Chapter – 18.2 ” နယ်မြေ နံပါတ် သုံးဆယ့် သုံး။ သုံးယောက် သုံးယောက်ခြင်း တိုက်ခိုက်မှု ”
°°°
အမှန်တကယ်တော့ အိုးယန်ကျွင့်ယိနဲ့ ဟို့ယွိဟောင်တို့အဖွဲ့ကြားမှာ ကြီးမားတဲ့ ကွာခြားချက်တစ်ခုက အင်အားအရာမှာ ယှဥ်ကြည့်ရုံနဲ့တင် ရှိနေခဲ့ပါပြီ။ ၀မ်သုန့်က ဒီလိုအောင်မြင်မှုကို တစ်ယောက်ထဲနဲ့ ရရှိနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုက နှစ်ခြောက်ရာ၀ိဉာဥ်စက်ကွင်းနဲ့ညီမျှတဲ့ စွမ်းအင်ရှိနေတာကိုလဲ မေ့ထားခဲ့တဲ့ အချက်တစ်ခုဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအား ထောက်လှမ်းမှုက စွမ်းရည်တစ်ခုထဲ မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် နှစ်ခြောက်ရာ၀ိဉာဥ်စက်ကွင်းနှစ်ခုရဲ့ အထောက်အပံ့ပေးမှုနဲ့ ညီမျှတဲ့ အရည်အချင်းမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ ကျယ်ပြန့်တဲ့ထောက်လှမ်းမှုတွေကို အသုံးချပြီ ပြိုင်ဘက်တွေကို အချိန်တိုအတွင်းအနိုင်ယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။
ဒါ့အပြင် ၀မ်သုန့်ရဲ့ပထမ၀ိဉာဥ်စက်ကွင်းကလဲ နှစ်တစ်ရာ၀ိဉာဥ်စက်ကွင်းဖြစ်နေခဲ့တယ်။ သူ့ရဲ့၀ိဉာဥ်စွမ်းအားကတော့ အဆင့်နှစ်ဆယ့်လေးအထိကို ရောက်ရှိနေခဲ့ပါပြီ။ ဒါကြောင့် ကျင့်ကြံဆင့်က ပြိုင်ဘက်တွေကိုလုံး၀ အပြတ်အသတ်သာလွန်နေခဲ့ပါတယ်။
အတောင်ပံတွေကို ပြန်သိမ်းပြီတဲ့နောက် ၀မ်သုန့်က ရှောင်ရှောင်းနဲ့ ဟို့ယွိဟောင်ဆီကို ပြန်လျှောက်လာရင်း လက်၀ါးချင်ရိုက်ပြီ ပျော်နေခဲ့ပါတော့တယ်။
ရှောင်ရှောင်းက ပြုံးပြရင်းနဲ့ ပြောလိုက်တယ်။
” ငါတို့ရဲ့ အတန်းခေါင်းဆောင်က တကယ်တော်တာပဲ ၀မ်သုန့် နောက်တစ်ခေါက်ကြရင်း ငါသူ့နဲ့တွဲပြီ တိုက်ခိုက်ချင်တယ်..ဘယ်လိုလဲ ”
အကယ်၍ သူမသာ ပထမဆုံးထွက်ပြီ တိုက်ခိုက်ခဲ့ရမယ်ဆိုရင် ပြိုင်ဘက်ကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုကို ပိုအားကောင်းတာကိုခံစားမိလေလေ ပိုပြီး သဘောကျလာလေပါပဲ။ ဒါကြောင့် ၀မ်သုန့်အစားဟို့ယွိဟောင်ကို ချီးမွမ်းနေခဲ့မိပါတော့တယ်။
၀မ်သုန့်ကတော့ ရယ်သာရယ်နေခဲ့တယ်။
” မလုပ်သေးနဲ့ဦး မင်းရဲ့ အစွမ်းအစကို ဖုံးကွယ်ထားဦး ငါတို့သုံးယောက် တိုက်ခိုက်ရမှာ ဆယ့်ပွဲတောင်ရှိမှာ ငါတစ်ယောက်ထဲ ထုတ်ပြနေတာနဲ့တင် သင့်တော်နေပြီ လက်ရှိအချိန်မှာ ငါတို့အဖွဲ့ရဲ့ စွမ်းအားကို တခြားသူတွေ အပြည့်အ၀ မသိသေးတာ အကောင်းဆုံးပဲ “‘
ဟို့ယွိဟောင်က ရယ်သာရယ်နေခဲ့ပါတယ်။
” ၀မ်သုန့်ပြောတာမှန်တယ် ရှောင်ရှောင်း မင်းက ငါတို့ရဲ့ ၀ှက်ဖဲဖြစ်လာရမယ် ”
ရှောင်ရှောင်းလဲ သူတို့စကားကိုကြားချိန်မှာ ရယ်မောရင်းနဲ့ ခေါင်းညိတ်နေခဲ့ပါတယ်။
” အတန်းနံပါတ်တစ် ဟို့ယွိဟောင်အဖွဲ့ ပထမပြိုင်ပွဲကို အနိုင်ရ ”
၀မ်ယန်က ပြိုင်ပွဲရဲ့ရလဒ်ကို ကြော်ငြာလိုက်ပြီတဲ့နောက် သူကိုင်ထားခဲ့တဲ့ စာရွက်ပေါ်မှာ မှတ်ချက်ပြုလိုက်ပါတော့တယ်။
တခြားတစ်ဖက်မှာရှိတဲ့ အိုးယန်ကျွင့်ယိတို့အဖွဲ့ကတော့ ဖြည်းဖြည်းချင်း ပြန်ထနေကြဆဲပါ။ ၀မ်သုန့်က သူတို့ကို ညှာတာပေးတဲ့အတွက် ပြင်းထန်တဲ့ဒဏ်မရခဲ့ပါဘူး။ ဒါပေမယ့် ရှက်ရွံ့နေခဲ့ကြပါတယ်။ အရမ်းကို အလွယ်လေး အနိုင်ယူခံလိုက်ရတဲ့အတွက် ဘယ်သူကိုမှ မျက်နှာမပြချင်တော့ကြောင့် ခပ်မြန်မြန်ပဲ ထွက်ခွာသွားခဲ့ကြပါပြီ။
၀မ်ယန်က ရလဒ်ကို မှတ်တမ်းတင်ပြီတဲ့နောက် ဟို့ယွိဟောင်တို့အဖွဲ့ဆီကို လှည့်ကြည့်လိုက်ပါတယ်။ သူစိတ်ထဲမှာတော့ တွေးနေခဲ့မိတယ်။ ဒါက အဖွဲ့နံပါတ်တစ်ရဲ့ ၀ှက်ဖဲဖြစ်လိမ့်မယ်။ ဆရာကျိုးယိက သူမတူအောင်ထူးခြားတဲ့သူတွေကို သင်ကြားပေးထားတာ အမှန်တကယ်ပဲကို။
ဒါပေမယ့် ဟို့ယွိဟောင်အကြောင်းကိုတော့ သူမတွေးတတ်သေးပါဘူး။ ကျောင်းသားတွေနဲ့မတူပဲ သူကတော့ အဖွဲ့တစ်ဖွဲ့ချင်းဆီတိုင်းရဲ့ အင်အားရှင်တွေကို စာရင်းသွင်းချိန်ကထဲက သိနေခဲ့ပါတယ်။
ဟို့ယွိဟောင်အဖွဲ့ကတော့ နောက်တစ်နည်းပြောရမယ်ဆိုရင် ဟို့ယွိဟောင်က သူတို့အဖွဲ့ရဲ့ခေါင်းဆောင်ပါပဲ။ ဒါပေမယ့် ကျင့်ကြံဆင့်ကို ကြည့်မယ်ဆိုရင်တော့ ၀မ်သုန့်နဲ့ ရှောင်ရှောင်းက သူ့ကို အပြတ်အသတ်သာလွန်နေခဲ့တယ်။ ပြောရမယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ ၀ိဉာဥ်စက်ကွင်းက ဆယ့်နှစ်သက်တမ်းသာရှိတာပါ။ ကျင့်ကြံဆင့်ကလဲ အဆင့်နှစ်ဆယ်အထက်ကို မရောက်သေးပါဘူး။ သူက ကျောင်းတော်ထဲ၀င်ဖို့အတွက် အရည်အချင်းမပြည့်မီတဲ့အနေအထားမှာကို ရှိနေခဲ့ပါတယ်။
ဒီလိုဖြစ်ပေမဲ့ သူက အဖွဲ့ရဲ့ခေါင်းဆောင်ပါပဲ။ ပြောရမယ်ဆိုရင် ဆယ့်နှစ်၀ိဉာဥ်စက်ကွင်းရှိတဲ့ အဲ့ဒီကျောင်းသားက အဖွဲ့ရဲ့ အဓိက အချက်အခြာပါ။ ဘာကြောင့်များ ဒီလိုဖြစ်နေရတာလဲ။
၀မ်ယန်က ကျောင်းတော်ရဲ့ အသိပညာတွေကို အဓိကသင်ကြားပေးဖို့ ကိုယ်စားပြုခံထားရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အသိပညာပိုင်းမှာ အတော်ကို မြင့်မားတဲ့ နားလည်မှုကို ရရှိလို့ထားခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ သင်ကြားနိုင်စွမ်းကလဲ အရမ်းကို ကောင်းမွန်လွန်လှပြီ ထိုးထွင်းသိမြင်နိုင်စွမ်းကလဲ အတော်လေးကို ပြိုင်ဘက်ကင်းပါတယ်။ အသက်လေးဆယ်နီးပါးသာ ရှိနေသေးပေမဲ့ အပြင်နယ်မြေမှာတော့ သူ့ကို ယှဥ်နိုင်တဲ့သူ မရှိခဲ့ပါဘူး။
အမျက်ဒေါသကျောင်းတော်ထဲမှာ ဆရာအဖြစ် သင်ကြားခွင့်ရရှိတာက ကျောင်းသားတွေထက်ကို ပိုပြီး ခက်ခဲပါတယ်။ ကျိုးယိတောင် အဆင့်အမြင့်ပိုင်းဆရာအဖြစ်ရောက်ရှိမနေပဲ အလယ်ပိုင်းဆရာအဆင့်မှာသာ ရှိနေခဲ့တာပါ။ ဒါကတော့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ သင်ကြားရေးနည်းလမ်းတွေကြောင့်ပါပဲ။ တခြားတစ်ဖက်မှာတော့ ၀မ်ယန်က အဆင့်မြင့်ဆရာတစ်ယောက် ဖြစ်လာနိုင်သူ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူက အတွင်းနယ်မြေရဲ့ ကျောင်းသားတွေကို သင်ကြားပေးဖို့အတွက် အရည်အချင်းပြည့်မီလာတော့မဲ့သူပါ။ ဒီအချက်ကို ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လောက်အထိ အားကောင်းနေပြီးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိသာလို့နေခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင်းတောင် ဟို့ယွိဟောင်တို့အဖွဲ့မှာ ဘာတွေဖြစ်နေလဲ နားမလည်သေးပါဘူး။ ဟို့ယွိဟောင်က ဘယ်လို၀ိဉာဥ်ပညာရှင်မျိုးလဲဆိုတာတောင် သူမသိပဲရှိနေခဲ့ပါတယ်။
စာမေးပွဲပြီတဲ့နေ့မှာ ဟို့ယွိဟောင်တို့အဖွဲ့က မထွက်ခွာသေးပဲ တခြားပြိုင်ပွဲတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ တခြားပြိုင်ပွဲတွေပြီးသွားချိန်မှသာ ၀မ်ယန်ကို နှုတ်ဆက်ခွဲခွာတော့တယ်။
၀မ်ယန်ကလဲ ဟို့ယွိဟောင်ကို နောက်ထပ် မမေးတော့ပါဘူး။ လာမဲ့ပြိုင်ပွဲတွေမှာ နောက်ထပ် စွမ်းရည်တွေကို မြင်ရမယ်လို့ သိနေခဲ့တယ်။
ကျောင်းသားသစ်တွေရဲ့ စာမေးပွဲပထမအချီက ခပ်မြန်မြန် ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနေ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေအနည်းနဲ့အများ ပြိုင်ပွဲကို နေသားကျလာဖို့ပါပဲ။ မနက်ဖြန်စာမေးပွဲကတော့ ပိုလို့ စိန်ခေါ်မှုများပါတယ်။ ကျောင်းသားတွေက မနက်ပိုင်းမှာတင် စာမေးပွဲနှစ်ခုကို ဖြတ်ကျော်ရမှာဖြစ်ပြီ နေ့လည်ပိုင်းမှာတော့ စာမေးပွဲလေးခုကို ဖြတ်ကျော်ရမှာပါ။ တတိယနေ့မှာတော့ ပိုလို့ကြောက်စရာကောင်းပါတယ်။ စာမေးပွဲငါးခုကို ဖြတ်သန်းအောင်မြင်ပြီတဲ့ကျောင်းသားတွေအားလုံးက စာမေးပွဲငါးခုကို တစ်ရက်ထဲဖြတ်ကျော်ရမှာဖြစ်တယ်။ ဒါ့အပြင် ကျောင်းသားသစ်တွေရဲ့ စာမေးပွဲကလဲ သုံးရက်တာသာ ကြာမြင့်မှာပါ။ ဒီစာမေးပွဲကြီးက ကျောင်းသားတွေကို တိုက်ခိုက်ရေးအရ လေ့ကျင့်ပေးရုံတင်မကပဲ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကိုပါ မြင့်တက်စေတာလဲ ဖြစ်ပါတယ်။
စာမေးပွဲဒုတိယနေ့စချိန်မှာ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေက ဆရာကျိုးယိကို ပိုလို့ ကျေးဇူးတင်လာပါတော့တယ်။ တစ်ရက်ထဲမှာ တိုက်ပွဲလေးခုကို တိုက်ခိုက်ရတာက သူတို့အတွက် လုံး၀ကို ပြဿနာမရှိခဲ့ပါဘူး။ သူတို့ခန္ဓာကိုယ်ရဲ့ အားအင်ကုန်ဆုံးနိုင်မှုကတော့ အတော်ကို ပြဿနာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျိုးယိရဲ့ ငရဲလိုလေ့ကျင့်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရပြီတဲ့နောက် အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက ဆက်တိုက်ဆိုသလို ခန္ဓာကိုယ်ပင်ပန်းမှုတွေကို အများကြီး ကျင့်သားရသွားခဲ့ပါပြီ။ တခြားကျောင်းတော်သားတွေနဲ့ ယှဥ်မယ်ဆိုရင် သူတို့က ပိုလို့သက်သောက်သက်သာ ရှိနေခဲ့တယ်။
ပထမနေ့တိုက်ခိုက်ရေးပွဲပြီတဲ့နောက် အားလုံးလဲ စူးစမ်းလေ့လာကြပါတော့တယ်။ ဟို့ယွိဟောင်ကတော့ သူတို့အဖွဲ့ကို ခြိမ်းခြောက်နိုင်မဲ့သူမရှိဘူးလို့ တစ်ရာရာခိုင်းနှုန်းသေချာနေခဲ့တယ်။ ဒါ့အပြင် ၀ိဉာဥ်စွမ်းအား အဆင့်နှစ်ဆယ်အထက်မှာရှိနေတဲ့သူက တစ်ယောက်သာရှိတာပါ။
တခြားအဖွဲ့ရဲ့ ကျောင်းသားတွေကလဲ ငတုံးတွေ မဟုတ်ခဲ့ကြပါဘူး။ ဒီလိုပြင်းထန်တဲ့ အခြေအနေမျိုးမှာ သူတို့က ဟို့ယွိဟောင်တို့အဖွဲ့နဲ့ ရင်ဆိုင်မတိုက်ခိုက်မိအောင်လို့ ရှောင်ရှားနေခဲ့ကြပါတယ်။
ဟို့ယွိဟောင်တို့အဖွဲ့ကတော့ ပင်ပန်းနေတဲ့ကျောင်းသားတွေနဲ့ ယှဥ်မယ်ဆိုရင် အများကြီးကို အခြေအနေကောင်းနေခဲ့တယ်။ သူတို့သုံးယောက်က တိုက်ပွဲလေးခုစလုံးမှာ အလွယ်လေးအနိုင်ရခဲ့ပြီတဲ့နောက် ငါးပွဲဆက်တိုက်နိုင်တဲ့ မှတ်တမ်းကိုရရှိခဲ့ပါတယ်။ ဒီရလဒ်က သူတို့ကို စိတ်လုံခြုံမှုပေးစေခဲ့တယ်။ ပြောရမယ်ဆိုရင် သူတို့တွေက လူသစ်တွေရဲ့စာမေးပွဲကို အောင်မြင်လို့သွားခဲ့ပါပြီ။ ဒီငါးပွဲဆက်တိုက်အနိုင်ရခဲ့မှုက သူတို့ကို ပိုပြီး ယုံကြည်ချက် မြင့်မားလာစေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ၀မ်ယန်က စိတ်ဖိစီးနေခဲ့တယ်။ ပြိုင်ပွဲငါးပွဲ ပြီးဆုံးသွားပေမဲ့ ဟို့ယွိဟောင်တို့အဖွဲ့က တူညီတဲ့ နည်းလမ်းနဲ့ ဆက်တိုက်တိုက်ခိုက်နေဆဲပါ။ ၀မ်သုန့်တစ်ယောက်သာ လှုပ်ရှားပါတယ်။ ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းကတော့ နောက်ကနေသာ ထိုင်ကြည့်နေခဲ့တယ်။ ဒါ့အပြင် အချိန်အတိုအတွင်းမှာပဲ ပြိုင်ပွဲတွေက ပြီးသွားခဲ့တဲ့အတွက် ဟို့ယွိဟောင် ပိုင်ဆိုင်တဲ့စွမ်းအားတွေက်ို သူကိုယ်တိုင်းအတည်မပြုရသေးပါဘူး။ ဒါကြောင့် စဥ်းစားတွေးခေါ်မှုအပိုင်းမှာ အဓိက အားစိုက်ထုတ်ရတဲ့ ဆရာတစ်ယောက်အနေနဲ့ သူဘယ်လိုများ စိတ်ဖိစီးမှုမရှိပဲ နေနိုင်မှာလဲ။
” ဟို့ယွိဟောင် မင်းတို့သုံးယောက် ဒီကိုခဏလာပါဦး ”
ဒုတိယနေ့ ပြိုင်ပွဲတွေအကုန်ပြီးတဲ့နောက် ၀မ်ယန်က ဟို့ယွိဟောင်တို့အဖွဲ့ကို ခေါ်လာပါတော့တယ်။
ဟို့ယွိဟောင်က ရှေ့ဆုံးမှာလျှောက်လာခဲ့ပြီး ၀မ်သုန့်နဲ့ ရှောင်ရှောင်းကတော့ သူ့နောက်မှာ ကပ်လိုက်လာခဲ့တယ်။ ၀မ်ယန်က စိတ်ထဲမှာချက်ချင်းဆိုသလို နားလည်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က တကယ်ကို အဖွဲ့ခေါင်းဆောင်ပါပဲ။
” မင်းတို့သုံးယောက် ပြိုင်ပွဲငါးခုမှာ ပြိုင်ပွဲကင်းရလဒ်တွေကို ရရှိခဲ့တယ်..အနာဂတ်မှာလဲ သေချာပေါက် ဆက်ပြီကြိုးစားရဦးမယ်…ဒါ့မှသာ ထိပ်တန်းအဖွဲ့ခြောက်ဆယ်လေးခုရဲ့ အဆင့်ကို ရောက်ရှိနိုင်မှာပါ မနက်ဖြန်ပြိုင်ပွဲငါးခုက ဒီနေ့လောက်လွယ်မှာမဟုတ်ဘူး..ဒီနေ့ပြိုင်ပွဲတွေက အဆုံးသတ်သွားပြီရင် ငါတို့တွေ နောက်တစ်ခေါက်မဲနှိက်ပြီ ရွေးချယ်ကြရမယ်…ပြိုင်ပွဲငါးခုစလုံးကို ရှုံးနှိမ့်တဲ့သူတွေအားလုံးက ထုတ်ပယ်ခံရမှာပဲ ငါတို့ မဲခွဲပြီဆုံးဖြတ်တဲ့အချိန် အတန်းတူက ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်မိအောင်လို့ ငါတို့အဓိက ရှောင်ရှားကြတယ်…ဒါပေမယ့် မင်းတို့ရဲ့ အစောပိုင်းရလဒ်တွေကိုလဲ ထည့်သွင်းစဥ်းစားကြတယ်…မနက်ဖြန်မှာ မင်းတို့တွေ နယ်မြေနံပါတ်သုံးဆယ့်သုံးမှာ ရှိနေဦးမှာပဲ ဒါ့အပြင် သန်မာတဲ့ အဖွဲ့နဲ့တစ်ဖွဲ့တွေ့ဖို့အခွင့်အရေးများတယ်..ဒါ့မှမဟုတ်ရင် သန်မာတဲ့ အဖွဲ့နှစ်ဖွဲ့လောက်နဲ့ တွေ့ပြီအတော်ကိုစိန်ခေါ်မှု ပြင်းနိုင်တယ် ”
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။
” ကျေးဇူးတင်ပါတယ် ဆရာ၀မ် ကျွန်တော်တို့ သေချာပေါက် ကြိုးကြိုးစားစားတိုက်ခိုက်ပါ့မယ် ”
အပိုင်း ၁၈•၂ ပြီး၏။