အခန်း (၆၉၀) ပဋိပက္ခသိစိတ်၊ ပြောလို့မရတဲ့ နာမည်
“ဘာဖြစ်လို့ အလျင်လိုနေတာလဲ” သိကျန်း ဘာမှမပြောခင် အလွန်တရာ ရက်စက်မဲ့ အသွင်အပြင်ရှိတဲ့ ဘိုးဘေးမှော်ပညာရှိတစ်ပါးက အေးစက်စွာ ပြောလိုက်ပါတယ်။ ဓားသွားလို စူးရှတဲ့ အကြည့်ကြောင့် မီးတောက်တွေ ပတ်လည်ဝိုင်းနေတဲ့ ဘိုးဘေးမှော်ပညာရှိဟာ လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။ တခြားဘိုးဘေးမှော်ပညာရှိတွေက ဘာမှ မပြောပါဘူး။ သူတို့တွေက သိကျန်း စကားပြောတာကို စောင့်နေကြတာပါ။
သိကျန်းဟာ ဖြည်းညင်းစွာ လှည့်လာပြီး မျက်လုံးဖွင့်လိုက်ပါတယ်။ သိကျန်းရဲ့ စူးရှတဲ့ အကြည့်ဟာ ဘိုးဘေးမှော်ပညာရှိ အကုန်လုံးကို ဖြတ်သွားပါတယ် “ဒီတစ်ခါ မှော်မျိုးနွယ်စု ပြန်ရှင်သန်လာတာက အမှားထပ်ဖြစ်လို့ မရဘူး၊ ငါတို့တွေ အင်မော်တယ်ကမ္ဘာအတွက် မတိုက်ခိုက်တော့ဘူး” သိကျန်းက တစ်လုံးချင်း ပြောလိုက်ပါတယ်။
သိကျန်းရဲ့ စကားအဆုံးမှာ ဘိုးဘေးမှော်ပညာရှိတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ မီးလျှံမှော်ပညာရှိက ဒေါသတကြီး ပြောလိုက်ပါတယ် “ဘာဖြစ်လို့ မတိုက်ခိုက်ရမှာလဲ၊ အနည်းဆုံးတော့ နတ်ဆိုးတွေ အကုန်လုံးကို သတ်ပစ်သင့်တယ်”
အတိတ်က အနန္တကပ်ဘေးမှာ မှော်မျိုးနွယ်စုရဲ့ ကမ္ဘာမကျေရန်သူက နတ်ဆိုးတွေပါ။ တစ်ဦးက မြေကို အုပ်စိုးပြီး တစ်ဦးက ကောင်းကင်ကို အုပ်စိုးပါတယ်။ နှစ်ဖက်စလုံး အထိနာသွားတော့မှ လူသားမျိုးနွယ်စု အင်အားကြီးလာနိုင်ခဲ့တာပါ။
ဧကရီဟုတ်ထိုက ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ နတ်ဆိုးတွေ မရှိတော့ဘူး”
ဘိုးဘေးမှော်ပညာရှိတွေဟာ ဧကရီဟုတ်ထိုကို တအံ့တဩ ကြည့်လိုက်ကြပါတယ်။ ဧကရီဟုတ်ထိုဟာ သက်ပြင်းချပြီး အင်မော်တယ်ကမ္ဘာရဲ့ ပြောင်းလဲမှုတွေကို ပြောပြလိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာက ငြိမ်းချမ်းနေပြီး တာအိုပညာရှိတွေ တည့်နေတာကို ကြားလိုက်ရတဲ့အခါမှာ ဘိုးဘေးမှော်ပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြပါတယ်။ သိကျန်းလည်း သက်ပြင်းချလိုက်ပါတယ် “ဒီဟန်ကျွယ်က အထင်ကြီးဖို့ကောင်းတယ်၊ သူ့ကျင့်ကြံမှုက ထူးချွန် ထက်မြက်နေတာတောင် လောဘကြောင့် မျက်ကန်းမဖြစ်ဘဲ သူ့ကျင့်ကြံမှုလမ်းစဉ်ကို ဆက်ထိန်းသိမ်းထားနိုင်သေးတယ်… ဒါက တာအိုဘိုးဘေးတောင် မယှဉ်နိုင်တဲ့အရာပဲ…”
ဘိုးဘေးမှော်ပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ အခုအချိန်မှာ တာအိုပညာရှိတွေ စည်းလုံးညီညွတ်နေတာက ဟန်ကျွယ်ကြောင့်ပါ။ အတိတ်မှာတုန်းက တာအိုဘိုးဘေးဟာ တာအိုပညာရှိတွေ တာအိုရယူတာကို သွယ်ဝိုက်အားပေးပြီး အကောက်ကြံတာတွေကို မသိချင်ယောင် ဆောင်နေခဲ့တယ် မဟုတ်ပါလား။
“ဟုတ်တယ်၊ သူ့ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ရမယ်”
“ရှကျဲ့မျိုးနွယ်စုဆိုလို့ ငါတို့တွေ ရှကျဲ့မျိုးနွယ်စုကို မှော်မျိုးနွယ်စုထဲ ပြန်ထည့်ရမယ်”
“မင်းက တကယ်ရယ်ဖို့ ကောင်းတာပဲ၊ သူက ရှကျဲ့မျိုးနွယ်စုကို နှစ်သိန်းချီ ပျိုးထောင်ခဲ့တာ၊ မင်း အသက်ပြန်ရှင်လာတာနဲ့ပဲ မင်းလက်ထဲ ပြန်ထည့်ပေးရမှာလား…”
“ဘာပဲဖြစ်ဖြစ် ရှကျဲ့မျိုးနွယ်စုက ငါတို့မှော်မျိုးနွယ်စုရဲ့ သွေးစည်း ရှိနေသေးတာပဲ”
“ရှကျဲ့မျိုးနွယ်စုရဲ့ အတွေးကရော… သူတို့သာ သူတို့ဘိုးဘေးတွေ အသက်ပြန်ရှင်လာမှန်းသိရင် ပြန်လာဖို့ စိတ်ကူးမရှိနိုင်ဘူးလား…”
သူမအစ်ကိုတွေရဲ့ စကားကိုကြားပြီး ဧကရီဟုတ်ထို မချိပြုံး ပြုံးလိုက်ပါတယ်။ ဧကရီဟုတ်ထိုဟာ ရှကျဲ့မျိုးနွယ်စုကို ဟန်ကျွယ်လက်ထဲ အလုံးစုံ အပ်ခဲ့တာမို့ ပြန်တောင်းဖို့ မျက်နှာမရှိပါဘူး။ ဒါ့အပြင် ရှကျဲ့မျိုးနွယ်စုက မှော်မျိုးနွယ်စုအပေါ် ဘာခံစားချက်မှ မရှိလောက်ဘူးလို့ ဧကရီဟုတ်ထို ခံစားနေရပါတယ်။
အတိတ်မှာတုန်းက ရှကျဲ့မျိုးနွယ်စု မိုးကောင်းကင်မျိုးနွယ်စုဆီ သွားတဲ့အချိန်မှာ ဧကရီဟုတ်ထိုဟာ ရှကျဲ့မျိုးနွယ်စုကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ငြင်းဆန်ခံခဲ့ရပါတယ်။ ရှကျဲ့မျိုးနွယ်စုက ဟန်ကျွယ်ကိုပဲ အသိအမှတ်ပြုပါတယ်။ ဒီလို အကြောင်းတွေကြောင့် ဧကရီဟုတ်ထိုက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ရှကျဲ့မျိုးနွယ်စု အကြောင်းကို မတွေးနဲ့၊ ကျွန်မတို့တွေ ဘယ်မှာနေမလဲဆိုတာ အရင်ဆုံး စဉ်းစားရအောင်”
သိကျန်းက တွေးတွေးဆဆနဲ့ ပြောလိုက်ပါတယ် “ငါတို့တွေ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ နေလို့ မဖြစ်ဘူး၊ အဲဒီတော့ ပဋိပက္ခနက်ထဲသွားပြီး ကောင်းကင်တာအို အသစ် တည်ထောင်တာ ပိုကောင်းလိမ့်မယ်၊ ငါ အဖေ့ကို အတုယူပြီး အရာအားလုံးအသွင် ပြောင်းလဲဖို့ စီစဉ်ထားတယ်”
သိကျန်းရဲ့ စကားကြောင့် ဘိုးဘေးမှော်ပညာရှိတွေဟာ ဒီနည်းလမ်းက အလုပ်ဖြစ်မလား စပြီးတော့ တွေးတောစဉ်းစားပါတော့တယ်။
နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာကို ထပ်ပြီးတော့ အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုကို သုံးသပ်နားလည်တာကနေ တော်တော်လေး အကျိုးအမြတ် ရလိုက်ပါတယ်။ တာအိုကို သုံးသပ်နားလည်နေတုန်း ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်နဲ့ ကွမ်းပုပိုင်ကို မြင်တွေ့ခဲ့ရပါတယ်။
မဟာတာအိုအဆင့်မှာ တံခါးတစ်ချပ် ရှိပါတယ်။ ဟန်ကျွယ် တံခါးရှေ့ကို ရောက်တဲ့အခါမှာ ဒီတံခါးက ကျင့်ကြံသူအများကြီးကို ဟန့်တားထားတာ တွေ့လိုက်ရပါတယ်။ ဟန့်တားခံရတဲ့ ကျင့်ကြံသူ တွေအထဲမှာ နတ်ဒေါင်းအရှင်နဲ့ ကွမ်းပုပိုင်တို့လည်း ပါဝင်ပါတယ်။ တချို့က ပြတ်သားတဲ့ မျက်နှာရှိပေမဲ့ တချို့ကတော့ လက်မခံလိုတာ တချို့ကတော့ မျှော်လင့်ချက် ကင်းမဲ့တဲ့ မျက်နှာတွေ ရှိကြပါတယ်။
သက်ရှိအားလုံးရဲ့ အထက်မှာ ရှိနေတဲ့ တည်ရှိမှုတွေတောင် မဟာတာအိုရှေ့မှာ သေမျိုးတစ်ယောက်လို အစွမ်းမဲ့နေပါတယ်။ မဟာတာအို တံခါးရဲ့ နောက်မှာလည်း ရုပ်သွင်တွေ အများကြီး ရှိနေတာကို ဟန်ကျွယ် မြင်တွေ့လိုက်ရပါတယ်။ မဟာတာအိုတံခါးရဲ့ နောက်မှာ ရှိနေတဲ့ရုပ်သွင်တွေကတော့ မဟတာအိုပညာရှိတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီရုပ်သွင်တွေထဲမှာ ရင်းနှီးတဲ့ မျက်နှာတချို့ကို မြင်တွေ့လိုက်ရပါတယ်။
ပုစီချီတောက်၊ လီမုယဲ့၊ ပဋိပက္ခနတ်မင်း၊ ဘိုးဘေးရှီတျန် စတဲ့လူတွေပါ။
ဟန်ကျွယ်ဟာ လီမုယဲ့ကို မြင်လိုက်ရတဲ့အခါမှာ လန့်သွားပါတယ်။ လီမုယဲ့က မဟာတာအိုပညာရှိ ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် အိပ်မက်တောင် မမက်ခဲ့ပါဘူး ‘သူက ဘာတွေ တွေ့ကြုံခဲ့ရလို့ သူ့ကျင့်ကြံမှုက လျော့ကျသွားတာလဲ’
ဟန်ကျွယ်ဟာ ဒီအကြောင်းကို သိချင်ပေမဲ့ ကောင်းကင်အရှင်ရွှမ်တုကို မမေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီမုယဲ့ရဲ့ သေခြင်းတရားက သူနဲ့ ရွမ်လိန့်ကျောင်းတော်ကြားမှာ ဘယ်တော့မှ ဖျက်ဆီးလို့မရတဲ့ အရံအတားတစ်ခု ဖြစ်နေလို့ပါပဲ။ တစ်နေ့ကျရင် ဒီကိစ္စက လုံးဝ ရှင်းလင်းမဲ့အချိန်တစ်ခုကို ရောက်လာနိုင်ပါတယ်။
တာအိုပညာရှိအဆင့်က သဘာဝချောက်ကြီးတစ်ခုလိုပါပဲ။ ဒီချောက်ကြီးကို ကျော်သွားရင် ကျန်တာတွေက အရင်လောက် မခက်တော့ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘ကြည့်ရတာ ဒီအတိုင်းဆိုရင် ငါ သိုသိုသိပ်သိပ်နေလို့ မရတော့ဘူးပဲ၊ ငါ မဟာတာအိုကို အရယူတာနဲ့ ကျန်တဲ့လူတွေက ငါ့ကို ရှာတွေ့သွားကြတော့မှာပဲ’
ဟန်ကျွယ် မဟာတာအို တံခါးကို မြင်နိုင်ရင် ကျန်တဲ့ကျင့်ကြံသူတွေလည်း မြင်တွေ့နိုင်မှာပါ။ ဒါပေမဲ့ ဒီဟာက ဘာမှမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုထဲမှာရှိတဲ့ တာအိုပညာရှိတွေက ဟန်ကျွယ် မဟာတာအို ရယူတာကို သိနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကျင့်ကြံမှုက နိမ့်ပါးလွန်းပြီး မဟာတာအိုတံခါးနဲ့တောင် မထိတွေ့နိုင်သေးလို့ပါပဲ။
မဟာတာအိုပညာရှိတွေ သိသွားတာက ပိုတောင် ကောင်းပါသေးတယ်။ ဒါမှ သူတို့တွေ ကောင်းကင်တာအိုကို ထပ်ပြီးတော့ ရန်မစရဲမှာပါ။ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ဖိနှိပ်မှုကြောင့် ခန္ဓာကိုယ် လွင့်ပါးပျောက်ကွယ်ပြီး တာအိုပညာရှိ ဝိညာဉ်သာ ကျန်ရှိတော့၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် အဆုံးသတ် အပျက်အစီး နတ်ဘုံသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် မြေအင်မော်တယ်ကမ္ဘာ၏ ကံတရား အထောက်အပံ့ကို စတင်စုပ်ယူနေ၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်စီးပြီး လက်ကျန်ဝိညာဉ်သာ လွတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ လီယောင်သည် သူမဘိုးဘေး၏ အိပ်မက်ပေးမှုကို လက်ခံရရှိပြီး ဆန်းကြယ်စွမ်းအား တစ်မျိုးကို သင်ကြားတတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၈၂၀၂၀၁၂
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ ဒုက္ခရောက်နေတဲ့ အခြေအနေကို မြင်တွေ့ရတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပါတယ်။ ဘိုးဘေးရှီတျန်က အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ကို မသတ်နိုင်တော့ပေမဲ့ ထိပ်တန်း တိုက်ရည်ခိုက်ရည် ရှိသူပါ။
ဒီလိုစွမ်းအားကြီးတဲ့ ဘိုးဘေးရှီတျန်ကို ဘယ်လိုတည်ရှိမှုမျိုးက အလွယ်လေး ဖိနှိပ်နိုင်တာလဲ။ ဟန်ကျွယ်ဟာ သိချင်စိတ် မျိုသိပ်မထားနိုင်တာကြောင့် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁ ကွာဒလီယံတောင်လား…’
ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဒါက ကျိန်စာတိုက်တာ မဟုတ်ပါဘူး။ မဟာတာအိုပညာရှိ တစ်ပါးကို တွက်ချက်ရင်တောင် သက်တမ်း ၁၅၀ ဘီလီယံပဲ ကုန်တာပဲ။ ၁၅၀ ဘီလီယံနဲ့ ၁ ကွာဒလီယံက နည်းနည်းနောနော ကွာဟတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလိုတည်ရှိမှုမျိုးကို ပထမဆုံး တွက်ချက်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ရင်ထိတ်သွားပါတယ်။
‘ဘာကြောက်စရာ ရှိလို့လဲ၊ ငါ့မှာ တာအိုစက်ကွင်း ရှိနေတာပဲ၊ တာအိုဖန်တီးရှင်တောင် ငါ့တာအိုစက်ကွင်းကို ထောက်လှမ်းနိုင်တာ မဟုတ်ဘူး…’
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်တဲ့အခါ အရင်လိုမျိုး အဖြေ တန်းပေါ်မလာပါဘူး။ တာအိုဘုံကျောင်းတစ်ခုလုံး ပုရွက်ဆိတ် ခြေလျှောက်သံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အလွန်အားကောင်းတဲ့ ဖိအားကို ခံစားလိုက်ရပြီး အသက်ရှူကျပ်သွားပါတယ်။ ဟန်ကျွယ် ဒီလိုခံစားချက်မျိုးကို မခံစားရတာ နှစ်အတော် ကြာခဲ့ပါပြီ။ ဟန်ကျွယ်ဟာ တော်တော်လေး ရင်ထိတ်သွားပါတယ်။ ဆယ်စက္ကန့်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ပဋိပက္ခသိစိတ်: ကျင့်ကြံမှုမသိ၊ ပဋိပက္ခ နတ်မင်း၊ မဟာတာအိုအထက်၊ ဥပဒေနှင့် အာဏာ၊ ပြော၍မရသော နာမည်။]
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က အချိန်မရွေး လွင့်ပါး ပျောက်ကွယ်နိုင်တဲ့ မြူခိုးလိုပါပဲ။ ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ပုံရိပ်အစစ်အမှန်ကို လုံးဝ မမြင်နိုင်ပါဘူး။ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။
ဟန်ကျွယ်ရှေ့မှာ နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်ပေါ်လာပါတယ်။
[ပြော၍မရသော နာမည်: အထူးသီးသန့်စွမ်းအား၊ နာမည်ပြောလိုက်သည်နှင့် တစ်ဖက်လူသည် သင့်အား ရှာတွေ့သွားလိမ့်မည်။ တာအိုစက်ကွင်းပင် ဤစွမ်းအားကို မဟန့်တားနိုင်ပေ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်မှာ တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့် မရှိပါဘူး။ ဒီပြောလို့မရတဲ့နာမည်က တော်တော် ကြောက်ဖို့ကောင်းပါတယ်။ နာမည်ပြောရုံနဲ့ တစ်ဖက်လူက အာရုံခံမိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို ပြန်တွေးမိလိုက်ပါတယ်။ ဒီလိုတည်ရှိမှုမျိုးရဲ့ ဖိနှိပ်မှုကို ခံရတာက ဘဝဆုံးသွားပြီလို့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို အကောင်းမြင်ပါတယ်။ ဟန်ကျွယ် သိတဲ့လူတွေအထဲမှာ ဘိုးဘေးရှီတျန်တစ်ယောက်ပဲ တာအိုရှာဖွေသူတစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ အမြင် ရှိတာပါ။
ဘိုးဘေးရှီတျန်မှာ သာမာန်ထက် ထူးခြားပြီး ချီးကျူးရလောက်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဆိတ်ဆိတ်နေတတ်ပေမဲ့ သက်ရှိအားလုံးအပေါ်မှာ သနားစိတ်နည်းနည်းတော့ ရှိပါတယ်။ ဘိုးဘေးရှီတျန်က ဒီလောက်စွမ်းအားကြီးတဲ့ တည်ရှိမှုကို ဘယ်လိုရန်စမိတယ်ဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
ပဋိပက္ခသိစိတ်က မဟာတာအိုပညာရှိတွေနဲ့ မတူတဲ့အတွက် ကောင်းကင်တာအိုကို မလိုချင်လောက်ပါဘူး။ သူက ပဋိပက္ခလောကတစ်ခုလုံးရဲ့ နတ်ဘုရားဖြစ်တာကြောင့် မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက်တောင် အသက်ကြီးပါသေးတယ်။ ဒါကြောင့် ကောင်းကင်တာအို တည်ရှိတာ ပျက်သုဉ်းတာကို ဂရုစိုက်မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 690
? Views, Released on December 17, 2024