အခန်း (၆၈၃) သူလျှိုများ စိတ်ပြောင်းခြင်း
“ဝုန်း…”
ဟန်ထော်ဟာ မဟာတာအိုမျှော်စင်ပေါ်ကို အရှိန်နဲ့ တက်နင်းလိုက်ပါတယ်။ ကြောက်မက်ဖွယ် အင်အားဟာ မဟာတာအိုမျှော်စင်ကို ပြင်းထန်စွာ လှုပ်ခါသွားစေပါတယ်။
နတ်ဆိုးငှက် ဒါဇင်ကျော်ဟာ ဟန်ထော်ကို ဝိုင်းပြီးတော့ ထိုးဆိတ် တိုက်ခိုက်ကြပါတယ်။ ဟန်ထော်ဟာ နတ်လှံကို ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်တဲ့အခါ သူ့ဓမ္မစွမ်းအားက ရွှေရောင်လေပြင်းအသွင် ပြောင်းလဲပြီး အရပ်ဆယ်မျက်နှာကို ပျံ့နှံ့ကာ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ နတ်ဆိုးငှက်တွေ အကုန်လုံးကို သုတ်သင်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…
ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်ရတဲ့အတွက် ဟန်ထော်ဟာ လန့်သွားပြီး မော့ကြည့်လိုက်တဲ့အခါ အထက်က ပြတင်းပေါက်တစ်ခု ရုတ်တရက် ပွင့်သွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ပြတင်းပေါက်ထဲကနေ တောင်ပံလေးဖက်နဲ့ နတ်ဆိုးတစ်ကောင် တွားသွားပြီး ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီနတ်ဆိုးက တစ်ကိုယ်လုံး နက်မှောင်ပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ မြွေလိုမျိုး ရက်စက်ကောက်ကျစ်တဲ့ မျက်နှာရှိပါတယ်။
ဟန်ထော်ဟာ ရန်သူတော်ကြီးကို ရင်ဆိုင်ရသလိုမျိုး သတိကြီးစွာထားလိုက်ပါတယ်။ ဟန်ထော်ဟာ ဘယ်လက်နဲ့ တံဆိပ်တွေ ထုတ်ဖော်လိုက်တဲ့အခါ သူ့ရှေ့မှာ ရွှေရောင် စာလုံးတစ်လုံး ထွက်ပေါ်လာပါတယ်။ ဒီရွှေရောင်စာလုံးဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး ရွှေရောင်အလွှာတစ်ခုအသွင် ပြောင်းလဲကာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံလိုက်ပါတယ်။
တောင်ပံလေးဖက်နဲ့ အနက်ရောင် နတ်ဆိုးဟာ အနက်လေပြင်းအသွင် ပြောင်းလဲပြီး အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ဟန်ထော်ဆီ ထိုးဆင်းလာပါတယ်။ တခြားတစ်ဖက်မှာတော့ ယီတျန်လည်း တခြားရန်သူတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေရပါတယ်။
မဟာတာအိုမျှော်စင်ထဲ ပုန်းအောင်းနေတဲ့ နတ်ဆိုးတွေထဲမှာ တာအိုပညာရှိအတုနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ရှိတဲ့ နတ်ဆိုးတွေ တော်တော် များပါတယ်။ သာမန် နတ်ဆိုးအရေအတွက်ကလည်း ကောင်းကင်စစ်သား အရေအတွက်ထက် အများကြီး ပိုပါတယ်။ စစ်ရေးအခြေအနေက ကောင်းကင်ရုံးတော်အတွက် တော်တော်ကို အခွင့်အလမ်း မသာတာပါ။
“ဝုန်း…”
မဟာတာအိုမျှော်စင်ရဲ့ ထိပ်ဆုံးက တံခါးတစ်ချပ်ဟာ ရုတ်တရက် ပွင့်သွားပြီး ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ ကျိုးဖန်ဟာ တစ်လှမ်းချင်း ထွက်လာပါတဘ်။ ကျိုးဖန်ရဲ့ ရောင်ဝါက မီးလျှံလို တောက်လောင်ပြီး သူ့မျက်လုံးတွေက ရေခဲလို အေးစက်လှပါတယ်။ ကျိုးဖန်ဟာ ငရဲပြည်က နတ်ဆိုးနတ်ဘုရားလို အမှောင်ထုထဲကနေ တစ်လှမ်းချင်း လမ်းလျှောက်ပြီး ထွက်လာပါတယ်။ ကြီးမားတဲ့ ဖိအားတစ်ခုဟာလည်း အလိုလိုဖြစ်ပေါ်လာပြီး အရပ်ဆယ်မျက်နှာကို ဖိနှိပ်လာပါတယ်။
ဟန်ထော်၊ ယီတျန်နဲ့ ကောင်းကင်စစ်သား တစ်သန်းဟာ လန့်သွားပါတယ်။
တာအိုပညာရှိ။
ကျိုးဖန်ဟာ ကောင်းကင်စစ်သားတစ်သန်းကို ငုံ့ကြည့်ပြီး ကြုံးဝါးလိုက်ပါတယ် “မင်းတို့ သူခိုးတွေကများ ငါ့ရဲ့ မဟာတာအိုမျှော်စင်ကို လုယူချင်သေးတယ်၊ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ကျိုးဖန်ရဲ့အကြည့်ဟာ ချက်ချင်းဆိုသလို ဟန်ထော်ဆီ ရောက်သွားပါတယ်။ ဟန်ထော်ရဲ့ ရောင်ဝါက အားအကောင်းဆုံးဆိုတာကို ကျိုးဖန် အာရုံခံမိပါတယ်။ ဒါကြောင့် ကျိုးဖန်ဟာ ဟန်ထော်က ခေါင်းဆောင်ဆိုတာ တန်းသိလိုက်ပါတယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ကျိုးဖန်ရဲ့ မျက်နှာဟာ ပျော့ပျောင်းသွားပါတယ်။
ဟန်ထော်ကလည်း ကျိုးဖန်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်ရဲ့ မျက်နှာက လေးနက်နေသလောက် ကျိုးဖန်ရဲ့ မျက်နှာကလည်း အနည်းငယ် အံ့ဩမှင်တက်နေပါတယ်။
နှစ်ငါးထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျင့်ကြံမှု တိုးတက်လာတာကို ခံစားရင်း ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် ‘ဒီလိုသာ ဆက်သွားရင် ငါအဆင့်ထိုးဖောက်ဖို့ သိပ်လိုမှာ မဟုတ်တော့ဘူး…’
သေမျိုးတွေအတွက် နှစ်ငါးထောင်က လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ပြီး ကျဆုံးဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ တစ်ခါအိပ်သလောက်ပဲ ရှိပါတယ်။ အချိန်ကုန်တာက မြန်တောင်မြန်နေပါသေးတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ပထမဆုံး ကြည့်လိုက်ပါတယ်။ ထုံးစံအတိုင်း သူ့သားက အခုထိ မွေးမလာသေးပါဘူး။ ဒီအတိုင်းဆိုရင် နှစ်သောင်းချီ ဒါမှမဟုတ် နှစ်သိန်းချီတောင် ပျိုးထောင်ရမဲ့ပုံ ရှိပါတယ်။
ဟန်ကျွယ်ဟာ ရှေးဟောင်း ကောလဟာလတစ်ခုကို သတိရသွားပါတယ်။ လောကကြီးကို ဖန်တီးပြီးတုန်းက သက်ရှိတစ်ယောက်ဟာ အချိန်ကြာကြာ ပျိုးထောင်ရလေလေ သူတို့ရဲ့ အရည်အချင်းက သန်မာလေလေပါပဲ။
ဘိုးဘေးမှော်ပညာရှိ ဆယ့်နှစ်ပါး၊ သုံးပါးအရှင်၊ သိကျွင်း၊ အရှေ့ဧကရာဇ် ထိုက်ယီ၊ နွီဝါနဲ့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ခေတ်တစ်ခေတ်ကြာအောင် ပျိုးထောင်ခံခဲ့ရတဲ့အတွက် ပထမဆုံး အနန္တကပ်ဘေး ပြီးဆုံးလို့ ဖွားမြင်တဲ့အခါ တစ်ခါတည်း လောကကြီးရဲ့ ထိပ်တန်းတည်ရှိမှုတွေ ဖြစ်သွားခဲ့ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ထပ်ကြည့်လိုက်ပါတယ်။ ဒီနှစ်ငါးထောင်အတွင်း အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိအတု ဆယ်ပါးကျော်နဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တစ်ရာကျော် ပေါ်ထွန်းလာပါတယ်။ နတ်မင်းအဆင်နဲ့ အင်မော်တယ်ဧကရာဇ် ကျင့်ကြံသူတွေကတော့ ရေတွက်လို့တောင် မရပါဘူး။ သက်ရှိအရေအတွက်ကလည်း ဂဏန်းသင်္ချာနဲ့ ရေတွက်လို့ မရတဲ့အထိကို ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာက အများကြီး ကျယ်ပြန့်လာတာကို ရှာတွေ့သွားပါတယ်။ အင်မော်တယ်ကမ္ဘာပဲ ဖြစ်ဖြစ် သေမျိုးကမ္ဘာပဲဖြစ်ဖြစ် အကုန်လုံး အေးချမ်းသာယာပြီး စည်ပင်ဝပြောနေပါတယ်။ ဒါတွေ အကုန်လုံးက တာအိုပညာရှိတွေရဲ့ ဂရုတစိုက် စီမံမှုကြောင့်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
ကောင်းကင်တာအိုက ကောင်းကောင်းမွန်မွန် တိုးတက်လာသလို တိတ်ဆိတ်ဂိုဏ်းကလည်း ထို့အတူပါပဲ။ တပည့်ရင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ဖြစ်လာကြပါတယ်။ ဒါပေမဲ့ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီကတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်မှာ တစ်နေကြပြီး တာအိုပညာရှိအတုအဆင့်ကို မဝင်နိုင်ကြသေးပါဘူး။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီကို လမ်းညွှန်ပေးဖို့ ဆုံးဖြတ်ပြီး အသံလွှင့်ကာ ဆင့်ခေါ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ ဟန်ကျွယ်ဆီကို ရောက်လာပါတယ်။
တကယ်တော့ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ်ဆီကို လာလည်ချင်နေတာ ကြာပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် မလာဖြစ်ကြတာပါ။ တာအိုဘုံကျောင်းထဲကို ရောက်တဲ့အခါမှာတော့ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြပါတယ်။
ဟန်ကျွယ်က ဘာမှမပြောဘဲ တစ်ခါတည်း အန္တိမမူလ မဟာတာအိုကို သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်ထဲ နက်ရှိုင်းစွာဝင်အောင် ထည့်ပေးလိုက်တဲ့အတွက် ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တာအိုသုံးသပ် နားလည်တဲ့ အခြေနေကို ချက်ချင်း ဝင်ရောက်သွားကြပါတယ်။
ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် တာအိုပညာရှိအတု ဖြစ်အောင် လမ်းညွှန်ပေးဖို့ သိပ်မခက်ပါဘူး။ အရင်တုန်းကတော့ ကရိကထများလို့ မလုပ်ပေးခဲ့တာပါ။ အခုအချိန်မှာ ကောင်းကင်တာအိုက အေးချမ်းနေတဲ့အတွက် ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တာအိုအရှင်သခင် လုပ်ခဲ့သလိုမျိုး လိုက်လုပ်လို့ မရပါဘူး။ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီ တရားထိုင်နေတုန်း ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် မှော်မျိုးနွယ်စုကို ဖန်တီးလိုက်သဖြင့် သူမ၏ ကံတရား အထောက်အပံ့မှာ များစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် ကျိုးဖန်သည် သင့်သား ဟန်ထော် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၀၂၂၄၇
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ဖန်တီးရှင် ကျောက်စိမ်းပြားကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ကမ္ဘာမြေစာအုပ်ကို မတော်တဆ ရရှိပြီး ကံတရား အထောက်အပံ့များစွာ တိုးတက်သွား၏။]
‘နတ်ဒေါင်းအရှင်က ကျိန်စာနတ်ဘီလူးကို ဒီလောက်မြန်မြန် ရှာတွေ့သွားတာလား… မဆိုးဘူး… ဒါပေမဲ့ ကျိန်စာနတ်ဘီလူးက တစ်ခါတည်း မသတ်နိုင်တာ နှမြောဖို့ ကောင်းလိုက်တာ…’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ နတ်ဒေါင်းအရှင်နဲ့ ကျိန်စာနတ်ဘီလူးရဲ့ တိုက်ပွဲစာစောင်တွေကို တွေ့လိုက်ရပါတယ်။ တိုက်ပွဲတိုင်းမှာ နတ်ဒေါင်းအရှင်က တစ်ခါမှ ဒဏ်ရာမရဘဲ ကျိန်စာနတ်ဘီလူးပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရပါတယ်။ နတ်ဒေါင်းအရှင်က တကယ်ကို တစ်ခုခုပါပဲ။
ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက မှော်မျိုးနွယ်စုကို ဖန်တီးတာ တွေ့ရတဲ့အခါမှာတော့ အံ့အားသင့်ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧကရီဟုတ်ထိုမှာ ဒီလိုအတွေးမျိုး အမြဲတမ်း ရှိနေခဲ့လို့ပါပဲ။ အခုတစ်ကြိမ်တော့ ဧကရီဟုတ်ထိုရဲ့နောက်မှာ သိကျန်း ရှိနေလောက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ရှေးဟောင်းဒဏ္ဍာရီထဲက တည်ရှိမှုတွေကို စိတ်မလှုပ်ရှားဘဲ ကြည့်နိုင်နေပါပြီ။
ဟန်ကျွယ် စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ကျိုးဖန်နဲ့ ဟန်ထော် တိုက်ခိုက်ကြတာကို တွေ့လိုက်ရပါတယ် ‘ဘာြဖစ်လို့ ဒီကောင်နှစ်ကောင် တိုက်ခိုက်ကြတာလဲ… ဟန်ထော် ဒဏ်ရာမရတာ တော်သေးတယ်၊ ဒီလိုကျတော့လည်း ငါ့တပည့်လေးက သိတတ်သားပဲ’
ဘာပဲဖြစ်ဖြစ် ဟန်ထော်က ဟန်ကျွယ်ရဲ့ သားပါ။ တကယ်လို့ သူ့တပည့်က သူ့သားကို ဒဏ်ရာရအောင်လုပ်ရင် ဟန်ကျွယ်မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မှာပါ။ စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာပြီး သူတို့ရဲ့ ကျင့်ကြံရာနေရာတွေကို ပြန်သွားကြပါတယ်။ ဟန်ကျွယ်လည်း စပြီးတော့ ဂူအောင်း ကျင့်ကြံပါတယ်။ နှစ်တစ်ရာ မပြည့်ခင်မှာပဲ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တာအိုပညာရှိအတု အဆင့်ကို လှမ်းဝင်သွားတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တုန်ခါသွားစေပါတယ်။ တောင်ထိပ်တစ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တောင်ထိပ်တစ်ခုက ကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူမှာ တပည့်ခုနစ်ယောက် စုဝေးနေကြပါတယ်။
ဝတ်ရုံနီ အမျိုးသားဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… တိတ်ဆိတ်ဂိုဏ်းက တကယ်ကြောက်ဖို့ ကောင်းတာပဲ၊ တာအိုပညာရှိအတုနှစ်ပါးကို ပြီးစလွယ် ထုတ်လုပ်နိုင်တယ်”
တခြားလူတွေလည်း သက်ပြင်းချလိုက်ကြပါတယ် “ဟုတ်တယ်… နတ်မင်းအဆင့် ကျင့်ကြံသူ အရေအတွက်က တစ်သိန်းကျော်နေပြီ၊ ဒါတောင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာပဲနော်…”
“တပည့်ရင်းတွေက နောက်ကျရင် တာအိုပညာရှိအတု ဖြစ်လာမှာလို့ ပြောကြတယ်”
“တပည့်ရင်းတွေတင် မဟုတ်ဘူး၊ ဒုတိယ အစောင့်အရှောက် ပို့လာတဲ့ တပည့်တွေထဲမှာလည်း ဒါဇင်ကျော်လောက်က တာအိုပညာရှိအတု ဖြစ်လာဖို့ အရည်အချင်း ရှိတယ်တဲ့”
“အခုအချိန် ကောင်းကင်တာအိုထဲမှာ တိတ်ဆိတ်ဂိုဏ်းက နံပါတ်တစ် အင်အားစုပဲ”
“ဟင်း… ငါတို့တွေ ဘာဖြစ်လို့ တိတ်ဆိတ်ဂိုဏ်းနောက် တကယ် မလိုက်ကြတာလဲ”
ကျင့်ကြံခြင်းလိုဏ်ဂူမှာ နတ်အာရုံနဲ့ စူးစမ်းတာကို ကာကွယ်တဲ့ ကန့်သတ်စည်းတွေ ရှိနေတာကြောင့် သူတို့ဟာ ဘာကိုမှ စိုးရိမ်စရာ မလိုဘဲ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း စကားပြောဆိုနိုင်ကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းကို စုံစမ်းရုံသာ စုံစမ်းတာ ဖြစ်ပြီး ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးမရှိတဲ့အတွက် သိပ်ပြီးတော့ ဖိအားမများပါဘူး။
ဟုတ်ပါတယ်။ ဒီလူတွေက ကျင်းရှန် စီစဉ်ထားတဲ့ သူလျှိုတွေပါ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အုတ်မြစ်ကို မြင်တွေ့ရတဲ့အခါမှာတော့ ဒီလူတွေဟာ လုံးဝကို တုန်လှုပ်သွားကြပါတယ်။ ကျင်းရှန်က တာအိုပညာရှိ ဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းမှာက တာအိုပညာရှိနှစ်ပါး ရှိနေပါတယ်။
ဝတ်ရုံနီ အမျိုးသားက အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ငါတို့တွေ ကျင်းရှန်ကို သတင်းမပို့ရသေးဘူးပဲ၊ ဘာမှမဖြစ်သလိုမျိုး နေကြရအောင်၊ ငါတို့က အခု တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေပဲ”
ဝတ်ရုံနီရဲ့စကားကြောင့် တခြားခြောက်ယောက်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မလာခင် ကျင်းရှန်က သူတို့ကို ကိုယ်တိုင် တာအိုဟောကြားပြီး ကံတရား အထောက်အပံ့ဂိုဏ်း တည်ထောင်နိုင်အောင် ကူညီမယ်လို့ ကတိပေးခဲ့ပါတယ်။ အရင်တုန်းကတော့ သူတို့တွေဟာ တကယ်ကို ဆွဲဆောင်ခံခဲ့ရတာပါ။
ဒါပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာတဲ့အခါမှာတော့…
တိတ်ဆိတ်ဂိုဏ်းသားတွေက တာအိုပညာရှိအဆင့်ကို ပန်းတိုင်ထားပြီး ကျင့်ကြံနေကြတာကို သူတို့တွေ ရှာတွေ့သွားပါတယ်။ တာအိုပညာရှိနေရာက အကန့်အသတ်နဲ့ရှိတာ မဟုတ်ဘူးလားလို့ သူတို့တွေ မေးခဲ့ပါသေးတယ်။ အဲဒီအခါမှာတော့ တိတ်ဆိတ်ဂိုဏ်းသားတွေက ဂိုဏ်းချုပ်ရှိနေရင် တာအိုပညာရှိနေရာက အကန့်အသတ် မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ကျင်းရှန်နဲ့ တိတ်ဆိတ်ဂိုဏ်းက လုံးဝ ကွဲပြားခြားနားနေတယ်ဆိုတာကို သူတို့တွေ သဘောပေါက် နားလည်သွားကြပါတယ်။ အသိဉာဏ်နည်းနည်း ရှိရင်တောင် ဒီနှစ်ခုကြားက ကွာခြားမှုကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ချီဟာ တာအိုပညာရှိရဲ့ တာအိုစက်ကွင်းမှာထက် ပိုပြီးတော့ သိပ်သည်းထူထပ်တာပါ။
သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာပြီးနောက် အပြင် ပြန်မထွက်ချင်တော့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 683
? Views, Released on December 17, 2024