Switch Mode

Chapter – 686

အခန်း (၆၈၆) ပဋိပက္ခသို့ ဦးတည်ခြင်း

‘ငါ အဆင့်ထိုးဖောက်နိုင်တော့မယ်’ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကိုတွေးပြီး ပျော်ရွှင်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပထမဆုံး အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။
ပဋိပက္ခ ကောင်းကင်လမ်းကို ဖွင့်လှစ်ထားတာ နှစ်သုံးထောင် ရှိပါပြီ။ ဒါပေမဲ့ လူသွားလူသာ သိပ်မရှိပါဘူး။ ပဋိပက္ခ ကောင်းကင်လမ်းကို ဦးတည်သွားတဲ့ သက်ရှိအရေအတွက်က လက်ချိုးရေလို့တောင် ရပါတယ်။
ဟန်ကျွယ်ဟာ ထူးဆန်းသွားပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ပန်ရှင်းနဲ့ ကျင်းရှန်က ကံတရား အထောက်အပံ့ဂိုဏ်း တည်ထောင်ပြီး သူတို့ဂိုဏ်းထဲဝင်မှ ပဋိပက္ခ ကောင်းကင်လမ်းထဲ ဝင်ခွင့်ပြုတာကို သိလိုက်ရပါတယ်။ သူတို့နှစ်ယောက် ဒီလိုလုပ်မှတော့ ပဋိပက္ခ ကောင်းကင်လမ်း ခြောက်ကပ်နေတာ မထူးဆန်းပါဘူး။
ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ ဦးနှောက်က လူ့ဦးနှောက်များ ဟုတ်ရဲ့လားလို့ သံသယဝင်သွားပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်းက ဖွင့်လှစ်ခါစမို့ သာမန်သက်ရှိတွေ စုပြုံတိုးဝင်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလမ်းထဲဝင်လို့ ကောင်းကင်ပေါ်ကို ထိုးတက်သွားမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါ့အပြင် ပန်ရှင်းက ပဋိပက္ခ ကောင်းကင်လမ်းထဲ ဝင်ဖို့ စံအဆင့်ကို ကန့်သတ်လိုက်ပါသေးတယ်။ ဒီအကြောင်းတွေကြောင့် ပဋိပက္ခ ကောင်းကင်လမ်း စည်ကားလာဖို့ အချိန်ပိုကြာတော့မှာပါ။ သက်ရှိတွေ အများကြီး ပဋိပက္ခ ကောင်းကင်လမ်းထဲ တိုးဝင်ပြီး အကျိုးအမြတ်ရသူတွေ ပေါ်လာမှ လူတွေကို ပိုပြီးတော့ ဆွဲဆောင်နိုင်မှာပါ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာနဲ့ သေမျိုးကမ္ဘာတွေကို ကြည့်ပြီးနောက် နှစ်ငါးထောင်အကြာမှာ အနန္တကမ္ဘာက တော်‌တော်လေး တိုးတက်လာတာကို ရှာတွေ့သွားပါတယ်။ လက်ရှိကောင်းကင်တာအိုက တော်‌တော်လေးကို အင်အားကြီးနေပါပြီ။ ကပ်ဘေးမျိုးနွယ်စုကို ပေါင်းလိုက်ရင် ပဋိပက္ခထဲက ဘယ်မျိုးနွယ်စုမှ ကောင်းကင်တာအိုကို မယှဉ်နိုင်တော့ပါဘူး။
ပဋိပက္ခအင်အားစုတွေ ကောင်းကင်တာအိုကို တိုက်ခိုက်ချင်ရင်လည်း အရင်လို လွယ်ကူတော့မှာ မဟုတ်ပါဘူး။ အရင်ကထက် အဆပေါင်းများစွာ ပိုပြီးတော့ ခက်ခဲမှာပါ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုးတက်လာတာနဲ့ ပတ်သက်ပြီး ကျေနပ်အားရပါတယ်။ ကောင်းကင်တာအို အင်အားကြီးလေလေ သူ လုံခြုံလေလေ မဟုတ်ပါလား။ ဒါမှာလည်း ဟန်ကျွယ်ဟာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်မှာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် စုချီသည် ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၀၄၈၇၉၂
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ဖိနှိပ်မှုကြောင့် ကျင့်ကြံမှု လျော့ကျသွား၏။]
[သင့်တပည့် ကျိုးဖန်သည် မဟာတာအိုမျှော်စင်ကို သုံးသပ်နားလည်ပြီး မဟာတာအို ဆန်းကြယ်စွမ်းတစ်မျိုးကို သင်ယူတတ်မြောက်ကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် မဟာတာအို ကံတရားပင်လယ်သို့ ဝင်ရောက်သွားခဲ့သည်။]
[သင့်မိတ်ဆွေ လီယောင်သည် လောကဦး အကောင်းစား ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့များစွာ တိုးတက်သွား၏။]
‘အခွင့်အရေးတွေ များလှချည်လား…’ ဟန်ကျွယ် အကျေနပ်စေဆုံးကတော့ ကျိန်စာနတ်ဘီလူးနောက်ကို လိုက်နေတဲ့ နတ်ဒေါင်းအရှင်ပါ။ နတ်ဒေါင်းအရှင်က ဘယ်အချိန်ကျမှ ကျိန်စာနတ်ဘီလူးကို သတ်နိုင်မလဲ ဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
ဝတ္ထုထဲမှာဆိုရင် ကျိန်စာနတ်ဘီလူးလိုမျိုး တည်ရှိမှုက အလွယ်လေး အသတ်ခံရမှာ မဟုတ်ပါဘူး။ ဆက်ပြီးတော့ အသက်ရှင်ပြီး တစ်နေ့မှာ ဇာတ်လိုက်ကို ရန်စဖို့အတွက် နတ်ဒေါင်းအရှင်ရဲ့ ခေါင်းကို တက်နင်းမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာနတ်ဘီလူးကို နတ်ဒေါင်းအရှင် သတ်နိုင်ဖို့ မျှော်လင့်ချက် နည်းနည်းတော့ ရှိပါသေးတယ်။ ဒီနေရာမှာ နတ်ဒေါင်းအရှင်က ဇာတ်လိုက်ပဲ မဟုတ်ပါလား။
‘မင်းငါ့ကို ကိုယ်တိုင် မလှုပ်ရှားခိုင်းဖို့ မျှော်လင့်ပါတယ်’ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ တစ်ခါမှ မကြားဖူးတဲ့ ကံတရားပင်လယ်ကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ တဒင်္ဂပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတာနဲ့ ကျင့်ကြံမှုထဲ နှစ်မြှုပ်လိုက်တဲ့အတွက် တပည့်တွေကို တာအိုဟောကြားဖို့တောင် သတိမရတော့ပါဘူး။ ဟန်ကျွယ်ဟာ အမြန်ဆုံး အဆင့်ထိုးဖောက်ချင်နေပါပြီ။
အမှောင်တားမြစ်နယ်မြေ။
နှစ်တစ်သောင်းကျော် တိုးတက်ပြောင်းလဲလာပြီးနောက် မဟာတာအိုမျှော်စင်ဟာ အာကာသတစ်ခုလုံးကို နေရာယူထားနိုင်နေပါပြီ။ မဟာတာအိုမျှော်စင်ကို ဗဟိုထားပြီး အရွယ်အစားမျိုးစုံ ကုန်းမြေတွေဟာ ပေါလောမျောနေပါတယ်။ ကင်းလှည့်နေတဲ့ နတ်ဆိုးတွေအပြင် သက်ရှိတွေ အများကြီးကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒီသက်ရှိတွေကို ကျိုးဖန်က နေရာမျိုးစုံကနေ ကယ်တင်ထားခဲ့တာပါ။ ပဋိပက္ခထဲမှာ ပုန်းအောင်းနေတဲ့ ကောင်းကင်တာအိုငယ်လေးတွေ အများကြီးပါပဲ။ အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ ကျူးကျော်မှုကြောင့် ကောင်းကင်တာအိုငယ်လေးတွေ ပျက်စီးတဲ့အခါ အဲဒီမှာရှိတဲ့ သက်ရှိတွေဟာ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေ ဖြစ်သွားကြပါတယ်။
ကောင်းကင်တာအိုငယ်လေးတွေကလွဲရင် အဆုံးသတ် အပျက်အစီး နတ်ဘုံကလည်း အတူတူပါပဲ။ ရှေးပျက်သုဉ်းနယ်မြေရဲ့ ချိပ်ပိတ်စည်း ကျိုးပျက်သွားကတည်းက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ သက်ရှိတွေဟာ ပြေးရင်ပြေး မပြေးရင် သေတာချည်းပါပဲ။ အခုအချိန်မှာ အဆုံးသတ် အပျက်အစီး နတ်ဘုံက လုံးဝကို တားမြစ်နယ်မြေတစ်ခု ဖြစ်နေပါပြီ။ ဘယ်သက်ရှိမှ ဝင်လို့ မရပါဘူး။
မဟာတာအိုမျှော်စင်ရဲ့ ပထမထပ်က နန်း‌တော်ထဲမှာ ကျိုးဖန်ဟာ အဓိကနေရာမှာ ထိုင်နေပါတယ်။ သူ့အောက်မှာတော့ ရုပ်သွင်ဒါဇင်ကျော် မတ်တတ်ရပ်နေကြပါတယ်။ ဒီရုပ်သွင်တွေရဲ့ ရောင်ဝါက အတော်လေး အားကောင်းပါတယ်။ သူတို့အထဲက အားအနည်းဆုံးလူတောင် အင်‌မော်တယ်ဧကရာဇ်အဆင့် ရှိပါတယ်။
ကျိုးဖန်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း အမင်္ဂလာ မကောင်းဆိုးဝါးတွေက မဟာတာအိုမျှော်စင်ကို ချဉ်းကပ်လာတာ၊ မင်းတို့တွေ တင်းတင်းကျပ်ကျပ် ကင်းလှည့်ကြ”
“ဟုတ်ကဲ့ပါ” စစ်သူကြီး ဒါဇင်ကျော်က တညီတညွတ်တည်း ပြန်ဖြေလိုက်ပါတယ်။
ဒီအချိန်မှာ အဘိုးအိုတစ်ဦးက မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး… လောကဦး ကောင်းကင်အရှင်သခင်က အရှင်မင်းကြီးကို ချန်ကျောင်းတော်ရဲ့ အဂ္ဂကမ္ဘာကို ဖိတ်ခေါ်ထားပါတယ်၊ အရှင်မင်းကြီး သွားမှာလား…”
ကျိုးဖန်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “မသွားဘူး၊ ငါ သွားရင် ပြန်လာနိုင်ဖို့ မသေချာဘူး”
စစ်သူကြီးတွေဟာ ကျိုးဖန်ရဲ့ စကားကြောင့် မရယ်ဘဲ မနေနိုင်ပါဘူး။
ရှေးပျက်သုဉ်းနယ်မြေ ကျိုးပျက်သွားကတည်းက မဟာတာအိုပညာရှိတွေဟာ လူစုကွဲသွားကြပါတယ်။ မဟာတာအိုပညာရှိ အကုန်လုံးဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ ထွက်ပြေးပြီး သူတို့ကိုယ်ပိုင် ကမ္ဘာငယ်လေးတွေကို တည်ထောင်ထားကြပါတယ်။ ဒီကိစ္စ ပဋိပက္ခမှာ ပျံ့နှံ့သွားတဲ့အခါ မဟာတာအိုပညာရှိတွေက ပြိုင်ဘက်မကင်းဘူး အနန္တတန်ခိုးရှင် မဟုတ်ဘူးလို့ သက်ရှိအားလုံး ခံစားလိုက်ကြရပါတယ်။
ပဋိပက္ခက ကျယ်ပြောပြီး အဆုံးမရှိပါဘူး။ လောကဦး ကောင်းကင်အရှင်သခင်က အင်အားစုအများကြီးကို ဖိတ်ခေါ်ထားတာပါ။ မဟာတာအိုမျှော်စင်သာ မသွားဘူးဆိုရင် တခြားအင်အားစုလေးတွေကလည်း သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ကျိုးဖန်နဲ့ ဘာမှမဆိုင်ပါဘူး။
“ဒီအတောအတွင်း မဟာတာအိုမျှော်စင်ရဲ့ စီမံခန့်ခွဲမှုကို ပိုပြည့်စုံအောင် ကူညီဖို့ ‌ကောင်းကင်တာအိုက ကျင့်ကြံသူတချို့ ရောက်လာလိမ့်မယ်၊ မင်းတို့တွေ သူတို့ကို ဧည့်ဝတ်ကျေရမယ်” ကျိုးဖန်က ညွှန်ကြားလိုက်ပါတယ်။
ကျိုးဖန်ပြောတဲ့ ကောင်းကင်တာအို ကျင့်ကြံသူတွေက တိတ်ဆိတ်ဂိုဏ်း တပည့်တွေပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျိုးဖန်ဟာ လီရွှမ်အောက်နဲ့ အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာ စကားပြောပြီးပါပြီ။ လီရွှမ်အောက်ကလည်း ဂိုဏ်းတပည့်တွေကို ပဋိပက္ခဆီ စေလွှတ်တာကို ကောင်းတဲ့ကိစ္စလို့ လက်ခံပါတယ်။ အခုလက်ရှိ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုနှုန်းနဲ့ဆိုရင် သိပ်မကြာတော့တဲ့ အချိန်မှာ ပဋိပက္ခထဲ ဝင်ရမှာပါပဲ။
ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ပဋိပက္ခဆီ ကြိုပြီး လွှတ်ထားတာက အကျိုးပိုများပါတယ်။ ကျိုးဖန်ကလည်း အင်အားစုကြီးတစ်စုကို စီမံခန့်ခွဲဖို့ သူ့မှာ အရည်အချင်းမရှိမှန်း သိပါတယ်။ ဒါကြောင့်လည်း လီရွှမ်အောက်ကို အကူအညီ တောင်းလိုက်တာပါ။ လီရွှမ်အောက်ကလည်း သူ အထူးတလည် ပျိုးထောင်ထာတဲ့ တပည့်တော်တော်များများကို ကျိုးဖန်ဆီ စေလွှတ်လိုက်ပါတယ်။
ကျိုးဖန် အခုလို အင်အားစု တည်ထောင်တာကလည်း တကယ်တော့ တိတ်ဆိတ်ဂိုဏ်းအတွက်ပါ။ ဟန်ကျွယ်ကို အသက်ကယ်တဲ့ ကျေးဇူး ပြန်မဆပ်နိုင်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းကိုပဲ ပြန်ပေးဆပ်တာပါ။
အဲဒီနောက် ကျိုးဖန်ဟာ သူ့စစ်သူကြီးတွေကို ကိစ္စတချို့ ရှင်းပြပါတယ်။ အင်အားစုအသစ်တစ်ခု အနေနဲ့ မဟာတာအိုမျှော်စင်ရဲ့ စိတ်ဓာတ်ဟာ တက်ကြွနေပါတယ်။ အပေါ်ဆုံးကနေ အောက်ခြေအထိ သက်ရှိအားလုံးဟာ မျှော်လင့်ချက်တွေ ရှိကြပါတယ်။
နောက်ထပ် နှစ်ငါးထောင် ကုန်ဆုံးတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ် ‘ကောင်းလိုက်တာ… ငါ အဆင့်ထိုးဖောက်နိုင်တော့မယ်’
ဟန်ကျွယ်ဟာ တစ်ကိုယ်တော် ဂိမ်းကစားနေရသလိုမျိုး ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အများဆုံး နောက်နှစ်ထောင်အတွင်း ထိပ်ဆုံးအဆင့်ကို ထိုးဖောက်နိုင်တော့မှာပါ။ ဒီကိစ္စက တကယ်ကို အံ့ဖွယ်ဖြစ်ရပ်ပါ။ ဟန်ကျွယ်ရဲ့ အသက်က ခုမှ ၂၃၀,၀၀၀ ပဲ ရှိပါသေးတယ်။ ဒီအတိုင်းဆက်သွားရင် ဟန်ကျွယ်ဟာ အသက်တစ်သန်း မပြည့်ခင် မဟာတာအိုကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိပါတယ်။
မဟာတာအိုကို ရယူပြီးရင် ဟန်ကျွယ်ဟာ လိုက်ကြွားမှာ မဟုတ်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုကိုလည်း ပြောမှာ မဟုတ်ပါဘူး။ ဆက်ပြီးတော့ သိုသိုသိပ်သိပ်ပဲ ကျင့်ကြံမှာပါ။ သူ တာအိုဖန်တီးရှင်အဆင့်ကို ရောက်ပြီးတဲ့အချိန်၊ ကောင်းကင်တာအို အန္တရာယ်တွေ့လို့ ကောင်းကင်အရှင်ရွှမ်တုက သူ့ကို မဟာတာအို ရယူနိုင်ရင်တောင် ကောင်းကင်တာအိုကို မကယ်တင်နိုင်ဘူးလို့ ပြောလာတဲ့အချိန်၊ အဲဒီလိုအချိန်မျိုးမှာ ရန်သူကို တစ်ချက်တည်း အပြတ်ရှင်းလိုက်ရင်… ဟန်ကျွယ်ဟာ တွေးမိရုံနဲ့တင် မပြုံးဘဲ မနေနိုင်ပါဘူး။
ကောင်းကင်တာအို အန္တရာယ် မတွေ့ရင်တော့ အကောင်းဆုံးပါ။ ဟန်ကျွယ်ဟာ တခြားလူတွေကို ပြဿနာရှာဖို့ထက် သူလုပ်ချင်တာ လုပ်နိုင်ဖို့အတွက် တတ်နိုင်သလောက် မြန်မြန် ပြိုင်ဘက်ကင်းဖို့ပဲ မျှော်လင့်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ အရင်လိုပဲ အဆော်ခံရတာတွေ ရှိသလို အခွင့်အရေးရတာတွေ နေရာအသစ် ပေါ်လာတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဟာမှ ဟန်ကျွယ်ရဲ့ အာရုံကို မဆွဲဆောင်နိုင်ပါဘူး။
ဟန်ကျွယ် စာစောင်တွေကို ဖတ်ပြီးတဲ့အချိန်မှာပဲ တာအိုဘုံကျောင်းရှေ့ကို လူတစ်ယောက် ရောက်လာပါတယ်။
ချူရှီရန်။
ဟန်ကျွယ်ဟာ ချူရှီရန်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။ ချူရှီရန်က သူ့ဆီကို လာလည်ခဲပါတယ်။ အခုလို လာလည်တာက ကိစ္စတစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
ချူရှီရန်ဟာ ဒူးထောက်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ် “ဆရာဘိုးဘိုး… ကျွန်တော် ပဋိပက္ခ ကောင်းကင်လမ်းကို သွားချင်တယ်”
ဟန်ကျွယ်ဟာ ချူရှီရန်က ကောင်းကင်ဘဝဂ် ထိပ်ဆုံးအဆင့် ရောက်နေပြီး တာအိုပညာရှိအတု ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တာကို ရှာတွေ့သွားပါတယ်။ ချူရှီရန်ရဲ့ အရည်အချင်းက တော်တော်လေး မြင့်မားပါတယ်။ ဒါပေမဲ့ ချူရှီရန်ရဲ့ ကျင့်ကြံမှု သဘောထားက သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ချူရှီရန်ဟာ သူ့စိတ်ကိုသူ ကောင်းစွာထိန်းချုပ်ပြီး တိတ်ဆိတ်ဂိုဏ်း ထိပ်တန်းတပည့်တွေရဲ့ ခြေရာကို လိုက်နင်းနိုင်ခဲ့ပါတယ်။ နောက်ပြီး ချူရှီရန်ဟာ ဂုဏ်ကျက်သရေအတွက် တခြားတပည့်တွေနဲ့ မတိုက်ခိုက်ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“ပဋိပက္ခထဲမှာ အခွင့်အရေးတစ်ခု စောင့်ဆိုင်းနေတာကို ကျွန်တော် ခံစားမိတယ်၊ ဘယ်သူကမှ ကျွန်တော်ကို အကောက်မကြံပါဘူး၊ ဒီခံစားချက်ကို ကျွန်တော် ဘဝဟောင်းမှာတုန်းကလည်း ရခဲ့ဖူးတယ်၊ နောက်ဆုံးမှာ ကျွန်တော် ဒီအခွင့်အရေးကို မှီခိုပြီး အဆင့်ထိုးဖောက်ခဲ့တဲ့အတွက် အဂ္ဂဗုဒ္ဓဘွဲ့ကို အရယူနိုင်ခဲ့တာ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset