Chapter – 189
“ရုတ်တရက်အဖြစ်အပျက်များ”
“ငါ ချစ်ရတဲ့ လူတစ်ယောက်ကြောင့်အခုလို ခံစားနေရတာပဲ။ အခုနေ သူ့ရင်ခွင်ထဲမှာသာသေရမယ်ဆိုရင်ငါပျော်ပျော်ကြီးကို အသေခံလိုက်မယ်. . .”
စုယဲ့ယွဲ့သည် ရဲရှောင်အား ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်သူမ၏ ခန္ဓာကိုယ်အား ရဲရှောင်၏ ရင်ခွင်အတွင်းသို့ တင်းကြပ်စွာ ဖိကပ်ထားလိုက်သည်။ သူချစ်ရသည့်ယောက်ျားတစ်ယောက်အတွက်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသာမက အသက်ဝိညာဉ်အားလုံးကိုပါ ပုံအောရမည်ဆိုလည်း မနှမြောပေ။
ရဲရှောင်သည်ရန်သူများ၏ တိုက်ခိုက်မှုများအား အာရုံစိုက်နေရသည့်အတွက်ယဲ့ယွဲ့ရေရွတ်ပြောဆိုလိုက်သည့်စကားများအား မကြားလိုက်ပေ။
ရန်သူများအား တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက်ရဲရှောင်သည်သူ၏ ချီဓာတ်များအား လည်ပတ်စီးဆင်းစေလိုက်သည်။ ထိုချီဓာတ်များကြောင့်ခန္ဓာကိုယ်မှ အပြာရောင်ဖျော့ဖျော့ အလင်းရောင်များပင်ထွက်ပေါ်လာလေသည်။ ခပ်ဖျော့ဖျော့ အရောင်သာ ဖြစ်သော်လည်း ကောင်းစွာ မြင်နိုင်ပေသည်။
ရဲရှောင်အား ကြည့်ရင်း ရန်သူတစ်ယောက်မှ –
“သူက ကောင်းကင်အဆင့် ရောက်ခါနီး ပညာရှင်ပါလား။ အဲဒါကြောင့် ရင်ဆိုင်ရတာ ခက်ခဲ နေတာကိုး . . .”
“ဒါပေမဲ့ မြေကြီးအဆင့်က မြေကြီးအဆင့်ပါပဲ။ ဒီကောင်ငါတို့ကို ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘူး . . .”
ထို့နောက် ရန်သူများသည်သူတို့၏ ဓားများအား ဆွဲထုတ်လိုက်ကြရင်း ရဲရှောင်ထံသို့ဦးတည်သွားလိုက်ကြသည်။ ဓားများမှ ထွက်ပေါ်လာသော အလင်းရောင်များသည်မျက်စိကျိန်းလောက်ေအာင်ပင်တဖျတ်ဖျတ်ဖြင့်တောက်ပနေကြသည်။
ရဲရှောင်လွတ်မြောက်ရန်မှာ လွယ်ကူသည့်ပုံမပေါ်တော့ချေ။
ထို့ပြင်ရဲရှောင်သည်တောင်အောက်သို့ လျောဆင်းနေရတုန်းပင်ဖြစ်သဖြင့်ရုတ်တရက်ရပ်တန့်လိုက်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
သို့သော်ဓားများ သူ့ထံသို့ ကျရောက်ခါနီးအချိန်တွင် ရဲရှောင်သည် ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ညာဘက်လက်ဖြင့် စုယဲ့ယွဲ့အား တွန်းထုတ်လိုက်သည်။ တွန်းထုတ်လိုက်သည့်အရှိန်ကြောင့်ယဲ့ယွဲ့လည်း တောင်အောက်သို့ လျင်မြန်စွာဖြင့်ကျဆင်းသွားပြီး ရန်သူများ၏ လက်မှ လွတ်မြောက်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်။
စုယဲ့ယွဲ့သည် ရဲရှောင်အား တင်းကြပ်စွာ ဖက်ထားနေသည့်အချိန်တွင်ရုတ်တရက် ပြင်းထန်စွာ တွန်းထုတ်ခံလိုက်ရသည့်အတွက်ပြင်ဆင်ချိန်ပင်မရလိုက်ဘဲ လွင့်ထွက်သွားခဲ့ရသည်။ သူမ၏ လက်ထဲတွင် ရဲရှောင်၏ ဝတ်ရုံစပင် စုတ်ပြဲ၍ ပါသွားလေသည်။
“သွား . . . ဒီကနေရအောင်ပြေးတော့ . . .”
ရဲရှောင်သည် စုယဲ့ယွဲ့အား လှမ်း၍ပင် မကြည့်ဘဲ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား ဆန့်ကျင်ဘက်အရပ်သို့ တစ်ပတ်လှည့်လိုက်ပြီး ရန်သူများ၏ တိုက်ခိုက်မှုများအားရှောင်တိမ်းလိုက်သည်။ ထို့နောက်ရဲရှောင်၏ ခန္ဓာကိုယ်သည်တစ်ချက်တုန်သွားပြီး စွမ်းအင်များအားလုံး ပေါက်ကွဲထွက်လာလေသည်။
“ဟင့်အင်း . . . အဲ့ဒီလို မလုပ်ရဘူး . . .”
ရဲရှောင်တွန်းထုတ်လိုက်သည့်အချိန်တွင်စုယဲ့ယွဲ့သည်တုန်လှုပ်ခြောက်ခြားစွာဖြင့်အသံကုန်ခြစ်၍ အော်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများမှလည်း မျက်ရည်များ စီးကျလာပြီး ရဲရှောင်အား စို့နစ်ကြေကွဲသော အကြည့်များဖြင့်ကြည့်လျက်ရှိသည်။ ဝမ်းနည်းပူဆွေးမှုများနှင့်အတူ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။
ရဲရှောင်သည် အားကုန်အသုံးပြု၍ စုယဲ့ယွဲ့အား တွန်းထုတ်လိုက်ခြင်း ဖြစ်သည့်အတွက် အဝေးသို့ အရှိန်ပြင်းပြင်းဖြင့်ရောက်ရှိသွားခြင်း ဖြစ်သည်။
စုယဲ့ယွဲ့၏ နှုတ်မှ “ဟင့်အင်း . . .” ဟုသာ အော်ပြောလိုက်သော်လည်း တကယ်တမ်းတွင်မူ သူမသည်ရဲရှောင်အတွက်ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည်ကို ကောင်းစွာ သဘောပေါက်မိလေသည်။ ယဲ့ယွဲ့၏ စိတ်ထဲတွင်လည်း –
[ရှောင်ရှောင်က သူ့အသက်နဲ့ ရင်းပြီး ငါ့ကို ကယ်လိုက်တာပဲ။ ငါရှိနေလို့လည်း သူ့အတွက်ဘာမှမထူးဘူး။ ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်နေဦးမယ် . . .]
လိမ္မာပါးနပ်သော မိန်းကလေးတစ်ဦးပီပီ စုယဲ့ယွဲ့သည်တစ်ချက် အော်ဟစ်လိုက်မိသော်လည်း အခြေအနေများအား ဆင်ခြင်သုံးသပ်မိ၍ လက်ရှိနေရာမှ အမြန်ဆုံး ပြေးထွက်သွားလိုက်သည်။
သူမ၏ မြင်ကွင်းမှ ရဲရှောင် ပျောက်သွားသည့် အချိန်တွင် နှလုံးသား တစ်ခုလုံး ပဲ့ကြွေသွားမတတ်ပင်ဖြစ်သွားကာ နာကျင်စွာဖြင့်ခံစားလိုက်ရသည်။ စိတ်ထဲတွင်လည်း –
[ငါသူ့ကို နောက်တစ်ကြိမ် မြင်ခွင့်ရပါဦးမလား . . . ဒီလို ရန်သူတွေ ပတ်လည်ဝိုင်းနေရာကနေ သူလွတ်မြောက်နိုင်ပါ့မလား။ ဟင့်အင်း . . . ငါသူ့ကို မြင်ခွင့်ရချင်သေးတယ် . . .]
သူမ၏ စိတ်ထဲတွင်အဆက်မပြတ်ပင်ရေရွတ်နေမိသည်။ ဝမ်းနည်းစိတ်ကြောင့်မျက်ရည်များသည်လည်းအတားအဆီးမရှိပင်စီးကျလာလေသည်။ ထို့နောက် မျက်ရည်များအား သုတ်လိုက်ရင်း အတွေးတစ်ချက်ရသွားခဲ့သည်။
ရဲရှောင်သည် စွမ်းအင်များအား အားကုန်ထုတ်သုံးလိုက်သောအခါ မြူခိုးကဲ့သို့ အခိုးအငွေ့များသည်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ထိုအခိုးအငွေ့များကြောင့်ရန်သူများသည် ရဲရှောင်အား ကောင်းစွာ မမြင်ရတော့ချေ။
ထို့နောက်တစ်ပြိုင်တည်းမှာပင် သိပ်သည်း များပြားလှသော ရေခဲချီဓာတ်များနှင့်တောက်ပသောရွှေရောင်အလင်းတန်းတစ်ခုသည်ထွက်ပေါ်လာပြန်သည်။ရေခဲချီဓာတ်များသည်ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။
ထို့ပြင်ရဲရှောင်သည် သူ၏ နတ်မိစ္ဆာအသွား လက်နက်များအား ထုတ်ယူလိုက်ပြီး ရယ်မောခြင်း ကောင်းကင် ခြေလှမ်းကိုလည်း ထပ်မံ အသုံးပြုလိုက်ပြန်သည်။
ထိုကဲ့သို့ ရယ်မောခြင်းကောင်းကင် တိုက်ကွက်အား အသုံးပြုနေသည့်အချိန်တွင်ရဲရှောင်၏ ခန္ဓာကိုယ်သည်ယိမ်းထိုး လှုပ်ရှားလျက် ရှိသည်။ ထို့နောက်သူ၏ ပုံရိပ်ယောင် ဒါဇင်ပေါင်းများစွာသည်နေရာအနှံ့သို့ ပြန်နှံ့ရောက်ရှိသွားသည်။ လေပြင်းများသည်လည်း တဟူးဟူးဖြင့်တိုက်ခတ်လျက် ရှိသည်။
ရဲရှောင်သည်ရန်သူများအား အာရုံလွှဲလိုက်ခြင်း ဖြစ်သည်။ ထို့နောက်လျင်မြန်စွာဖြင့်ပင်ရန်သူများအကြားသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။
“အား . . .”
ခြောက်ခြားဖွယ်ရာကောင်းသောအော်ဟစ်သံများသည်တစ်သံပြီးတစ်သံ ထွက်ပေါ်လာကြသည်။
ဖြူဖွေးလှသော ရေခဲတောင်ကြီးပေါ်တွင် ရဲရဲတောက်နေသော သွေးများသည်မြင်မကောင်းအောင်ပင်ဖုံးလွှမ်းလျက် ရှိသည်။
ရန်သူအယောက် ၂၀ ခန့်သည်မြေပြင်ပေါ်သို့ အော်ဟစ်လဲကျသွားကြသည့်အပြင်လူ ၁၂ယောက်ခန့်မှာလည်း အသက်ဝိညာဉ်ကင်းမဲ့လျက်ရှိသည်။
ကောင်းကင်အဆင့် ပညာရှင်များ နှင့် ပါးရည်နပ်ရည်ရှိသည့် လူအချို့မှာမူ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြသည်။
“အ . . .”
ရဲရှောင် လျင်မြန်စွာ ပျံသန်းတိုက်ခိုက်လိုက်ပြီးနောက်မြေပြင်ပေါ်သို့ ပြန်ကျသွားသည့်အချိန်တွင်သူ၏ ပါးစပ်ထဲမှ သွေးအနည်းငယ်ပင်အန်ထွက်သွားလေသည်။
ရဲရှောင်သည်သူ၏ စွမ်းအားများအား အသုံးပြု၍တောင်ထိပ်မှအောက်သို့ ဆင်းလာခဲ့ရပြီး လမ်းတစ်လျှောက်တွင်လည်း တိုက်ခိုက်မှုများအား အသည်းအသန် ရှောင်တိမ်းခဲ့ရသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် စွမ်းအင်များ စီးဆင်းလျက်ရှိသည်။ ထိုအချိန်တွင်ယဲ့ယွဲ့အား ကယ်တင်နိုင်ရန်အတွက်စွမ်းအင်များအား ရုတ်တရက်ရပ်တန့်လိုက်ရသည်။ ထိုကဲ့သို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည့် စွမ်းအင်များအား ရပ်တန့်ပစ်လိုက်ခြင်းသည် သာမန်လူများသာဆိုပါက အသက်ပင် ဆုံးရှုံးသွားနိုင်လေသည်။
စွမ်းအင်များအားရပ်တန့်ပစ်လိုက်ရုံမကနောက်တစ်ကြိမ်ပင်ပြန်၍ အစွမ်းကုန်ထပ်သုံးလိုက်ပြီး ရန်သူများအားကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်တန်ပြန်တိုက်ခိုက်လိုက်ပါသေးသည်။
သူ၏ အဆင့်မြင့်လာသည့် ကျင့်ကြံမှုများကြောင့် ရန်သူ လေးပုံတစ်ပုံခန့်အား လဲပြိုကျစေခဲ့သည်။ လက်ဖျားပင်ခါရလောက်သည့်တိုက်ခိုက်မှုမျိုးပင်ဆိုရပေမည်။
အဆင့်ကိုး မြေကြီးအဆင့်သာ ရှိသေးသော သူ့အား ကောင်းကင်အဆင့် ပညာရှင် ၅ ယောက်အပါအဝင် ရန်သူပေါင်းများစွာတို့သည် မသတ်နိုင်ကြချေ။
သို့သော် ရဲရှောင်သည်စွမ်းအင်များအား ရပ်တန့်ခဲ့သည့်အတွက်သူ၏ ပါးစပ်မှသွေးများပင်အန်ထွက်သွားလေသည်။ ထို့ပြင်သွေးကြောများ အားလုံးသည်လည်း ပေါက်ကွဲထွက်မတတ်ပင်နာကျင် ခံစားနေရသည်။
ထိုအချိန်တွင်ကောင်းကင်ထက်မှ လူ အယောက်၆၀ ခန့်သည် ဆင်းသက်လာကြပြီး ရဲရှောင်အား ဝိုင်းထားလိုက်ကြသည်။ ထိုလူများသည်ရဲရှောင်အား စားမတတ်ဝါးမတတ်ပင်ကြည့်နေကြပြီး စိတ်ထဲတွင်လည်း –
[ဒီခွေးကောင်က ငါတုိ့ညီနောင် အယောက် ၂၀ လောက်ကို ခဏလေးနဲ့ သတ်လိုက်တာပါလား . . .]
စုယဲ့ယွဲ့၏နောက်ကိုမူ လူဆယ့်နှစ်ယောက်ခန့်သာ လိုက်သွားကြသည်။
ရန်သူများအားလုံးသည်ရဲရှောင်အား မုန်းတီးသော အကြည့်များဖြင့်ပင်ကြည့်လျက်ရှိသည်။
ထိုအချိန်တွင်ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်တုန်ခါသွားပြီး သူ၏ လက်များအား ဝေ့ယမ်းလိုက်သည်။
ရန်သူများသည် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ ကမန်းကတမ်းပင် ရှောင်တိမ်းလိုက်ကြသည်။ သို့သော်ရဲရှောင်ထံမှ မည်သည့်စွမ်းအားမျှ ထွက်မလာသည်ကို မြင်တွေ့လိုက်ကြရသည်။ တခဏ အကြာတွင်မူ အနက်ရောင် အစက်အပျောက်များသည်နေရာအနှံ့မှ ပျံသန်းလာပြီး ရဲရှောင်၏ လက်ထဲသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ကြသည်။
“ခွေးကောင်က လက်နက်ပုန်းတွေ ပြန်သိမ်းလိုက်တာပဲ။ ငါတို့ ဝိုင်းထားတဲ့ ကြားထဲကတောင် မခန့်တာ . . .”
ရန်သူများ ရဲရှောင်၏ အပြုအမူအား သဘောပေါက်သွားကြသည့် အချိန်တွင် ရဲရှောင်သည် လက်နက်ပုန်းများအား ပြန်လည်သိမ်းဆည်းလိုက်ပြီး ဖြစ်သည်။
“မင်းတို့ ဘယ်သူတွေလဲ . . .”
ရဲရှောင်သည်သူ၏ နှုတ်ခမ်းထောင့်မှ သွေးများအားသုတ်လိုက်ရင်း မေးလိုက်သည်။
ရဲရှောင်၏ မျက်လုံးများတွင်မည်သည့်ခံစားချက်မျှ မရှိဘဲ လေးနက်တည်ကြည်လျက် ရှိသည်။ ရန်သူများ ဝိုင်းထားသည့်တိုင်ကြောက်ရွံ့ခြင်းအလျင်း မရှိပေ။
“ငါတို့က မင်းအသက်ကို ဇီဝိန် ချုပ်ေပးဖို့ရောက်နေတာ . . .”
“စုဒင်ဂူက သူ့သမီးဘေးမှာ ဒီလို ကောင်းကင်အဆင့် ပညာရှင်မျိုး ထားထားလိမ့်မယ်လို့ ထင်ကို မထင်ခဲ့ဘူး။ တော်တော် ဉာဏ်များတဲ့ စုဒင်ဂူ။ စစ်နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း ထိုက်တန်ပါပေတယ်။ ဒါပေမဲ့ အစောင့်တစ်ယောက်တည်း ထားပေးထားရုံနဲ့ မလုံလောက်ဘူးဆိုတာ သူမသိဘူးလား . . .”
ခေါင်းဆောင်ဖြစ်ဟန်တူသည့် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့်အဘိုးကြီးတစ်ဦးသည် အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
ရဲရှောင်သည် အဘိုးကြီးအား ကြည့်ပင် မကြည့်ဘဲ –
“ငါတစ်ယောက်တည်းနဲ့ မင်းတို့လို ကောင်ေတွကို ဆုံးမဖို့အတွက်က လုံလောက်နေပါပြီ . . .”
“ဟားဟား ဟားဟား . . .”
ရဲရှောင်၏ အပြောကြောင့်အဘိုးကြီးသည်ဟားတိုက်၍ပင်ရယ်မောလိုက်ရင်း –
“တကယ်ပဲ လုံလောက်တယ်လို့ မင်းက ထင်နေတယ်ပေါ့ . . .”
ရဲရှောင်သည် ပါးစပ်ထဲမှ သွေးများအား တစ်ချက် ထွေးထုတ်ရင်း ပြုံးလိုက်ကာ –
“စကားနဲ့ သက်သေပြလို့မှ မရတာ။ အလုပ်နဲ့ပဲ လက်တွေ့ပြရမှာပေါ့။ မင်းတို့ ဒဏ်ရာတွေကို စမ်းကြည့်လိုက်ေလ . . .”
ထိုစကားကြောင့်အဘိုးကြီး၏နောက်တွင်ရပ်နေသည့်လူတစ်ဦးသည် သူရရှိခဲ့သည့် ဒဏ်ရာအား စစ်ဆေးလိုက်ပြီးနောက်ဒေါသတကြီးဖြင့်-
“မင်း . . . မင်း ယုတ်မာတဲ့ကောင်။ ဘယ်လို တိုက်ကွက်မျိုးကို သုံးခဲ့တာလဲ။ အရှက်မရှိတဲ့ကောင်၊ အဆိပ်ကိုတောင် သုံးရဲတယ် . . .”
အခြားလူများသည် ထိုလူ၏ စကားအား ကြားလိုက်ရသောအခါ ထိတ်လန့် တုန်လှုပ်သွားကြလေသည်။ ဒဏ်ရာ အပြင်းအထန် ရထားကြသည့် လူများအား လှမ်းကြည့်လိုက်သောအခါ သေဆုံးလျက်အနေအထားဖြင့်ပင်ရှိနေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
ထိုလူများ၏ ခန္ဓာကိုယ်နှင့်မျက်နှာများသည်တဖြည်းဖြည်းဖြင့်အစိမ်းရောင် သမ်းသွားပြီး ထို့နောက်တွင်မှ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကာ သေဆုံးသွားကြခြင်း ဖြစ်သည်။
သေဆုံးသွားကြသည့်တိုင်ခန္ဓာကိုယ်များမှာမူ အရောင်ပြောင်းလဲနေဆဲပင် ဖြစ်သည်။ နောက်ဆုံးတွင်မူ အပြာပုပ်ရောင်အဖြစ် ပြောင်းလဲသွားသည်။
အလောင်းကောင်များအား ကြည့်ရင်း အသက်ရှင် ကျန်ရစ်ခဲ့ကြသည့် လူများသည် ထိတ်လန့်တကြားပင်ဖြစ်သွားကြသည်။ကြောက်ရွံ့စိတ်များနှင့်အတူ စိတ်ထဲတွင်လည်း –
[ဒီကောင် သုံးလိုက်တာဘာလက်နက်များလဲ။ ဘယ်လိုအဆိပ်ကို သုံးလိုက်တာပါလိမ့်။ တော်တော်ကို ကြောက်စရာ ကောင်းတာပါလား . . .]
ရဲရှောင်လည်းခနဲ့သောလေသံဖြင့်-
“တော်တော်ရူးတဲ့ လူတွေပဲ။ ဘာအဆိပ်မှ မသုံးဘူး . . .”
“နောက်ပြီး အဆိပ်သုံးတယ် ဆိုရင်တောင်မှ သုံးတော့ ဘာဖြစ်လဲ။ ဒီလိုတိုက်ပွဲမှာ မင်းတို့ကို ငါမသတ်ရင် ငါ့ကို မင်းတို့ သတ်မှာပဲ။ ငါကတော့ မုဆိုးပဲ လုပ်မယ်သားကောင်တော့ အဖြစ်မခံနိုင်ဘူး။ မင်းတို့ကောင်တွေတောင်မိန်းကလေးတစ်ယောက်ကို လူတွေအများကြီးနဲ့ ထောင်ချောက်ဆင် ဝိုင်းဖမ်းကြသေးတာပဲ။ အဲဒါတောင် အခုကျ ငါ့ကို အရှက်မရှိ ယုတ်မာတယ်လို့ပြောရဲသေးတယ်။ တော်တော်ကို ရှာမှရှားတဲ့ လူတွေပါလား။ တကယ့်ဟာသပဲ။ အဆိပ်မဟုတ်ပေမယ့်ထိမိရင် အဲ့ဒီလို ဖြစ်သွားမှာပဲ . . .”
“မင်းတို့ကောင်တွေ ကြည့်ရတာ အတွေ့အကြုံလည်း မရှိ ဗဟုသုတလည်း ရှိပုံ မရဘူး။ အဲဒါတောင် သိုင်းလောကမှာ ကျင်လည်နေသေးတယ်။ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။ မင်းတို့ရဲ့ ဆရာက ဘယ်သူများလဲ ပြောစမ်းပါဦး။ သူနဲ့ ငါ ဆွေးနွေးမှ ဖြစ်မယ်။ မင်းတို့ကို သေချာ သင်ပေးထားပုံ မရဘူးပဲ . . .”
ရဲရှောင်သည်ထိုစကားလုံးများအား ဟိတ်ဟန်အပြည့်ဖြင့်ပြောနေသော်လည်း စိတ်ထဲတွင်မူ သူကိုယ်တိုင်ပင်အံ့သြနေမိလေသည်။
ယခုအကြိမ်သည်ပထမဦးဆုံးအကြိမ်အဖြစ်သူ၏ လက်နက်ပုန်းများအား အသုံးပြု၍ လူသတ်ခဲ့ခြင်း ဖြစ်သည်။
ထိုနတ်မိစ္ဆာအသွား လက်နက်များသည် သူ၏ ရေခဲချီဓာတ်များနှင့် ပေါင်းစပ်သွားပြီး ယခုကဲ့သို့ဖြစ်သွား စေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိ၍ သူကိုယ်တိုင်ပင်အံ့ဩနေမိခြင်းပင်ဖြစ်ပါတော့သည်. . .။