Switch Mode

Chapter – 191

သေအတူရှင်မကွာ

Chapter – 191
“သေအတူရှင်မကွာ”

လုပ်ကြံသတ်ဖြတ်သူများသည် ရဲရှောင်၏ စကားအား ကြားလိုက်ရေ​သာအခါ ဒေါသအကြီးအကျယ် ပင်​ထွက်သွားကြသည်။ ကောင်းကင်အဆင့် ပညာရှင်များမှ –
“ညီနောင်တို့ ဒီကောင့်ကို သတ်ကြစမ်း . . .”
အမိန့်​ပေးသံအဆုံးတွင်​ရန်​သူများသည်​ရဲရှောင်ထံသို့ ညာသံပေး၍ ပြေးသွားကြ​လေသည်​။
ရဲရှောင်သည် သူ့ထံသို့​ပြေးဝင်​လာသည့်​ရန်​သူများအား ပြုံး၍ ကြည့်​လိုက်​ပြီး အပ်​ဆယ့်​ရှစ်​ချောင်းအား တစ်​ပြိုင်​တည်းပင်​ပစ်​လွှတ်​လိုက်​သည်​။ ထိုအပ်​များအား အားကုန်​သုံး၍ ပစ်​လွှတ်​လိုက်​ခြင်း ဖြစ်​သည်​။
ထို့​နောက်​ချက်ချင်းဆိုသလိုပင်​သူ၏ ဆံပင်များအကြား ဝှက်ထားသည့် ဓားတိုသုံးချောင်းကိုပါ ထပ်မံ၍​ပစ်လွှတ်လိုက်လေသည်။ ယခု တိုက်ခိုက်မှုသည်​သူ၏ နောက်ဆုံးတိုက်ခိုက်မှုဟုပင်​ဆိုရ​ပေမည်​။
ရဲ​ရှောင်အ​တွက် လက်​ရှိတိုက်​ခိုက်​နေရ​သော တိုက်​ပွဲသည်​အလွန် အားစိုက်ထုတ်ခဲ့ရ​သော တိုက်​ပွဲတစ်​ခုပင်​ဖြစ်​သည်​။ ဆေးလုံးများကိုပင် စားရန် အချိန်မရခဲ့ချေ။ လက်​နက်​များအား နောက်ဆုံးအကြိမ်​ထုတ်သုံးလိုက်ပြီးနောက် သူ၏ ဘဝသည်​လည်း အဆုံးသတ်တော့မည်ဟု တထစ်ချ မှတ်ယူလိုက်မိသည်​။
သို့သော် ထိုအချိန်​တွင်​ရဲ​ရှောင်​ထံသို့​ပြေးဝင်​လာသည့်​ရန်​သူများအားလုံးသည်​ရပ်တန့်သွားကြသည်​။
. . .
မမျှော်လင့်ထား​သော အဖြစ်အပျက်တစ်ခုသည်​အံ့ဩဖွယ်​ရာ​ကောင်း​လောက်​အောင်​ပင်​ဖြစ်​ပျက်​သွားခဲ့သည်​။
မည်သူကမျှ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
“ရပ်ကြစမ်း . . .”
ခပ်မာမာ ပြောလိုက်သော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။
​လေသံမာမာဖြင့်​ပြောလိုက်​သော်​လည်း ထိုအသံထဲတွင် စိုးရိမ်ထိတ်လန့်မှု နှင့်​ကြောက်ရွံ့မှုများလည်း ပါဝင်​လျက်​ရှိသည်​။
လူတိုင်းသည် ရုတ်​တရက်​ထွက်​ပေါ်လာသည့်​အသံ​ကြောင့်​တုန်လှုပ်အံ့သြသင့်​သွားကြသည်​။
ရဲရှောင်သည်​လည်း ထို့အတူပင် ဖြစ်​သည်​။ လူများ အားလုံးသည် အသံလာရာဆီသို့ ပြိုင်​တူ လှမ်းကြည့်လိုက်ကြသည်။
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည် မိန်းကလေးတစ်ဦးသည် သူမ၏ လက်​များအား ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားရင်း ရပ်​နေသည်​ကို​တွေ့လိုက်​ရသည်​။ သူမ၏ ဆံနွယ်​များသည်​လေထဲတွင်​မျောလွင့်​လျက်​ရှိပြီး လှပနက်​မှောင်​သော မျက်​ဝန်းများမှလည်း မျက်​ရည်​များသည်​တသွင်​သွင်​စီးကျလျက်​ရှိ​သည်။
ထိုမိန်းကလေးမှာ စုယဲ့ယွဲ့ပင် ဖြစ်သည်။ ယဲ့ယွဲ့သည်​ရဲရှောင်ရှိရာသို့ လျင်​မြန်​စွာဖြင့်​ပင်​အ​ပြေးက​လေး​ပြေးသွားလိုက်​သည်​။ တသိမ့်​သိမ့်​ရှိုက်​ငိုရင်း ချစ်​ရ​သူထံသို့ အ​ပြေးသွား​နေသည့်​ထိုမိန်းက​လေးသည်​ရန်​သူများအား ဂရုမစိုက်​တော့သည့်​အပြင်​သူ၏ အသက်​ကိုလည်း ပဓာနမထား​တော့သည့်​ပုံစံပင်​။
လူတိုင်း မထင်မှတ်ထားသော အဖြစ်အပျက် တစ်ခုပင် ဖြစ်​သည်​။
ယဲ့ယွဲ့၏​နောက်​သို့ လိုက်သွားကြသည့် ရန်​သူများသည် သူမအား မျက်​ခြေပြတ်​သွားသည့်​အတွက်​တိုက်​ပွဲဖြစ်​ရာ​နေရာသို့ပင်​ပြန်​လာ​နေကြပြီ ဖြစ်​သည်​။ ထိုလူများသည်​ပင်​စုယဲ့ယွဲ့အား ကြည့်​ရင်း တအံ့တဩ ဖြစ်​နေကြသည်​။
ရဲရှောင်သည် သူ့ထံသို့ အပြေးလာနေသော မိန်းမလှလေးအား ငေးကြည့်ရင်း နားမလည်​မှု​ပေါင်း များစွာဖြင့်​ရင်ထဲတွင်​ယူကြုံးမရပင်​ဖြစ်​သွား​လေသည်​။
စုယဲ့ယွဲ့အား အဝေးသို့ တွန်းထုတ်​ခဲ့စဉ်က အရှိန်​ပြင်းပြင်းဖြင့်​ပင်​တွန်းခဲ့ခြင်း ဖြစ်သည်။ ဘေးလွတ်ရာသို့ အလျင်အမြန် ရောက်စေချင်သည့်​ဇောဖြင့်​ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူ တွန်းလိုက်သည်မှာလည်း ဂုဂျင်လုံအား သတ်ခဲ့သော ဂူရှိရာ ဘက်သို့ ဖြစ်သည်။
အဆိုပါ လိုဏ်ဂူအား စုယဲ့ယွဲ့သာ တွေ့ရှိသွားမည် ဆိုပါက ထိုနေရာမှတဆင့် သူမသွားချင်သည့် နေရာသို့ မျက်ခြေဖြတ်၍ သွားနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော သူလုပ်ခဲ့သည့် လိုဏ်ခေါင်းသည် လမ်းကြောင်းများစွာ ဖောက်လုပ်ထားခဲ့ခြင်း​ကြောင့်​ဖြစ်​သည်​။
သို့သော် ယဲ့ယွဲ့သည်​ထွက်​ပြေးသွားရမည့်အစား သူ့ထံသို့ ပြန်လာခဲ့သည်​။
“မင်းအရူးပဲ . . .”
ရဲရှောင်သည်​ဒေါသတကြီးဖြင့်​ပင်​အော်လိုက်မိသည်။
စုယဲ့ယွဲ့မှာမူ မည်​သည့်​အရာကိုမျှ ဂရုမစိုက်​ဘဲ သူ့ထံသို့ အ​ပြေးလာ​နေတုန်းပင်ဖြစ်​သည်​။ သူမ၏ အမြင်တွင် ရဲရှောင်တစ်ဦးတည်းသာ ရှိနေသည့် ပုံစံပင်​။ ရဲရှောင်၏ အော်သံအား ကြားလိုက်ရေ​သာအခါ ယဲ့ယွဲ့သည်​ရဲရှောင်အား နူးညံ့သော မျက်ဝန်းများဖြင့် ပြန်​၍ ကြည့်​လိုက်​မိသည်​။
စုယဲ့ယွဲ့အား ငေးကြည့်နေကြသည့်​ရန်​သူများသည်​ပင်​အယောင်အယောင် အမှားမှားဖြင့် လမ်း ဖယ်ပေးမိလိုက်​ကြသည်​။
“အင့်​. . .”
စုယဲ့ယွဲ့သည် ရဲရှောင်၏ ရင်ခွင်ထဲသို့​ပြေးဝင်​သွားပြီး တင်းကြပ်စွာဖြင့်​ပင်​ဖက်ထားလိုက်သည်​။
ရဲရှောင်၏ နှလုံးခုန်သံအား ကြားလိုက်​ရသည့် အခါမှသာ ယဲ့ယွဲ့တစ်​ယောက်​စိတ်သက်သာရာ ရသွားမိသည်။ ထို့နောက် ရဲ​ရှောင်​၏ ရင်​ခွင်​ထဲတွင်​မျက်​နှာအပ်​လိုက်​ပြီး အားရပါးရပင်​ငိုချလိုက်​သည်​။
ရဲရှောင်မှာမူ မည်​သည့်​စကားမျှ မ​ပြောနိုင်​တော့ဘဲ သက်ပြင်းတစ်ချက်သာ ချမိလိုက်သည်​။ သူ၏ ရင်​ဘတ်​ထဲတွင်​လည်း​ခံစားချက်​များစွာဖြင့်​ဗြောင်းဆန်​လျက်​ရှိသည်​။
“မင်းဘာလို့ ပြန်လာရတာလဲကွာ။ အခုတော့ ၂ ယောက်လုံး ဒုက္ခရောက်တော့မယ် . . .”
ရဲရှောင် နာကျင်စွာဖြင့်​ပြောလိုက်​သည်​။
အကယ်၍ ရဲရှောင်သည်​စုယဲ့ယွဲ့အား ထားခဲ့ပြီး ထွက်ပြေးခဲ့မည် ဆိုပါက လွတ်မြောက်ရန်မှာ ၉၉ ရာခိုင်နှုန်းခန့်​ထိ သေချာလေသည်။ သို့သော် သူ့ကိုယ်သူ စတေး၍ ယဲ့ယွဲ့ကိုသာ ကယ်တင်ပေးခဲ့သည်​။ သူစီစဉ်ထားသည့်​အတိုင်း ယဲ့ယွဲ့သည်လည်း ရန်သူများအား မျက်ခြေဖြတ်၍ ထွက်​ပြေးနိုင်​ခဲ့သည်​။ သို့သော်​ရဲရှောင်အား မထားခဲ့ရက်သဖြင့် ပြန်လာခဲ့သည်​။ သူတို့တွင် မတူညီသော အတွေးအခေါ်များ ရှိနေကြသည့်တိုင် တူညီသော လုပ်ရပ်တစ်ခုတည်းကိုသာ ရွေးချယ်မိခဲ့ကြသည်။ ကိုယ့်သေတွင်း ကိုယ်တူးလိုက်ကြခြင်းပင် ဖြစ်သည်​။ အချစ်ဆိပ်​တက်​နေ​သော လူနှစ်​ယောက်​ဟု ဆိုရမလိုပင်။
“ငါတို့ နှစ်ယောက်လုံး သေရမှာလား . . .”
ယဲ့ယွဲ့သည် နောက်ဆုံးတွင်​အ​ခြေအ​နေများအား အကဲခတ်​မိသွားပြီး စိုးရိမ်​စိတ်​ဝင်​သွားသည်​။ သို့သော် ချက်ချင်းဆိုသလိုပင် မျက်​နှာသည်​တည်​ငြိမ်​သွားပြီး​မကျေမချမ်းဖြင့် –
“သေသွား​တော့​ရော ဘာဖြစ်​လဲ . . . နင်​နဲ့အတူ​တောင်​သေရ​သေးတယ်​. . .”
စုယဲ့ယွဲ့၏ စကား​ကြောင့်​ရဲ​ရှောင်​သည်​ပြုံးလိုက်​ရင်း –
“အခုကြိုးစားရမှာက သေဖို့အတွက် မဟုတ်ဘူးလေ . . .”
“အခုက မင်းကိုယ်​မင်း သူတို့လက်ထဲ ထိုးအပ်လိုက်သလို ဖြစ်သွားပြီ။ မင်းလုပ်​ရပ်​က မင်းအဖေကိုပါ ထိခိုက်နိုင်တယ်။ သူတို့က မင်းကို ပြန်ပေးဆွဲပြီး မင်းအဖေကို ခြိမ်းခြောက်ကြမှာ . . .”
စုယဲ့ယွဲ့လည်း အထိတ်​တလန့်​ပင်​ဖြစ်​သွားရင်း –
“ဘယ်လို . . . ငါဒီအချက်ကို မေ့နေတာပါလား . . .”
“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ နင့်ကိုလည်း ငါ မသေစေချင်ဘူး . . .”
ရဲရှောင်၏ စိတ်ထဲတွင်​အ​တွေး​ပေါင်းများစွာဖြင့်​ရှုပ်​ထွေးလျက်​ရှိသည်​။
စုယဲ့ယွဲ့အား ကယ်တင်နိုင်ရေးအတွက် ရဲ​ရှောင်​သည်​အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ချစ်​ခြင်း​မေတ္တာ​ကြောင့်​ဆိုသည်​ထက်​လူသားဆန်စွာ ပြုမူလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် စုယဲ့ယွဲ့မှာမူ သူ့ထံသို့ ပြန်​လာခဲ့သည်​။
ယဲ့ယွဲ့၏ လုပ်​ရပ်​သည်​မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူမသည်လည်း လူသားဆန်သော လုပ်ရပ်အား ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။
ရဲ​ရှောင်​သည်​သူ၏ ရင်​ခွင်​ထဲရှိ မိုက်​ရူးရဲဆန်​သော မိန်းမလှ​လေးအား ကြည့်​ရင်း ကရုဏာသက်မိ​နေသည့်​အပြင်​စိတ်ထဲတွင်လည်း –
[ငါ့အသက်နဲ့ ရင်းပြီး သူ့ကို ကယ်ဖို့ ကြိုးစားခဲ့တယ်။
သူ့အတွက်​ငါ့အသက်​ကို​ပေးဆပ်​ရမယ်​ဆိုရင်​တောင်​ထိုက်​တန်​လို့ ခံယူခဲ့တာ။ ဒါပေမဲ့ အခုကြ သူက ပြန်လာတယ်တဲ့လား။ ငါ လုပ်​ခဲ့သမျှ​တွေ အားလုံး အလဟဿ ဖြစ်ကုန်တာပဲ။ သူလုပ်လိုက်တဲ့ လုပ်ရပ်က တောင်ပိုင်းက တိုက်ပွဲ​ပေါ်မှာလည်း သက်ရောက် သွားနိုင်တယ်။ သူသာ ဒီလူတွေလက်ထဲ ရောက်သွားရင် မင်းသားဟွာရန်းလည်း ဒုက္ခရောက်ပြီပဲ။ အဲ့ဒီအတွက်​သူ့ကို အပြစ်တင်ရမှာလား။ အပြစ်​ရော တင်​ရက်​ပါ့မလား . . .]
ရဲရှောင်သည် အပြစ်​ကင်းစင်​လှ​သော စုယဲ့ယွဲ့၏ မျက်​နှာအား​ငေးကြည့်​နေမိရင်း စိတ်​ထဲတွင်​အပြစ်​မမြင်​ရက်​ပင်​ဖြစ်​နေ​လေသည်​။
မည်​သည့်​အရာကိုမျှ မစဉ်းစားဘဲ သူ့ထံသို့ အ​ရောက်​ပြန်​လာခြင်းသည်​ချစ်​ခင်​မြတ်​နိုးလွန်း၍သာ ဖြစ်​ပေသည်​။ သူ့အတွက်​နှင့်​သေရမည်​ကိုပင်​မ​ကြောက်​ရွံ့ခဲ့​ချေ။
ထိုကဲ့သို့ ဖြူစင်လွန်း​လှသော ချစ်ခြင်းမေတ္တာအား သူအ​နေဖြင့်​မည်ကဲ့သို့ အပြစ်တင်နိုင်ပါမည်နည်း။
မျက်ရည်များဖြင့် ပြည့်နေသော စုယဲ့ယွဲ့၏ မျက်​ဝန်းနက်​များအား စိုက်​ကြည့်​ရင်း ရဲ​ရှောင်​၏ စိတ်ထဲတွင် –
[​ကောင်းပြီ . . . ဒါဆိုလည်း အတူတူ သေကြတာပေါ့ . . .]
ရဲ​ရှောင်​တို့ နှစ်​ဦးအား ကြည့်​ရင်း ရန်​သူတစ်​ဦးမှ ခနဲ့​သော​လေသံဖြင့်​-
“ဟာ . . . သူတို့က တကယ့် ချစ်သူတွေပါလား။ အဲဒါကြောင့် ဒီကောင် အသည်းအသန် တိုက်ခိုက်နေတာကိုး။ အသက်ရှင်ဖို့ အခွင့်အရေး ရနေတာတောင် ထွက်​မ​ပြေးဘဲ အ​သေခံတိုက်​နေခဲ့တာ ဒါ​ကြောင့်​ကိုး . . .”
“ဒီစုံတွဲကို ဘယ်လို ခွဲပြမလဲ ကြည့်နေ . . .”
“နေဦး . . .”
စုယဲ့ယွဲ့သည်​ရဲရှောင်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး မျက်ရည်များအား သုတ်လိုက်သည်။ ထို့နောက် ရန်သူများဘက်သို့ လှည့်ရင်း –
“နင်တို့က ငါ့ကို လာဖမ်းတာ မဟုတ်လား။ အခု လာဖမ်းသွား။​အေး . . . ဒါပေမဲ့ သူ့ကိုတော့ သွားခွင့်ပြုရမယ်”
“သူ့ကို သွားခိုင်းရမယ် ဟုတ်လား . . .”
ရန်​သူများသည်​ယဲ့ယွဲ့၏ စကား​ကြောင့်​ဟားတိုက်​ရယ်​မောလိုက်​ကြရင်း –
“သူက ငါတို့လူတွေ အများကြီးကို သတ်ခဲ့တယ်။ အဲဒါတောင်မှ မင်းပြောတိုင်း ငါတို့က သူ့ကို လွှတ်ပေးလိုက်ရမှာလား။ မင်းတို့ နှစ်​ယောက်လုံး အခု ငါတို့ လက်ထဲရောက်နေပြီ။ မင်းတို့ကိုယ်မင်းတို့ လွတ်နိုင်ဦးမယ်များ ထင်နေတာလား . . .”
စုယဲ့ယွဲ့လည်း အံကို တင်းတင်းကြိတ်​လိုက်​ရင်း –
“နင်တို့က ငါ့ကို အသုံးချပြီး ငါ့အဖေကို ခြိမ်းခြောက်ချင်ကြတာမလား။ ငါ့အလောင်းနဲ့ ငါ့အဖေကို ခြိမ်းခြောက်နိုင်မယ်လို့ ငါတော့ မထင်ဘူး။ အခုနေ ငါသေသွားရင် နင်တို့ အကြံအစည်တွေလည်း အကုန်သွားပြီပဲ။ နောက်ပြီး ငါ့အဖေလည်း ပိုပြီး ဒေါသထွက်သွားလိမ့်မယ်။ ငါကိုယ်တိုင် နင်တို့နောက် လိုလိုလားလား လိုက်ခဲ့မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ နင်တို့ ငါ​ပြောတာကို နားလည်မှာပါ . . .”
“သူ့ကို လွှတ်ပေးလိုက်တာနဲ့ ငါနင်တို့နဲ့ လိုက်ခဲ့မယ်။ ငါ့ကိုယ်ငါလည်း သတ်မ​သေဘူးလို့ ကတိပေးတယ် . . .”
ရန်သူ​တစ်ဦးမှ ခနဲ့တဲ့တဲ့ဖြင့် –
“မင်းတို့က တော်တော်ကို အဖြစ်သည်းနေကြတာပဲ။ သမီးဆိုတာ ဘာမှ အားကိုးမရဘူးဆိုတဲ့ အချက်ကသိပ်မှန်တာပါလား။ မင်းချစ်ရတဲ့ လူတစ်ယောက်အတွက်နဲ့ မင်းအဖေကို​တောင်​မငဲ့ညာ​တော့ဘူး​ပေါ့​လေ။ ဟားဟား ဟားဟား . . . မင်းသားဟွာရန်းရဲ့ သမီးအလိမ္မာလေးကို ကြည့်ကြစမ်းပါဦးကွာ . . .”
စုယဲ့ယွဲ့သည် အံတင်းတင်းကြိတ်​ထား၍ မည်​သည့်​စကားမျှ တုန့်​ပြန်​ပြောဆိုခြင်း မပြု​တော့​ပေ။ သူမ၏ စိတ်ထဲတွင်မူ –
[​ရှောင်ရှောင် လွတ်သွားတာနဲ့ ငါ့ကိုယ်ငါ သတ်သေပစ်မယ်။ အဲ့ဒီအခါကြ ငါ့အဖေကို ဘယ်လို ခြိမ်းခြောက် နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ နင်တို့လို ခွေးကောင်တွေကို ကတိတည်ပေးနိုင်စရာ အကြောင်း မရှိဘူး . . .]
ရန်​သူများ၏​ခေါင်း​ဆောင်​ဖြစ်​သူမှ –
“အပိုတွေ ပြောမနေနဲ့တော့ . . .”
“သူ့ကို ကြိုးနဲ့ချည်ပြီး ဟိုကောင့်ကိုတော့ တစ်စစီ လုပ်ပစ်လိုက်ကြ . . .”
ရန်​သူများသည်​စုယဲ့ယွဲ့၏ စကားအား အလေးအနက်​မထားကြ​ပေ။
ရဲရှောင်အား လွှတ်ပေးလိုက်​ရန်​မှာ သူတို့အတွက်​မဖြစ်​နိုင်​သည့်​ကိစ္စတစ်​ခုပင်​ဖြစ်​သည်​။
ရဲရှောင်အား အသက်ရှင်ခွင့်သာ ပေးလိုက်မည် ဆိုပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်ကို ကြိုသိနေကြသည်။ ထို့အပြင် ရဲရှောင်ကဲ့သို့ လူမျိုးသည်​သူတို့အား ဘယ်​သောအခါမှ အလွတ်​မ​ပေးဘဲ အိမ်​မက်​ဆိုးပမာ အမြဲ​ခြောက်​လှန့်​နိုင်​သည်​ကို​သေချာ​ပေါက်​ပင်​သိကြသည်​။
“ရွှစ် . . .”
ဓားတိုတစ်ချောင်းသည် ရဲရှောင်ရှိရာသို့ လျင်မြန်စွာ ဖြင့်​ပျံသန်းသွားသည်။
ရဲရှောင်သည် သူ့ထံ​ပြေးဝင်လာသည့် ဓားအား ကြည့်ရင်း ပြုံးနေမိသည်​။ သူ၏ ရင်ဘတ်ထံသို့ နီးသထက် နီးလာသည့် ဓားအား မြင်နေရသည့်တိုင် အနည်းငယ်​မျှ​ရှောင်​တိမ်းခြင်း မပြု​တော့​ပေ။ ရဲ​ရှောင်​အတွက်​မူ​ခြေတစ်လှမ်းလှမ်းရန်ပင် အားအင်ကုန်ခမ်းနေပြီ ဖြစ်​သည်​။
“ချွင် . . .”
စုယဲ့ယွဲ့သည် သူမ၏ဓားကို ထုတ်ယူလိုက်ပြီး ပျံသန်းလာသည့် ဓားအား ခုတ်ပိုင်းလိုက်သည်။ ထို့​ကြောင့်​သူမ၏ ဓားသည်​နှစ်ပိုင်းပြတ်သွားခဲ့ပြီး လက်​မှပင်​သွေးများ ထွက်သွားခဲ့သည်​။ ဓားမှာမူ အရှိန်လျော့ကျသွားခြင်း မရှိဘဲ ရဲရှောင်၏ ရင်ဘတ်သို့ တန်းတန်းမတ်မတ်ဖြင့်​သွားနေတုန်းပင် ဖြစ်​သည်​။
စုယဲ့ယွဲ့လည်း အသံကုန်အော်ဟစ်လိုက်ရင်း –
“ငါက ဒီနေ့ကစပြီး နင့်ရဲ့ မိန်းမပဲ . . . နင်​သေရင်​ငါ​လည်း အသက်​မရှင်​ချင်​တော့ဘူး . . .”
စုယဲ့ယွဲ့သည် ရဲ​ရှောင်​ထံသို့ ပျံသန်း​ပြေးဝင်​သွား​သော ဓား​ရှေ့တွင်​သူ၏ ခန္ဓာကိုယ်​အား ဝင်​ခံလိုက်​သည်​။
မြင်​တွေ့လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​လူတိုင်းသည်​အံ့ဩ တုန်လှုပ်သွားကြသည်​။
မိန်းကလေးတစ်ဦးသည်​အချစ်​အတွက်​ဖြင့်​ယခုကဲ့သို့ မိမိကိုယ်ကိုယ် စတေးခံလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မ​ထား​မိချေ။
ပစ်​လွှတ်​လိုက်​သည့်​ဓားသည် ရဲရှောင်၏ ခန္ဓာကိုယ်​အား စိုက်ဝင်သွားပြီး ထုတ်ချင်းပေါက်သွားမည်ကို သိသဖြင့် စုယဲ့ယွဲ့သည်​ဓား​ရှေ့တွင်​သူမအရင်​ပြေးဝင်​၍ ရဲ​ရှောင်​နှင့်​အတူ​သေရန်​ပြုမူလိုက်ခြင်း ဖြစ်သည်​။ အားလုံးအတွက် အံ့သြဖွယ်ရာ မြင်ကွင်းတစ်​ခုပင်​။
ရဲရှောင်သည် သူနှင့် ဓားကြားတွင် ရှိနေသည့် စုယဲ့ယွဲ့အား ငေးကြည်နေမိရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။​ယဲ့ယွဲ့အား တားဆီးရန် သူ မကြိုးစားတော့ချေ။ ထို့ပြင်​သူ၏ ရင်ဘတ်​တစ်ခုလုံးသည် နာကျင်လျက်ရှိပြီး စိတ်​ထဲတွင်​လည်း –
[ဘာလို့များ ငါက အမြဲတမ်း တာဝန်မကျေတဲ့ လူတစ်ယောက် ဖြစ်နေရတာလဲ . . . ဘာကြောင့်လဲ . . .]
ရန်သူများလက်ထဲတွင်​စုယဲ့ယွဲ့ အဖမ်းခံရပြီး မင်းသားဟွာရန်းအား ခြိမ်းခြောက်အကြပ်​ကိုင်​ခံရမည်ထက် စာလျှင် သူနှင့် အတူတူ သေဆုံးသွားသည်မှာ ပို၍ ကောင်းမည်ဟု​တွေး​နေမိသည်​။ ဟွာရန်းမင်းသား ကျရှုံးလျှင် ယဲ့ယွဲ့လည်း အသတ်​ခံရမည်​မှာ အသေအချာပင် ဖြစ်သည်​။ မည်​သို့ပင်​ဆို​စေကာမူ ရဲရှောင်၏ ရင်ထဲတွင်​ရှက်ရွံ့မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ ယခု အဖြစ်​အပျက်​အား ဘယ်​သောခါမှ​မေ့နိုင်​လိမ့်​မည်​မဟုတ်​ပေ။
[ငါက ဘာလို့များ အသုံးမကျ ဖြစ်နေရတာလဲ။ ငါသာ အစွမ်းအစရှိရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာ။ ငါသာ အစွမ်းအစရှိရင် သူလည်း ငါ့ရှေ့မှာ သေရမှာ မဟုတ်ဘူး . . .]
ရဲရှောင်၏ စိတ်ထဲတွင်​ဆို့နင့်ကြေကွဲစွာ တွေးနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset