာတောင် ဟန်ကျွယ်ဟာ ဒီကြယ်တွေကို တစ်ချက်တည်းနဲ့ မရေတွက်နိုင်ပါဘူး။ ကြယ်တွေက သိပ်သည်းထူထပ်လွန်းပြီး မကုန်ဆုံးနိုင်အောင် ရှိနေတာပါ။
အဲဒီနောက် တခြားဘယ်ကိုပဲကြည့်ကြည့် အဆုံးကို မမြင်ရပါဘူး။ အပေါ်လည်း အတူတူပါပဲ။
‘ဒါက ပဋိပက္ခ ကံတရားမြစ်လား’
မျက်မှောင်ကြုတ်သွားတဲ့ ဟန်ကျွယ်ဟာ သူ့အတိတ်ကို ဖျက်ချင်တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို ချက်ချင်း ရှာဖွေပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ အရပ်မျက်နှာတစ်ခုကို ဦးတည်ပြီး ချက်ချင်း ပြေးသွားပါတယ်။
ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ရုပ်သွင်တစ်ခုနောက်ကို ရောက်သွားပါတယ်။ ဒီရုပ်သွင်က အရိပ်နက်ပါ။ ဘယ်လိုပုံစံရှိတယ် ဆိုတာကိုတော့ မမြင်နိုင်ပါဘူး။ အရိပ်နက်ဟာ အောက်က ကံတရားမြစ်ထဲမှာ သူ့လက်ကို ဆက်တိုက်ဝှေ့ယမ်းနေပါတယ်။
ဟန်ကျွယ်ဟာ အရိပ်နက်ကို ဘာမပြော ညာမပြောနဲ့ လက်ဝါးစာ ကျွေးလိုက်ပါတယ်။
မဟာချုပ်နှောင်လက်ဝါး။
အရိပ်နက်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟန်ကျွယ်ရဲ့ လက်ဝါးကို ရှောင်လိုက်ပါတယ်။ အရိပ်နက်ဟာ ဟန်ကျွယ်နဲ့ ပေလေးငါးဆယ်အကွာမှာ ပြန်ပေါ်လာပါတယ်။
“ဆရာဘိုးဘိုးပါလား”
အရိပ်နက်ဟာ လန့်သွားပါတယ်။ ဟန်ကျွယ်ကတော့ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရိပ်နက်ရဲ့ လေသံက ဖန်းလျန်နဲ့ တူနေလို့ပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ ဖန်းလျန်ကို သန့်စင်ပြီးပြီမလား၊ ဘာဖြစ်လို့ ဒီကောင်က ငါ့အတိတ်ကို ဖျက်ပစ်ချင်နေရတာလဲ… ဒါမှမဟုတ် ဒီဖန်းလျန်က လက်ရှိအချိန်က ဖန်းလျန် မဟုတ်တာလား…’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာလို့ ဒီလိုလုပ်တာလဲ”
အရိပ်နက်ဟာ ထိတ်လန့်အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ဘဲ ရေရွတ်လိုက်ပါတယ် “ဆရာဘိုးဘိုးက မဟာတာအိုကို ရသွားပြီလား…”
ဟန်ကျွယ်ဟာ ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နေရာကနေ ကွယ်ပျောက်သွားပြီး အရိပ်နက်ရဲ့နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ မဟာချုပ်နှောင်လက်ဝါးကို ထပ်ပြီးတော့ သုံးလိုက်ပါတယ်။
ဖန်းလျန်က ဆက်ပြီးတော့ ရှောင်ပါတယ်။ ဟန်ကျွယ်ကလည်း နောက်ကနေ လိုက်ပါတယ်။
“ဆရာဘိုးဘိုး… နေပါဦး… ကျွန်တော်က ဆရာဘိုးဘိုးကို ဒုက္ခပေးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး…” ဖန်းလျန်က အလောတကြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တိုက်ခိုက်နေတာရပ်ပြီး မေးလိုက်ပါတယ် “ငါ့ကို အမှန်အတိုင်းပြောစမ်း… မဟုတ်ရင် မင်း သေရလိမ့်မယ်”
ဖန်းလျန်ဟာ ပြေးနေတာ ရပ်လိုက်ပါတယ် “ကျွန်တော်က မဟာတာအိုကပ်ဘေး အချိန်ကပါ၊ ဆရာဘိုးဘိုး အမှောင်သခင်ကြီးဆိုတာ ပေါ်သွားပြီ၊ ပဋိပက္ခမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဆရာဘိုးဘိုးကို ရှင်းပစ်ချင်နေကြတယ်၊ အဲဒါကြောင့် သူတို့တွေ ဆရာဘိုးဘိုးကို မတွက်ချက်နိုင်အောင် ကျွန်တော် ဆရာဘိုးဘိုးရဲ့ အတိတ်ကို လာဖျက်တာပါ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဒီကောင် ငါ့အတိတ်ကို ဖျက်လိုက်ရင် ငါ သေမှာလား”
[မသေပါ။ သို့သော် ပဋိပက္ခနှင့် ကောင်းကင်တာအို၏ ငြင်းဆန်ခြင်းကို ခံရပြီး အမျိုးအမည်မသိသော ဗလာနယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်။]
“ဗလာနယ်ပယ်က ဘာကိုပြောတာလဲ”
[ကံတရားမရှိ၍ စနစ်မှ မတွက်ချက်နိုင်ပါ။]
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ အနည်းဆုံး သူ့အတိတ် အဖျက်ခံလိုက်ရရင်တောင် သူ မသေနိုင်ပါဘူး။ ဒါကြောင့် ဖန်းလျန်ရဲ့ စကားတွေက ယုံလို့တော့ ရပါတယ်။
ဖန်းလျန်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး… ဆရာဘိုးဘိုး ဒီကိစ္စကို သိသွားပြီဆိုပေမဲ့ ဒီကိစ္စမှာ ပြောပြလို့မရအောင် စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတယ်၊ ဆရာဘိုးဘိုး… ဆရာဘိုးဘိုးရဲ့ ကံကြမ္မာကို ပြောင်းလဲရင်တောင် သူတို့တွေ အာရုံခံနိုင်တယ်၊ အဲဒါကြောင့် ဆရာဘိုးဘိုး သူတို့ရဲ့ ရန်သူ လုပ်ရင်လုပ် မဟုတ်ရင် ဆရာဘိုးဘိုးရဲ့ အတိတ်ကို ဖျက်ခွင့်ပြုပါ၊ ဒါမှ သူတို့တွေ မတွက်ချက်နိုင်မှာ”
“ဟွန်း… ငါက သူတို့ရန်သူ ဖြစ်တော့ရော ဘာဖြစ်လဲ၊ ငါ မကြောက်ဘူး၊ နောက်ကျရင် ငါ့အတွက် ဒီလိုမျိုး လျှောက်မလုပ်ပေးနဲ့၊ မင်း ဒီလိုလုပ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး”
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ဝိညာဉ်က လောကဦးကမ္ဘာကို ရွှေ့ပြောင်းသွားလာပြီး သူ့ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာကို မှတ်မိနေပါသေးတယ်။ ဒါက သူ ကောင်းဖို့အတွက် ဆိုပေမဲ့ ဟန်ကျွယ်အတွက် မလိုအပ်ပါဘူး။ သူ အခု လျှောက်နေတဲ့လမ်းက လမ်းမှန်ပါ။ တခြားလူတွေ လာပြောင်းလဲပေးဖို့ မလိုအပ်ပါဘူး။
လက်ရှိ တာအိုစက်ကွင်းရဲ့ အစီအမံက တာအိုဖန်တီးရှင် အဆင့်ပါ။ ပဋိပက္ခနတ်မင်းတွေ တိုက်ခိုက်ရင်တောင် အချိန်တိုအတွင်း ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး အနာဂတ်မှာ ပဋိပက္ခနတ်မင်းတွေ သူ့ကို အာရုံခံမိရင်တောင် တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုစက်ကွင်း ထောက်လှမ်းမှု မှန်သမျှကို ဟန့်တားနိုင်လို့ပါပဲ။
ဖန်းလျန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ် “ထွက်သွာစမ်း”
ဖန်းလျန်ဟာ အသက်တစ်ဝကြီး ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး… ဆရာဘိုးဘိုးကို ပြန်တွေ့ချင်တာက ကျွန်တော်ရဲ့ ဆန္ဒပါ၊ ဆရာဘိုးဘိုးက ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော် ဆက်ပြီး မတိုက်တွန်းတော့ပါဘူး၊ ကျွန်တော် ဆရာဘိုးဘိုးကို အကြံတစ်ခု ပေးပါရစေ၊ မဟာတာအို အနန္တကပ်ဘေးကို ရှေ့ကြိုရောက်အောင် တွန်းအားမပေးပါနဲ့”
စကားဆုံးတာနဲ့ ဖန်းလျန်ဟာ ကွယ်ပျောက်သွားပါတယ်။
ဟန်ကျွယ်လည်း ပဋိပက္ခ ကံတရားမြစ်ကနေ ချက်ချင်း ထွက်ခွာပြီး ခန္ဓာကိုယ်ကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဖန်းလျန်ရဲ့ စကားကို ပြန်စဉ်းစားလိုက်ပါတယ် ‘မဟာတာအို အနန္တကပ်ဘေးကို ရှေ့ကြိုရောက်အောင် တွန်းအားမပေးနဲ့… ငါက ဘာဖြစ်လို့ အဲဒီလို လုပ်ရမှာလဲ… ငါက မဟာတာအို အနန္တကပ်ဘေးကို ရှေ့ကြိုရောက်အောင် လုပ်တာဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်၊ တစ်ယောက်ယောက်က ငါ့ကို ရန်စလို့ မဟုတ်ရင် ငါရဲ့ ပတ်သက်တဲ့လူ တစ်ယောက်ယောက် သေသွားလို့ပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ အပြင်မှာရှိတဲ့ တပည့်တွေ အကုန်လုံးကို ပြန်ဆင့်ခေါ်သင့်လား… ထားလိုက်ပါတော့… ငါ ဒီလိုလုပ်ရင် တစ်ခုခုကို သွားပြောင်းလဲမိနေပါဦးမယ်’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့ ဘယ်လောက်လိုသေးလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကြီးကြီးမားမား ပြောင်းလဲမှု မရှိလျှင် နှစ်ပေါင်း ၂၃ ဘီလီယံခန့်၌ မဟာတာအို အနန္တကပ်ဘေး ကျရောက်လိမ့်မည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘တော်သေးတယ်… ဘာမှမပြောင်းလဲသွားလို့…’
ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် “ငါ ဖန်းလျန် လုပ်နေတာတွေကို ဘာဖြစ်လို့ အာရုံမခံမိရတာလဲ”
[အဘယ်ကြောင့်ဆိုသော် ဖန်းလျန်သည် ပဋိပက္ခ ကံတရားမြစ်ထဲသို့ ဝင်ရောက်နေသောကြောင့် ဖြစ်သည်။ ပဋိပက္ခ ကံတရားမြစ်သည် သာမန် ကံတရားမြစ်ထက် အဆင့်ပိုမြင့်ပြီး ပဋိပက္ခအထက်၌ တည်ရှိသည်။ ရှာဖွေရန်လည်း အလွန်ခက်ခဲသည်။ အနာဂတ်သင်သာ အသက်ရှင်နေသေးပြီး ဖိနှိပ်မခံရလျှင် စနစ်၏ အကူအညီမလိုဘဲ ဤကိစ္စက လျင်မြန်စွာ အာရုံခံမိလိမ့်မည်။]
စနစ်ရဲ့ အဖြေက အဓိပ္ပာယ်ရှိပါတယ်။ အနာဂတ်မှာ သူ့ကို ပဋိပက္ခနတ်မင်းတွေ လိုက်လံတိုက်ခိုက်တဲ့အတွက် ဖိနှိပ်မခံရရင်တောင် အနည်းဆုံးတော့ နှောင်ဖွဲ့ခံရနိုင်ပါတယ်။ ဒါကြောင့် အတိတ်ကကိုယ်ကို ပြန်မကယ်နိုင်တာ ဖြစ်ပါလိမ့်မယ်။
‘နေပါဦး… ရှာဖို့ ခက်တယ်ဆိုရင် ဖန်းလျန်က ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ… တာအိုဘိုးဘေးရဲ့ စွမ်းအားကို ငှားသုံးတာလား…’
ဖန်းလျန်ဟာ တာအိုဘိုးဘေး ပစ်မှတ်ထားတာကို ခံရကတည်းက သူ့ဝိညာဉ်ဟာ ရှေးခေတ်ကို ခရီးနှင်နိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တာအိုဘိုးဘေးက ကံတရားမြစ်ကို ထောက်လှမ်းနိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာ သိသာလှပါတယ်။
‘အနာဂတ်ကျရင် ငါ ဒီထက်ပိုပြီး ဂရုစိုက်မှ ဖြစ်မယ်၊ ငါ ကောင်းကင်တာအိုကနေ လွယ်လွယ် ထွက်သွားလို့ မဖြစ်ဘူး..’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် သိချင်လာတာနဲ့ စနစ်ကို ထပ်မေးလိုက်ပါတယ် “ပဋိပက္ခထဲမှာ ပဋိပက္ခနတ်မင်း ဘယ်နှပါး ရှိနေတာလဲ”
[ပဋိပက္ခအူတိုင်၏ ကံတရား ပါဝင်နေသည်။ ကံတရား၏ တန်ပြန်မှုကို ကာကွယ်ရန်အတွက် မတွက်ချက်နိုင်ပါ။]
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံရတာပါ။ အရင်တုန်းက တစ်ဖက်လူရဲ့ ကျင့်ကြံမှု စနစ်ထက် စွမ်းအားကြီးမှပဲ တွက်ချက်လို့ မရတာပါ။
ပဋိပက္ခရဲ့ အန္တရာယ်တွေက တော်‌တော်လေး နက်ရှိုင်းပုံပါပဲ။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အနာဂတ်က ဖန်းလျန်နဲ့ တွေ့ဆုံပြီးနောက် ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးသွားပါတယ်။ ဒီမတိုင်ခင်က ဟန်ကျွယ်ဟာ တော်တော်လေး ဘဝင်မြင့်နေခဲ့တာပါ။ ဘိုးဘေးရှီတျန်တောင် သူ့ကို မယှဉ်နိုင်တော့ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို စွမ်းအားကြီးရန်သူတစ်ပါး ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ မျှော်လင့်မိသွားပါတယ်။ စွမ်းအားကြီးရန်သူကို အနိုင်ယူနိုင်မှ သူ့ယုံကြည်ချက်ကို ပြန်ရမှာ မဟုတ်ပါလား။
အခုအချိန်မှာ ဟန်ကျွယ်ဟာ ပဋိပက္ခနတ်မင်းတွေကို ရင်ဆိုင်ဖို့ လုံလောက်တဲ့စွမ်းအား မရှိသေးပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခနတ်မင်းတွေကို တိုက်ရိုက် မရင်ဆိုင်နိုင်တဲ့အတွက် တခြားနည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ စကားတွေကနေ ပဋိပက္ခနတ်မင်းတွေက အမှောင်သခင်ကြီး ဘယ်သူဘယ်ဝါဆိုတာကို မတွက်ချက်နိုင်မှန်း သိပါတယ်။ တစ်စုံတစ်ယောက်က သူ အမှောင်သခင်ကြီးဆိုတာကို ဖော်ထုတ်လိုက်တာပါ။
ဟန်ကျွယ်ဟာ နောက်ကျရင် ကြမ္မာဆိုးစာအုပ်ကို အလွယ်တကူ အသုံးမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကောင်းဆုံးက ကြမ္မာဆိုးစာအုပ်နဲ့ ပဋိပက္ခနတ်မင်းတွေကို ဒဏ်ရရအောင် လုပ်နိုင်တဲ့အထိ စောင့်ဆိုင်းတာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင်တင်ရင်း အင်မော်တယ်ကမ္ဘာကို အကဲခတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝိညာဉ်တစ်ခုလုံး ခလောက်ဆန်တဲ့ တိုက်ပွဲကို တွေ့ကြုံခဲ့ရပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ တည်ငြိမ်နေတုန်းပါပဲ။ ဒီအတောအတွင်း ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က အများကြီး တိုးလာပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက နောက်ထပ် ကောင်းကင်တာအိုပညာရှိတစ်ပါး လက်ခံနိုင်တာကို ခံစားမိလိုက်ပါတယ်။
တာအိုပညာရှိတွေက ကောင်းကင်တာအိုပညာရှိ နေရာအတွက် ထပ်ပြီးတော့ လုကြဦးမယ် ထင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီနေရာအတွက် တိုက်ခိုက်ဖို့စိတ်ကူး လုံးဝ မရှိပါဘူး။ အခုဆိုရင် ဟန်ကျွယ်ဟာ မဟာချုပ်နှောင်လက်ဝါးကို တတ်မြောက်ထားပြီး ဖြစ်တဲ့အတွက် တာအိုပညာရှိအသစ်တွေ စကားနားမထောင်ဘူးဆိုရင် လောကဦး ကောင်းကင်ထောင်ထဲ ပစ်သွင်းလိုက်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset