Switch Mode

Chapter – 689

အခန်း (၆၈၉) တာအိုဖြတ်ကျော် ဆရာကြီး
ဘိုးဘေးရှီတျန် ကိစ္စကြောင့် စကြဝဠာခန်းမရဲ့ လေထုဟာ တော်တော်လေး အုံ့မှိုင်းသွားပြီး တာအိုပညာရှိတွေ အကုန်လုံး သက်သောင့်သက်သာ မရှိတော့ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ငါတို့တွေ ဘိုးဘေးရှီတျန်ကို ကူညီချင်ရင်တောင် ဘယ်လိုကူညီနိုင်မှာလဲ၊ ကောင်းကင်တာအိုကို ငါတို့နဲ့အတူ ဆွဲချမလို့လား၊ ငါတို့တွေ ကူညီနိုင်တာက ကောင်းကင်တာအို ဒီထက်အင်အားကြီးလာအောင် လုပ်တာပဲ ရှိတယ်၊ ကောင်းကင်တာအို အင်အားကြီးလာမှ ဒီလိုမျိုး ကံဆိုးမိုးမှောင်ကျတဲ့ အဖြစ်တွေကို ကာကွယ်နိုင်မှာ”
ကောင်းကင်အရှင်ရွှမ်တုဟာ ဘိုးဘေးရှီတျန်ဆီက လမ်းညွှန်မှုကို ရရှိခဲ့တယ်ဆိုပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို ဘိုးဘေးရှီတျန်ထက် ပိုပြီးတော့ ဂရုစိုက်ပါတယ်။ တာအိုပညာရှိတွေဟာလည်း လက်တွေ့အခြေအနေကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ ရှီတုတောက်၊ လီတောက်ခုံးနဲ့ ဖန်းလျန်တို့ဟာ ဒီကိစ္စကို မကျေနပ်ပေမဲ့ ဘာမှမပြောပါဘူး။ အင်အားမရှိရင် ဘာပြောပြော အလကားပါ။
အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ စကားလမ်းကြောင်းပြောင်းပြီး ဒီအတောအတွင်း ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲလာမှုတွေနဲ့ တာအိုပညာရှိဂိုဏ်းတွေ ဘာလုပ်ဖို့လိုတယ် ဆိုတာကို ပြောဆိုပါတယ်။
နှစ် ၂၀ ကြာတဲ့အခါမှာတော့…
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အဆုံးသတ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိတဲ့ တပည့်တွေကို တာအိုစတင် ဟောကြားပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာမြင့်ပြီး တပည့်တွေလည်း တော်‌တော်လေး နားလည်နိုင်လိုက်ကြပါတယ်။ သူတို့တွေရဲ့ အန္တိမမူလ မဟာတာအိုအပေါ် နားလည်နိုင်စွမ်းက ပိုပြီးတော့ နက်ရှိုင်းလာပါတယ်။ ဒီလိုဖြစ်ရတာရဲ့ အဓိက အကြောင်းအရင်းကတော့ ဟန်ကျွယ် ထပ်ပြီးတော့ စွမ်းအားကြီးလာလို့ပါပဲ။
တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ကတော့ အခုထိ ဂူအောင်းကျင့်ကြံနေတုန်းပါ။ ရှင်းဟုန်ရွှမ်ဟာ ဂူအောင်းကတည်းက ဆောင်းခိုသလိုမျိုး တရားထိုင်နေတာကြောင့် ခန္ဓာသိမ်းခံရပြီလားလို့တောင် ဟန်ကျွယ် သံသယဝင်သွားပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်ရဲ့ အသိဉာဏ်က ရှိနေသေးတာကို ဟန်ကျွယ် ခံစားနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို မနှောင့်ယှက်ဘဲ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က အမြဲတမ်း ဆူညံနေတာပါ။ တိတ်ဆိတ်တဲ့နေရာဆိုလို့ ဖူစန်းသစ်ပင်အောက်ပဲ ရှိပါတယ်။
ဖူစန်းသစ်ပင်အောက်မှာ တပည့်ရင်းတွေ သိပ်မကျန်တော့ပါဘူး။ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ အာတနဲ့ ရှောင်အာတို့ပဲ ကျန်ရှိပါတော့တယ်။ တခြားတပည့်ရင်းတွေက တပည့်လက်ခံကြတဲ့အတွက် ဖူစန်းသစ်ပင်အောက်ကနေ ရွှေ့ပြောင်းသွားကြပါတယ်။ သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ သင့်တော်တဲ့နေရာမှာ တာအိုဘုံကျောင်း တည်ဆောက်ပြီး နေထိုင်ကြပါတယ်။
ဟန်ကျွယ် တွေ့တာနဲ့ ငရဲကြက်နက်ဟာ ဟန်ကျွယ်ရှေ့ကို ချက်ချင်း ရောက်ချလာပါတယ်။ ငရဲကြက်နက်ရဲ့ အလျင်က တော်တော်ကို မြန်ပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေထဲမှာတောင် ထိပ်တန်းအဆင့်ရှိတယ်လို့ ယူဆလို့ရပါတယ်။
ငရဲကြက်နက်ဟာ တခစ်ခစ် ရယ်လိုက်ပါတယ် “သခင်… ဘာဖြစ်လို့ ဒီရောက်လာတာလဲ၊ ကျွန်တော်တို့ကို ဆန်းကြယ်စွမ်းအား သင်ပေးမလို့လား”
ဟန်ကျွယ်ဟာ ငရဲကြက်နက်ရဲ့ စပ်ဖြီးဖြီး မျက်နှာကို ကြည့်ပြီး စက်ဆုပ်ရွံရှာခြင်း မရှိဘဲ သက်ပြင်းသာ ချလိုက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူတိုင်းက ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ် ကိုယ်တိုင်လည်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ ငရဲကြက်နက်ကတော့ ဘာမှမပြောင်းလဲဘဲ အရင်တိုင်း ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း တာအိုပညာရှိအတု ဖြစ်လာရင် ငါ မင်းကို အခွင့်အရေး အကြီးကြီးတစ်ခု ပေးမယ်”
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “တာအိုပညာရှိအတု… အဲဒီအဆင့်ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ”
ငရဲကြက်နက်ရဲ့ အရည်အချင်းက သိပ်မဆိုးပါဘူး။ ဒါပေမဲ့ တာအိုပညာရှိအတု အဆင့်ကို ရောက်ဖို့အတွက်တော့ ညံ့ဖျင်းနေပါသေးတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ငရဲကြက်နက်ဟာ တာအိုပညာရှိအတု ဖြစ်အောင် ကျင့်ကြံနိုင်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး ယူရမှာပါ။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို လျစ်လျူရှုပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားကာ အချိန်-အာကာသ ဝဲကတော့တွေကို စစ်ဆေးလိုက်ပါတယ်။ နှစ်တွေ ကြာသွားပေမဲ့ ဝဲကတော့ အရေအတွက်က တိုးမလာပါဘူး။ အရင်အတိုင်းပါပဲ။ ဆက်သွယ်ထားတဲ့ ကမ္ဘာတွေကလည်း ကောင်းကင်တာအိုထက် အားနည်းပါတယ်။ တာအိုပညာရှိ စောင့်ကြပ်နေတဲ့အတွက် ဖူစန်းသစ်ပင်ကို ဘယ်ရန်သူမှ လာမတိုက်ပါဘူး။
ဖူစန်းသစ်ပင်ဟာ အနည်းငယ်ဟာ လှုပ်ယမ်းသွားပြီး အသံလွှင့်ကာ မေးလိုက်ပါတယ် “သခင်… ကျွန်တော် ဘယ်တော့ အသွင်ပြောင်းနိုင်မှာလဲ”
အသွင်ပြောင်းလဲဖို့က ဖူစန်းသစ်ပင်ရဲ့ စွဲလမ်းမှု ဖြစ်လာပါတယ်။
ဟန်ကျွယ်ဟာ သူ့ဓမ္မစွမ်းအားကို အသုံးပြုပြီး ဖူစန်းသစ်ပင် အသွင်ပြောင်းနိုင်အောင် ကူညီပေးဖို့ ကြိုးစားပါတယ်။ လက်ရှိ တာအိုစက်ကွင်းက ဖူစန်းသစ်ပင် စိတ်ဝိညာဉ်ချီ ထောက်ပံ့ပေးတာကို မလိုအပ်တော့ပါဘူး။ တာအိုစက်ကွင်း ကိုယ်တိုင်က စိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အသွင်ပြောင်းလဲအောင် မကူညီပေးနိုင်သေးပါဘူး။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရဲ့ ရုပ်နာမ်နှစ်ပါးကို အသာလေး ဖျက်ဆီးလို့ရပေမဲ့ အသွင်ပြောင်းလဲအောင် လုပ်လို့ မရပါဘူး။
တော်‌တော် ထူးဆန်းပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရဲ့ အသိဉာဏ်ကို ဆွဲနှုတ်ပြီး မူလဝိညာဉ် နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုကာ ဝိညာဉ်တစ်ခု ဖန်တီးပေးနိုင်ပါတယ်။ ဝိညာဉ်နဲ့ဆိုရင် ပဋိပက္ခ နတ်ဘီလူး ဖြစ်လာအောင် အသွင်ပြောင်းလဲနိုင်မှာပါ။
“မင်းရဲ့ အမြစ်က မင်းကို ကန့်သတ်ထားတယ်၊ မင်း အသွင်မပြောင်းနိုင်ဘူး”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဖူစန်းသစ်ပင်ဟာ တိတ်ဆိတ်သွားပါတယ်။
“ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ…” ဖူစန်းသစ်ပင်ဟာ စိတ်လှုပ်တရှား မေးလိုက်ပါတယ်။
“မင်း ဖူစန်းသစ်ပင်ကနေ ထွက်ခွာလာရင် ငါ မင်းအတွက် ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးပေးနိုင်တယ်၊ မင်း ဆန္ဒရှိရဲ့လား…”
ဖူစန်းသစ်ပင်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဖူစန်းသစ်ပင်နေရာမှာ ဟန်ကျွယ်ဆိုရင်လည်း ချီတုံချတုံ ဖြစ်မှာပါ။
“မလောနဲ့… မင်း ခန္ဓာကိုယ် ပြောင်းရင်တောင် တာအိုပညာရှိအတု ဖြစ်လာအောင် ကျင့်ကြံအားထုတ်ရမှာပဲ၊ တစ်ချိန်လုံး ငေးမနေနဲ့၊ ကြိုးကြိုးစားစား ကျင့်ကြံပြီး အမြန်ဆုံး အသွင်ပြောင်းနိုင်အောင် ကြိုးစား” ဟန်ကျွယ်က သတိပေးလိုက်ပါတယ်။
ဖူစန်းသစ်ပင်က မွေးရာပါ နတ်သစ်ပင်ပါ။ သူ့အရည်အချင်းက မဆိုးပါဘူး။ ဒါပေမဲ့ ဖူစန်းသစ်ပင်ဟာ မကြာခဏဆိုသလို အသိဉာဏ်မရှိတဲ့ သစ်ပင်လိုမျိုး ငေးမောနေတတ်ပါတယ်။
ဟန်ကျွယ် စကားကို ကြားတာနဲ့ ဖူစန်းသစ်ပင်ဟာ ချက်ချင်း ပြန်ဖြေပါတယ် “ကျေးဇူးတင်ပါတယ် သခင်… ကျွန်တော် ကျိန်းသေပေါက် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်”
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မျှော်လင့်ချက်တစ်ခု ပိုရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို လျစ်လျူရှုလိုက်ပြီး အချိန် အာကာသ ဝဲကတော့တွေကို ဆက်အကဲခတ်ပါတယ်။ လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးဟာ ငရဲကြက်နားကို လျှောက်သွားပြီး တီးတိုး ပြောလိုက်ပါတယ် “သခင်က အဆင့်ထပ်ထိုးဖောက်ပြန်ပြီ ထင်တယ်”
ငရဲကြက်နက်ဟာ မျက်လုံးကို ပင့်တင်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “အဲဒါ ထူးဆန်းလို့လား”
“ဒါပေမဲ့ အဆင့်မြင့်လေလေ ထိုးဖောက်ဖို့ ပိုခက်လေလေပဲ”
“မင်းလို ခွေးဝဲစားက ဘာသိမှာလဲ၊ မင်း နားလည်ရင် မင်း ခွေးဖြစ်နေဦးမှာလား၊ ငါတို့သခင်က သခင်ဖြစ်နေပြီး မင်းက ဘာဖြစ်လို့ ခွေးဖြစ်နေတယ်ဆိုတာကို မသိဘူးလား”
ပဋိပက္ခ ကောင်းကင်ခွေးဟာ တိတ်ဆိတ်သွားပြီး ငရဲကြက်နက်ကို သွားဖြဲကာ ကြည့်လိုက်ပါတယ် ‘ဒီကြက်စုတ်က ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာကို ကောင်းကောင်း သိတာပဲ’
ပဋိပက္ခ ကောင်းကင်ခွေးဟာ အရင်တုန်းက ဝီရိယတောင်ကနေ ထွက်ခွာသွားခဲ့တာကို နောင်တရသွားပါတယ်။ အဲဒီတုန်းကသာ သူ ထွက်မသွားခဲ့ရင် ငရဲကြက်နက်ရဲ့ နောက်မှာ ကျန်နေခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ ခြေတစ်လှမ်း နောက်ကျသွားလို့ ဘယ်လိုမှ လိုက်မမီတော့ပါဘူး။ ကွာခြားချက်က တဖြည်းဖြည်း ပိုကြီးလာပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးဟာ ဒီအကြောင်းကို တွေးလေလေ စိတ်ဓာတ်ကျလေလေပါပဲ။
တစ်ခြားတစ်ဖက်မှာတော့။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် နောက်ထပ်လုပ်ရမှာက မဟာတာအိုကို ရယူဖို့ နည်းလမ်း စဉ်းစားရမှာပါ။
ဟန်ကျွယ်ဟာ သူ့ရဲ့ မဟာတာအိုကျင့်စဉ် လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို စပြီးတော့ သုံးသပ်နားလည်လိုက်ပါတယ်။ အန္တိမမူလ မဟာတာအိုကလည်း မဟာတာအိုတစ်ပါးပါပဲ။
ဟန်ကျွယ်သာ မဟာတာအိုကို ရယူချင်တယ်ဆိုရင် စပါယ်ရှယ် ကျင့်စဉ်တစ်ခုကို အမှီပြုရပါလိမ့်မယ်။ မဟာတာအိုကျင့်စဉ်ထဲမှာ မဟာတာအိုကို ရယူနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ကျိန်းသေပေါက် ရှိနေမှာပါ။
အချိန်တွေ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို လျင်မြန်စွာ သုံးသပ် နားလည်နိုင်သွားပါတယ်။ မဟာတာအိုပညာရှိတွေမှာလည်း မတူကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။ အကျဉ်းချုပ်ရရင် သူတို့ကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။ ပထမတစ်ခုက သာမန် မဟာတာအိုပညာရှိတွေ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ တာအိုဖြတ်ကျော် ဆရာကြီးတွေပါ။
တာအိုဖြတ်ကျော်ဆရာကြီးတွေက မဟာတာအိုပညာရှိတွေထက်တော့ ပိုမမြင့်ပါဘူး။ သူတို့က မဟာတာအိုကို လုံးဝ ထိန်းချုပ်နိုင်တဲ့ မဟာတာအိုပညာရှိတွေပါ။ သာမန် မဟာတာအိုပညာရှိတွေက မဟာတာအိုရဲ့ စွမ်းအားကိုပဲ အသုံးပြုနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်ပြီး ဖြစ်တာကြောင့် မဟာတာအိုပညာရှိ နှစ်မျိုးစလုံး ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာက ဟန်ကျွယ်ရဲ့ ရွေးချယ်မှုအပေါ် မူတည်ပါတယ်။ သာမန် မဟာတာအိုပညာရှိတွေမှာလည်း သူတို့အကျိုးကျေးဇူးနဲ့ သူတို့ ရှိပါတယ်။ သူတို့တွေဟာ မဟာတာအိုနဲ့ ဆက်သွယ်ထားတဲ့အတွက် မဟာတာအို ဖျက်ဆီးမခံရရင် မသေနိုင်ပါဘူး။ ဒါပေမဲ့ တာအိုဖြတ်ကျော် ဆရာကြီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ တာအိုဖြတ်ကျော် ဆရာကြီးတွေက ပိုစွမ်းအားကြီးပြီး ပိုလွတ်လပ်တယ်ဆိုပေမဲ့ သူတို့သေရင် မဟာတာအိုက သူတို့ထိန်းချုပ်မှုအောက်ကနေ ချိုးဖောက်ထွက်မှာပါ။ သူတို့နဲ့အတူ လိုက်မသေပါဘူး။
ရွေးချယ်မှုနှစ်ခုစလုံးမှာ ကောင်းနဲ့ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။ အကျဉ်းချုပ်ရရင် သာမန် မဟာတာအိုပညာရှိတွေက လုံခြုံတယ်ဆိုပေမဲ့ ဒီနေရာမှာတင် လမ်းဆုံးသွားပါပြီ။ ရှေ့ဆက် မတက်နိုင်တော့ပါဘူး။ ဒါပေမဲ့ တာအိုဖြတ်ကျော် ဆရာကြီးတွေကတော့ ဒီထက်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ချက် ရှိပါတယ်။
ဟန်ကျွယ်ကတော့ မဟာတာအိုရဲ့ နှောင်ဖွဲ့မှုကို မခံရတဲ့ တာအိုဖြတ်ကျော် ဆရာကြီး ဖြစ်ချင်ပါတယ်။ ဒါမှလည်း တာအိုဖန်တီးရှင်ဖြစ်ဖို့ မျှော်လင့်ချက်ရှိမှာ မဟုတ်ပါလား။
ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဟန်ကျွယ်ဟာ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ အဆင့်ထိုးဖောက်ဖို့ အချိန်ဘယ်လောက် ယူရမလဲဆိုတာကို ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ အချိန် အရမ်းကြာမှာကိုတော့ ဟန်ကျွယ် သိနေပါတယ်။
မဟာတာအိုပညာရှိ အဆင့်က ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူနဲ့ ရောက်နိုင်မှာလဲ။
နက်ရှိုင်းတဲ့ အမှောင်ထု တစ်နေရာမှာ ဧရာမ တောင်တန်းကြီးတစ်ခု မျောပါနေပါတယ်။ တောင်ကြားတစ်ခုမှာ အားကောင်းတဲ့ ရောင်ဝါ ၁၂ ခု စုဝေးနေကြပါတယ်။ ဒီရောင်ဝါတွေကို ‌တောင်တစ်ခုလုံးကို လှုပ်ခါနိုင်တဲ့ မီးလျှံလိုပါပဲ။
ဒီရုပ်သွင်တွေထဲက တစ်ယောက်ကတော့ ဧကရီဟုတ်ထိုပဲ ဖြစ်ပါတယ်။ ဧကရီဟုတ်ထိုဟာ အရင်လိုမျိုး သန့်ရှင်းကြော့မော့မှု မရှိတော့ပါဘူး။ သူ့ခါးမှာ စပါးအုံးနှစ်ကောင် ပတ်ခွေနေပြီး မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကလည်း ရက်စက်တဲ့ အသွင်အပြင်ရှိတဲ့အတွက် ပိုပြီးတော့ အရိုင်းဆန်စေပါတယ်။
ဒီရုပ်သွင် ၁၂ ပါးဟာ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးပဲ ဖြစ်ပြီး သူတို့ခေါင်းဆောင်ကတော့ သိကျန်း ဖြစ်ပါတယ်။ သိကျန်းဟာ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးထဲမှာ အတုတ်ခိုင်ဆုံး ဖြစ်ပါတယ်။ သိကျန်းဟာ ဧရာမ ရုပ်တုတစ်ခုရှေ့မှာ မတ်တတ်ရပ်ပြီး ဆုတောင်းနေပါတယ်။ မီးလျှံတွေ ပတ်လည်ဝိုင်းနေတဲ့ ဘိုးဘေးမှော်ပညာရှိတစ်ပါးက မနေနိုင်ဘဲ ပြောလိုက်ပါတယ် “အစ်ကို… ပြီးပြီလား၊ ဘယ်အချိန် တိုက်ခိုက်မှာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset