Chapter – 192
“ပဟေဠိ”
ဓားသည် အလွန်ပြင်းထန်သော အရှိန်ဖြင့်ပြေးဝင်လာနေလေသည်။ ဓားအား ပစ်လွှတ်လိုက်သည့်သူသည်ရဲရှောင်အား အလွန်မုန်းတီးနေသည့်ဟန်ပင်။ ထိုလူသည်ဓားအား အားကုန်သုံး၍ ပစ်လိုက်ခြင်းဖြစ်သဖြင့်စုယဲ့ယွဲ့အား အရင်ထိမှန်မည် ဖြစ်သည့်တိုင် ရဲရှောင်ကိုပါ ထိမှန်စေမည် ဖြစ်သည်။
ထိုအချက်အား ကောင်းစွာ သိနေသော ရဲရှောင်၏ စိတ်ထဲတွင် –
[ဒီနေ့တော့ ငါတို့ နှစ်ယောက်လုံး အတူတူ သေရတော့မှာပေါ့။ အရူးမလေးကွာ ဘာလို့များ ဒီလို ရူးမိုက်တဲ့ အလုပ်ကို လုပ်ရတာလဲ မသိဘူး။ သူ့လုပ်ရပ်က ငါ့ကို တော်တော် စိတ်ထိခိုက်ေစတယ်။ ငါ့ဆီပြန်လာလို့ ဘာအကျိုးမှမရှိဘူးဆိုတာ သိနေတာတောင် သေဖို့အတွက်များ ပြန်လာတယ်။ အခုလည်း ငါ့ရှေ့မှာရပ်ပေးလည်း ဘာမှ မထူးဘူးဆိုတာ သိတာတောင် သေဖို့အတွက် ရပ်ပေးနေပြန်ပြီ။ ငါ့ထက်အရင်သေဖို့ ကြိုးစားနေတာလားကွာ . . .]
ရဲရှောင်သည်သန်မာသောယောက်ျားတစ်ယောက်ပင်ဖြစ်လင့်ကစား သူ၏ မျက်လုံးအိမ်ထဲမှ မျက်ရည်များ စီးကျလာလေသည်။
သူ၏ရှေ့တွင်အသက်ပေး၍ ရပ်နေသော မိန်းကလေးအား ကြည့်ရင်း နှလုံးသားတစ်ခုလုံး နွေးထွေးသွားသည်။
စုယဲ့ယွဲ့ နောက်ဆုံး ပြောလိုက်သော စကားသည်လည်း သူ၏ နားထဲတွင်ပဲ့တင်ထပ်လျက် ရှိသည်။
“ငါက ဒီနေ့ကစပြီး နင့်မိန်းမပဲ . . .”
ထိုစကားသည်သေအတူရှင်မကွာ နေထိုင်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုသည့်သဘောပင်ဖြစ်သည်။
သူမ၏ ဆန္ဒအား ရဲရှောင် ကောင်းစွာ သဘောပေါက်လေသည်။
စုယဲ့ယွဲ့၏ ရင်ဘတ်အား ဓားဖြင့် ထိုးမိတော့မည့် အချိန်တွင်ကောင်းကင်အဆင့် ပညာရှင် ၃ ယောက်သည် လေထဲသို့ ခုန်တက်လိုက်ကြပြီး စုယဲ့ယွဲ့အား ကယ်တင်နိုင်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် နောက်ကျသွားခဲ့ချေပြီ။
စုယဲ့ယွဲ့ အမှန်တကယ်သေဆုံးရတော့မည် ဆိုမှသာ သူတို့အားလုံးသည် နောင်တရသွားမိကြသည်။
အဖြစ်အပျက်များသည် ယခုကဲ့သို့လျင်မြန်စွာဖြင့်ဖြစ်ပျက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိကြချေ။
စုယဲ့ယွဲ့နှင့် ရဲရှောင်တို့၏ ကံကြမ္မာအား မည်သူကမျှပြောင်းလဲနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
သို့သော် တကယ်တမ်းတွင်မူ ပြောင်းလဲသွားခဲ့လေသည်။
လောကကြီးတွင် မဖြစ်နိုင်သော အရာဟူ၍ မရှိချေ။
ခက်ထန်မာေကြာသော အသံတစ်သံသည်ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
“ရပ်လိုက်ကြစမ်း . . .”
ထိုအသံပေါ်ထွက်လာပြီးနောက်လေဟာနယ်နှင့် ကမ္ဘာကြီးတစ်ခုလုံးသည်ရုတ်တရက်ရပ်တန့်သွားသည်။
တိုက်ခတ်နေသည့် လေများသည်ပင် ရပ်တန့်သွားကြသည်။
ထို့ပြင်ရှိနေကြသည့် လူများအားလုံးသာမက မိုးကောင်းကင်မှ တိမ်တိုက်များအပြင် စုယဲ့ယွဲ့ထံသို့ သွားနေသည့်ဓားပင် ရပ်တန့်သွားသည်။
မူလက ပြင်းထန်စွာဖြင့်လေဟုန်ခွင်း၍ လာနေသော ဓားသည် စုယဲ့ယွဲ့၏ ရင်ဘတ်အား ထိလုခါနီးအချိန်တွင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် လေဟာနယ်အတွင်းမှ လက်တစ်ဖက်သည်ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး ဓားအား အသာအယာ ဖမ်းဆုပ်လိုက်သည်။ ထိုလက်နှင့်ထိလိုက်သောအခါ ဓားသည်အမှုန့်ဖြစ်သွားခဲ့သည်။ အဆိုပါ အဖြစ်အပျက်များ ဖြစ်ပျက်နေချိန်တွင်ကမ္ဘာကြီးတစ်ခုလုံး အချိန်နာရီများ ရပ်တန့်လျက် ရှိသည်။
လူများသည်ကျောက်ရုပ်ကဲ့သို့ လှုပ်မရနိုင်အောင် ဖြစ်နေသော်လည်း ထို မြင်ကွင်းအား ရှင်းလင်းစွာ မြင်နေရသည်။
အစွမ်းထက်ပညာရှင်တစ်ဦးအဖို့ အရှိန်ဖြင့်ပျံသန်းပြေးဝင်သွားသော ဓားတစ်လက်အား ဟန့်တားနိုင်လိုက်ခြင်းမှာ မထူးဆန်းသည့်ကိစ္စတစ်ခု ဖြစ်သော်လည်း ယခုကဲ့သို့ ပုံစံမျိုးဖြင့် ဟန့်တားလိုက်ခြင်းသည်ကြောက်ခမန်းလိလိပင်ဖြစ်သည်။
ဓားအား ဖျက်ဆီးလိုက်ပြီးနောက်ထိုလက်ပိုင်ရှင်သည်စိတ်သက်သာရာ ရသွားသည့်အသံမျိုး ဖြင့် –
“ငါ့တပည့်ကို လိုက်ရှာနေတာ အတော့်ကို ကြာပြီ။တွေ့မယ့်တွေ့တော့လည်း အခု ငါ့အရှေ့မှာ အသတ်ခံရတော့မလို ဖြစ်ေနတယ်။ ကံကောင်းလို့သာပေါ့။ မင်းတို့လိုကောင်တွေကများ ဘယ်လိုသတ္တိနဲ့ လုပ်ရဲကြတာလဲ . . .”
ထိုအသံပိုင်ရှင်သည်အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
ခဏအကြာတွင် ကောင်းကင်ပြင် တစ်ခုလုံးသည်မှန်တစ်ချပ် ကွဲကြေသွားသကဲ့သို့ ဖြစ်သွားပြီး လေဟာနယ်ထဲတွင် အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ ထိုကဲ့သို့ ဖြစ်ပေါ် သွားပြီးနောက် အရာအားလုံးသည်ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထိုအခါကြမှသာ လူအားလုံးသည် လှုပ်ရှား၍ ရသွားကြသည်။
ရဲရှောင်အပါအဝင်ကျန်လူများအားလုံးသည်တုန်လှုပ်အံ့ဩသင့်နေကြသည်။
မည်သည့်နေရာမှ ပေါ်လာမှန်း မသိသော အမျိုးသမီးတစ်ဦးသည်စုယဲ့ယွဲ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏ မျက်နှာသည်တည်ငြိမ်လျက်ရှိပြီး နူးညံ့သိမ်မွေ့သည့်ဟန်ပန်မျိုးလည်း ရှိသည်။
ရန်သူများမှ အဆိုပါ အမျိုးသမီးသည်ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးဖြစ်ရမည်ဟု ခန့်မှန်းမိကြသော်လည်း အဆင့်မည်မျှ မြင့်သည်ကိုမူ မခန့်မှန်းနိုင်ကြချေ။
သို့သော်ရဲရှောင်မှာမူ သိနေလေသည်။
ယခင် ရှောင်ဧကရာဇ်ဘဝ၏ စွမ်းအားအပြည့်ဆုံး အချိန်မှာပင် ယခုအမျိုးသမီးအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အမျိုးသမီး နှင့်ရဲရှောင်တို့၏ အဆင့်မှာ အလွန် ကွာခြားနေဦးမည် ဖြစ်သည်။ ထိုအမျိုးသမီးသည် မူလတာအိုအဆင့်၏ အဆင့် ၉ ကိုပင် ကျော်လွန်နေသူ ဖြစ်ပေလိမ့်မည်။
တစ်နည်းအားဖြင့် ချင်းယန်နယ်ပယ်တွင် ရှိသည့် အဆင့်များထက် များစွာ ကျော်လွန် နိုင်ပေသည်။
ရဲရှောင်သည်အံ့သြနေမိရင်း စိတ်ထဲတွင်လည်း –
[ဒီမိန်းမက မဟာကမ္ဘာကြီးကလား . . .]
အမျိုးသမီး ပေါ်လာသည်နှင့် အေးစက်လှသည့် ရေခဲတောင် ပတ်လည်တွင် အနွေးဓာတ်များ လွှမ်းခြုံသွားပြီး ပန်းများလည်း ပွင့်လာကြသည်။
သို့သော် ရေခဲတောင်ကြီးမှာမူ ရေခဲများ ဖုံးလွှမ်းလျက် ရှိနေတုန်းပင် ဖြစ်သည်။
ကောင်းကင်ယံတွင်လည်း ရောင်စုံတိမ်တိုက်များ ဖြစ်ပေါ်နေလေသည်။
အမျိုးသမီး၏ ဟန်ပန်အမူအယာသည်ကမ္ဘာတစ်ခုလုံးအား အုပ်စိုးနိုင်သည့် ဧကရာဇ်တစ်ဦးနှင့်ပင်တူနေပါသည်။
ထိုအမျိုးသမီး၏ ခြေထောက်အောက်တွင် ရောင်စုံတိမ်တိုက်တစ်ခုလည်း ဖြစ်တည်နေလေသည်။
သူမသည် အခြားကမ္ဘာတစ်ခုမှရောက်လာခြင်း ဖြစ်နိုင်ပေသည်။ အမျိုးသမီးအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်-
[ဒီမိန်းမက ဘယ်သူလဲ . . . ဒီကမ္ဘာကို ဘယ်လိုရောက်လာတာလဲ . . .]
ရဲရှောင် စဉ်းစား၍ မရနိုင်အောင် ဖြစ်နေလေသည်။
ရဲရှောင်အနေဖြင့်မဟာကမ္ဘာမှ လူများအား တစ်ကြိမ်တစ်ခါမျှ မမြင်ေတွ့ဖူးချေ။ ထို့ကြောင့် ထိုအမျိုးသမီးနှင့် ပတ်သက်၍ မှန်းဆ၍ မရနိုင်အောင်ဖြစ်နေလေသည်။ မဟာကမ္ဘာ တည်ရှိသည် ဆိုသည်ေလာက်ကိုသာ သိထားခြင်း ဖြစ်သည်။
“မင်းဘယ်သူလဲ . . .”
ကောင်းကင်အဆင့် ပညာရှင်တစ်ဦးသည်ထိတ်လန့် တုန်လှုပ်စွာဖြင့်မေးလိုက်သည်။
“ဘာလို့ ငါတို့ ကိစ္စထဲကို ဝင်ရှုပ်ရတာလဲ . . .”
အမျိုးသမီးသည် မည်သည့်စကားမျှ တုန့်ပြန်ပြောဆိုခြင်းမပြုဘဲ သူမ၏ ခြေထောက်အောက်ရှိ စုယဲ့ယွဲ့ကိုသာ ငေးကြည့်လျက်ရှိသည်။ စုယဲ့ယွဲ့အား မျက်တောင်မခတ်တမ်း ကြည့်နေခြင်းပင်ဖြစ်သည်။
အမျိုးသမီး၏ စူးရှသော အကြည့်များကြောင့်စုယဲ့ယွဲ့သည်လည်း အထိတ်တလန့်ဖြင့်ရဲရှောင်၏ လက်မောင်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ရင်း –
“ရှင် . . . ရှင်ဘယ်သူလဲ။ ရှင်ဘာလိုချင်လို့လဲ . . .”
ခဏအကြာတွင် အမျိုးသမီးသည် ကျေနပ်သွားဟန်ဖြင့် –
“တော်လိုက်တဲ့ မိန်းကလေး . . . မင်းက အချစ်နဲ့ သံယောဇဉ်ကို အလေးထားတဲ့ လူတစ်ယောက်ပဲ။ မင်းမှာ ဖြူစင်တဲ့ နှလုံးသားနဲ့ သန့်ရှင်းတဲ့ ဝိညာဉ်တော် ရှိနေတယ်။ လှလည်းလှသလို ဉာဏ်ပညာနဲ့လည်း ပြည့်စုံတယ်။ တကယ်ပဲ ငါလိုချင်တဲ့ ပုံစံမျိုးပါပဲလား . . .”
ရဲရှောင်သည်ချောင်းတစ်ချက် ဟန့်လိုက်ရင်း –
“ခင်ဗျားက ဘယ်သူလဲ . . . ကျုပ်ရဲ့ ဇနီးလောင်းဆီကနေ ဘာလိုချင်နေတာလဲ . . .”
“သူက မင်းရဲ့ ဇနီးလောင်းလား . . .”
အမျိုးသမီးသည် ရဲရှောင်အား မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
အဆိုပါ အမျိုးသမီးသည် လုပ်ကြံသတ်ဖြတ်သူများကိုသာမက ရဲရှောင်ကိုပါ လျစ်လျူရှုထားသည့်ပုံစံပင်။ အကယ်၍ ရဲရှောင်၏ နှုတ်မှ ယဲ့ယွဲ့အား သူ၏ ဇနီးလောင်းဟုသာ ထုတ်ဖော်မပြောလိုက်ပါက ရဲရှောင်ကိုပင်အဖတ်လုပ်၍ ကြည့်မည်မဟုတ်ချေ။
ရဲရှောင်သည် အမျိုးသမီး၏ စူးရှသော အကြည့်များအား ရင်မဆိုင်ရဲလောက်အောင်ပင်ဖြစ်သွားခဲ့သည်။ သို့သော်သူ၏ စိတ်အား တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း –
“ဟုတ်တယ် . . . ဘာဖြစ်လို့လဲ . . .”
အမျိုးသမီးသည်ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး –
“မင်းငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး ဆိုရင်တော့ မင်းကို အကြံတစ်ခု ပေးချင်တယ်။ နောက်တစ်ယောက်သာ ရှာလိုက်ပါ။ သူက မင်းနဲ့ မတန်ဘူး . . .”
စုယဲ့ယွဲ့သည် ထိုစကားအား ကြားလိုက်ရေသာအခါ ကြောက်စိတ်များပင်ပျောက်ကွယ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် –
“အရေးမပါလိုက်တာ . . . ကျွန်မက သူ့မိန်းမပဲ . . .”
အမျိုးသမီးသည် သူ၏ ခေါင်းအား ခါယမ်းလိုက်ပြီး စိစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်သည်။ ထို့နောက် နူးညံ့သော လေသံဖြင့် –
“မင်းနားမလည်သေးပါဘူး . . . သူက မင်းနဲ့ တကယ်ကို မတန်တာ။ သူ့အရည်အချင်းက ဘာမှ မရှိဘူး . . .”
ထို့နောက် သူမသည် လုပ်ကြံသတ်ဖြတ်သူများအား ညွှန်ပြလိုက်ရင်း –
“သူတို့က မင်းရဲ့ ရန်သူတွေလား . . .”
စုယဲ့ယွဲ့သည်ဒေါသတကြီးဖြင့် –
“သူတို့က လူဆိုးတွေပါ။ ကျွန်မအဖေကို မနိုင်တာနဲ့ ကျွန်မကို ဖမ်းပြီး အဖေ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေကြတာလေ . . .”
“ဟင် . . .”
အမျိုးသမီး၏ မျက်နှာသည်တင်းမာသွားပြီး –
“တော်တော်ကို ရွံစရာကောင်းတဲ့ လူတွေပါလား။ ဒီလိုလူမျိုးတွေကို ငါ့ဘဝမှာ အမုန်းဆုံးပဲ . . .”
“ဒီလိုဆိုမှတော့ မင်းရဲ့ဆရာ ငါကပဲ မင်းအတွက် ရှင်းပေးရတော့မှာပေါ့။ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအတွက် ငါ့ဘက်က လက်ဆောင်အသေးစားလေးတစ်ခု ပေးတယ်လို့ မှတ်လိုက်ပါ . . .”
စုယဲ့ယွဲ့သည်နားမလည်သည့်ဟန်ဖြင့် –
“ဆရာ ဟုတ်လား . . . ဘာဆရာလဲ . . .”
အမျိုးသမီးသည် နူးညံ့စွာ ပြုံးလိုက်ရင်း –
“မင်းဆရာက ငါလေ။ ငါက မင်းဆရာပေါ့ . . .”
အမျိုးသမီး၏ အဖြေကြောင့်စုယဲ့ယွဲ့သည်ပို၍ ခေါင်းရှုပ်သွားပြန်သည်။ သူမ၏ စိတ်ထဲတွင် လည်း –
[သူက ငါ့ဆရာ ဘယ်လို ဖြစ်သွားရတာလဲ။ ငါ့မှာ ဆရာတစ်ယောက် ရှိတယ်ဆိုတာ ငါကိုယ်တိုင်တောင်မသိခဲ့ပါလား . . .]
ကောင်းကင်အဆင့် ပညာရှင်တစ်ဦးမှဒေါသတကြီးဖြင့်-
“မင်းဘယ်သူလဲ။ ငါတို့တွေက ဘယ်သူလဲဆိုတာကိုရော မင်းသိရဲ့လား။ မင်းကတော့ လူမှားပြီး ပြသာနာရှာမိပြီနော်။ ငါပြောပြလိုက်မယ်။ ငါတို့က မုန်တိုင်း . . .”
အမျိုးသမီးသည် တစ်ဖက်လူ၏ စကားအား ဆုံးအောင်ပင်နားမထောင်တော့ဘဲ မျက်မှောင်ကြုတ်လိုက်ရင်း –
“ငါ့ကို ခြိမ်းခြောက်ရဲတဲ့လူ ဒီကမ္ဘာမှာ ရှိနေမယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ ဟဲဟဲ . . . ကြုံတောင့်ကြုံခဲပါပဲလား . . .”
ထို့နောက် လုပ်ကြံသတ်ဖြတ်သူများထံသို့ လှည့်ပင်မကြည့်ဘဲ သူမ၏ လက်အားဝေ့ယမ်းလိုက်သည်။
ထိုအချိန်တွင်လေထုတစ်ခုလုံးသည်အလွန်အမင်းပင်အေးစက်သွားလေသည်။
သို့သော် ယခုအကြိမ်တွင်မူ ရှိနေသော လူမှန်သမျှ ထိုကဲ့သို့ ခံစားလိုက်ကြရခြင်း မဟုတ်ပေ။
ရဲရှောင်နှင့် စုယဲ့ယွဲ့တို့မှာမူ မည်သို့မျှ မနေပေ။ လှုပ်ရှား၍လည်း ရကြသည်။ လုပ်ကြံသတ်ဖြတ်သူများသာ လှုပ်ရှား၍ မရခြင်း ဖြစ်သည်။
ထိုလူများသည်ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက်ဖြင့်ရပ်နေကြပြီး မျက်တောင်ပင် မခတ်နိုင် ကြတော့ပေ။
အမျိုးသမီးသည်စုယဲ့ယွဲ့အား ကြည့်ရင်း နူးညံ့သော လေသံဖြင့် –
“မိန်းကလေး . . . ကြောက်မနေပါနဲ့။ မင်းမျက်လုံးတွေ ခဏမှိတ်ထားလိုက်။ ဒီလို သွေးထွက်သံယို မြင်ကွင်းတွေကို မကြည့်သင့်ဘူး . . .”
စုယဲ့ယွဲ့သည်နားမလည်နိုင်သည့်ဟန်ဖြင့် –
“ဘယ်လို . . .”
အမျိုးသမီးသည်ခေါင်းခါယမ်းလိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူမ၏ လက်အားအောက်သို့ ပြန်ချလိုက်ရင်း ပါးစပ်မှ တိုးညှင်းသောအသံဖြင့်-
“သေစမ်း . . .”
“ဖုန်းး . . .”
လေဟာနယ်ကြီးသည်ထပ်မံ၍ တုန်ခါသွားပြန်သည်။
လုပ်ကြံသတ်ဖြတ်သူများ၏ ခန္ဓာကိုယ်တွင် အရိုးဟူ၍ မရှိတော့ဘဲ အသားတွဲကြီးများအဖြစ်မြေပြင်ထက်တွင်ပုံကျသွားကြသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ထိုလူများ အားလုံးသည် အရိုးတခြား အသားတခြားပင်ဖြစ်သွားကြလေသည်။
စုစုပေါင်း လူ ၈၀ ကျော်လောက်၏ အသားတုံးများသည်မြေပြင်ပေါ်တွင်နေရာလပ်မရှိအောင်ပင်ပြန့်ကျဲလျက်ရှိနေပါတော့သည်. . .။