အခန်း (၆၉၉) မဟာတာအိုတံခါးပေါ်က မြူခိုးနက်
ရှင်းဟုန်ရွှမ်ရဲ့ စကားကို ကြားရတဲ့အခါမှာ တပည့်ရင်းတွေလည်း သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စရိုက်နဲ့ဆိုရင် ဒီကလေးက အပြင်ထွက်ပြီး သူ့အရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို အပြစ်မတင်ပါဘူး။ ဒီစည်းကမ်းကြောင့်သာ မဟုတ်ရင် သူတို့တွေ အပြင်မှာသေလို့ မှတ်မိတဲ့လူတောင် ကျန်တော့မှာ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ခဲ့လို့လည်း သူတို့တွေ လက်ရှိအဆင့်ကို ရောက်နိုင်ခဲ့ကြတာပါ။ တပည့်ရင်းတွေဟာ ဟန်ကျွယ် အကြောင်းကို အများကြီး မပြောရဲတဲ့အတွက် စကားလမ်းကြောင်း ပြောင်းလိုက်ကြပါတယ်။
လီရွှမ်အောက်က တအံ့တဩ ပြောလိုက်ပါတယ် “ချင်လင်းရဲ့ အရည်အချင်းက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာ တကယ်ကို အံ့ဖွယ်ပဲ၊ သူက အင်မော်တယ်ဧကရာဇ်အဆင့်မှာပဲ ရှိနေသေးတာတောင် နတ်မင်းအဆင့်ကို ယှဉ်နိုင်နေပြီ၊ နောက်ပြီး သူက လူတိုင်းကို အဓမ္မဖိနှိပ်နိုင်တယ်၊ ဂိုဏ်းတူအစ်ကို… ဂိုဏ်းတူအစ်ကိုရဲ့ မျက်လုံးက တကယ်ကို စူးရှတာပဲ”
လီတောက်ခုံးက ပြောလိုက်ပါတယ် “ဒါက ဘာမှမဟုတ်ပါဘူး၊ ချင်လင်းကို သင်ကြားပေးတာက ငါ့တပည့်၊ ငါနဲ့ ဘာမှ မဆိုင်ပါဘူး”
ကျိုးဖန်ဟာ ရုတ်တရက် ပေါ်လာပြီး စပ်စုလိုက်ပါတယ် “အစ်ကိုလီရဲ့ တပည့်က ဆရာသခင်ရဲ့ သွေးစည်းရှိတယ်မလား”
ဟန်ထော်ရဲ့ တည်ရှိမှုက လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ အထူးသဖြင့် အပြင်ထွက်တဲ့ တပည့်ရင်းတွေ ဟန်ထော်ကို တွေ့လိုက်ရတဲ့အခါမှာ ပါးစပ်အဟောင်းသား မဖြစ်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စက ဆက်ပြီးတော့ ဖုံးကွယ်ထားလို့ မရတော့ပါဘူး။ ရှင်းဟုန်ရွှမ်က ဒီကိစ္စ သူသိတယ်လို့ ပြောတဲ့အတွက် တပည့်တွေက ဘာမှ ထပ်မပြောတော့ပါဘူး။
လီတောက်ခုံးက ခေါင်းညိတ်လိုက်ပါတယ်။
တခြားတပည့်ရင်းတွေလည်း ဟန်ယွီနဲ့ ဟန်ထော်အကြောင်း ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။ ဟန်ကျွယ်ရဲ့ ဟန်ထော်အပေါ် ထားရှိတဲ့ သဘောက နည်းနည်းနောနော ထူးဆန်းတာ မဟုတ်ပါဘူး။ လုံးဝကို လက်လွှတ်ထားတာ ဖြစ်တဲ့အတွက် တပည့်ရင်းတွေကို ခန့်မှန်းချက်မျိုးစုံ ထွက်သွားစေပါတယ်။
ရွှင်ချန်အန်းက ပြုံးလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ချင်လင်းက ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ အနာဂတ်မှာ သူ့ကို ဂရုစိုက်ပေးသင့်တယ်၊ ပါရမီရှင်တွေက ပစ်မှတ် အထားခံရဆုံးပဲ၊ သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခိုင်းသင့်ဘူး”
လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ တာအိုပညာရှိ ဖြစ်ပေမဲ့ တပည့်တစ်ယောက်ပဲ ရှိပါတယ်။ ကိစ္စတော်တော်များများက ဝင်ပါလို့မရတဲ့အတွက် လီတောက်ခုံးဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကိုပဲ မှီခိုရပါတယ်။
တာအိုပညာရှိ ဖြစ်လာပြီးနောက် လီတောက်ခုံးဟာ သူ့ကိုယ်သူ တိတ်ဆိတ်ဂိုဏ်းဝင်လို့ ယုံကြည်လက်ခံထားတုန်းပါ။ သူ တာအိုပညာရှိ ဖြစ်လာတာကလည်း ဟန်ကျွယ်ကြောင့် မဟုတ်ပါလား။
အဲဒါကြောင့် လီတောက်ခုံးဟာ သူ့ကိုယ်ပိုင် အင်အားစုကို တည်ထောင်ခြင်းမရှိဘဲ ကျင့်ကြံဖို့ပဲ အာရုံစိုက်ပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်က အလွန်ကြီးမားတဲ့ အင်အားစုကို မလိုအပ်ဘူးဆိုတာ သိပါတယ်။ ဟန်ကျွယ် လိုအပ်တာက စွမ်းဆောင်ရည် မြင့်မားတဲ့ ထိပ်တန်းကျင့်ကြံသူတွေပါ။
အနန္တကမ္ဘာ မြင်ကွင်းကျယ်ရဲ့ သတင်းဖလှယ်မှုက ခေတ်ကြီးတစ်ခေတ်ရဲ့ အရိပ်တစ်ခုသာသာပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကနေ လူသားမျိုးနွယ်စုရဲ့ ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲက ဘယ်လောက်ထိ အောင်မြင်လဲဆိုတာ တွေ့မြင်နိုင်ပါတယ်။
ဒီပွဲတော်မှာ ပါရမီရှင်တစ်ရာကျော် ပေါ်ထွန်းလာပါတယ်။ ပါရမီရှင်တိုင်းက အနည်းဆုံး သက်ရှိဘီလီယံချီ သိတဲ့ ဂုဏ်သတင်းရှိပါတယ်။ ပြည်ထောင်တစ်သောင်းက ဒေသအသီးသီးကနေ လာကြတာပါ။ ဒေသအသီးသီးက လူသားတွေနဲ့ တခြားသက်ရှိတွေဟာ သူတို့ဒေသကို ကိုယ်စားပြုတဲ့ ပါရမီရှင်တွေကို ဂရုအစိုက်ဆုံးပါ။ ဒါကြောင့် ပါရမီရှင်တွေက ဆယ်နေရာကျော်နေရင်တောင် ဒေသတစ်ခုရဲ့ ဂုဏ်ယူစရာတစ်ခု ဖြစ်နေတုန်းပါ။
ဒေသတစ်ခုမှာ နေထိုင်တဲ့ သက်ရှိက ဆယ်ဘီလီယံ မဟုတ်ပါဘူး။ ထရီလီယံချီပြီး ရှိတာပါ။
ချင်လင်းလည်း ဒီပွဲတော်မှာ ကျော်ကြားလာပါတယ်။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက နိမ့်ပါးတာကြောင့် တခြားပါရမီရှင်တွေကို ကျော်မတက်နိုင်ပါဘူး။ ချင်လင်းက လောကနံပါတ်တစ်ဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်။
ပြည်ထောင်တစ်သောင်း ဂါရဝပြုပွဲ ပြီးတဲ့အခါ အင်မော်တယ်ကမ္ဘာဟာ ဆူပူသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါရမီရှင် တော်တော်များများ တိုက်ခိုက်ခံရပြီး အသတ်ခံရလို့ပါပဲ။ ပြည်ထောင်အသီးသီးရဲ့ သဘောထား ကွဲလွဲမှုတွေက ပိုပိုပြင်းထန်လာပါတယ်။ ဒါပေမဲ့ အကုန်လုံး ခြုံကြည့်ရင် အင်မော်တယ်ကမ္ဘာက အေးချမ်းနေတုန်းပါ။
တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ ဒေသအချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေမရှိရင် ငြိမ်းချမ်းတယ်လို့ ယူဆပါတယ်။ အင်မော်တယ်ကမ္ဘာက ကြီးမားကျယ်ပြန့်လွန်းတဲ့အတွက် ကွဲလွဲမှုတွေ မရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အဲဒီနေ့ နေ့လယ်ခင်းမှာပဲ…
ဟန်ကျွယ်ဟာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတယ်။ နောက်ထပ် နှစ်ငါးထောင် ကုန်ဆုံးသွားပါပြီ။ အင်မော်တယ်ကမ္ဘာက သက်ရှိတချို့အတွက်တော့ နှစ်ငါးထောင်က တစ်ဘဝပါ။ ဒါပေမဲ့ သေမျိုးတွေအတွက်တော့ ဘဝပေါင်းငါးထောင်ပါ။
ဟန်ကျွယ်ဟာ မဟာတာအိုအဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်တာနဲ့ မဟာတာအိုပညာရှိ ဖြစ်တော့မှာပါ။ ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်မကြည့်သလို အင်မော်တယ်ကမ္ဘာကို အကဲမခတ်ပါဘူး။ အဲဒီအစား အန္တိမမူလ မဟာတာအိုကို ဆင်ခြင်သုံးသပ်လိုက်ပါတယ်။
မဟာတာအိုအဆင့်က သာလွန်အဆင့်ပါ။ အရင်လိုမျိုး ကျင့်ကြံမှုကို စုဆောင်းစရာ မလိုပါဘူး။ သူ့ဝိညာဉ်နဲ့ မဟာတာအိုတံခါးကို ထိုးဖောက်လိုက်ရုံပါပဲ။ မသိမသာနဲ့ ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခုက မဟာတာအိုတံခါးကို တွန်းပိတ်ထားတယ်လို့ ခံစားလိုက်ရပါတယ်။ တစ်ယောက်ယောက်က သူ့ကို မဟာတာအိုတံခါး မဖွင့်နိုင်အောင် တားဆီးထားသလိုမျိုးပါပဲ။
ဟန်ကျွယ်ဟာ မဟာတာအိုတံခါးက သူ့ဘာသာ ပွင့်လာတာကို ထိုင်စောင့်နေမဲ့လူ မဟုတ်ပါဘူး။ ရိုးရိုးအတိုင်း မပွင့်ရင် အားသုံးပြီး ဖွင့်ပစ်မှာပါ။ မဟာတာအို တံခါးက ဘာအသိဉာဏ်မှမရှိတဲ့ တံခါးတစ်ခုပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ ဒီတံခါးကို မဖွင့်နိုင်ဘူးဆိုတာ လုံးဝမယုံပါဘူး။
ဟန်ကျွယ်ဟာ အာရုံစိုက်ပြီး အန္တိမမူလ မဟာတာအိုရဲ့ စွမ်းအားကို စုစည်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟင်းလင်းပြင်တစ်ခုကို ခုန်ဝင်သွားပါတယ်။ ဟန်ကျွယ်ရဲ့ရှေ့မှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ ရုပ်သွင်တွေ အကုန်လုံးက မဟာတာအိုတံခါးကို မျက်နှာမူထားကြပါတယ်။
မဟာတာအိုတံခါးဟာ ဟင်းလင်းပြင်မှာ မားမားမတ်မတ်ရပ်ပြီး တည်ရှိနေပါတယ်။ မဟာတာအိုတံခါးဟာ ပေတစ်သောင်းကျော် မြင့်မားပြီး ခမ်းနားထည်ဝါလှပါတယ်။ တခြားတစ်ဖက်ကို ကိုယ်စားပြုသလိုမျိုး ကြောက်ဖို့လည်း ကောင်းလှပါတယ်။
ဟန်ကျွယ်ဟာ တခြား တာအိုရှာဖွေသူတွေကို ကျော်တက်ရင်း တရင်းတနှီးရှိတဲ့ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။
ပန်ရှင်းပါ။
‘ဒီကောင်ကလည်း မဟာတာအိုနောက်ကို လိုက်နေပြီလား…’
ဒါပေမဲ့ ကံဆိုးစွာပဲ ပန်ရှင်းက မဟာတာအို တံခါးနဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်တဲ့အတွက် မကြာခင်မှာပဲ တံခါးရှေ့ကို ရောက်သွားပါတယ်။
မဟာတာအိုတံခါးဟာ ကျောက်ဖြူနဲ့ လုပ်ထားတဲ့ပုံစံရှိပြီး မျက်နှာပြင်မှာတော့ ပဋိပက္ခထဲက မျိုးနွယ်စုအသီးသီးရဲ့ ဆောင်ရွက်ချက်တွေကို သင်္ကေတမျိုးစုံနဲ့ ထွင်းထု မှတ်တမ်းတင်ထားပါတယ်။ ဒီအထဲမှာ လူသားမျိုးနွယ်စုလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ ဒဏ္ဍာရီမျိုးစုံကို တွေ့မြင်လိုက်ရပါတယ်။
ပန်ကူး မိုးမြေကို ဖွင့်လှစ်တာ၊ နွီဝါက ကောင်းကင်ကို ဖာထေးတာ၊ ကုန်းကုန်း ဒေါသတကြီး ပုကျိုးတောင်ကို ဖျက်ဆီးတာ၊ ကျင်းဝေ ပင်လယ်ကို ဖို့တာ၊ ဟုန်ယီ နေကို ပစ်ချတာ စတဲ့ ဒဏ္ဍာရီတွေပါ။ ဒါတွေအကုန်လုံးက ဟန်ကျွယ် ကြားဖူးတဲ့ ဒဏ္ဍာရီတွေပါ။ ဒီဒဏ္ဍာရီတွေက မဟာတာအို တံခါးရဲ့ ထောင့်တစ်နေရာကိုပဲ နေရာယူထားနိုင်ပါတယ်။
မဟာတာအိုတံခါးရဲ့ အထက်ပိုင်းမှာတော့ ရုပ်သွင်တစ်ခု ရှိနေပါတဘ်။ ဒီရုပ်သွင်က အတော် ထူးဆန်းပြီး တော်တော်လေးကို တွန့်လိမ်ရှုံ့တွနေပါတယ်။ ဒီရုပ်သွင်ဟာ တရားထိုင်နေပြီး လက်ပေါင်း ဒါဇင်ကျော် ရှိပါတယ်။ လက်တိုင်းမှာလည်း ဟန်ကျွယ်တောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုစီကို ကိုင်ဆောင်ထားပါတယ်။
ဒါက ပဋိက္ခနတ်မင်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး မဟာတာအိုတံခါးကို ပြန်ကြည့်လိုက်ပါတယ်။ မဟာတာအိုတံခါးဟာ တွန်းဖွင့်လို့မရနိုင်တဲ့ ပုံစံမျိုး ကျောက်သားလို ခိုင်ခံ့နေပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ခဲလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကနေ ဧရာမအရိပ်နက်ကြီး ထွက်ပေါ်လာပြီး ဟန်ကျွယ်နဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်သွင်တစ်ခု ဖြစ်သွားပါတယ်။ အဲဒီနောက် လျင်မြန်စွာ ကြီးထွားသွားပြီး မဟာတာအို တံခါးမှာ ထွင်းထုထားတဲ့ ရှေးနတ်ဘီလူးတွေလိုမျိုး ကြံ့ခိုင်တောင့်တင်းသွားပါတယ်။
အန္တိမမူလ မဟာတာအိုဟာ ဒေါသတကြီး ဟိန်းဟောက်ပြီး မဟာတာအိုတံခါးကို တွန်းဖွင့်လိုက်ပါတယ်။ အန္တိမမူလ မဟာတာအိုဟာ မဟာတာအိုတံခါးကို အားကုန်သုံးပြီး စတွန်းပါတယ်။
ဒါပေမဲ့ မဟာတာအို တံခါးက ရွေ့တောင် မရွေ့ပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တစ်ခုခုတော့ မှားနေပြီ… တစ်ခုခုက ငါ့ကို နှောင့်ယှက်နေတာပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဓမ္မရုပ်တု ပေါင်းစပ်တဲ့ ပညာရပ်ကို အသုံးပြုပြီး ကောင်းကင်နက္ခ နတ်ဘီလူး၊ ခွန်အား နတ်ဘီလူး၊ တိုက်ပွဲနတ်ဘီလူးနဲ့ တခြားအားကြမ်းတဲ့ နတ်ဘီလူး ဓမ္မရုပ်တုတွေကို အန္တိမမူလ မဟာတာအိုထဲ ပေါင်းထည့်လိုက်ပါတယ်။
အပြင်လူကြည့်မယ်ဆိုရင် ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အရိပ်တွေ ထွက်ပေါ်လာပြီး အန္တိမမူလ မဟာတာအိုကနေ ဖြစ်ပေါ်လာတဲ့ ဧရာမအရိပ်နက်ထဲကြီးကို ဝင်သွားတာပါ။ နတ်ဘီလူးစွမ်းအား တစ်မျိုး ဝင်လာတိုင်း အန္တိမမူလ မဟာတာအို အရိပ်နက်ဟာ ပေတစ်သောင်းကျော် မြင့်မားသွားပါတယ်။
“ဝုန်း…”
မဟာတာအိုတံခါးဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟန်ကျွယ်ရဲ့ စွမ်းအားက ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်ဆိုတာ သိနိုင်ပါတယ်။ ဟန်ကျွယ်ရှေ့မှာ အင်မော်တယ်ကမ္ဘာ တစ်ခုလုံး ရှိနေရင်တောင် ဟန်ကျွယ်ဟာ လက်ညှိုးတစ်ချောင်းတည်းနဲ့ အမှုန့်ချေပစ်လို့ ရပါတယ်။
“ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အော်သံက ဟန်ကျွယ်ရဲ့ ဝိညာဉ်ကို တုန်ခါသွားစေပါတယ်။ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ မဟာတာအို တံခါးအထက်မှာ ထိုးထွက်လာတဲ့ မြူခိုးနက်တွေကို တွေ့လိုက်ရပါတယ်။ ဒီမြူခိုးနက်တွေက မဟာတာအိုတံခါးပေါ်မှာ တွားသွားနေတဲ့ ဧရာမသားရဲတစ်ကောင် ငုံ့ကြည့်နေသလိုမျိုးပါပဲ။
ဟန်ကျွယ်ဟာ အေးစက်တဲ့ မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုမျက်လုံးတွေကို မြင်ဖူးတာ အံတိုနေပါပြီ။ ဒီမျက်လုံးတွေက ပုရွက်ဆိတ်ကို ကြည့်တဲ့ အကြည့်မျိုးပါ။
“ခင်ဗျားက ဘာလို့ ကျုပ်ကို တားတာလဲ”
ဟန်ကျွယ်ရဲ့ မေးခွန်းကို မြူခိုးနက်က ပြန်ဖြေပါတယ် “သေမျိုးက ဘယ်လိုလုပ်ပြီး မဟာတာအိုတံခါးထဲ ဝင်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ မြူခိုးနက်ရဲ့ စကားကို မယုံဘဲ အန္တိမမူလ မဟာတာအိုကို ဆက်တွန်းခိုင်းပါတယ်။ မဟာတာအိုတံခါးမှာ အက်ကြောင်းလေးတစ်ကြောင်း ပွင့်သွားပါတယ်။ အက်ကြောင်းလေးထဲကနေ လေပြင်းတွေ တစ်ဟုန်ထိုး တိုးထွက်လာပေမဲ့ အန္တိမမူလ မဟာတာအိုကို လှုပ်ခါနိုင်ခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးနက်က သူ့ကို အစွမ်းကုန် တားဆီးနိုင်စွမ်း မရှိတဲ့အတွက် ပရိယာယ်သုံးနေတာကို သိလိုက်ရလို့ပါပဲ။
“ပဋိပက္ခနတ်မင်းတွေရဲ့ အသိအမှတ်ပြုမှုမရှိဘဲ မင်း မဟာတာအိုတံခါးထဲကို ဝင်ခွင့်မရှိဘူး၊ သေမျိုး… မင်းက သေချင်နေတာပဲ” မြူခိုးနက်က ဒေါသတကြီး ပြောလိုက်ပါတယ်။ သူ့အသံက အရင်ကထက် ပိုကျယ်လာပါတယ်။
“ဒါဆိုရင် ငါက ပဋိပက္ခနတ်မင်းတွေရဲ့ အသိအမှတ်ပြုမှု ရရှိအောင် ဘယ်လိုလုပ်ရမှာလဲ”
“ဒူးထောက်ပြီးတော့ ပဋိပက္ခနတ်မင်းတွေနဲ့ ပဋိပက္ခကို ထာဝရသစ္စာရှိပါမယ်လို့ မဟာတာအိုနဲ့ ကျိန်ဆိုချည်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ငါ့ကို ထောင်ချောက် လာဆင်နေတာလား… တာအိုဘိုဘေး ပျောက်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ပဋိပက္ခနတ်မင်းတွေက သူ့ကို နှောင့်ဖွဲ့ထားတာကိုး…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 699
? Views, Released on December 17, 2024