Chapter – 188
“လုပ်ကြံသတ်ဖြတ်မှု”
စုယဲ့ယွဲ့မှ နားပူနားဆာ လုပ်လွန်းသဖြင့် ရဲရှောင်သည် သူမနှင့်အတူ အပြင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ရဲရှောင်သည်ရဲမက်အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့်သူ၏ ပုံစံသည်သာမန် အစောင့်တစ်ယောက်နှင့်ပင်တူနေလေသည်။
လူများသည် ရဲရှောင် အသည်းအသန် ဒဏ်ရာရထားသဖြင့် ရဲနန်ရှန်မှ ကုသပေးနေသည်ဟုသာ သိထားကြသဖြင့်ယခုကဲ့သို့ လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် နေလိုက်မည် ဆိုပါက သူတို့၏ အကြံအစည်များ အားလုံးသည်လည်း ပျက်ဆီးသွားရမည် ဖြစ်သည်။
ရေခဲတောင်ကြီးသည် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုပင်ဖြစ်သည်။ တိုက်ပွဲများ ဖြစ်နေသော်လည်း လူအများစုသည် ခရီးသွားလာမှု ပြုလုပ်နေဆဲပင်ဖြစ်သည်။
ရဲရှောင်နှင့် အခြားသော အစောင့် ၄ ယောက်တို့သည် စုယဲ့ယွဲ့နှင့်အတူ တောင်ထိပ်သို့ တက်လာခဲ့ပြီး တောင်ပေါ်မှ မြင်ကွင်းအား ကြည့်နေကြသည်။
စုယဲ့ယွဲ့သည် တောင်ပိုင်းသို့ မျှော်ကြည့်လိုက်ရင်း –
“ငါ့အဖေ တောင်ပိုင်းမှာ ဘယ်လိုနေလဲ သိချင်လိုက်တာ။ ဒီရက်ပိုင်း ငါအိပ်မက် မကောင်းဘူး”
ယဲ့ယွဲ့၏ မျက်နှာတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလေသည်။
ယခုကာလများသည် သူမ၏ ဘဝတစ်လျှောက်လုံးတွင်စိတ်အပင်ပန်းရဆုံးကာလများဟုပင်ဆိုရပေမည်။
ဖခင်ဖြစ်သူ မင်းသားဟွာရန်း မြို့ထဲမှ ထွက်ခွာသွားရသည့် နေ့မှာပင်ရဲရှောင်လည်း ပြဿနာတက်၍ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ ရဲရှောင်၏ သတင်းအား စတင်ြကားခဲ့ရသည့်အချိန်တွင်ယူကြုံးမရပင်ဝမ်းနည်းခဲ့ရသည်။ မိခင်၏ နှစ်သိမ့်အားပေးမှုများသာ မရရှိခဲ့ပါက ထိုစိတ်များဖြင့်ပင် သေသွားနိုင်သည်။ ထို့ကြောင့်ပင် ရဲရှောင်လည်း စုယဲ့ယွဲ့အား အခြေအနေမှန်များ ပြောပြခဲ့ရခြင်း ဖြစ်သည်။
ရဲရှောင် လူကောင်းပတိပင်ရှိနေသည့်အတွက်စိတ်သက်သာရာ ရသွားခဲ့သော်လည်း ဖခင်ဖြစ်သူအတွက်မူ စိုးရိမ်ပူပန်နေမိတုန်းပင်ဖြစ်သည်။
ယခုကဲ့သို့ ရဲရှောင်နှင့်အတူ ရှိနေသည့်အချိန်မှာပင် သူမ၏ ဝမ်းနည်းမှုအား မြိုသိပ်မထားနိုင်ခဲ့ပေ။
ရဲရှောင်သည်ဝမ်းနည်းနေသော စုယဲ့ယွဲ့အား ကြည့်ရင်း –
“မစိုးရိမ်ပါနဲ့ . . . အားလုံး အဆင်ပြေသွားမှာပါ . . . မင်းအဖေက လူတော်လူကောင်း တစ်ယောက်ပါ။ ဒီလိုလူတစ်ယောက်က နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုကို ခံထားရပြီးသား။ နောက်ပြီး သူက အစွမ်းအစရှိတဲ့ လူတစ်ယောက်လေ။ ရန်သူတွေ ဘယ်လောက်များများ ထောင်ချောက်တွေ ဘယ်လောက်ပဲမိမိ နောက်ဆုံး သူပဲ အနိုင်ရမှာပါ။ မင်းက ဘာတွေ စိုးရိမ်နေတာလဲ။ မင်းအတွေးလွန်နေလို့သာ အခုလို စိုးရိမ်နေတာပဲ ဖြစ်မယ် . . .”
စုယဲ့ယွဲ့လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း –
“ငါ့အဖေက စစ်နတ်ဘုရားတစ်ပါး ဆိုတာကို ငါသိပါတယ်။ အဆင်ပြေမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့်စိုးရိမ်နေမိတဲ့စိတ်ကို ဖျောက်လို့မရဘူး . . .”
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“ဟုတ်တာပေါ့ . . . သူဘယ်လိုလူလဲဆိုတာ မင်းသိနေမှတော့ စိုးရိမ်မနေနဲ့တော့။ သူ့ရဲ့ အစွမ်းအစကို မင်းမေ့နေပြီထင်လို့ ငါက သတိပေးနေတာ . . .”
ထိုအချိန်တွင်သူတို့နှစ်ဦး၏ အနောက်ဘက်မှ ခနဲ့တဲ့တဲ့ ပြောလိုက်သော အသံတစ်သံအား ကြားလိုက်ရသည်။
“စစ်နတ်ဘုရားလည်း သေမှာပဲ။ ဘာတဲ့ စစ်နတ်ဘုရား ဟုတ်လား။ ဟားဟား . . . အဲဒီတော့ ဘာဆက်ဖြစ်သွားလဲ။ အဲ့ဒီစစ်နတ်ဘုရားက မသေနိုင်တဲ့ နတ်ဘုရားကြီး မို့လို့လား . . .”
ထို့နောက်ရုတ်တရက်ဆိုသလိုပင်မြားအစင်းပေါင်းများစွာသည်ရဲရှောင်တို့ထံသို့ တဖွဲဖွဲဖြင့်ပင်ကျရောက်လာလေသည်။ မြားမိုးများ ရွာချလိုက်သည့်အတိုင်းပင်။
အချိန်တခဏလေး အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ရဲရှောင်ပင် တုန်လှုပ် သွားရလေသည်။
ရဲရှောင်သည်ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေများကြောင့်တစ်စက္ကန့်ခန့်ကြောင်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် လျင်မြန်စွာဖြင့်စုယဲ့ယွဲ့၏ လက်ကောက်ဝတ်အား ဆွဲကာ လှဲချလိုက်သည်။ထို့နောက် နှစ်ဦးသားသည်လှိမ့်ကာဖြင့် ကျောက်တုံးကြီးနောက်သို့ အလျင်အမြန် ရောက်သွားကြသည်။
“ရွှစ် . . . ရွှစ် . . . ရွှစ် . . .”
မရေမတွက်နိုင်သော မြားအစင်းပေါင်းများစွာသည် ကျောက်တုံးကြီးအား လာရောက် ထိမှန်လျက် ရှိသည်။
ရဲရှောင်တို့နှင့်အတူ ပါလာသည့် အစောင့်လေးယောက်၏ ခန္ဓာကိုယ်တွင် မြားအစင်းပေါင်းများစွာ စိုက်ဝင်သွားကြသည်။ ထို့နောက် အရုပ်ကြိုးပြတ် ဆိုသလိုပင်လဲကျသွားကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်တွင်စိုက်ဝင်နေသည့် မြားများသည် များပြားလွန်းသဖြင့် အလောင်းများသည်မြေကြီးနှင့်ပင်မထိနိုင်အောင်ဖြစ်နေလေသည်။ မြေကြီးနှင့် အလောင်းများအကြား မြားတံများ ရှိနေခြင်း ဖြစ်သည်။
လေးယောက်ထဲမှ အလျင်ဆုံး အစောင့်သာလျှင် သူ၏ ဓားအား ဆွဲထုတ်နိုင်လိုက်ေသ်ာလည်း ထိုလူသည်လည်း အခြားလူများကဲ့သို့ပင် အဆုံးသတ်သွားခဲ့ရသည်။
လုံးဝ မမျှော်လင့်ထားကြသည့် အဖြစ်အပျက်ပင်။ မည်သူသတ်မှန်းပင် မသိရဘဲ သေဆုံး သွားကြရခြင်း ဖြစ်သည်။
ရဲရှောင်သည်လည်း လျင်လျင်မြန်မြန်ဖြင့်ပင်သူ၏ ဓားအား ဆွဲထုတ်လိုက်သည်။ ထိုအချိန် ခရီးသွားဧည့်သည်များထဲမှ လူ ၇၀ ရာခိုင်နှုန်းခန့်သည် လက်နက်များကို ဆွဲကိုင်လျက် သူတို့ရှိရာသို့ ပြေးလာနေသည်ကိုလည်း တွေ့လိုက်ရသည်။
စုစုပေါင်းအားဖြင့် လူတစ်ရာကျော်ခန့်ပင်ရှိနိုင်ပေသည်။
ထိုလူများ၏ အသွင်ပြင်များသည်ကြမ်းတမ်း ခက်ထန်သော ပုံစံများ ရှိကြသည်။
ကြိုတင်ကြံစည်ထားသော လုပ်ကြံသတ်ဖြတ်မှု တစ်ခုပင်ဖြစ်သည်။
ထိုလူများသည်စုယဲ့ယွဲ့အား သတ်ဖြတ်ရန် ရောက်နေကြခြင်း ဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်နေသည့်အချိန်မှာပင်ခရီးသွားများစွာ ရောက်ရှိနေခြင်းကိစ္စအား မထူးဆန်းတော့ချေ။ လုပ်ကြံသတ်ဖြတ်သူများသည်ခရီးသွားများအဖြစ်ဟန်ဆောင်ထားခြင်းပင် ဖြစ်သည်။
ရဲရှောင်သည် အခြေအနေများအားနားလည် သဘောပေါက်သွားသည်။ ထိုအချိန်မှာပင်ကျယ်လောင်သော အသံကြီးတစ်သံသည်ထွက်ပေါ်လာခဲ့သည်။
ရဲရှောင်တို့၏ရှေ့တွင်ရှိနေသောကျောက်တုံးကြီးအား ဦးတည်တိုက်ခိုက်လိုက်ကြသည့်အတွက်ထိုကျောက်တုံးကြီးသည်တစစီဖြစ်သွားခဲ့သည်။
ထို့နောက် အပြာရောင် အလင်းတန်းအချို့ လင်းလက်သွားပြီး ထိုအလင်းတန်းများနှင့်အတူ လူ ၅ယောက်သည်လျင်မြန်စွာဖြင့်ပင်မြေပြင်ပေါ်သို့ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူများအား ကြည့်ရင်း ရဲရှောင်ပင် အံ့သြသွားမိရင်းသူ၏ စိတ်ထဲတွင်လည်း –
[ဘယ်သူကများ ဒီလို လူတွေကို လွှတ်လိုက်ရတာလဲ။ ကောင်းကင်အဆင့် ပညာရှင် ၅ ယောက်တောင် လွှတ်လိုက်တာပါလား . . .]
ရဲရှောင်သည် ဘေးကြပ်နံကြပ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ေကြာင်း ရိပ်စားမိလိုက်သည်။
ထိုလူ ၅ ဦးမှအပ ကျန်လူများတွင်မူ ရွှေရောင်အလင်းတန်းအချို့သာ ထွက်ပေါ်လျက်ရှိသည်။ ထွက်ပေါ်နေသည့်အလင်းတန်းအရောင်အား ကြည့်ခြင်းအားဖြင့်ထိုလူများအားလုံးသည် မြေကြီးအဆင့် ၈ အထက်ပညာရှင်များ ဖြစ်ကြောင်း သိနိုင်ပေသည်။
ယခုရောက်ရှိနေသည့်ရန်သူ့အင်အားသည် မော်တယ်ကမ္ဘာရှိ အင်အားကြီးဂိုဏ်းကြီးတစ်ခုစာလောက်ပင်ရှိနေလေသည်။
သေသေချာချာပင်အကွက်ချ၍ စီစဉ်ထားသည့်လုပ်ကြံသတ်ဖြတ်မှုပင်ဖြစ်သည်။
ထိုမျှများပြားလှသော လူအင်အားဖြင့် မိန်းကလေးတစ်ဦးဖြစ်သည့် စုယဲ့ယွဲ့အား လုပ်ကြံသတ်ဖြတ်ကြမည် ဖြစ်သည်။
ထို့ကြောင့် ရန်သူများသည် ယခုလုပ်ကြံမှုအား ကျိန်းသေပေါက်ပင်အောင်မြင်လိမ့်မည်ဟုသာ တထစ်ချ ယုံကြည်နေကြသည်။
ရဲရှောင်သည် အခြေအနေ တစ်ခုအား ရိပ်စားမိလိုက်သည်။ မြားမိုးများ အဆက်မပြတ် ရွာချလိုက်ခြင်းသည် သူတို့နှင့်အတူပါလာသည့်အစောင့်များအား သတ်ဖြတ်လို၍သာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ စုယဲ့ယွဲ့ကိုမူ အရှင်လိုချင်နေကြသည့်ပုံစံပင်။
အကာကွယ်ယူထားသည့်ကျောက်တုံးကြီးသည် ကွဲကြေသွားသည့်အတွက်ရဲရှောင်သည်ချက်ချင်းဆိုသလိုပင်သူ၏ ခြေထောက်အား အားကုန်သုံး၍ စုယဲ့ယွဲ့နှင့်အတူ တောင်အောက်သို့ လျှောဆင်းသွားလိုက်သည်။
ရဲရှောင်၏ လုပ်ရပ်ကြောင့် လုပ်ကြံသတ်ဖြတ်သူများသည် တအံ့တသြဖြစ်သွားကြသည်။ စုယဲ့ယွဲ့၏ ဘေးတွင် အစွမ်းအစရှိသည့် လူတစ်ဦး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားမိချေ။
ရဲရှောင်သည်သူ၏ အပေါ်ဘက်မှ တစ်စုံတစ်ယောက်ယောက် လိုက်လာနေသည်ကို ခံစားလိုက်ရသည်။
ထိုလူသည်လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့်ဆင်းသက်လာပြီး ရဲရှောင်အားကြောက်မက်ဖွယ်ကောင်းသော လက်ဝါးချက်ဖြင့်ရိုက်ရန်ကြိုးစားလိုက်သည်။ ထိုလက်ဝါးချက်သည်ပြင်းထန်လွန်း၍လေပြင်းများပင်တိုက်ခတ်ဖြစ်ပေါ်သွားသည်။
ရဲရှောင်လည်း ခန္ဓာကိုယ်ကို နောက်သို့ လှည့်လိုက်ရင်း ရန်သူ၏ လက်ဝါးချက်အားသူ၏ခြေထောက်ဖြင့်ကန်လိုက်သည်။
“ဘုန်း . . . ဘုန်း . . . ဘုန်း . . .”
လက်ဝါးရိုက်ချက်နှင့် ခြေကန်ချက်တို့ ထိသွားသောအခါ အလွန်ကျယ်လောင်လှသည့် အသံများ ထွက်ပေါ်သွားလေသည်။ ထိုကဲ့သို့ ခြေထောက်အား အားပြု၍ တွန်းကန်လိုက်သဖြင့် ရဲရှောင်လည်း အောက်သို့ ပို၍ပင်လျင်မြန်စွာဖြင့်လျောဆင်းသွားသည်။
ရေခဲတောင်၏ မျက်နှာပြင်သည် ချောမွေ့နေသဖြင့် ကောင်းမွန်စွာ လျောဆင်းနိုင်ခြင်းဖြစ်သည်။
ထို့ပြင် ခြေကန်ချက်အားကို ယူလိုက်သဖြင့် ပို၍ပင် လျင်မြန်သွားသည်။
ထိုကဲ့သို့ ဆင်းနေစဉ် ရန်သူ၏ လက်ဝါးရိုက်ချက်သည်ရဲရှောင်ထံသို့ ထပ်မံ၍ ဝင်လာပြန်သည်။ ရဲရှောင်လည်း ပေါင်ကို ကားလိုက်သဖြင့် လက်ဝါးသည် ပေါင်ကြားရှိ ဒူးဆစ်နားထိ တိုးဝင်သွားလေသည်။ ထို့နောက်ရဲရှောင်သည် ခြေထောက်အား ပြန်စုလိုက်ပြီး ဝင်လာသည့် လက်ဝါးအား ဒူးကွေးညွှတ်၍ ကန်လိုက်ကာ အရှိန်ဖြင့် အောက်သို့ ဆင်းသွားပြန်သည်။
ရန်သူလည်း မကျေမနပ်ဖြစ်သွားပြီး ရဲရှောင်အား သူ၏ လက်နှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်ပြန်သည်။ ထို့ပြင်ကျန်ရှိနေသည့် ကောင်းကင်အဆင့် ပညာရှင် ၄ ဦးသည်လည်း နောက်မှ လိုက်လာကြပြီ ဖြစ်သည်။
ရဲရှောင်သည် လောလောဆယ်တွင် ထိုလူများ၏ လက်မှ လွတ်မြောက်နိုင်ရန်မှလွဲ၍ အခြား မည်သည့်ကိစ္စကိုမျှ မစဉ်းစားနိုင်သေးချေ။ ရန်သူအင်အားနှင့် အခြေအနေများကိုပင် အသေအချာ အကဲမခတ်နိုင်သေးချေ။
မြေကြီးအဆင့် ၈ အထက်ရှိ ရန်သူများစွာသည် ရဲရှောင်တို့၏နောက်သို့ လိုက်နေခြင်း ဖြစ်သည်။ ထိုရန်သူများကြောင့်ရေခဲတောင်သို့ရောက်ရှိလာသည့်ခရီးသွားဧည့်သည်များသည်ထိတ်လန့်ကြောက်ရွံ့လျက်ရှိကြသည်။ သို့သော် ရန်သူများသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရဲရှောင်တို့အား သဲကြီးမဲကြီးဖြင့်ပင်လိုက်နေလေသည်။
သူတို့သွားရာလမ်းတွင်ကြောက်ရွံ့စိတ်ကြောင့်ဆောက်တည်ရာမရဘဲ ဟိုသည်ပြေးနေသည့်ခရီးသွားများကိုပင်ရက်ရက်စက်စက်သတ်ပစ်လိုက်ကြသည်။
ရဲရှောင်သည် လက်ရှိအခြေအနေအား ရင်ဆိုင်နိုင်ရန်အတွက်အကြံထုတ်လျက်ရှိသည်။ အကယ်၍ သူတစ်ယောက်တည်းဖြစ်ပါက လွတ်မြောက်ရန် လွယ်ကူနိုင်ေသ်ာလည်း ယခုအခါတွင်စုယဲ့ယွဲ့ပါ ရှိနေသည့်အတွက်ကိုယ်လွတ်ရုန်းရန်မှာ ခက်ခဲနေပေသည်။
အချိန်မရွေး အသတ်ခံရနိုင်သည့် အနေအထားမျိုးပင် ဖြစ်နေလေသည်။
ရဲရှောင်သည်မြေကြီးအဆင့် ၉ အဆင့်ရှိပညာရှင်တစ်ယောက်ပင်ဖြစ်နေပြီ ဖြစ်ပြီး မကြာသေးမီ အချိန်ကမှ အဆင့်များစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့်ကောင်းကင်အဆင့် ပညာရှင် တစ်ဦး နှစ်ဦးခန့်အား လွယ်လွယ်ကူကူဖြင့်ရင်ဆိုင်နိုင်ေသ်ာလည်း လက်ရှိအခြေအနေမှာမူ မလွယ်ကူလှချေ။ သူတို့၏နောက်သို့ကောင်းကင်အဆင့် ပညာရှင် ၅ ယောက်နှင့်မြေကြီးအဆင့် ၈ ပညာရှင် ၁၀၀ နီးပါး လိုက်နေခြင်း ဖြစ်သည်။ ထိုလူများ၏ လက်မှ လွတ်မြောက်ရန်မှာ မျှော်လင့်ချက် မရှိသလောက်ပင် ဖြစ်သည်။
ရန်သူများနှင့်တိုက်ခိုက်နေရသောနေရာသည်ဂုဂျင်လုံအား သတ်နိုင်ရန်အတွက်သူဖန်တီးပြုလုပ်ထားသည့်ရေခဲတောင်ကြီးတွင်ပင်ဖြစ်သည်။ နယ်မြေကျွမ်းကျင်မှုတွင်ရဲရှောင်ဘက်မှ အသာစီးရနိုင်သော်လည်း ဂုဂျင်လုံ သေဆုံးသွားပြီးနောက်ရေခဲတောင်ကြီးတွင်သူဆင်ထားသည့် အစီအရင်များအား ဖယ်ရှားလိုက်ပြီ ဖြစ်သဖြင့် ရဲရှောင်အတွက်အတော်ပင်ဒုက္ခတွေ့နေလေသည်။
စုယဲ့ယွဲ့သည် ရဲရှောင်အား စိုးရိမ်သော မျက်ဝန်းများဖြင့်စိုက်ကြည့်လျက်ရှိသည်။တွေ့ကြုံလိုက်ရသည့်အဖြစ်အပျက်များကြောင့်ယဲ့ယွဲ့သည်အလွန်အမင်းပင်ထိတ်လန့်နေမိခဲ့သည်။သို့သော်နောက်ပိုင်းတွင်မူ ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသော အရာများအားမေ့လျော့ထားလိုက်ပြီး ရဲရှောင်၏ မျက်နှာကိုသာစိုက်၍ ကြည့်နေလိုက်သည်။ ထိုအခါတွင်သူမ၏ စိတ်များသည်တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ယဲ့ယွဲ့သည်ရဲရှောင်၏ လက်မောင်းအား တင်းကြပ်စွာ ကိုင်လိုက်ရင်း တိုးညှင်းသောလေသံဖြင့်-
“ရှောင်ရှောင် . . . ငါတို့ ဒီမှာ သေကြရတော့မှာလား . . .”
ရဲရှောင်သည် ပတ်ဝန်းကျင်အား တစ်ချက်ဝေ့ကြည့်လိုက်ရင်း မြန်နိုင်သမျှမြန်အောင် သွားနေလေသည်။
ရန်သူများ၏ လက်မှ လွတ်မြောက်ရန်ပြေးနေရသည့်အချိန်တွင်စုယဲ့ယွဲ့မှ သူ့အားမေးလိုက်သည့်စကားအတွက်အဖြေပြန်မပေးနိုင်ခဲ့ပေ။
စုယဲ့ယွဲ့၏ စကားအဆုံး၌ လက်ဝါးရိုက်ချက်အချို့သည်ကျရောက်လာပြန်သည်။ ရဲရှောင်လည်း ရန်သူများ၏ တိုက်ခိုက်မှုများအား အလျင်အမြန်ဖြင့်ရှောင်တိမ်းနေရသည်။
စုယဲ့ယွဲ့သည်သူမ၏ လှပသော မျက်ဝန်းနက်များဖြင့်ရဲရှောင်၏ မျက်နှာအားငေး၍ ကြည့်နေမိသည်။
သေလုမြောပါး အခြေအနေနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင်စိတ်ထဲတွင် ကျေနပ်နေမိသည်။ သူမ၏ စိတ်ထဲတွင်လည်း –
[ဒီလိုအခြေအနေမှာတောင် သူက ငါ့အတွက်နဲ့ အရှုံးမပေးသေးဘဲ ရန်သူတွေကိုတိုက်ခိုက်နေတုန်းပဲ။ ငါ့ကို အကောင်းဆုံး ကာကွယ်ပေးနေတုန်းပဲ။ သူ့ရဲ့ မျက်နှာအမူအယာ၊ သူ့ရဲ့ မျက်လုံးတွေက ငါ့ကို အသေခံ ကာကွယ်ပေးသွားမယ်လို့ သက်သေပြနေသလိုပဲ . . .]
စုယဲ့ယွဲ့သည်ရဲရှောင်အား ယုံကြည်အားကိုးသော အကြည့်များဖြင့်ကြည့်လျက်ရှိသည်။ ရဲရှောင်မှ သူမအား ကြည့်သော အကြည့်များတွင်လည်း စိုးရိမ်မှု၊နွေးထွေးမှုများ အပြည့်ပါနေလေသည်။
သူမ၏ စိတ်ထဲ၌ –
[ဒီလို လူမျိုး ပိုင်ဆိုင်ထားရမှတော့ တခြား ငါ ဘာမှ ထပ်မလိုတော့ဘူး . . .]
ယဲ့ယွဲ့သည်၁၈ နှစ်တာလုံးလုံး အထီးကျန်ခဲ့သမျှ ယခုအခါတွင်မူ ပျော်ရွှင်ကျေနပ်မှု အစစ်အမှန်အား ခံစားနေမိပါတော့သည် . . .။