Switch Mode

Chapter – 702

အခန်း (၇၀၂) မဟာချုပ်နှောင်လက်ဝါး
နှစ်တစ်ရာ တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို ထုတ်ယူပြီး မဟာတာအို ဆန်းကြယ်စွမ်းအားကို စတင် သုံးသပ်နားလည်ပါတယ်။
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာတာအို ဆန်းကြယ်စွမ်းအား အသစ်ကို နားလည် တတ်မြောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီမဟာတာအို ဆန်းကြယ်စွမ်းအား အသစ်ကို မဟာချုပ်နှောင်လက်ဝါးလို့ နာမည်ပေးလိုက်ပါတယ်။ နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ဓမ္မစွမ်းအားကို ချိပ်ပိတ်စွမ်းအားအသွင် ပြောင်းလဲကာ ရန်သူကို ချုပ်နှောင်တာပါ။
အလွန်တရာမှ ဗိုလ်ကျလွန်းတဲ့ ဆန်းကြယ်စွမ်းအား ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ဘိုးဘေးရှီတျန်ကို လက်ဝါးတစ်ဖက်တည်းနဲ့ ချုပ်နှောင်လိုက်ပါတယ်။ ဒီလက်ဝါးချက် ထိသွားတာနဲ့ ပစ်မှတ်က လှုပ်လို့မရတော့ပါဘူး။ တော်တော်ကို စွမ်းအားကြီးလွန်းတာပါ။
ဟန်ကျွယ်ဟာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဘိုးဘေးရှီတျန်ကို သူ့ရဲ့ ဆန်းကြယ်စွမ်းအား အသစ်နဲ့ ဆက်ပြီးတော့ အနိုင်ယူပါတယ်။
နှစ်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်ပါတယ်။ အဲဒါပြီးတဲ့အခါမှာတော့ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ပြီးတော့ ကျင့်ကြံပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၇၀ ကုန်ဆုံးသွားပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁၅၀ ကို တတ်ကျွမ်းသွားပါတယ်။ ဒီအရေအတွက်က အရင်အခေါက်တွေနဲ့ နှိုင်းယှဉ်ရင် တော်တော်ကို များတာပါ။ ဒီနတ်ဘီလူး ဓမ္မရုပ်တု ၁၅၀ ထဲမှာ စွမ်းအားကြီးတဲ့ မဟာတာအို တချို့လည်း ပါဝင်လာပါတယ်။
ဥပမာအားဖြင့် အာကာသ နတ်ဘီလူး၊ ပြန်ရစ်နတ်ဘီလူးနဲ့ အထီးကျန် နတ်ဘီလူးတွေပါ။
နာမည်အတိုင်း အာကာသ နတ်ဘီလူးက အာကာသစွမ်းအားကို ထိန်းချုပ်ပါတယ်။ ရှေးခေတ်ကတည်းက မဟာတာအိုသုံးထောင်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခု ရှိပါတယ်။ အချိန်က ဘုရင်ဆိုရင် အာကာသက ဧကရာဇ် ဆိုပြီးတော့ပေါ့။
….
ဒါက ဒီအတိုင်း ပြောနေကြတာပါ။ ဒါပေမဲ့ ဒီစကားနဲ့တင် အချိန်၊ အာကာသ မဟာတာအိုနှစ်ခုရဲ့ စွမ်းအားက ဘယ်‌လောက်ထိ ကြီးမားတယ်ဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။
ပြန်ရစ်နတ်ဘီလူးကတော့ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို နောက်ပြန်ရစ်လို့ ရပါတယ်။ သေသွားမယ်ဆိုရင်တောင် မသေတဲ့ အခြေအနေကို ပြန်ရစ်လို့ ရပါတယ်။ ဒီစွမ်းအားက အချိန် မဟာတာအို စွမ်းအားနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ အချိန် အဖျက်ခံလိုက်ရရင်တောင် ပြန်ရစ်နတ်ဘီလူးက ပြန်ရစ်နိုင်ပါသေးတယ်။ အချိန် မဟာတာအိုစွမ်းအားနဲ့ဆိုရင် တော်တော်ကို လိုက်ဖက်တဲ့ စွမ်းအားပါ။ နေနဲ့လ ရွှေနဲ့မြလိုပါပဲ။
အထီးကျန် နတ်ဘီလူးရဲ့ စွမ်းအားကတော့ ပဋိပက္ခ နတ်ဘီလူး အရေအတွက်နဲ့ ဆက်စပ်နေပါတယ်။ ပဋိပက္ခ နတ်ဘီလူး အရေအတွက် နည်းလေလေ အထီးကျန် နတ်ဘီလူးက ပိုသန်မာလေလေပါပဲ။ ဒီအချက်နဲ့တင် အထီးကျန် နတ်ဘီလူးက ကျန်တဲ့ ပဋိပက္ခ နတ်ဘီလူးတွေကို ရှင်းလင်းသုတ်သင်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ။
တခြားပဋိပက္ခ နတ်ဘီလူးတွေမှာလည်း သူတို့စွမ်းအားနဲ့ သူတို့ ရှိကြပါတယ်။
လက်ရှိမှာ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၅၄၉ ရုပ်ကို တတ်မြောက်ကျွမ်းကျင်သွားပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး နတ်ဘီလူးဓမ္မရုပ်တု အသစ်တွေရဲ့ စွမ်းအားနဲ့ အကျွမ်းဝင်အောင် လေ့ကျင့်ပါတယ်။
တစ်ယောက်ချင်း ယှဉ်တိုက်ရင် ဘယ်မဟာတာအိုပညာရှိမှ ဟန်ကျွယ်ကို မယှဉ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ရန်သူတွေကို အဆင့်ကျော် သတ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ မဟာညီညွတ်မှု ရုပ်သွင်နဲ့ မဟာတာအို ဆန်းကြယ်စွမ်းအား အသစ်ကို ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ ပြောစရာကို မလိုတော့တာပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။
လီရွှမ်အောက်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ လီရွှမ်အောက်ဟာ ပါရမီရှင်တစ်စုကို ခေါ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ ဆယ်နှစ်ကျော်အောင် စောင့်ဆိုင်းနေခဲ့ရတာပါ။ ဒီဖိအားက တော်တော်ကို ကြီးပါတယ်။ ပါရမီရှင်တချို့က ဒီလို စောင့်ဆိုင်းရတာကို မကြိုက်ကြပါဘူး။
တပည့်ရင်းတွေကလည်း ဟန်ကျွယ်ကို မနှောင့်ယှက်ရဲပါဘူး။ တပည့်ရင်းတွေဟာ ဟန်ကျွယ်က ကျင့်ကြံအားထုတ်နေရင်တောင် အပြင်က အခြေအနေတွေကို သိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် လီရွှမ်အောက်နဲ့ တခြားလူတွေကို အပြင်မှာ စောင့်ခိုင်းတာက ကျိန်းသေပေါက် အကြောင်းအရင်းတစ်ခု ရှိရမယ်လို့ ကောက်ချက်ချကြပါတယ်။
သူတို့တွေ မသိတာက ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံစိုက်လွန်းပြီး လီရွှမ်အောက်ကို သတိမမူမိတာပါ။
လီရွှမ်အောက်ဟာ ဦးညွှတ်ပြီး သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ပါရမီရှင်တွေ အကုန်လုံးမှာ မူမမှန်တာ ဘာတစ်ခုမှ မတွေ့ရတဲ့အတွက် လီရွှမ်အောက်ရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပါရမီရှင်တွေ အကုန်လုံးကို တစ်ခါတည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ အဲဒီနောက် ကျန်တဲ့ကိစ္စကို လီရွှမ်အောက်လက်ထဲ အပ်လိုက်ပါတယ်။
လီရွှမ်အောက်ကို ဟန်ကျွယ်ကို ကျေးဇူးတင်စကားပြောပြီး စိတ်လှုပ်ရှားစွာ ထွက်ခွာသွားပါတယ်။
ဒီတစ်ကြိမ်မှာ လီရွှမ်အောက်ဟာ ပါရမီရှင် ၃၇ ယောက်ကို ခေါ်လာခဲ့ပါတယ်။ အကုန်လုံးမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ တချို့ဆိုရင် ပဋိပက္ခ ရုပ်ခန္ဓာ နိုးထပြီး ပဋိပက္ခနယ်မြေထဲကိုတောင် ဝင်နေကြပါပြီ။
ဟန်ကျွယ် ပဋိပက္ခ နယ်မြေကို မသွားဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ အဆင့်ချင်းက ကွာခြားလွန်းတယ် မဟုတ်ပါလား။ သွားလည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီပါရမီရှင်အုပ်စုထဲက ဟန်ယွီရဲ့ မြေးတပည့် ချင်လင်းကို သတိထားမိလိုက်ပါတယ်။ ချင်လင်းဟာ အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်ရှိနေပါပြီ။ သူ့ကျင့်ကြံမှုအလျင်က မြန်တယ်ဆိုတာထက်ကို ပိုပါတယ်။
ဟန်ကျွယ်ဟာ ချင်လင်းကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘေးတံခါးဖွင့်ပေးဖို့ စိတ်ကူးမရှိပါဘူး။ အခုအချိန်မှာ သူ မဟာတာအိုပညာရှိပါ။ သူ့ရှေ့မှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲ။
ဟန်ကျွယ်ရဲ့ ရန်သူတွေထဲမှာ ဘယ်ရန်သူကများ ကောင်းကင်ကို အန်တုနိုင်တဲ့ အရည်အချင်း မရှိလို့လဲ။ ဘယ်ရန်သူကများ ကံတရား အထောက်အပံ့ အများကြီး မရှိလို့လဲ။ ဘယ်ရန်သူကများ အခက်အခဲပေါင်းများစွာကို မကျော်ဖြတ်ခဲ့ရလို့လဲ။ အကုန်လုံးက သူ့ခေတ် သူအခါမှာ ထိပ်တန်း ပါရမီရှင်တွေချည်းပါပဲ။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပါတယ်။ ပင်မတာအိုစက်ကွင်းမှာ စိတ်ဝိညာဉ်ချီ တိုးလာတာနဲ့ ဒုတိယ တာအိုစက်ကွင်းကလည်း လိုက်တိုးပါတယ်။ နတ်ဘီလူးတွေက ကျင့်ကြံအားထုတ်နေတာမလို့ ဟန်ကျွယ်ဟာ သူတို့ကို မနှောင့်ယှက်ပါဘူး။
ကွမ်းပုပိုင်ဟာ တာအိုပညာရှိအတု အလယ်အဆင့်ကို ရောက်နေပါပြီ။ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ‌ရောက်တာနဲ့ ဟန်ကျွယ်ဟာ ကွမ်းပုပိုင်ကို ပဋိပက္ခနတ်ဘီလူး သွေးစည်း အစားထိုးပေးမှာပါ။
တစုန်ကောင်းကင်ဟာ အရိပ်လွှမ်းမိုး နတ်ဘီလူး ဖြစ်လာပြီးနောက် ကျားကုတ်ကျားခဲ ကျင့်ကြံတဲ့အတွက် ကိုယ်စွမ်းကိုယ်စနဲ့ တာအိုကို ရယူနိုင်ဖို့ တော်တော်လေး နီးကပ်နေပါပြီ။
ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် တစုန်ကောင်းကင်ကို အသံလွှင့်စကားပြောကာ တာအိုဘုံကျောင်းထဲ ဆင့်ခေါ်လိုက်ပါတယ်။ တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ရတဲ့ အခါမှာ စိတ်လှုပ်ရှားသွားပါတယ်။
ကိုယ့်အင်အားနဲ့ကိုယ် တာအိုကို ရယူတာက အချိန် အရမ်းကြာပါတယ်။ ပန်ကူးပဲဖြစ်ဖြစ် တာအိုဘိုးဘေးပဲ ဖြစ်ဖြစ် ဘီလီယံပေါင်းများစွာ သုံးသပ်နားလည်ပြီးမှ တာအိုကို ရယူနိုင်ခဲ့တာပါ။
တစုန်ကောင်းကင်ဟာ တာအိုကိုရယူဖို့ မစောင့်နိုင်တော့တဲ့အတွက် ဟန်ကျွယ်ဆီက လမ်းညွှန်မှုကို တောင်းခံချင်နေတာ အတော်ကြာပါပြီ။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာတဲ့ တစုန်ကောင်းကင်ကို တစ်ချက် အကဲခတ်ပြီး ဘာမှမပြောပါဘူး။ ဒီလိုနဲ့ တာအိုဘုံကျောင်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
အချိန်အတော်ကြာတဲ့ အခါမှာတော့ တစုန်ကောင်းကင်ဟာ ရုတ်တရက် ရှိခိုးပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်… ကျွန်တော် တာအိုကို ရယူချင်ပါတယ်” တာအိုကို ရယူဖို့အတွက် တစုန်ကောင်းကင်ဟာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းမှာ ပဋိပက္ခ နတ်ဘီလူး အရည်အချင်း ရှိနေပြီ၊ သိပ်မကြာခင်မှာ တာအိုကို ရယူနိုင်လိမ့်မယ်၊ မလောပါနဲ့”
တစုန်ကောင်းကင်ဟာ တိတ်ဆိတ်သွားပေမဲ့ မျက်နှာကတော့ သိပ်မကောင်းပါဘူး။
“မင်းက တာအိုရယူပြီးရင် ဘာလုပ်မှာလဲ”
တစုန်ကောင်းကင်ဟာ မှင်တက်သွားပါတယ် “ကျွန်တော် တခြားတာအိုပညာရှိတွေ နောင်တရတာကို မြင်ချင်တယ်”
တာအိုပညာရှိတွေက သူ့ကို တာအိုပညာရှိနေရာပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တခြားလူဆီ ရောက်သွားပါတယ်။ ဒီကိစ္စကို ပြန်တွေးတိုင်း တစုန်ကောင်းကင်ဟာ ဒေါသမထွက်ဘဲ မနေနိုင်ပါဘူး။ အဲဒီအချိန်မှာ တစုန်ကောင်းကင်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့ ပြက်လုံးတစ်ခု ဖြစ်ခဲ့တာပါ။
တာအိုပညာရှိအတုကစလို့ ဘုံပျံတက်လာခါစ သေမျိုးအထိ သူ တာအိုပညာရှိ ကစားတာ ခံလိုက်ရတာကို လူတိုင်းသိကြပါတယ်။ ဒီလိုစော်ကားခံရတာကို ဘယ်သူက ‌ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။
“တစုန်ကောင်းကင်… မင်းက ကိုယ့်အတွက် ကျင့်ကြံနေတာလား၊ သူများအတွက် ကျင့်ကြံနေတာလား”
“ကျွန်တော်က ကျွန်တော်အတွက်ပဲ ကျင့်ကြံတာပါ၊ ဒါပေမဲ့ ကိုယ့်လမ်းကိုယ်လျှောက်ရင်း သူတို့ရဲ့ မျက်နှာတွေကို ဖြတ်ရိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့”
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “မင်းက ဒီနေ့ တာအိုပညာရှိတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်တယ်၊ နောက်နေ့ကျရင်‌ရော မင်း ဘာလုပ်မှာလဲ… တကယ့် စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူတို့ရဲ့ ကျင့်ကြံမှုကို မလိုဘဲ မပြကြဘူး၊ ငါ့ကိုပဲ ဥပမာကြည့်၊ ငါ တာအိုကို မရယူခင်အထိ မင်း ငါ့နာမည် ကြားဖူးလို့လား၊ ငါတာအိုကို ရယူပြီးတော့ရော ငါ ဘာတွေလုပ်ထားတယ်လို့ မင်း ကြားမိလဲ၊ ကျော်ကြားမှုကို နှစ်သက်မြတ်နိုးတဲ့လူတွေက တွင်းနက်ထဲကို ကျလေလေပဲ၊ ငါက ပြဿနာတွေကနေ ဝေးဝေးနေပြီး အေးအေးဆေးဆေး ကျင့်ကြံတယ်၊ အခုဆိုရင် တာအိုပညာရှိတွေကို ကျော်လွန်သွားပြီ”
တစုန်ကောင်းကင်ဟာ သူ့ကိုယ်သူ ရှက်သွားပါတယ်။ တစုန်ကောင်းကင်ဟာ ကိစ္စတော်တော်များများကို တွေ့ကြုံခံစားခဲ့ရတဲ့ လူတစ်ယောက်ဆိုပေမဲ့ ဟန်ကျွယ်ရဲ့ ဆုံးမစကားက သူ့အတွက်တော့ အသစ်အဆန်း ဖြစ်နေပါတယ်။ ဒါပေမဲ့ တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ရဲ့ ဆုံးမစကားကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားလိုက်ပါတယ်။
ဒါကလည်း သူ့ထက် ကျင့်ကြံမှုမြင့်တဲ့လူက ပြောလို့ပါ။ သူ့ထက် ကျင့်ကြံမှုနိမ့်တဲ့လူကသာ ပြောရင် သူ့ကို စော်ကားတယ်လို့ ထင်ပြီး အမှုန့်ချေပစ်မှာပါ။
“မင်း တာအိုကို ရယူပြီးရင်တောင် ငါ မင်းကို အပြင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူး၊ တာအိုပညာရှိအဆင့်က ကောင်းကင်တာအိုထဲမှာ စွမ်းအားကြီးပေမဲ့ ပဋိပက္ခထဲမှာ ဘာမှမဟုတ်သေးဘူး၊ မင်း အနာဂတ်မှာလည်း ဒီအထဲမှာပဲ ဆက်ပြီးတော့ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နေရဦးမှာ၊ ငါ ပြောတာ နားလည်လား…” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စကားကြောင့် တစုန်ကောင်းကင်ဟာ ပိုရှက်သွားပါတယ်။ သူက တာအိုပညာရှိအဆင့်ကို မိုးလောက်ကြီး ထင်နေပေမဲ့ ဟန်ကျွယ်က တာအိုပညာရှိအဆင့်ကို ပုရွက်ဆိတ်လို သဘောထားနေတယ် မဟုတ်ပါလား။
“ကောင်းပြီ၊ ငါ မင်းကို တာအိုရယူဖို့ ကူညီပေးမယ်” ဟန်ကျွယ်ဟာ ရုတ်တရက် ပြုံးလိုက်ပါတယ်။
တစုန်ကောင်းကင်ဟာ မှင်တက်သွားပြီး ကျေနပ်အံ့အားသင့်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ကို ရှိခိုးလိုက်ပါတယ်။
တစုန်ကောင်းကင်ဟာ ဟန်ကျွယ်က သူ့ကို ငြင်းတော့မယ်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး ဆုံးမစကားပြောပြီးမှ ကူညီပေးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ကို ပိုလေးစားသွားပါတယ်။
‘ငါ လူမှန်နောက်ကို လိုက်မိတာပဲ’
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ တစုန်ကောင်းကင်ကို ဖုံးအုပ်လိုက်ပါတယ်။ မဟာတာအိုကို ရယူပြီးနောက် ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအိုဟာ အသွင်ပြောင်းလဲသွားပါတယ်။ ကျယ်ပြောလှတဲ့ တာအိုက တစုန်ကောင်းကင်ကို အန္တိမမူလ မဟာတာအိုထဲ နစ်မြုပ်သွားစေပါတယ်။ တစုန်ကောင်းကင်ရဲ့ ဝိညာဉ်ဟာ အလွန်နူးညံ့သိမ်မွေ့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။
နှစ်တစ်ရာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားတာကို အဆုံးသတ်ပြီး တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်လိုက်ပါတယ်။
တစုန်ကောင်းကင်ဟာ တာအိုကို ဘယ်လိုရယူရမလဲဆိုတာ သိသွားပါပြီ။ ဒါပေမဲ့ တာအိုကို ရယူချင်ရင်တော့ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ဖို့ လိုအပ်ပါသေးတယ်။ တစုန်ကောင်းကင်ရဲ့ မျက်လုံးတွေဟာ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
တစုန်ကောင်းကင်ဟာ နောက်နှစ်ငါးထောင်အတွင်း တာအိုကို ရယူဖို့ ယုံကြည်ချက် ရှိနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset