အခန်း (၇၀၁) တာအိုစက်ကွင်း အဆင့်မြှင့်တင်ခြင်း
ကျဲ့ယင်ရဲ့ ငြင်းဆန်စကားကြောင့် အရိပ်နက်ရဲ့ လေသံဟာ အနည်းငယ် ခက်ထန်သွားပါတယ် “မင်းက ငါနဲ့ လာညှိနေတာလား”
“အဆုံးသတ် အပျက်အစီး နတ်ဘုံက ပျက်စီးသွားပြီ၊ ကျွန်တော်တို့ မဟာတာအိုပညာရှိတွေက ခြေဦးတည့်ရာ လျှောက်သွားနေရတယ်၊ နတ်ဘုရားတွေက ကျွန်တော်တို့ကို မကူညီခဲ့တော့ ကျွန်တော်တို့ကလည်း သူတို့ကို ပြန်မကူညီနိုင်ဘူး”
အရိပ်နက်ဟာ တိတ်ဆိတ်သွားပါတယ်။
ကျဲ့ယင်ရဲ့ မျက်နှာဟာ ပုံမှန်ပါပဲ။ တစ်ဖက်လူကို အပြစ်ပြုမိမှာ မကြောက်တဲ့ပုံပါပဲ။ တကယ်တော့ ကျဲ့ယင်ဟာ ပဋိပက္ခနတ်မင်းတွေကို စိုးရိမ်တဲ့အတွက် အရိပ်နက်ကို မျက်နှာပေးနေတာပါ။ ဘာပဲဖြစ်ဖြစ် သူက မဟာတာအိုပညာရှိ တစ်ပါး မဟုတ်ပါလား။
ကျဲ့ယင်ရဲ့ အသိတွေထဲမှာ တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒီအရိပ်နက်လောက် စွမ်းအားမကြီးသလို နောက်ခံလည်း မတောင့်ပါဘူး။
“ဟွန်း… အဲဒါဆို မင်း ဒီမှာ ဘာလုပ်နေသေးတာလဲ”
အရိပ်နက်ရဲ့ စကားကြောင့် ကျဲ့ယင်ဟာ အရိပ်နက်ကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ ခြေနှစ်လှမ်း လှမ်းပြီးတာနဲ့ ကျဲ့ယင်ဟာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။ ကျဲ့ယင် ပျောက်ကွယ်သွားပြီး မကြာမီ အရိပ်နက်ကလည်း ထပ်ပြီးတော့ ပျောက်ကွယ်သွားတဲ့အတွက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
နှစ်ငါးရာ ကြာပြီးနောက်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အသိပေးချက်တစ်ခု ပေါ်လာပါတယ်။
[တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ပြီးပါပြီ။ အစီအမံ အရံအတားသည် တာအိုဖန်တီးရှင် အဆင့်သို့ မြင့်တက်သွားပါပြီ။ တာအိုစက်ကွင်း အတွင်းရှိ အာကာသသည်လည်း ကျယ်ပြန့်သွားပါပြီ။]
[တာအိုစက်ကွင်း၏ အင်မော်တယ်ချီနှင့် ရှန်တျန်ချီသည် ဆယ်ဆ တိုးသွားပါပြီ။]
[တာအိုစက်ကွင်းသည် ထောက်လှမ်းသော မျက်လုံး အလုံးစုံကို ဟန့်တားနိုင်၏။]
ဟန်ကျွယ်ဟာ အသိပေးချက်တွေကို ကြည့်ပြီး သက်သောင့်သက်သာ ဖြစ်သွားပါတယ်။ ဒီတစ်ကြိမ်မှာ တာအိုစက်ကွင်းဟာ လုံးဝကို တည်တံ့ခိုင်မြဲသွားပါပြီ။ ဘယ်ရန်သူကိုမှ ကြောက်စရာ မလိုတော့ပါဘူး။ အစီအမံ အရံအတားကလည်း အမြင့်ဆုံး အကန့်အသတ်ကို ရောက်သွားပြီး ထောက်လှမ်းချင်တဲ့ မျက်လုံး အကုန်လုံးကိုလည်း ဟန့်တားနိုင်သွားပါပြီ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပဋိပက္ခသိစိတ်က တာအိုစက်ကွင်းထဲကို ဝင်လာနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ဝင်မလာနိုင်ပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လောလောဆယ် မဝင်နိုင်ဘူးဆိုတော့ နောက်ဝင်လာနိုင်ခြေ ရှိတယ်ပေါ့… ကြည့်ရတာ ငါ အတွေးလွန်နေတဲ့ ပုံပဲ၊ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ စိတ်ချရပြီ’
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူပြီး သူ့ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခနတ်ဘီလူးတွေကို စပြီးတော့ ရွေးချယ်ပါတယ်။
အတန်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဖြတ်သန်း နတ်ဘီလူးနဲ့ မြူနတ်ဘီလူးတို့ကို ရွေးချယ်လိုက်ပါတယ်။ ဖြတ်သန်း နတ်ဘီလူးက အနာဂတ်မှာ သတင်းစုဆောင်းတဲ့ သူလျှိုတစ်ယောက် ဖြစ်လာနိုင်ပြီးတော့ မြူနတ်ဘီလူးကတော့ ဒုတိယ တာအိုစက်ကွင်းကို ဖုံးကာဖို့ ကူညီပေးနိုင်ပါတယ်။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး နတ်ဘီလူးချီနဲ့ ပေါင်းစပ်သွားတဲ့အခါ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစနဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ကြည့်လိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သူ့ပစ်မှတ်တွေကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်နိုင်အောင် ချိပ်ပိတ်နည်းလမ်းတစ်ခုကို ရွေးချယ်မှာပါ။ ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံးအတွက်ကတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်မှာ သုံးဖို့ တုံ့ဆိုင်းနေပါတယ်။
မဟာတာအို အဆင့်ကို ကျော်လွန်တဲ့ ဓမ္မရတနာက ရရှိဖို့ အလွန်ခက်ပါတယ်။ စနစ်ပေးတဲ့ ရွေးချယ်မှု အကြိမ်ရေကလည်း တဖြည်းဖြည်း နည်းလာပါတယ်။ ကြမ္မာဆိုးစာအုပ်က အစွမ်းထက်တယ် ဆိုပေမဲ့ မဟာတာအိုပညာရှိတွေကို ရင်ဆိုင်ရတဲ့အခါမှာ သေတဲ့အထိ ကျိန်စာတိုက်ဖို့ ခက်ခဲလှပါတယ်။ ကျိန်စာနတ်ဘီလူးကို အင်အားစုဆောင်းဖို့ အခွင့်အရေး ပေးသလိုတောင် ဖြစ်နေပါတယ်။
ဟွမ်သွမ့်ဓားက ဟန်ကျွယ်ကို လမ်းတစ်လျှောက်လုံး အဖော်ပြုလာတဲ့ ဓမ္မရတနာဆိုပေမဲ့ အတင်းကြီး အဆင့်မြှင့်လို့ မရပါဘူး။ ဟွမ်သွမ့်ဓားရဲ့ စွမ်းအားက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအပေါ် လုံးဝကို မှီခိုနေပါတယ်။
ဟန်ကျွယ်ဆီမှာ ရွေးချယ်စရာဆိုလို့ သတ်ဖြတ်ခြင်း တာအိုတိုကင်နဲ့ ကောင်းကင်ဖွင့်လှစ် ပုဆိန်ပဲ ကျန်ရှိပါတော့တယ်။ တစ်နေ့ကျရင် ဟန်ကျွယ်ကိုယ်တိုင် ပဋိပက္ခထဲမှာ လျှောက်သွားရနိုင်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ စိတ်ထဲကို ပန်ရှင်းရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန် ကိုင်ထားတဲ့ ပုံရိပ်တွေ ဝင်လာပါတယ်။
‘ထားလိုက်ပါတော့… နောက်မှ စဉ်းစားတော့မယ်၊ အရင်ဆုံး တာအိုဟောကြားလိုက်ဦးမယ်… ငါ တာအို မဟောကြားဖြစ်တာ အတော်ကြာနေပြီ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်ကျွယ် အန္တိမမူလ မဟာတာအိုကို ဖြန့်ကြက်လိုက်တဲ့ အချိန်မှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေက စိတ်ဝိညာဉ်ချီ တိုးတက်လာမှုနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်း ဖွင့်နေတုန်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ စွမ်းအားကြောင့် တပည့်အားလုံး ချက်ချင်းဆိုသလို တာအိုသုံးသပ်နားလည်တဲ့ အခြေနေကို ဝင်ရောက်သွားပါတယ်။
ပုကျိုးနတ်တောင်။
ဟန်ယွီဟာ တောင်ထိပ်တစ်နေရာက ချောက်ကမ်းပါးစွန်းမှာ ရပ်ပြီး ကြီးကျယ်ခမ်းနားလှတဲ့ တောင်တန်းကို ငုံ့ကြည့်နေပါတယ်။ ဟန်ယွီရဲ့ အကြည့်ဟာ ရုပ်သွင်တစ်ခုဆီကို ရောက်သွားပါတယ်။ ဒီရုပ်သွင်ဟာ တောင်ထက်မှာ တိမ်စီးပြီး အလွန်လျင်မြင်တဲ့ အလျင်နဲ့ ငန်းတစ်ကောင်လို လျှောက်သွားနေပါတယ်။
ဟန်ယွီဟာ ကျေနပ်အားရသွားပါတယ်။ အတိတ်မှာတုန်းက ဟန်ယွီဟာ တျန်ယုံကို အတော်လေး ကျေနပ်အားရခဲ့ပါတယ်။ ဒါပေမဲ့ ချင်လင်းကို ပညာသင်ကြားပေးတဲ့အခါမှာတော့ ပညာရေးရဲ့ တကယ့် ပျော်ရွှင်မှုကို ဟန်ယွီ ခံစားလိုက်ရပါတယ်။
သူ ဘာပဲသင်ပေး သင်ပေး ချင်လင်းက တစ်ခါတည်း တတ်မြောက်သွားပါတယ်။ ဒါတင် မကသေးပါဘူး၊ ချင်လင်းက တျန်ယုံလိုမျိုး သူ့ကို အနှောင့်အယှက်မပေးဘဲ စကားနားထောင်ပါတယ်။ ဒါကြောင့် အခုဆိုရင် ဟန်ယွီနဲ့ ချင်လင်းက သားအဖ နှစ်ယောက်လိုပါပဲ။
ချင်လင်းဟာ သူ့အမေ သေဆုံးသွားတဲ့အခါ ဟန်ယွီကို သူ့ဘဝရဲ့ အရေးအကြီးဆုံး တစ်ဦးတည်းသော မိသားစုဝင်အဖြစ် ဆက်ဆံပါတယ်။
ဒီအကြောင်း ပြောရရင် ချင်လင်းဟာ အရင်တုန်းက အရမ်း ဝမ်းနည်းခဲ့ပါတယ်။ ဒါပေမဲ့ သူ ငရဲပြည်ကိုသွားပြီး သူ့အဖေ သေသွားပြီဆိုတာကို သိလိုက်ရတဲ့အခါ သူ့အမေကို ဒီအကြောင်း ပြန်ပြောပြခဲ့ပါတယ်။ အဲဒီကတည်းက သူ့အမေဟာ အသက်ဆက်မရှင်ချင်တော့တာပါ။
ကျင့်ကြံနိုင်တဲ့ အရည်အချင်းမရှိဘဲ အသက်ကို ဆွဲဆန့်ရင်တောင် သူ့အမေရဲ့ ဘဝကို အရမ်းကို အထီးကျန်ဆန်မှာပါ။
လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ်ရှိကြပါတယ်။ လူတိုင်းက ထာဝရအသက်ကို လိုချင်နေကြတာ မဟုတ်ပါဘူး။
သေမျိုးဆက်နွယ်မှုတွေ မဲ့သွားတဲ့အခါ ချင်လင်းဟာ ကျင့်ကြံမှုကို ပိုပြီး အာရုံစိုက်တဲ့အတွက် သူ့ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လာပါတယ်။
ဟန်ယွီဟာ ချင်လင်းကို အသံလွှင့်စကားနဲ့ ဆင့်ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ချင်လင်းဟာ ဟန်ယွီရှေ့ကို ရောက်လာပါတယ်။
“ဆရာဘိုးဘိုး…” ချင်လင်းဟာ ပြုံးလိုက်ပါတယ်။ ဟန်ယွီရှေ့မှာ ချင်လင်းက အမြဲတမ်း ကလေးပါပဲ။
ဟန်ယွီဟာ ကြင်နာစွာ ပြုံးလိုက်ပါတယ် “အခု ဆရာဘိုးဘိုးမှာ မင်းကို သင်ပေးစရာ မရှိတော့ဘူး၊ မင်း အရွယ်ရောက်လာပြီ”
ချင်လင်းဟာ ပြုံးလိုက်ပါတယ် “ဆရာဘိုးဘိုးကလည်း ဘာတွေ ပြောနေတာလဲ၊ ဆရာဘိုးဘိုးနဲ့ အတူတူ ဆက်ပြီးတော့ ကျင့်ကြံလို့ရတာပဲ”
ဟန်ယွီဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “တကယ်တော့ ငါ့စိတ်ထဲမှာ ငါ လက်မခံချင်တဲ့ ရည်ရွယ်ချက်တစ်ခု အမြဲတမ်း ရှိခဲ့တယ်၊ အဲဒါက ငါ့ရဲ့ အကြင်နာတရား ကင်းမဲ့တဲ့ ဘိုးဘေးကို ဖိနှိပ်နိုင်ဖို့ပဲ၊ ဒါပေမဲ့ ငါ ငါ့ဆရာသခင်ကို အရင်က မေးခဲ့ဖူးတယ်၊ ငါတို့ကြားက ကွာခြားချက်က တဖြည်းဖြည်းနဲ့ ပိုပိုကျယ်လာတယ်၊ သူ့ကို ဖိနှိပ်ဖို့ဆိုတာ ငါရဲ့ လေထဲက တိုက်အိမ်ပဲ”
ချင်လင်းဟာ အံ့အားသင့်သွားပါတယ်။ သူ့ဆရာဘိုးဘိုးရဲ့ ဆရာသခင်က တာအိုပညာရှိပါ။ သူ့ဆရာဘိုးဘိုးကလည်း အင်မော်တယ်ကမ္ဘာမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါ။
‘တာအိုပညာရှိတစ်ပါးရဲ့ ချီးကျူးမှုကိုတောင် ရနိုင်တယ်ဆိုတော့ ငါ့ဆရာဘိုးဘိုးရဲ့ ဘိုးဘေးက ဘယ်လောက်ထိတောင် စွမ်းအားကြီးနေတာလဲ…’
ချင်လင်းက မေးလိုက်ပါတယ် “အဲဒီစီနီယာက တာအိုပညာရှိလား”
ဟန်ယွီဟာ ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ သူက အင်မော်တယ်ကမ္ဘာမှာ ရှိမနေတော့ဘူး” အဲဒီနောက် ဟန်ယွီဟာ ဟန်မိသားစု ဇာတ်လမ်းကို စပြီးတော့ ပြောပြပါတယ်။ ချင်လင်းဟာ ဂရုတစိုက် နားထောင်ပါတယ်။ နားထောင်လေလေ ချင်လင်းဟာ နှလုံးသားတစ်ခုလုံး တဆစ်ဆစ် ကိုက်လေလေပါပဲ။
ချင်လင်းဟာ သူ့ကိုယ်သူ ဒုက္ခအရောက်ဆုံးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့ဆရာဘိုးဘိုးရဲ့ ဇာတ်လမ်းကို ကြားရတဲ့အခါမှာတော့…
ချင်လင်းဟာ ဟန်မိသားစု အသတ်ခံရပြီး ဘိုးဘေးကို အော်ဟစ်အကူအညီ တောင်းခဲ့တဲ့ ဟန်ယွီရဲ့ စိတ်ပျက်အားငယ်မှုကို တွေးကြည့်နိုင်ပါတယ်။ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မဆို မထင်မှတ်ထားလောက်တဲ့ ခက်ခဲမှုတွေကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရတာချည်းပါပဲ။
ဟန်ယွီရဲ့ ဇာတ်လမ်း အဆုံးသတ်သွားတဲ့ အခါမှာတော့ ချင်လင်းက သိချင်စိတ်နဲ့ ရုတ်တရက် မေးလိုက်ပါတယ် “ဆရာဘိုးဘိုး ဘိုးဘေးရဲ့ ဘိုးဘေးက ဘယ်သူလဲ၊ သူက တာအိုပညာရှိမလား”
ဟန်ယွီဟာ ခံစားချက်ကို ထိန်းချုပ်ပြီး ပြုံးလိုက်ပါတယ် “ငါလည်း မင်းကို ဒီကိစ္စ ပြောချင်နေတာ၊ ငါ မင်းကို ကျင့်ကြံအားထုတ်ဖို့အတွက် တိတ်ဆိတ်ဂိုဏ်းဆီ လွှတ်ချင်တယ်”
“တိတ်ဆိတ်ဂိုဏ်းလား…” ချင်လင်းဟာ အံ့ဩမှင်တက်သွားပါတယ်။ ချင်လင်းဟာ တိတ်ဆိတ်ဂိုဏ်းနာမည်ကို ကြားဖူးပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ အလျှို့ဝှက်ဆုံးနဲ့ စွမ်းအားအကြီးဆုံး အင်အားစုပါ။
“နေပါဦး… ဒါဆိုရင် ဆရာဘိုးဘိုး ဘိုးဘေးရဲ့ ဘိုးဘေးက တိတ်ဆိတ်ဂိုဏ်းထဲမှာလား” ချင်လင်းရဲ့ အသက်ရှူသံဟာ မြန်သွားပါတယ်။
လူသားမျိုးနွယ်စုရဲ့ ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲမှာ ချင်လင်းဟာ တိတ်ဆိတ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအများကြီးကို ကြားခဲ့ရပါတယ်။ သူ့ထက် အဆင့်မြင့်တဲ့ ပါရမီရှင်တော်တော်များများက တိတ်ဆိတ်ဂိုဏ်းကနေ လာတာပါ။
တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင် အရေအတွက်က တာအိုပညာရှိဂိုဏ်းတွေထဲမှာ အများဆုံးပါ။
ဟန်ယွီဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ချင်လင်းရဲ့ တအံ့တဩ ဖြစ်သွားတဲ့ မျက်နှာက ဟန်ယွီကို စိတ်ကျေနပ်စေပါတယ်။
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ချင်လင်းက သူ့ကို မီလာတော့မှာပါ။ ဆရာဘိုးဘိုး တစ်ယောက်အနေနဲ့ သူ့ မြေးတပည့်တစ်ယောက်ကို ဆက်ပြီးတော့ မကူညီနိုင်တော့ဘူးဆိုရင် တော်တော်လေး စိတ်ပျက်ပြီး စိတ်ဓာတ်ကျမိမှာပါ။ သူ့အဆက်အသွယ်ကို အသုံးပြုပြီး သူ့မြေးတပည့်ကို မဟာတာအိုနောက် လိုက်နိုင်အောင် ကူညီပေးမယ်ဆိုရင်တော့ ညံ့ဖျင်းတဲ့ ဆရာဘိုးဘိုးတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
“ဒါဆိုရင် ဆရာဘိုးဘိုးက ကျွန်တော်နဲ့ အတူတူ တိတ်ဆိတ်ဂိုဏ်းကို သွားမှာလား” ချင်လင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “ကောင်စုတ်လေး… ငါက ပုကျိုးနတ်တောင်ကို စောင့်ကြပ်ရဦးမယ်၊ မင်း တစ်ယောက်တည်း သွားရမှာ… မင်း အသက်တောင် ဘယ်လောက်ရှိနေပြီလဲ၊ ဘာဖြစ်လို့ အခုထိ ကလေးလို ပြုမူနေရတာလဲ၊ ငါက မင်းကို ဒီအကြောင်းကို အသိပေးတာ၊ ကြိုပြင်ဆင်ထားချည်၊ အချိန်တစ်ခုရောက်ရင် တိတ်ဆိတ်ဂိုဏ်း တပည့်တွေလာပြီး မင်းကို လာခေါ်လိမ့်မယ်”
ချင်လင်းဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။ ချင်လင်းဟာ ဒီထက်ပိုပြီးတော့ စွမ်းအားကြီးမားလာချင်ပါတယ်။ ချင်လင်းဟာ ဒီအတောအတွင်း သူ့ကျင့်ကြံမှုက အရင်လို မမြန်တော့ဘူးလို့ တကယ်ကို ခံစားနေရတာပါ။
ပုကျိုးနတ်တောင်တင် မဟုတ်ပါဘူး။ ဒီလိုအခြေအနေက အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ ဖြစ်ပျက်နေတာပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ စိတ်ဝိညာဉ်ချီ တိုးတက်လာတဲ့ သတင်းက အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ လီရွှမ်အောက်ရဲ့ နားကို ရောက်သွားပါတယ်။ လီရွှမ်အောက်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျင့်ကြံအားထုတ်ဖို့ အကြောင်းပြပြီး လောကမှာရှိတဲ့ ထိပ်တန်းပါရမီရှင်တွေကို ဆွဲဆောင်ဖို့ အစီအစဉ် စဆွဲပါတော့တယ်။
လီရွှမ်အောက်ဟာ ဒီပါရမီရှင်တွေသာ တောင်ထိပ်တစ်ရာ အင်မော်မြစ်မှာ အချိန်တစ်ခု နေထိုင်တာနဲ့ ဘယ်တော့မှ ပြန်ထွက်မသွားဘူးဆိုတာကို ယုံကြည်ချက် ရှိပါတယ်။
ကျင့်ကြံသူတွေအတွက် ကျင့်ကြံမှုအလျင် လျင်မြန်တာက အလိုချင်ဆုံးအရာ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 701
? Views, Released on December 17, 2024