Chapter – 187
“အမေ”
လင်းပါအိုခန်းမ၏ ဧကရာဇ်ဖြစ်သူ ရဲရှောင်သည်ယခုအခါတွင်အလွန်အလုပ်များလျက် ရှိသည်။
ထိုအချိန်တွင်လျှို့ဝှက်ဆန်းကြယ်လှသော ဝါးရုံတောအတွင်းရှိ သခင်ကြီးဘိုင် နေထိုင်ရာ နေရာသို့ မမျှော်လင့်သော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့သည်။
ထိုဧည့်သည်အား မြင်တွေ့လိုက်ရသောအခါ တည်ငြိမ်လွန်းလှသည့် သခင်ကြီးဘိုင်ပင် အံ့သြတုန်လှုပ် သွားလေသည်။
သခင်ကြီးဘိုင်သည် အဖြူရောင်ဝတ်ရုံကိုပင် ဝတ်ဆင်လျက် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်လုံးများသည်လည်း တည်ငြိမ်စွာဖြင့် တောအုပ်အတွင်းသို့ ငေးကြည့်လျက်ရှိသည်။ ထို့နောက်တစ်ချက်ပြုံးလိုက်ရင်း စိတ်ထဲတွင်လည်း –
[ကမ္ဘာကြီးတစ်ခုလုံးက ငါ့ကြောင့် ပြောင်းလဲနေပြီ . . .]
သူ၏ ထိန်းချုပ်မှုအောက်တွင် အရာအားလုံး ရှိနေသည့်အတွက်အကျေနပ်ကြီး ကျေနပ်နေမိသည်။ အထူးသဖြင့် ယခုကဲ့သို့ ပြန်စဉ်းစားမိသည့်အခါတိုင်းတွင်ပို၍ပင် ကျေနပ်မိသည်။
သခင်ကြီးဘိုင်အနေဖြင့်ယခုကဲ့သို့ ဖရိုဖရဲဖြစ်ေနသည့်အခြေအနေမျိုးအား အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးပြီ ဖြစ်သည့်အတွက်မထူးဆန်းတော့ပေ။ ကမ္ဘာကြီးတစ်ခုလုံး အုတ်အော် သောင်းနင်း ဖြစ်စေရန် ပြုလုပ်ခြင်းသည်သူ့အတွက်မူ ဌက်ပျောသီးတစ်လုံးအား အခွံနွှာစားရသကဲ့သို့ အလွန်လွယ်ကူသည့်အလုပ်ဖြစ်သည်။
တစ်ခါတစ်ရံတွင်လည်း ပင်ပန်းလာသကဲ့သို့ ခံစားနေရသည်။
ကမ္ဘာကြီးတစ်ခုလုံးအား ခြယ်လှယ်နိုင်ရန်အတွက်လူတိုင်းအိပ်မက်ပင်မက်ဖူးကြလိမ့်မည် မဟုတ်သော်လည်း သခင်ကြီးဘိုင်အတွက်မူ မထူးဆန်းတော့သော အရာတစ်ခုပင်။
အခြားလူများအတွက် အလွန်ကြီးကျယ်ခမ်းနားသော အရာတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း သူ့အတွက်မူ ဘာဆိုဘာမျှ မဟုတ်ချေ။
အရာအားလုံးအား ကြိမ်ဖန်များစွာ တွေ့ကြုံဖူးပြီး ဖြစ်သဖြင့် နေသားပင်ကျနေပြီ ဖြစ်သည်။
“ကောင်းကင်လျှို့ဝှက် ရတနာ . . .”
သခင်ကြီးဘိုင်သည် ကောင်းကင်ထက်သို့ ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
ထိုရတနာ ပေါ်လာမည့်နေ့က ပေါ်လာမည့်ဆဲဆဲ အချိန်တွင်အစအနပင် မကျန်အောင် ကွယ်ပျောက်သွားခဲ့ရသည်။ ထို့ကြောင့် မြင်တွေ့ခွင့်ပင် မရခဲ့ချေ။
ထိုအခြေအနေသည်သူ့အတွက်အလွန်မှပင်စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်။
အဘယ်ကြောင့် ထိုကဲ့သို့ ပျောက်ကွယ်သွားသည်ကိုလည်း နားမလည်နိုင်ခဲ့ပေ။ အောင်မြင်ခါနီး အခြေအနေ ရောက်ခါမှ ကွယ်ပျောက်သွားရခြင်း ဖြစ်သည်။ မကျေနပ်ဖြစ်မှုများနှင့်အတူ သူ၏ စိတ်ထဲ၌ –
[အဲဒီ ရတနာ ကျလာဖို့အတွက်ငါအများကြီး အားစိုက်ထုတ်ခဲ့ရတာ။ ကျလာတော့မယ့်အချိန်မှာမှ ပျောက်ကွယ်သွားတယ်။ မဟုတ်မှလွဲရော တစ်ယောက်ယောက်ရဲ့ လက်ထဲ ရောက်နေတာများလား . . .]
သခင်ကြီးဘိုင်သည်သက်ပြင်းရှည်ကြီးတစ်ချက်ချမိလိုက်သည်။
ဝမ်အာနှင့် ချူးအာတို့သည် တာဝန်ကိုယ်စီဖြင့်ထွက်ခွာသွားကြ၍ သူ၏ အနားတွင်ရှိမနေပေ။
ဝါးရုံတောအတွင်း သူတစ်ယောက်တည်းသာ ရှိနေလေသည်။ သူလိုချင်တပ်မက်နေသည့်ရတနာသည်တစ်စုံတစ်ဦး၏ လက်ထဲသို့ရောက်ရှိနေမည်ကို စိုးရိမ်နေမိသည်။
ထိုအချိန်တွင် ကောင်းကင်ထက်ရှိ တိမ်တိုက်များသည်ရုတ်တရက်ဆိုသလိုပင်လျင်မြန်စွာဖြင့်ပြောင်းလဲသွားသည်။
တိမ်တိုက်များ၏ အနောက်ဘက်မှ အရောင်အသွေးစုံလင်လှသည့် အရောင်များသည်ပြိုးပြိုးပျက်ပျက်ဖြင့်ပင်လင်းလက်တောက်ပသွားသည်။
လေပြည်လေညှင်းတစ်ခုသည်လည်း ဝါးရုံတောအတွင်း ထူးဆန်းစွာ တိုက်ခတ်လာသည်။
ဝါးပင်များအားလုံးသည်ယိမ်းနွဲ့ကာ လှုပ်ခါနေကြသည်။ သခင်ကြီးဘိုင်လည်း ကောင်းကင်ထက်သို့ ချက်ချင်းပင်မော့ကြည့်လိုက်သည်။
ထို့နောက် တောက်ပလှသည့် အလင်းတန်းများသည် သူ၏ အရှေ့တွင် လင်းလက်လာပြီး ထိုအလင်းရောင်များအကြားတွင်ခန့်ညား ထည်ဝါ သားနားလှသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည်ပေါ်ထွက်လာသည်။
သူမသည် သခင်ကြီးဘိုင်အား စူးစိုက်ကြည့်လျက်ရှိပြီး မျက်လုံးများတွင်လည်းဒေါသထွက်နေသည့်အရိပ်အယောင်များ ပြည့်နှက်လျက်ရှိသည်။
သခင်ကြီးဘိုင်လည်း အဆိုပါ အမျိုးသမီးအား တွေ့လိုက်ရသောအခါ အံ့သြစိတ်ကြောင့်ပါးစပ်အဟောင်းသားပင်ဖြစ်သွားလေသည်။ ထို့နောက်အလျင်အမြန်ဖြင့်ပင်ခါးအား မတ်လိုက်ရင်း အံ့သြသည့်ဟန်ဖြင့် –
“အာ . . . ဘယ်လိုလုပ် ကိုယ်တိုင် ရောက်လာရတာလဲ . . .”
အမျိုးသမီးမှ –
“ဘာလို့လဲ။ မင်းပြန်မလာချင်တာနဲ့ပဲ ငါ့ကိုတောင် မကြိုဆိုချင်ဘူးပေါ့လေ ဟုတ်လား . . .”
သခင်ကြီးဘိုင်လည်း ခေါင်းငုံ့လိုက်ရင်း တိုးညှင်းေသာ လေသံဖြင့် –
“မလုပ်ဝံ့ပါဘူး . . .”
အမျိုးသမီးလည်း မကျေနပ်သည့်လေသံဖြင့်-
“မလုပ်ဝံ့ဘူး ဟုတ်လား။ မင်း မလုပ်ဝံ့တဲ့ အရာဆိုတာရော ရှိသေးလို့လား . . .”
ပညာရှင်အများစုသည် ပျံသန်းနိုင်သည့် ကျင့်စဉ်များကို ကျင့်ကြံနိုင်ကြသည်။ ထို့ပြင်လေထဲသို့ ခုန်တက်၍လည်း တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်ကြသည်။ သို့သော် လေထဲတွင်မူ အကြာကြီး နေနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအမျိုးသမီးမှာမူ လေထဲတွင် အေးအေးဆေးဆေးဖြင့်ပင်ရပ်နေနိုင်လေသည်။
သူမရွေ့လျားလိုက်သည့် အခါတိုင်း ရောင်စုံတိမ်တိုက်များသည် သူမ၏ ခြေထောက်အောက်သို့ ရောက်လာကြသည်။ မြေကြီးအား ထိ၍ လမ်းလျှောက်ခြင်း မဟုတ်ဘဲ တိမ်တိုက်များပေါ်တွင်လျှောက်နေခြင်း ဖြစ်သည်။ သူမ၏ လက်များအား ဝေ့ဝမ်းလိုက်သောအခါ ကောင်းကင်ထက်ရှိ တိမ်တိုက်များသည်လည်း နဂိုပုံမှန်အတိုင်း ဖြစ်သွားလေသည်။ ထို့နောက် ခြေထောက်အောက်ရှိ တိမ်တိုက်များသည်လည်း လှုပ်ရှားသွားကာ မြေပြင်ပေါ်တွင် ထိုင်ခုံတစ်လုံးပုံစံသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
သူမသည် တိမ်တိုက်များအား အသုံးပြု၍ ထိုင်ခုံတစ်ခုံ ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။
ဖြူဖွေး၍ သန့်စင်နေသော တိမ်ထိုင်ခုံ တစ်လုံးပင် ဖြစ်သည်။ ထို့နောက် အမျိုးသမီးသည်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
အမျိုးသမီး၏ အပြုအမူများကြောင့်သခင်ကြီးဘိုင်သည်တအံ့တဩဖြင့်-
“အမေ . . . အခုချိန်ထိ ဒီကမ္ဘာပေါ်က အညစ်အကြေးတွေပေမှာ စိုးရိမ်နေတုန်းလား။ ဒီလိုဆိုမှတော့ ကျွန်တော့်ဘက်ကလည်း ဘာမှ ဧည့်ခံမနေတော့ဘူးနော် . . .”
အမျိုးသမီးသည် ယခုကမ္ဘာပေါ်ရှိ အရာမှန်သမျှအား ထိတွေ့ရမည်ကို ရွံရှာမိသောကြောင့်ယခုကဲ့သို့ တိမ်ထိုင်ခုံဖန်တီး၍ ထိုင်လိုက်ခြင်း ဖြစ်သည်။ မော်တယ်ကမ္ဘာရှိ မည်သည့်အရာကိုမှ သူမ မထိချင်ပေ။
အမျိုးသမီးမှ မကျေမနပ် လေသံဖြင့် –
“မင်းရဲ့ ငှက်မလေး နှစ်ကောင်ရော . . .”
သခင်ကြီးဘိုင်မှ –
“ကျွန်တော်ခိုင်းထားတဲ့ ကိစ္စလေးတွေ သွားလုပ်နေကြလို့ ဒီမှာ မရှိကြဘူး။ အမေပြန်ခေါ်စေချင်ရင် ခေါ်ပေးမယ်လေ . . .”
အမျိုးသမီးသည်ဆောင့်ကြီးအောင့်ကြီးလေသံဖြင့်-
“မလိုပါဘူး . . . သူတို့ကို မြင်ရတာ ပိုပြီး စိတ်ရှုပ်တယ် . . .”
သခင်ကြီးဘိုင်လည်း တခဏမျှ နှုတ်ဆိတ်နေလိုက်သည်။ ထို့နောက်လေသံအေးလေးဖြင့်-
“ဘာလို့လဲ။ သူတို့က ကောင်းရှာပါတယ်.. . .”
“ဪ . . . ဟုတ်လား . . .”
အမျိုးသမီးသည် မျက်နှာအားမဲ့ရွဲ့ကာ ပြောလိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ မကျေမနပ်ဖြစ်နေမိသည်။
သခင်ကြီးဘိုင်လည်း မည်သည့်စကားမျှ တုန့်ပြန်ပြောဆိုခြင်း မပြုတော့ပေ။
သူ၏ နှုတ်မှ ဝမ်အာနှင့် ချူးအာတို့ နှစ်ဦးအား လက်ထပ်ချင်ပါသည်ဟု ဖွင့်ဟပြောဆိုမိလျှင်သို့မဟုတ် သံယောဇဉ် ကြီးသည့် ပုံစံမျိုး ပြသလိုက်မည် ဆိုပါက အမေဖြစ်သူမှ ထိုမိန်းကလေး ၂ ဦးအား ချက်ချင်းပင်သတ်ပစ်နိုင်သည်ကိုသေချာပေါက်သိနေလေသည်။
သူတို့ နှစ်ဦးသည် မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်း မပြုတော့ဘဲ အချိန်အတော်ကြာ နှုတ်ဆိတ်နေကြသည်။ တစ်ခဏအကြာတွင်အမျိုးသမီးမှ –
“မင်းဘယ်တော့ ပြန်လာဖို့ စိတ်ကူးထားလဲ . . .”
သခင်ကြီးဘိုင်လည်းခေါင်းငုံ့ထားပြီး တိုးညှင်းသောလေသံဖြင့်-
“ကျွန်တော် မလာချင်ဘူး အမေ။ တကယ်မလာချင်လို့ပါ . . .”
“အဲ့ဒီမှာ ထီးနန်းကို လုနေကြတဲ့ လူတွေချည်းပဲ။ ကျွန်တော် လွတ်လွတ် လပ်လပ်ပဲ နေချင်တယ် . . .”
“လွတ်လွတ်လပ်လပ် ဟုတ်လား . . .”
အမျိုးသမီးသည်သက်ပြင်းတစ်ချက်ချလိုက်ရင်း သားဖြစ်သူအားနွေးထွေးကြင်နာသော မျက်ဝန်း များဖြင့်ကြည့်လိုက်သည်။ ထို့နောက် နူးညံ့ချိုသာသော အသံဖြင့် –
“လွတ်လပ်ခြင်း ဆိုတဲ့အရာက ပြောရတာတော့ သိပ်လွယ်တယ်။ ဘယ်သူကများ လွတ်လွတ် လပ်လပ် မနေချင်ဘဲ ရှိပါ့မလဲ။ ဒါပေမဲ့ မင်းကတော့ ဒီလိုလုပ်လို့ မသင့်သေးဘူး။ မင်းလို လူမျိုးက ဘယ်လိုများ လွတ်လွတ်လပ်လပ် နေလို့ ဖြစ်နိုင်မှာလဲ။ မင်းအဖေက မင်းကို သဘောအကျဆုံးပဲဆိုတာ မင်းလည်း သိသားနဲ့။ အဲဒီလို သဘောကျ မျက်နှာသာပေးလို့ပဲ မင်းရဲ့ ညီအစ်ကိုတွေက မင်းကို မကျေမနပ်ဖြစ်နေကြတာ . . .”
သခင်ကြီးဘိုင်လည်း ပြုံးလိုက်ရင်း ခနဲ့တဲ့တဲ့ လေသံဖြင့်-
“ကျွန်တော့် ညီအစ်ကိုတွေတဲ့လား . . . သူတို့တွေ အားလုံးက အမေ့ရဲ့ သားတွေပဲ မဟုတ်ဘူးလား . . .”
သားဖြစ်သူ၏ စကားကြောင့်အမျိုးသမီးသည် သက်ပြင်းချလိုက်ပြန်သည်။
သခင်ကြီးဘိုင်-
“ဘာပဲဖြစ်ဖြစ် အခုတစ်ခေါက် အမေတည်တည်ငြိမ်ငြိမ် ဖြစ်နေတာတော့ အံ့သြမိတယ် . . .”
အမျိုးသမီး –
“ငါအခုလာတာ မင်းကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီကမ္ဘာမှာ ဖီးနစ်ခန္ဓာကိုယ်ပိုင်ရှင်ရှိနေတယ် လို့ ခံစားမိနေလို့။ အဲဒါကြောင့် ငါကိုယ်တိုင် လာကြည့်တာ . . .”
“ဒါပေမဲ့ အခု မင်းရဲ့ လေးတိလေးကန် ပုံစံကို ကြည့်ရတာ ငါ့အတွက်တကယ် စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းတယ်။ ဟိုကောင်မလေး နှစ်ယောက်သာ အခုချိန် ရှိနေရင် ငါ့လက်ချက်နဲ့ သေတောင် သေသွားလောက်ပြီ။ သူတို့ရဲ့ ဆရာကိုတောင်မကာကွယ်နိုင်တဲ့ ဟာမတွေ သေဖို့ပဲထိုက်တန်တယ် . . .”
မိခင်ဖြစ်သူ၏ စကားကြောင့်သခင်ကြီးဘိုင်သည်ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့အမေ၏ ကျင့်စဉ်သည် အကောင်းဆုံး ကျင့်စဉ်များ ထဲမှ တစ်ခုဖြစ်သည့် ဖီးနစ်ကကြိုးကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်တွင်ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား တုန်လှုပ် စေနိုင်သော စွမ်းအားမျိုး ရှိသည်။ သဘာဝတရားကြီးနှင့် သွေဖယ်သော စွမ်းအင်များစွာ ပါဝင်နေလေသည်။ အလွန် အစွမ်းထက်လှသော်လည်း ကျင့်ကြံသူများအဖို့ လိုအပ်ချက်အချို့တော့ ရှိနေသည်။ ဖီးနစ်ခန္ဓာကိုကယ်ပိုင်ရှင်မှသာလျှင် အဆိုပါ ကျင့်စဉ်အား ကျင့်ကြံနိုင်မည် ဖြစ်သည်။ ထို့ကြောင့်
လူတိုင်း ကျင့်နိုင်သည့်ကျင့်စဉ်မျိုးတော့ မဟုတ်ချေ။
သူ့အမေ၏ ပညာရပ်အား လက်ဆင့်ကမ်းပေးနိုင်ရန်အတွက်မွေးရာပါ ဖီးနစ်ခန္ဓာကိုယ်ပိုင်ရှင်အား လိုအပ်မည်ြဖစ်သည်။
ပညာရပ်အား လက်ဆင့်ကမ်းပေးချင်နေသော အမေဖြစ်သူ၏ ဆန္ဒသည်ယခုတိုင်အောင် မပြည့်ဝသေးပေ။ ပညာအမွေ ချန်ထားခဲ့ချင်သောစိတ်သည်အချိန်နှင့်အမျှပင် ကြီးစိုးနေသည့်အတွက်ဖီးနစ်ခန္ဓာကိုယ်ပိုင်ရှင်အား နှစ်ပေါင်းများစွာပင်လိုက်လံရှာဖွေခဲ့သည်။ သို့သော် တစ်ဦးတစ်လေပင် မတွေ့ခဲ့ချေ။ သို့သော် ယခုအခါတွင်မူ အဆင့်နိမ့်နယ်ပယ်တစ်ခုဖြစ်သော မော်တယ်ကမ္ဘာတွင် ထိုခန္ဓာကိုယ်ပိုင်ရှင်ရှိနေသည်ဟု သူမ ခံစားနေရသည့်အတွက်ရောက်ရှိလာခြင်းဖြစ်သည်။
အမျိုးသမီးမှ ဝမ်အာတို့အား သတ်ပစ်မည်ဟုပြောဆိုနေခြင်းသည်လိမ်ညာ၍ ပြောနေခြင်း မဟုတ်ပေ။
ဝမ်အာနှင့် ချူးအာတို့သည် ယခုကမ္ဘာရှိ လူများအားလုံးအား ပုရွတ်ဆိတ်လေးများကဲ့သို့ ဆက်ဆံနိုင်သကဲ့သို့ သခင်ကြီးဘိုင်၏ အမေအတွက်လည်း သူမတို့သည် ပုရွတ်ဆိတ်လေးများသာ ဖြစ်နေလေသည်။
ထို့ကြောင့် သူမတို့အား အလွယ်တကူ သတ်နိုင်သည်မှာ ငြင်းဖွယ်ရာ မရှိချေ။
“ဂုဏ်ယူပါတယ်အမေ . . . အမေ့ရဲ့ အိပ်မက်တွေ ဖြစ်လာတော့မှာပေါ့ . . .”
သခင်ကြီးဘိုင်သည် မိခင်ဖြစ်သူအား ရိုရိုသေသေဖြင့်ပင်ပြောလိုက်သည်။
အမျိုးသမီးမှ မျက်မှောင်ကြုတ်လိုက်ရင်း –
“အခုထိတော့ လူကို မတွေ့ရသေးပါဘူး။ အဲဒါကြောင့် ဂုဏ်ပြု စောမနေနဲ့ . . .”
သခင်ကြီးဘိုင်သည်တည်ငြိမ်သောအသံဖြင့်-
“ကျွန်တော့်ရဲ့ ကျင့်ကြံမှုက နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ အနှောင့်အယှက်ခံလို့ မဖြစ်ဘူး”
“စိတ်မပူပါနဲ့အမေ . . . ကျွန်တော် ကိစ္စတွေ ပြီးရင် တတ်နိုင်သမျှ မြန်မြန် ပြန်လာပါ့မယ် . . .”
အမျိုးသမီးမှ သက်ပြင်းချလိုက်ရင်း –
“ကောင်းပြီ . . . ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ငါဒီမှာ အကြာကြီး နေလို့မရဘူး။ အကြာကြီး နေမိရင် အချိန်စက်ဝန်းနဲ့ ဟင်းလင်းပြင် စက်ဝန်းကို ထိခိုက်ပြီး ကမ္ဘာပျက်သွားနိုင်တယ် . . .”
သခင်ကြီးဘိုင်လည်းခေါင်းညိတ်လိုက်ကာ –
“ကျွန်တော် နားလည်ပါပြီ . . .”
“ဒီတစ်ခေါက် မင်းအတွက် ငါယူလာတဲ့ လက်ဆောင်လေးပါ . . .”
အမျိုးသမီးသည် အရောင်ငါးမျိုးပါသော လက်စွပ်တစ်ကွင်းအား သခင်ကြီးဘိုင်ထံသို့ ပစ်ပေးရင်း ပြောလိုက်သည်။
“ဒီလို အဆင့်နိမ့် ကမ္ဘာမှာ မင်းဘဝကို အနစ်မွန်း မခံပါနဲ့။ မင်းက ဂရုမစိုက်ဘူး ဆိုရင်တောင် ငါ့အနေနဲ့ သိက္ခာကျမခံနိုင်ဘူး . . .”
သခင်ကြီးဘိုင်လည်း လက်စွပ်အား ကိုင်ထားရင်း ခေါင်းကို ငုံ့ထားကာ –
“စိတ်မပူပါနဲ့အမေ . . .”
အမျိုးသမီးသည်ခေါင်းညိတ်ပြလိုက်ပြီးနောက် သခင်ကြီးဘိုင်၏ မျက်နှာအား ညင်သာစွာ ကိုင်လိုက်သည်။ ထို့နောက်နောက်ပြန်ဆုတ်လိုက်ရင်း –
“ငါသွားပြီ . . .”
သခင်ကြီးဘိုင်လည်း ခေါင်းငုံ့ထားလျက် မော့၍ မကြည့်ဘဲ –
“ကောင်းပါပြီ အမေ . . .”
မိခင်ြဖစ်သူ၏ မျက်ဝန်းများနှင့်ဆုံအောင် ကြည့်မိပါက စိတ်မထိန်းနိုင်တော့ဘဲ ပြန်လာမည်ဟု ပြောမိမည်ကို စိုးရိမ်သဖြင့် အကြည့်လွှဲထားခြင်း ဖြစ်သည်။
အမျိုးသမီးလည်း သက်ပြင်းတစ်ချက် ထပ်မံချလိုက်ရင်း စိတ်ပျက်လက်ပျက် ဟန်ပန်ဖြင့် –
“မင်းပြန်မလာသေးတာလည်း တစ်မျိုးကောင်းပါတယ်။ မင်းတို့ကလေးတွေ ထီးနန်းအတွက်တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြမယ့်အရေး ခေါင်းခဲနေစရာ မလိုတော့ဘူးပေါ့ . . .”
ထို့နောက် အမျိုးသမီးသည်ချက်ချင်းဆိုသလိုပင်ပျောက်ကွယ်သွားပါတော့သည်။
ရောင်စုံတိမ်တိုက်များ ကောင်းကင်ထက် စုဆုံသွားကြသည်မှာ အလွန် လှပသော မြင်ကွင်း တစ်ခုပင် ဖြစ်သည။
သခင်ကြီးဘိုင်လည်း ခေါင်းကိုမော့လိုက်ရင်းကောင်းကင်အားမော့ကြည့်လိုက်သည်။ထို့နောက် အမေဖြစ်သူ ထိုင်ခဲ့သည့် သန့်ရှင်း စင်ကြယ်လှသော တိမ်တိုက်ထိုင်ခုံအား ငေးကြည့်နေမိသည်။
“အမေ . . . ကျွန်တော် ပြန်လာမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး . . .”
သခင်ကြီးဘိုင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ ရေရွတ်သံကိုတော့ အမေဖြစ်သူ ကြားနိုင်မည် မထင်ချေ။
. . .
ရဲရှောင်နှင့်စုယဲ့ယွဲ့သည်ရေခဲတောင်ကြီးပေါ်၌ရောက်ရှိနေကြသည်။
ရဲရှောင်သည်သူကိုယ်တိုင် ဖန်တီးထားသည့် ရေခဲတောင်ကြီးအား အထူးတလည်စိတ်ဝင်စားခြင်း မရှိသော်လည်း စုယဲ့ယွဲ့မှာမူ ရေခဲတောင်ကြီးအား တအံ့တဩဖြင့်အထူးဆန်းသဖွယ်ဖြစ်နေလေသည်။ ရဲရှောင်သူ့ထံသို့ရောက်မလာခဲ့သည့်အချိန်များသည်စိတ်ဓာတ်အကျဆုံး အချိန်များ ဖြစ်ခဲ့ရသည်။ ထို့ပြင်ရဲရှောင်၏ သေလုမျောပါး ဖြစ်ခဲ့သည့် သတင်းကြောင့်မစားနိုင်မသောက်နိုင်ပင်ဖြစ်ခဲ့ရပြန်သည်။
သူ့ကြောင့်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေသော ယဲ့ယွဲ့အား စိတ်သက်သာရာရစေရန်အတွက်ရဲရှောင်သည်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများထဲမှ တစ်ချို့တစ်ဝက်အားပြောပြခဲ့သည်။ အကြောင်း အရာများအားလုံးအား အမှန်တိုင်း ဖွင့်ဟပြောဆိုရန်အတွက်မှာမူ မဖြစ်နိုင်သေးချေ။ စုယဲ့ယွဲ့သည်လည်း ရဲရှောင်ပြောသော အကြောင်းအရာများအား နားထောင်ရင်း စိတ်သက်သာရာ ရသွားပါတော့သည်. . .။