Chapter – 186
“ကြွေးဟောင်းဆပ်ခြင်း”
ရဲနန်ရှန်၏ စိတ်ထဲတွင် –
[ဒီကျင့်စဉ်က ငါ့ရဲ့ ဒဏ်ရာကိုတောင် ပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မယ် ထင်တယ်]
ရဲရှောင်သည်စာအုပ်တစ်အုပ်အား ထုတ်လိုက်သည်။
ထိုစာအုပ်သည်ရဲနန်ရှန်၏ အခြေအနေများအား ကြည့်၍ သူကြိုတင်ရေးသားထားသည့် ကျင့်စဉ်စာအုပ်ပင် ဖြစ်သည်။
ရဲနန်ရှန်နှင့် အသင့်တော်ဆုံး ကျင့်စဉ်တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။
“သဘာဝစုစည်းမှု . . .”
ရဲနန်ရှန်သည် စာအုပ်အဖုံးအား မြင်လိုက်ရေသာအခါ စိတ်လှုပ်ရှားမှုများကြောင့်ပါးစပ်အဟောင်းသားပင်ဖြစ်သွားသည်။
ထိုစာအုပ်၏ နာမည်အား သူကောင်းကောင်းကြီး မှတ်မိနေလေသည်။
ချင်းရန်နယ်ပယ်တွင်သဘာဝစုစည်းမှုကျင့်စဉ်ကြောင့် လူပေါင်းထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြရသည်။
ထိုကျင့်စဉ်သည်ချင်းရန်နယ်ပယ်တွင်လွန်ခဲ့သော နှစ်ပေါင်း ၈ ထောင်ခန့်ကတည်းကပင်ပေါ်ပေါက်ထင်ရှားခဲ့သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ မရေမတွက်နိုင်သော သိုင်းလောကမှ ပညာရှင်များသည် သဘာဝစုစည်းမှုကျင့်စဉ်အား ရတနာသိုက်တစ်ခုသဖွယ်ရေအဆုံးမြေအဆုံး လိုက်လံ ရှာဖွေခဲ့ကြသည်။
သဘာဝစုစည်းမှုကျင့်စဉ်သည် ရှေးဟောင်း အစွမ်းထက် ပညာရှင်တစ်ဦး၏ ထူးခြားသော ကျင့်စဉ် တစ်ခုပင် ဖြစ်သည်။ ထိုကျင့်စဉ်တစ်ခုတည်းဖြင့်ချင်းယန်နယ်ပယ်တစ်ခုလုံးအား စိုးမိုးခြယ်လှယ်နိုင်ခဲ့သည်။ အဆိုပါ ကာလများသည် ထိုပညာရှင်၏ လျှမ်းလျှမ်းတောက်အောင်မြင်သော ကာလများပင် ဖြစ်သည်။
ချင်းယန်နယ်ပယ်မှ ပညာရှင်များသည်ထိုကျင့်စဉ်အား ပိုင်ဆိုင်နိုင်ရန်အတွက်တိုက်ပွဲပေါင်း များစွာ ဖြစ်ခဲ့ကြရသည်။
နောက်ဆုံးတွင်မည်သူ၏ လက်ထဲသို့ရောက်ရှိသွား၍ မည်သို့မည်ပုံ အဆုံးသတ်သွားသည်ကို မသိကြတော့ချေ။
သေချာသည့် တစ်ချက်မှာ အဆိုပါ ကျင့်စဉ်ကြောင့် ထင်ရှားကျော်ကြားသည့် အစွမ်းထက် ပညာရှင်များစွာ၏ အသက်များဆုံးရှုံးခဲ့ရသည်။
အမည်မသိ မထင်ရှားသော လူများမှာမူ ရေတွက်၍ပင် ရလိမ့်မည် မဟုတ်ချေ။
ယခုအခါတွင်အဆိုပါ ကျင့်စဉ်သည် ရဲနန်ရှန်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ရဲနန်ရှန်သည်အံ့ဩလွန်းသဖြင့်ပါးစပ်ပင်စေ့၍မရနိုင်တော့လောက်အောင်ဖြစ်နေလေသည်။
ရဲရှောင်၏ ဆရာဖြစ်သူသည်ယခုကဲ့သို့ အတုမရှိ အနှိုင်းမဲ့သည့် ကျင့်စဉ်အား လွယ်လွယ်ကူကူ ထုတ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ရဲနန်ရှန်၏ စိတ်ထဲတွင်အတိုင်းမသိပျော်နေမိသော်လည်း အနည်းငယ်သံသယဝင်နေမိသည်။ စာအုပ်အဖုံးပေါ်တွင်သဘာဝစုစည်းမှုကျင့်စဉ်ဟုရေးသားထားသော်လည်း အတွင်းတွင်ပါသော အကြောင်းအရာများသည်မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။
အခြားကျင့်စဉ်တစ်ခုအား သဘာဝစုစည်းမှုကျင့်စဉ်ဟုနာမည်ပေးထားခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ နာမည်တူနေသောအခါ ကျင့်စဉ်အတုအနေဖြင့် တန်ဖိုးမြင့်တက်သွားမည် မဟုတ်ပါလော။
ရဲနန်ရှန်လည်း စာအုပ်အား ခပ်သွက်သွက် လှန်လှောကြည့်လိုက်သောအခါ အစစ်အမှန်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
သူသည် ချင်းယန်နယ်ပယ်ရှိ အခြားသော ပထမတန်းစား ပညာရှင်များ၏ အစွမ်းများနှင့်နှိုင်းယှဉ်လျှင်အဆင့်နိမ့်နေသေးသော်လည်း စာမျက်နှာ အနည်းငယ် ကြည့်ရုံဖြင့်ပင် အလွန်အစွမ်းထက်သော ကျင့်စဉ်စာအုပ်ပင်ဖြစ်ကြောင်း ကောက်ချက် ချနိုင်ခဲ့သည်။
ရဲနန်ရှန်သည်အံ့သြလွန်း၍ လက်များပင် တုန်ယင်လျက်ရှိပြီး ပါးစပ်မှလည်း –
“တကယ့် အစစ်ပါလား . . .”
စိတ်လှုပ်ရှားနေမှုကြောင့်သူ၏ အသံသည်လည်း တုန်ယင်လျက်ရှိသည်။ ယခုကဲ့သို့ အစွမ်းထက်လှသည့်ကျင့်စဉ်အား လက်ဝယ်ပိုင်ဆိုင်ရခြင်းကြောင့် ညှိုးနွမ်းသေဆုံးတော့မည့်သူ၏ မျှော်လင့်ချက်များသည်ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားလိုက်ရသည်။
ယခုကျင့်စဉ်သည်သူ၏ ခန္ဓာကိုယ်တွင်အမြစ်တွယ်ပုန်းကွယ်နေသော ဒဏ်ရာဟောင်းအပြင်သူ၏ ကျင့်စဉ်ခရီးလမ်းတွင်ပိတ်ဆို့တားဆီးနေသော အရာများအားလုံးအား ဖယ်ရှားပေးနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
ထို့ပြင်မူလတာအိုအဆင့်သို့ တထစ်ချ ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်နေမိပြီး ဇနီးဖြစ်သူနှင့် တွေ့ရတော့မည့်အရေးအား တွေးရင်းပျော်နေမိသည်။
သူ၏ ဘဝတွင်လိုချင်တောင်းတခဲ့သည့်ရည်မှန်းချက်သည်တစ်ခုသာ ရှိခဲ့လေသည်။ သို့သော်ထိုရည်မှန်းချက်သည် ဘယ်သောအခါမှ သူဆွတ်ခူး၍ လက်လှမ်းမမီနိုင်သည့်အရာပင် ဖြစ်သည်။ ယခုအခါတွင်အဆိုပါ ရည်မှန်းချက် ပန်းတိုင်နှင့် နီးစပ်လာသကဲ့သို့ ခံစားမိလိုက်ရပြီး သူ၏ ဘဝတွင်မဖြစ်နိုင်သော အရာဟူ၍ မရှိတော့သလိုပင် ခံစားေနရသည်။
သူ၏ဘက်မှ ကြိုးစားအားစိုက်မှု အနည်းငယ်သာ လိုအပ်မည် ဖြစ်သည်။
ရဲရှောင်မှ ရဲနန်ရှန်အား ပေးခဲ့သည့် ကျင့်စဉ်သည် အစစ်အမှန်ပင် ဖြစ်သည်။ ယခင်က အဆိုပါ ကျင့်စဉ်အတွက် လူပေါင်းများစွာသည်တိုက်ခိုက်ခဲ့ကြရပြီး ပိုင်ရှင်အဆက်ဆက် ပြောင်းလဲခဲ့ရသည်။ နောက်ဆုံးတွင်မူ ရှောင်ဧကရာဇ်၏ လက်ဝယ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှောင်ဧကရာဇ်သည် အဆိုပါ ကျင့်စဉ်အား ရရှိခဲ့သည့်တိုင် အသုံးပြုခြင်း မရှိခဲ့ပေ။
ထိုကျင့်စဉ်အား ရရှိခဲ့သည့်အချိန်၌ ရဲရှောင်သည်သန့်စင်သော ယန်ကျင့်စဉ်ဖြင့် အဆင့်များစွာ တိုးတက် အောင်မြင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သဘာဝစုစည်းမှုကျင့်စဉ်ကိုသာ ကျင့်ကြံမည် ဆိုပါက ယန်ကျင့်စဉ်နှင့် ကျင့်ကြံခဲ့သမျှ အရာအားလုံးအား စွန့်လွှတ်ရမည် ဖြစ်သည်။
တစ်ခုလိုချင်တစ်ခုစွန့်လွှတ်ရမည့်အနေအထားတွင်ရှောင်ဧကရာဇ်သည်သက်ပြင်းသာ ချနိုင်ခဲ့သည်။ အတော်အတန် အားစိုက်ထုတ်၍ ရယူကြိုးပမ်းခဲ့သည့်အရာသည် နောက်ဆုံးတွင် သူ့အတွက် အသုံးမဝင်သော အရာတစ်ခု ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သိမ်းဆည်း၍သာ ထားလိုက်တော့သည်။
ယခုလက်ရှိ ဘဝတွင်လည်း ပိုကောင်းသော ကျင့်စဉ်တစ်ခုအား ပိုင်ဆိုင်နိုင်နေပြီ ဖြစ်သည့်အတွက်ထိုကျင့်စဉ်အား အသုံးပြုစရာ အကြောင်းမရှိတော့ပေ။
ထို့ကြောင့်ဖခင်ဖြစ်သူ ရဲနန်ရှန်ကိုသာ ပေးအပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် နတ်ဘုရားများသည် လူတစ်ယောက်၏ ကံကြမ္မာအား ထိပ်ဆုံးမှအောက်ဆုံးရောက်အောင်ပြောင်းလဲပေးနိုင်သကဲ့သို့အောက်ဆုံးမှ ထိပ်ဆုံးသို့ရောက်အောင်လည်းပြောင်းလဲပေးတတ်ကြသည်။
ရဲနန်ရှန်သည် စာအုပ်အား တုန်ယင်သော လက်များဖြင့် ကိုင်ထားရင်း –
“ရှောင်ရှောင် . . . ဒီကျင့်စဉ်က မင်းအဖေ ငါ့အတွက် ဘယ်လောက်ထိ အသုံးဝင်လဲ ၊ အဓိပ္ပါယ်ရှိလဲ ဆိုတာကို မင်းကငယ်သေးတော့ သိသေးမှာမဟုတ်ဘူး။ ဒီကျင့်စဉ်နဲ့သာဆို အဖေတို့ရဲ့ရည်မှန်းချက်တွေ အားလုံး ပြည့်ဝသွားမှာ။ မင်းဆရာရဲ့ ရက်ရောမှုတွေ၊စေတနာတွေ အားလုံးကို ငါအမြဲတမ်း အမှတ်ရနေမှာပါ။ သူက ငါတို့ရဲ့ တကယ့် ကျေးဇူးရှင်ပါပဲ”
ဖခင်ဖြစ်သူ၏ စကားကြောင့်ရဲရှောင် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ရယ်ချင်နေမိသည်။ ရဲနန်ရှန်ပြောသည့်ကျေးဇူးရှင်အစစ်မှာ သူဖြစ်နေသည်မဟုတ်ပါလော။ သို့သော်မိဘ၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်လိုက်၍ သူ၏စိတ်ထဲတွင်အတိုင်းမသိ ပျော်ရွှင်နေမိလေသည်။
ရဲရှောင်၏ ဘဝတွင်ထိုကဲ့သို့ တစ်ခါမျှ မခံစားဘူးခဲ့ပေ။
ကျေနပ်ပီတိဖြစ်နေသော ရဲရှောင်သည်ဖခင်၏ မျက်နှာအား ကြည့်ရင်း –
“အဖေ့အတွက် တကယ် အသုံးဝင်တယ်ဆိုရင် ကျွန်တော်လည်း ဆရာ့ကို ကျေးဇူးတင်စကား ပြောလိုက်ပါမယ် . . .”
ရဲနန်ရှန်လည်း ရဲရှောင်၏ ပခုံးအား ပုတ်လိုက်ရင်း အားရကျေနပ်သော အကြည့်များဖြင့်ကြည့်နေလေသည်။
သူ၏ စိတ်ထဲတွင်ထိုကျင့်စဉ်အား အမြန်ဆုံး လေ့ကျင့်ချင်သည့်စိတ်များသည်တဖွားဖွားဖြင့်ပင်ပေါ်ပေါက်လျက်ရှိသည်။ ထို့ပြင်စာအုပ်ပါ ကျင့်စဉ်များ အားလုံးအား မှတ်သားထားပြီးသည်နှင့်စာအုပ်အား အမြန်ဆုံး ဖျက်ဆီးပစ်မည်ဟုလည်း တွေးနေမိသည်။
သူ၏ လက်ထဲတွင်စာအုပ်ရှိနေခြင်းသည်အန္တရာယ်အား လက်ယက်ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်နေမည်ဖြစ်သည်။
ပါးရည်နပ်ရည်ရှိသူတစ်ဦးပီပီ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များအား ကြိုတင်၍ သိမြင်နေလေသည်။
တခဏအကြာတွင် သားအဖနှစ်ယောက်လုံးသည်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းပြိုင်တူ ချမိလိုက်ကြသည်။
ရဲနန်ရှန်-
“သဘက်ခါကျရင် အဖေမြောက်ပိုင်းကို ပြန်ရတော့မယ်။ ဘယ်သူမှ မသိအောင်တော့ ပြန်မှ ဖြစ်မယ်။ နိုင်ငံက အခြေအနေ မကောင်းဘူး။ အဲ့ဒီအတွက်အဖေ့မှာ တာဝန်ရှိတယ် . . .”
ရဲရှောင်သည်ခေါင်းညိတ်ပြလိုက်ရင်း –
“ကျွန်တော် နားလည်ပါပြီ . . .”
ရဲနန်ရှန်မှမြောက်ပိုင်းသို့ ပြန်တော့မည့်အကြောင်းပြောလိုက်သောအခါ ရဲရှောင်၏ ရင်ထဲတွင်ဝမ်းနည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရဲနန်ရှန်သည်ပြုံးလိုက်ရင်း –
“အဖေရှိနေမှ မြောက်ပိုင်းက လုံခြုံနေလိမ့်မယ်။ ဒီတစ်ကြိမ် မင်းမွှေးလိုက်တဲ့မီးက တစ်ချို့ကိစ္စတွေအတွက်ကောင်းသလိုတောင်ဖြစ်သွားသေးတယ်။ ပုန်းနေတဲ့ ရန်သူတွေပါ အကုန်လုံး ထွက်လာကြတယ်လေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ အဲဒါကြောင့် အခု အခွင့်သာတုန်း အကုန်လုံးကို ရှင်းပစ်ရမယ် . . .”
“မင်းကိုလည်း ကျေးဇူးတင်ပါတယ်။ မင်းကြောင့်အကုန်လုံး အဆင်ပြေသွားတယ်. . .”
ရဲရှောင်သည်ရယ်မောလိုက်ရင်း –
“ဟားဟား . . . အဲ့ဒါဆို ကျွန်တော်ပိုပြီး ပတ်မွှေပေးလိုက်ရမလား . . .”
ရဲနန်ရှန်လည်း သူ၏ လက်အားမြှောက်လိုက်ရင်း –
“တယ် . . . ဒီသောက်ကလေးကတော့ . . .”
ရဲရှောင်သည်လည်း ကြောက်ရွံ့သည့်ဟန် လုပ်ပြလိုက်သည်။ သားအဖနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပျော်ရွှင်စွာဖြင့်ရယ်မောလိုက်ကြသည်။
ထို့နောက်ပြုံးရယ်နေသော ရဲနန်ရှန်၏ မျက်နှာသည်ရုတ်တရက်တည်ကြည်သွားပြီး –
“ဒါပေမဲ့ ကျန်တဲ့ ၃ ဘက်က အခြေအနေ မကောင်းဘူး . . .”
“ငါထင်တာတော့ အခုချိန်မှာ လုံခြုံသေးပေမဲ့ အရှေ့နဲ့အနောက်ပိုင်းက အခြေအနေတော်တော်ဆိုးနေပြီ။ တောင်ပိုင်းကတော့ အခြေအနေ အကောင်းဆုံးပဲ။ ဒါပေမဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေတော့ ရှိနေသေးတာပေါ့။ မုန်တိုင်းအိမ်တော်ကလည်း တောင်ပိုင်းကိုပဲ မျက်စိကျနေပုံ ရတယ်။ သူတို့ဘက်ကသာ လှုပ်ရှားလာမယ်ဆိုရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ် . . .”
“ငါအခုလိုပြောနိုင်တာက ချန်နိုင်ငံတော်ကြီး တစ်ခုလုံးမှာ မုန်တိုင်းအိမ်တော်အကြောင်း ကောင်းကောင်းသိတဲ့ လူဆိုလို့ နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က ငါ၊ နောက်တစ်ယောက်ကတော့ စုဒင်ဂူပေါ့”
“ငါ့သွေးသောက်ညီအစ်ကိုဖြစ်တဲ့ မင်းသားဟွာရန်းတော့ အန္တရယ်တွေနဲ့ သေချာပေါက် ရင်ဆိုင် ရတော့မယ်။ ဒါပေမဲ့ ငါကလည်း အခုချိန်မှာ ကျန်တဲ့ အရေးကိစ္စတွေနဲ့ အလုပ်များနေတယ် . . .”
ရဲနန်ရှန် မျက်မှောင်ကြုတ်လိုက်ရင်း –
“မုန်တိုင်းအိမ်တော်က အခုထိတော့ မည်မည်ရရ လှုပ်ရှားမှု မလုပ်သေးဘူး။ ချန်နိုင်ငံမှာ တစ်ခါပေါ်လာဖူးတဲ့ ချူးအာကလွဲပြီး ကျန်တဲ့လူတွေ တစ်ယောက်မှကို မမြင်ရသေးဘူး . . .”
မင်းသားဟွာရန်းမှ တောင်ပိုင်းသို့ စစ်မထွက်ခင် မှာကြားခဲ့သည့် စကားများအား ရဲရှောင်ပြန်လည်အမှတ်ရမိသွားသည်။ သူ၏ စ်ိတ်ထဲတွင်အနည်းငယ် စိတ်ဓာတ်ကျသွားသကဲ့သို့ပင်ခံစားလိုက်ရသည်။
စုယဲ့ယွဲ့သည်ရဲရှောင်အားနေ့စဉ်ရက်ဆက်ပင်စောင့်မျှော်လျက်ရှိသည်။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုသည့်စကားအတိုင်း ယဲ့ယွဲ့သည်မစားနိုင်မသောက်နိုင်ပင်ဖြစ်နေခဲ့သည်။ သူမ၏ မျက်နှာတွင်ချိုသာသော အပြုံးများပင်ကွယ်ပျောက်နေခဲ့သည်။
အချိန်နှင့်အမျှ ရဲရှောင်အားစောင့်မျှော်နေရသကဲ့သို့ အဖေဖြစ်သူကိုလည်း လွမ်းဆွတ်သတိရလျက်ရှိသည်။
ယဲ့ယွဲ့သည်ဖခင်ဖြစ်သူ မင်းသားဟွာရန်းအတွက်မည်မျှအထိ စိုးရိမ်ပူပန်နေသည်ကို ရဲရှောင် သိနေလေသည်။ စိတ်သက်သာရာရစေရန်မည်ကဲ့သို့ ပြု လုပ်ပေးရမည်ကိုလည်း စဉ်းစားမတတ်ဖြစ်နေခဲ့သည်။
ယဲ့ယွဲ့၏ အကြောင်းများအား စဉ်းစားရင်း ရဲရှောင်မှ တည်ငြိမ်သော အသံဖြင့်-
“တောင်ပိုင်းကို အဖေ့ကိုယ်စား သွားပေးမယ် ဆိုရင်ရော ဘယ်လိုလဲ . . .”
သားဖြစ်သူပြောလိုက်သည့်စကားသည်မဖြစ်နိုင်သည့်ကိစ္စတစ်ခုဖြစ်နေ၍ ရဲနန်ရှန်လည်းပေါ့ပေါ့ပါးပါးဖြင့်ပင်-
“မင်းမှာ စစ်သူကြီးမပြောနဲ့ စစ်သည်တစ်ယောက်တောင် မရှိတာ မင်းသွားတော့ရော ဘာလုပ်နိုင်မှာ မို့လို့လဲ . . .”
ရဲရှောင်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး နှုတ်ဆိတ်သွားသည်။သူ၏ စိတ်ထဲတွင်မူ –
[ကျွန်တော့်မှာ စစ်သူကြီးမပြောနဲ့ စစ်သည်တစ်ယောက်တောင် မရှိဘူးတဲ့လား . . .]
ရဲနန်ရှန်သည် ရဲရှောင်၏ အပြုံးအား အထူးဆန်းသဖွယ်စိုက်၍ ကြည့်နေပါတော့သည်။
. . .
နောက်တစ်နေ့တွင် ရဲနန်ရှန်သည် ရဲအိမ်တော်တော်အတွင်းမှ မျက်စိမျက်နှာပျက်ဖြင့် ထွက်လာပြီး အိမ်အပြင်ဘက်တွင်စောင့်နေကြသည့် လူများအား မောင်းထုတ်လျက်ရှိသည်။
ရဲနန်ရှန်သည်ဒေါသတကြီးဖြင့်-
“ထွက်သွားကြစမ်း . . . ငါ့သားအတွက် ငါကြိုးစားပြီး ကုပေးနေတယ်။ မင်းတို့ခွေးကောင်တွေ ငါ့ကို လာပြီး ဖားယားမနေကြနဲ့။ အချိန်ကုန်တာပဲ အဖတ်တင်မယ်။ သတ္တိရှိတဲ့ကောင် ပါးစပ်ဟပြီး တစ်ခုခု ပြောကြည့်စမ်းချက်ချင်း ခေါင်းဖြတ်ပစ်မယ် . . .”
ရဲနန်ရှန်၏ဒေါသကြောင့်အပြင်ဘက်ရှိ လူများသည်လည်း ထိတ်လန့်တကြားဖြင့်အော်ဟစ် ထွက်ပြေးသွားကြသည်။
ထိုလူများကြားတွင် အိမ်ရှေ့မင်းသားလည်း ပါဝင်ေနလေသည်။
သို့သော် စစ်သူကြီးရဲမှာမူ မည်သူ့ကိုမျှ ဂရုမစိုက်ချေ။
အိမ်ရှေ့မင်းသားသည် ရဲအိမ်တော်မှ မျက်စိပျက်မျက်နှာပျက်ဖြင့်ထွက်လာခဲ့ရသည်။ သူ၏ စိတ်ထဲတွင်လည်း အလွန်အမင်းပင်မကျေမနပ် ဖြစ်လျက်ရှိသည်။
သူ့အား မည်သူကမျှ ယခုကဲ့သို့ မောင်းထုတ်ရဲလိမ့်မည် မဟုတ်ချေ။
လူတိုင်း၏စိတ်ထဲတွင်ရဲနန်ရှန်သည်သားဖြစ်သူအား ကြိတ်၍ ကုနေသည်ဟု တွေးထင်နေကြသည်။ ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ရဲနန်ရှန်သည်သန်းခေါင်ယံ အချိန်၌ မည်သူမျှမသိအောင်မြို့ထဲမှ ထွက်ခွာသွားသည်။သွေးသောက်ကိုယ်ရံတော် ၃၀၀ သည်လည်း မြို့နှင့် ခပ်လှမ်းလှမ်းနေရာတွင် သူ့အား စောင့်ဆိုင်း နေကြသည်။
ညအမှောင်ယံတွင် လူတစ်စုသည် မြောက်ပိုင်းသို့ ဦးတည်၍ ချီတက်နေကြသည်။
တစ်ချိန်တည်းမှာပဲ သတင်းတစ်ခုသည်ထွက်ပေါ်လာခဲ့သည်။
“ရဲနန်ရှန်ရဲ့သားက အခြေအနေ ပြန်ဆိုးလာလို့ ရဲနန်ရှန် တော်တော် ဒေါသထွက်နေတယ်။ ချန်ရှင်းမြို့က လူအတော်များများကို သတ်ပြီးတော့ အခုဆို သူ့အိမ်တော်မှာပဲ ရဲရှောင်ကို ကုနေတယ်။ စုံစမ်းကြည့်ရသလောက်တော့ ရဲနန်ရှန်က တစ်ချိန်လုံး ရဲရှောင် အခန်းထဲမှာဆိုပဲ။ ရဲအိမ်တော်ကလည်း အစောင့်အကြပ်အပြည့်ပဲ။ အရင်ကထက်တောင် ပိုပြီး တင်းကြပ်သွားသေးတယ် . . .”
ထိုသတင်းသည် စာပို့ခိုများမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ပြန့်နှံ့ သွားပါတော့သည်။
. . .
ထိုအချိန်တွင်လင်းပါအို၌လေလံပွဲအတွက်ပြင်ဆင်နေလျက်ရှိပြီး လူအချို့သည်လည်း ချန်ရှင်းမြို့အတွင်း ရောက်နှင့်နေကြပြီ ဖြစ်ပါတော့သည် . . .။