Switch Mode

Chapter – 692

အခန်း (၆၉၂) အနန္တကပ်ဘေးသားတော်
‘အင်း… ဟွမ်ဇွမ်တျန် တစ်ခုခု ဖြစ်သွားတာလား…’ ဟန်ကျွယ်ဟာ ချက်ချင်း မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ဟွမ်ဇွမ်တျန်ကို မတွေ့ရတော့ပါဘူး။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ရောင်ဝါနောက်ကိုလိုက်ရင်း မူလလောကဦး ခေါင်းတလားဆီ အကြည့်ရောက်သွားပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ရောင်ဝါက ခေါင်းတလားအနီးမှာ ပျောက်ကွယ်သွားပါတယ်။
‘ဟွမ်ဇွမ်တျန်ကို တိုက်ခိုက်တာ မူလလောကဦးလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ မူလလောကဦးက လောကဦးနတ်ဘီလူး ဖြစ်မလာနိုင်မှန်း သိပါတယ် ‘မူလလောကဦးက ပြဿနာကို ရှောင်ရှားချင်လို့ ဟွမ်ဇွမ်တျန်ကို ခန္ဓာသိမ်းပြီး ကောင်းကင်တာအိုထဲ ရောဝင်ချင်တာလား… ဒါ ဖြစ်နိုင်တယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်က မူလလောကဦးနဲ့ ပေါင်းစပ်သွားပြီ ဖြစ်တဲ့အတွက် အခု ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူထိန်းချုပ်နေလဲဆိုတာ ဟန်ကျွယ် သိဖို့ လိုအပ်ပါတယ်။
ဝိညာဉ်နှစ်ခု ပူးပေါင်းသွားတာလား၊ ဒါမှမဟုတ် ဝိညာဉ်နှစ်ခု ပေါင်းစပ်သွားတာလား၊ ဘယ်သူက အသာစီးရနေတာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ဟန်ကျွယ် သိချင်နေပါတယ်။
အိပ်မက်ထဲမှာ…
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါမှာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ် “ဂိုဏ်းချုပ်” ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
ဂိုဏ်းချုပ်ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာ‌ကြောင့် ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလလောကဦးသာ ဟွမ်ဇွမ်တျန်ကို ခန္ဓာသိမ်းခဲ့ရင် ဟွမ်ဇွမ်တျန်ရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖတ်နိုင်မှာမို့လို့ပါပဲ။
“မင်းက မင်းဖြစ်နေတုန်းပဲလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ဟွမ်ဇွမ်တျန်ဟာ မှင်တက်သွားပါတယ်။ အဲဒီနောက် လေးစားတဲ့ မျက်နှာ ဖြစ်သွားပါတယ်။
“ဂိုဏ်းချုပ်က တွက်ချက်ပြီးပြီလား၊ ဟုတ်တယ်၊ ကျွန်တော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနဲ့ ပေါင်းစပ်လိုက်တယ်၊ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာပဲ ပေါင်းစပ်တာပါ၊ ကျွန်တော်က သူရဲ့ ရုပ်ခန္ဓာ အရည်အချင်းကို ရလိုက်တယ်၊ သူက သူ့ရန်သူတွေလက်က လွတ်အောင် ကျွန်တော်ရဲ့ ဝိညာဉ်ထဲမှာ ပုန်းအောင်းလိမ့်မယ်”
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို အကဲခတ်လိုက်ပါတယ် “မင်း သူ့ကို ယုံလား”
“သူက ကျွန်တော့်ကို သူ့မှတ်ဉာဏ်တွေ ပြတယ်”
“ဒီတော့ မင်းကလည်း မင်းမှတ်ဉာဏ်တွေကို ပြန်ပြလိုက်တာပေါ့”
ဟန်ကျွယ်ရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ကြောက်လန့်သွားပြီး ချက်ချင်း ရှင်းပြလိုက်ပါတယ် “ကျွန်တော်က ဂိုဏ်းချုပ်နဲ့ ပတ်သက်တဲ့ အတိတ်က မှတ်ဉာဏ်တွေကို ဖျက်ပစ်ထားတာ ကြာပြီ၊ ဂိုဏ်းချုပ်ကိုတွေ့မှပဲ ပြန်မှတ်မိတာ၊ ဂိုဏ်းချုပ်က ကျွန်တော်ရဲ့ သခင်ပဲ၊ ဒါက ကျွန်တော်ရဲ့ ဗီဇဖြစ်နေပြီ၊ ကျွန်တော် အသက်ရှင်ချင်တဲ့ ဆန္ဒလိုပေါ့၊ မှတ်ဉာဏ်တွေနဲ့ ဘာမှမဆိုင်ပါဘူး”
“ဒါဆို အဲဒီစွမ်းအားကြီးပုဂ္ဂိုလ် မသိသေးဘူးပေါ့”
ဟန်ကျွယ်ရဲ့ မျက်နှာဟာ ပျော့ပျောင်းသွားပေမဲ့ မယုံနိုင်သေးပါဘူး။ ဟွမ်ဇွမ်တျန်ရဲ့ စကားက ယုံကြည်ဖို့ ခက်ခဲလောက်တဲ့အထိ ကောင်းမွန်လွန်းနေပါတယ်။
ဟွမ်ဇွမ်တျန်က ဆက်ပြောပါတယ် “ကျွန်တော်တို့ လုံးဝပေါင်းစပ်သွားတဲ့ အချိန်ကျရင် ကျွန်တော် ကောင်းကင်တာအိုကို ပြန်လာမယ်၊ သူက ကျွန်တော့် ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲတမ်း ပုန်းအောင်းပြီး ကျွန်တော် ကျင့်ကြံအားထုတ်တာကို ကူညီပေးလိမ့်မယ်၊ ဒါက သူရဲ့ တောင်းဆိုမှုပဲ”
“ဒါဆိုရင် သူက မင်းကို ဒုက္ခမပေးဘူးလို့ ဘာဖြစ်လို့ အတပ်ပြောနိုင်ရတာလဲ၊ သူ့နေရာမှာ မင်းဆိုရင်ရော အဲဒီလိုမျိုး လုပ်မှာလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။ လန့်လည်း လန့်သွားပါတယ်။
ဟန်ကျွယ်က ထပ်ပြောပါတယ် “မင်း စိတ်မချဘူးဆိုရင် ငါ့ကို လာရှာလို့ရတယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စနစ်ကို တန်းမေးလိုက်ပါတယ် “ဟွမ်ဇွမ်တျန်ပြောတာ အမှန်ပဲလား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အမှန်ဖြစ်သည်။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ဟွမ်ဇွမ်တျန်အပေါ် အမြင်ပြောင်းသွားပါတယ် ‘ဒီကောင်က ဘယ်နေရာရောက်ရောက် အဆင့်တက်မြန်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒီလိုမျိုး ကျွမ်းကျင်မှုတစ်ခု ရှိနေတာကိုး…’
ဟန်ကျွယ်လည်း သူ့မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ဘယ်သူဘယ်ဝါလဲဆိုတာ မေ့ပစ်ပြီး ပြန်တွေ့တာနဲ့ အကုန်လုံး ပြန်မှတ်မိတာက တော်‌တော်ကို ယုတ္တိမရှိတာပါ။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်က ဘာမှမဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။
တကယ်လို့ ဟွမ်ဇွမ်တျန်သာ သူ့ကို လာရှာမယ်ဆိုရင် ဟန်ကျွယ်ဟာ ကျိန်းသေပေါက် ကူညီမှာပါ။ လာမရှာဘူးဆိုရင်တော့ ဟွမ်ဇွမ်တျန်ရဲ့ ကုသိုလ်ကံပါ။ လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်အပေါ် မျှော်လင့်ထားတာတွေတော့ ရှိပါသေးတယ်။ ဟွမ်ဇွမ်တျန်က အမြဲတမ်း ရှင်သန်ကျန်ရစ်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တယ် မဟုတ်ပါလား။
ပြီးခဲ့တဲ့ ကပ်ဘေးမှာ ဟွမ်ဇွမ်တျန်ထက် အရည်အချင်းရှိသူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ အနန္တကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့လောက် အရည်အချင်းမရှိတဲ့ ဟွမ်ဇွမ်တျန်ကတော့ အနန္တကပ်ဘေးကို ကျော်ဖြတ်ပြီး ရှင်သန်ကျန်ရစ်နိုင်ခဲ့ပါတယ်။
ဒီလိုနေရာမှာ လီတောက်ခုံးနဲ့ ဖန်းလျန်တောင် ဟွမ်ဇွမ်တျန်ကို မမီပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ သူ့အငယ်ဆုံးသားက အခုထိ မမွေးသေးပါဘူး။ ဒီအတိုင်းဆို ရှင်းဟုန်ရွှမ် တာအိုပညာရှိအတု ဖြစ်လာရင်တောင် သူ့အငယ်ဆုံးသားက မွေးလာမဲ့ပုံ မရှိပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ရှင်းဟုန်ရွှမ်ဘေးနားကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဂရုစိုက်သလိုမျိုးနဲ့ သန့်စင်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေပါတယ် ‘ငါ့ကလေးက မွေးဖွားလာဖို့ အချိန်ဘယ်လောက် ယူရမှာလဲ’
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်က ရှင်းဟုန်ရွှမ်က နှစ်သိမ့်ပေးလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က အရမ်းကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မျက်နှာတည်ကြီးနဲ့ ရှိနေပေမဲ့ သူ့သွေးသားကို ရင်ဆိုင်ရတဲ့အခါမှာတော့ ခံစားချက်အစစ်အမှန်ကို ပြသပါတယ်။
အကြွင်းမဲ့ သန့်စင်ခြင်း ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ရှင်းဟုန်ရွှမ်ကတော့ ချိုမြိန်တဲ့နှလုံးသားနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ချက်ချင်း ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ တတ်နိုင်သလောက်မြန်မြန် မဟာတာအိုပညာရှိ ဖြစ်ချင်နေပါပြီ။
…..
မျက်စိတစ်မှိတ်အတွင်း နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့အသံကို ကြားလိုက်ရပါတယ် “တာအို‌ရောင်းရင်းဟန်… စကြဝဠာခန်းမကို ခဏလာခဲ့ပါဦး”
‘လာပြန်ပြီလား…’ ဟန်ကျွယ်ဟာ ငြင်းချင်ပေမဲ့ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာကြောင့် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုသာ ကောင်းကင်တာအိုကို ထိန်းချုပ်မနေရင် ကောင်းကင်တာအိုက အခုလိုမျိုး လျင်လျင်မြန်မြန် တိုးတက်လာနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပထမဆုံး ကောင်းကင်ဘုံ ၃၃ ဘုံကို စစ်ဆေးလိုက်ပါတယ်။ တာအိုပညာရှိတွေ အကုန်လုံး သူတို့ခန်းမမှာသူတို့ ရှိနေကြပြီး ဟန်ကျွယ်နဲ့ မရင်းနှီးတဲ့ တာအိုပညာရှိတစ်ပါးမှ မရှိပါဘူး။
ဟွမ်ဇွမ်တျန်လည်း ပြန်ရောက်နေပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုက တကယ်ကို တော်တော်လေး တိုးတက်လာတာပါ။ မူလလောကဦးက ဟွမ်ဇွမ်တျန်ကို တော်တော်လေး ကူညီလိုက်ပုံပါပဲ။ ဒီနှစ်တွေမှာ ဟွမ်ဇွမ်တျန်က ဟန်ကျွယ်ကို လာမရှာပါဘူး။ ကြည့်ရတာ ဟွမ်ဇွမ်တျန်က သူ့ဘာသာ ရင်ဆိုင်ချင်ပုံပါပဲ။
ဟန်ကျွယ်ဟာ စကြဝဠာခန်းမကို ခုန်တက်လိုက်ပါတယ်။ တခြားတာအိုပညာရှိတွေလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို သတင်းပေးပြီးမှ ကျန်တဲ့တာအိုပညာရှိတွေကို သတင်းလိုက်ပေးပုံပါပဲ။
မကြာခင်မှာပဲ တာအိုပညာရှိတွေ စုံညီသွားကြပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်နဲ့ မရင်းနှီးသလိုမျိုး ဟန်ကျွယ်ကို မကြည့်ပါဘူး။ တာအိုပညာရှိတွေကတော့ ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်လိုက်ကြပါတယ်။ ဒီအထဲမှာ ပန်ရှင်းလည်း ပါပါတယ်။
တာအိုပညာရှိတွေ အထဲမှာ ကောင်းကင်အရှင်ရွှမ်တုက ဦးဆောင်သူပါ။ ပန်ရှင်းဟာ ကောင်းကင်တာအိုကို ပြန်ရောက်လာပြီးနောက် ဦးဆောင်သူနေရာအတွက် တိုက်ခိုက်ချင်ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပန်ရှင်းဟာ သူက ကောင်းကင်အရှင်ရွှမ်တုကို မမီဘူးဆိုတာ နားလည် သဘောပေါက်သွားပါတယ်။ အဲဒီအချိန်ကစပြီး ပန်ရှင်းဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ အမြင်ကို ကိစ္စတော်တော်များများမှာ မေးမြန်းပါတော့တယ်။ ဒီလိုနဲ့ ပန်ရှင်းဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ နောက်လိုက် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကောင်းကင်တာအို ပြန်စတာ နှစ်တစ်သိန်းရှိပြီ၊ ငါတို့တွေ နောက်ထပ် အနန္တကပ်ဘေးအတွက် အစီအစဉ် ဆွဲသင့်ပြီ”
‘အနန္တကပ်ဘေး’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကျယ်ပြန့်သွားရင် အနန္တကပ်ဘေး ‌နောက်ကျလာပြီး နောက်ကျရင် မရှိနိုင်တော့ဘူးလို့တောင် ထင်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေး ဖြစ်ပေါ်လာတာက သက်ရှိတွေ များပြားလာတကို ကောင်းကင်တာအိုက တောင့်မခံနိုင်လို့ပါပဲ။
ဒီလိုပဲ ရင်းမြစ်တွေ ရှားပါးလာတဲ့အခါ သက်ရှိတွေကြားက သဘောထားကွဲလွဲမှုတွေဟာ ပိုပိုမြင့်တက်လာပါတယ်။ တာအိုပညာရှိတွေဟာ ဒီကွဲလွဲမှုတွေကို နောက်ကနေ တွန်းအားပေးပြီး အနန္တကပ်ဘေးကို အသုံးပြုကာ သက်ရှိအများစုကို ရှင်းလင်းသုတ်သင်တဲ့အတွက် ကောင်းကင်တာအိုကို ပြန်စတင်စေပါတယ်။
ဒီလိုအနန္တကပ်ဘေးမျိုးက အဓိပ္ပာယ်မရှိပါဘူး။ ပဋိပက္ခထဲမှာ ကောင်းကင်တာအိုပဲ ရှိတာဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ပဋိပက္ခထဲမှာ အဆုံးသတ် အပျက်အစီး နတ်ဘုံ၊ ရှေးပျက်သုဉ်းနယ်မြေနဲ့ တခြား ကောင်းကင်တာအိုငယ်လေးတွေ အများကြီး ရှိနေပါတယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အနန္တကပ်ဘေးတွေကြောင့် မီးလျှံမျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအို တစ်ခုလုံးကို အနိုင်ရလုနီး ဖြစ်ခဲ့တာပါ။
တောင်ဘက်စွန်း ကောင်းကင်အရှင်က ပထမဆုံး မေးလိုက်ပါတယ် “အဲဒါ လိုအပ်လို့လား၊ သာမန်အနန္တကပ်ဘေးတစ်ခု ဖြစ်ပေါ်လာဖို့က နှစ်သန်းပေါင်း ရာချီ အချိန်ယူရတယ်၊ နောက်ပြီး အခု ကောင်းကင်တာအိုက အဆင်ပြေနေတာပဲ၊ အနာဂတ်မှာ အနန္တကပ်ဘေး ရှိမလာနိုင်လောက်ပါဘူး”
ပန်ရှင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “အနန္တကပ်ဘေးကို တွေးနေမဲ့အစား မဟာတာအို အနန္တကပ်ဘေးကို ဘာလို့ မတွေးကြတာလဲ၊ မဟာတာအို အနန္တကပ်ဘေးက ပဋိပက္ခတစ်ခုလုံးကို ရိုက်ခတ်မှာ”
တခြားတာအိုပညာရှိတွေကလည်း ဒီစကားကို သဘောတူကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကောင်းကင်တာအိုက အရင်ကနဲ့ မတူတော့ဘူး၊ အဲဒီတော့ အနန္တကပ်ဘေးကလည်း အရင်ကနဲ့ တူစရာ မလိုဘူးလေ၊ ဒီအနန္တကပ်ဘေးက သက်ရှိတွေ အရေအတွက်ကို လျှော့ချဖို့ မဟုတ်ဘူး၊ အရည်အချင်းရှိတဲ့လူတွေနဲ့ ကံတရား အထောက်အပံ့ရှိတဲ့လူတွေ ပိုပြီးတော့ ပေါ်လာအောင် တွန်းအားပေးဖို့ပဲ၊ နောက်ပြီး အချိန်အကြာကြီး ငြိမ်းချမ်းနေတာကလည်း မကောင်းဘူး၊ ပျင်းရိလေးတွဲ့ပြီး စိတ်ဖိအား များလာလိမ့်မယ်”
“ငြိမ်းချမ်းတာက အပေါ်ယံပဲ၊ ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးရဲ့ တပည့်တွေက နည်းမျိုးစုံသုံးပြီး တခြားသက်ရှိတွေကို အနိုင်ကျင့်နေသေးတာပဲ”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့လည်း ဒီကိစ္စကို အာရုံခံမိကြပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ ကံတရား အထောက်အပံ့က ဩဇာမညောင်းရင် ဘယ်လိုလုပ်ပြီး သက်ရှိတွေက ကံတရား အထောက်အပံ့ဂိုဏ်းထဲ ဝင်ချင်မှာလဲ။
အကြွင်းမဲ့ ငြိမ်းချမ်းတာနဲ့ အကြွင်းမဲ့ တရားမျှတတာက လောကကြီးမှာ မရှိပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ငါတို့တွေ နောက်ထပ် လုပ်ရမှာက အနန္တကပ်ဘေးသားတော် မွေးဖွားလာမဲ့ အင်အားစုကို ရွေးချယ်ဖို့ပဲ၊ သူ့ကို ဇာတ်လိုက်ထားပြီး ပါရမီရှင်တွေ နေရာတိုင်းမှာ ပေါ်လာတဲ့ ရွှေခေတ်ကို ငါတို့တွေ ဖန်တီးကြမယ်၊ အဲဒီအချိန်မှာ တာအိုပညာရှိတွေကို ဝင်ပါခွင့် မပြုဘူး၊ ပါရမီရှင်အချင်းချင်း သူတို့ဘာသာပဲ တိုက်ခိုက်ကြလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset