Chapter – 185
“ဖခင်မေတ္တာဟူသည်”
ရဲရှောင် ခေါင်းခါယမ်းလိုက်ရင်း –
“အရင်တုန်းက အကြောင်းတွေ ဟုတ်လား။ ဘယ်လို အကြောင်းအရာတွေကို ပြောတာလဲ”
“မင်းအမေနဲ့ ပတ်သက်ပြီးတော့ပေါ့ . . .”
ရဲနန်ရှန်၏ အသံတွင်စိုးရိမ်ပူပန်နေသည့်အရိပ်အယောင်များ ပါဝင်လျက်ရှိသည်။
သားဖြစ်သူသည်အဖြစ်မှန်များအား သိရှိသွားမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင်ဝမ်းနည်းမှုဆိုသည့်အရာသည်မျှဝေပေးခြင်းထက်တစ်ယောက်တည်း မြိုသိပ်၍ ခံစားနေခြင်းသည်ပို၍ အဆင်ပြေနိုင်ပေသည်။
သူ၏ သားဖြစ်သူသည်စိတ်ရှိတိုင်း ဆိုးသွမ်း၍ လုပ်ချင်ရာ လုပ်နေသည့်တိုင် ရဲနန်ရှန်သည် အပြစ်မြင်မိမည် မဟုတ်ချေ။ ဖခင်တစ်ယောက်အနေဖြင့်မိမိ၏ သား စိတ်ချမ်းသာမှုသည်အဓိကပင်ဖြစ်သည်။ သူ့ကြောင့်နှင့်သူ၏သားအား ဘယ်သောအခါမှ စိတ်ထိခိုက်ဝမ်းမနည်းစေချင်ပေ။
ယခုအခါတွင် သားဖြစ်သူသည် အကောင်းအဆိုး၊ အကျိုးအကြောင်းအား ခွဲခြားသိမြင်နိုင်သည့်လူတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ရဲရှောင်သာ အမှန်တရားအား သိသွားခဲ့မည် ဆိုပါက မိခင်ဖြစ်သူ အကျဉ်းချထားခံရသည့်ကိစ္စအားသေချာပေါက်လက်ခံလိမ့်မည်မဟုတ်ပေ။
သို့သော် ကျောက်စိမ်းနန်းတော်ဟူသည်မှာ သာမန်ဂိုဏ်းတစ်ခု မဟုတ်ချေ။ ချင်းယန်နယ်ပယ်၏ အင်အားအကြီးဆုံး ဂိုဏ်းများ အနက်မှ ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်သည်။
ရဲမျိုးနွယ်သည်လည်း မျိုးနွယ်စုဝင်ဖြစ်သည့် ရဲနန်ရှန်အား ကူညီနိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍ ကူညီပေးခဲ့မည်ဆိုလျှင်လည်းကျောက်စိမ်းနန်းတော်အား ယှဉ်ပြိုင်နိုင်ဦးမည်မဟုတ်ပေ။
အကယ်၍ ရဲရှောင်သာ အဖြစ်မှန်များအား သိသွား၍ ယခုကိစ္စများအတွင်း ပါဝင်ပတ်သက်လာမည် ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ရဲနန်ရှန် တွေးပင် မတွေးဝံ့ချေ။
“ကျွန်တော့ အမေအကြောင်းလား . . . ဘာမှ မသိပါဘူး။ အဖေကလည်း ကျွန်တော့်ကို တစ်ခါမှ မပြောဖူးတာ။ ကျွန်တော်က ဘယ်လိုသိမှာလဲ . . .”
ရဲရှောင် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
သားဖြစ်သူ၏ စကား မှန်မမှန်သုံးသပ်ကြည့်ချင်၍ ရဲနန်ရှန်လည်း ရဲရှောင်အား အချိန်အတော်ကြာပင်စူးစိုက်ကြည့်လိုက်သည်။ ထို့နောက်စိတ်သက်သာရာ ရသွားဟန်ဖြင့်-
“ရှောင်ရှောင် . . . မင်းအမေနဲ့ ငါ့ရဲ့ အကြောင်းတွေကို မင်းသိစရာ မလိုပါဘူး။ မင်းလုပ်ရမှာ တစ်ခုပဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးသထက် ကြီးလာအောင် လုပ်ပါ . . .”
ရဲရှောင်သည်တည်ငြိမ်စွာဖြင့်ပင်-
“ဟုတ်ကဲ့ပါ . . .”
“ကျွန်တော့်ရဲ့ အခုလက်ရှိအနေအထားက ဘာမှ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ လုံလောက်တဲ့ အစွမ်းတွေ ရှိလာတဲ့အခါကျရင် အမှန်တရားကို သိဖို့ လိုအပ်လာမယ်လို့ ထင်တယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်ဝင်ပါရမှာပဲ။ သူက အဖေ့ရဲ့ မိန်းမ ဖြစ်သလို ကျွန်တော့်ရဲ့ အမေပဲလေ”
ရဲနန်ရှန်သည် ပြူတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့်လိုက်ရင်း –
“မင်းမှာ လုံလောက်တဲ့ အစွမ်း ရှိတာနဲ့ မင်းကို သိသင့်တာတွေ ပေးသိမှာပါ . . .”
ရဲရှောင်လည်း အားတက်သရောဖြင့်-
“ဒါဆို အဆင့်ဘယ်လောက်ရောက်ပြီဆို လုံလောက်ပြီလဲ . . .”
ရဲနန်ရှန်သည်သားဖြစ်သူ၏ တက်ကြွသွားသောပုံစံအား ကြည့်ရင်း တည်ငြိမ်သောလေသံဖြင့်-
“မူလတာအိုအဆင့် . . .”
“ပထမပိုင်း အဆင့်တောင် မဟုတ်ဘူးနော်။ မူလတာအိုအဆင့်ရဲ့ ငါးဆင့်မြောက်အထက်မှ ရမယ်”
ထို့နောက် ရဲနန်ရှန်သည်သက်ပြင်းချမိလိုက်ပြန်သည်။
မူလတာအို အဆင့်သို့ရောက်ရှိနိုင်ရန်မှာ အိမ်မက်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်နေရသည့်သူလို လူမျိုးသည်ပင်ယခုအချိန်တွင် မူလအိပ်မက်အဆင့် ၏ အဆင့် ၅ သာ ရောက်ရှိသေးသည်။
မူလတာအိုအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် ထပ်မံ၍နောက်ထပ်အဆင့် ၅ ဆင့်အား ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ တစ်ဆင့်နှင့်တစ်ဆင့် ဆိုသည်မှာလည်း မိုးနှင့်မြေကဲ့သို့ပင်အလှမ်း ကွာဝေးလှသည်။
ရဲနန်ရှန်သည် ရဲရှောင်အား မူလတာအိုအဆင့်၏ အဆင့် ၅ အထက်ရောက်မှသာ အဖြစ်မှန်များအား အသိပေးမည်ဟုပြောလိုက်ခြင်းသည်သားဖြစ်သူအား တတ်နိုင်သမျှ အချိန်ဆွဲထားခြင်း ဖြစ်သည်။နောက်ကျမှ သိလေ ပိုကောင်းလေပင်ဖြစ်သည်။
သူတန်ဖိုးထားရသော သူ၏ မိသားစုဝင် နောက်တစ်ယောက်အား ထပ်မံ၍ မဆုံးရှုံးချင်တော့ပေ။
“မူလတာအိုအဆင့်ရဲ့ အဆင့် ၅ လား . . .”
ရဲရှောင်သည်ပြုံးလျက် ရေရွတ်လိုက်သည်။
သူ့အတွက် ထိုအဆင့်သို့ ရောက်ရှိရန်မှာ ခဲယဉ်းသည့်အရာမဟုတ်ပေ။
ရဲရှောင်သည်ဖခင်ဖြစ်သူအား တည်ငြိမ်သော မျက်နှာထားဖြင့်-
“ဪ . . . ဒါနဲ့ အဖေ့ကို ကျွန်တော်ပြောဖို့ မေ့နေတာ တစ်ခုရှိတယ်။ အဖေပြန်ရောက်လာပြီး တစ်ရက်နှစ်ရက်လောက်တုန်းက ကျွန်တော့်ဆရာက အဖေမသိအောင်အဖေ့ကို တိတ်တဆိတ် လေ့လာခဲ့တယ်တဲ့ . . .”
“ကျွန်တော်လည်း အဖေ့ကို ပြောမယ်ပြောမယ်နဲ့ မေ့နေတာ . . .”
ရဲနန်ရှန်လည်း အလွန်အမင်း သိချင်သွားသည့်အမူအယာဖြင့်-
“ဘာများလဲ . . .”
ရဲရှောင်၏ ဆရာဖြစ်သူနှင့်ပက်သက်၍ ရဲနန်ရှန်သည် သံသယဝင်စရာ မလိုအောင်ပင်အပြည့်အဝ ယုံကြည်ထားလေသည်။ ထိုလူသည်ရဲရှောင်အား နှစ်ဝက်လောက် အချိန်အတောအတွင်းမှာပင် အံ့သြစရာကောင်းလောက်သည့်လူတစ်ယောက်ဖြစ်လာစေရန်သင်ကြားပေးနိုင်ခဲ့သည် မဟုတ်ပါလော။ သူ၏အဆင့်သည်အနည်းဆုံး မူလတာအိုအဆင့်၏ အဆင့် ၅ လောက် ရှိနေမည်ဟု ခန့်မှန်းမိခဲ့သည်။ ထို့အပြင် ဆေးပညာတွင်လည်း ဆရာတစ်ဆူ ဖြစ်နိုင်လေသည်။ ထိုကဲ့သို့သာ မဟုတ်ပါက ယခုကဲ့သို့ ရဲရှောင်အား ထူးခြားအစွမ်းထက်သည့်ဆေးလုံးများစွာ ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ရဲနန်ရှန်အဖို့ ရဲရှောင်တွင် ယခုကဲ့သို့ အဆင့်မြင့်ပညာရှင် ဆရာတစ်ဦး ရှိနေသည်မှာ ကောင်းသည့်ကိစ္စတစ်ခုဟုပင် မှတ်ယူထားလေသည်။
အကယ်၍ တိုက်ပွဲများ ပြီးဆုံးသွားသည့် အချိန်တွင် မုန်တိုင်းအိမ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်သည်။ မုန်တိုင်းအိမ်တော်မှ ဝမ်အာ၊ ချူးအာနှင့် သခင်ကြီးဘိုင်တို့အား ရင်ဆိုင်ရာတွင် ရဲရှောင်၏ ဆရာအား လျှို့ဝှက်အင်အားတစ်ခုအဖြစ် အသုံးချရန် ရဲနန်ရှန်သည်ကြိုတင်တွေးတောမိခဲ့သည်။သို့သော်ထိုကဲ့သုိ့ ပြုလုပ်ရခြင်းသည်ရဲရှောင်၏ လုံခြုံရေးအတွက်သာ ဖြစ်သည်။
ရဲရှောင်မှ –
“အင်း . . . ကျွန်တော့်ဆရာ အဖေ့ကို မြင်တုန်းက သူပြောတာတော့ အဖေက ဒဏ်ရာတစ်ခုခု ရနေတာ ဖြစ်လိမ့်မယ်တဲ့။ အဲ့ဒီ ဒဏ်ရာကို မကုသနိုင်ရင် မူလအိပ်မက်အဆင့်ရဲ့ အဆင့် ၆ ကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးတဲ့ . . .”
ရဲနန်ရှန်သည်သားဖြစ်သူအားလျှော့တွက်မိသည့်အတွက်သူ၏ အစွမ်းများအား ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ ရဲရှောင်သည် လိမ္မာပါးနပ်၍ အတွေ့အကြုံ ကြွယ်ဝသူတစ်ဦး ဖြစ်သည့်အတွက်ဖခင်ဖြစ်သူ၏ ချီဓာတ်အငွေ့အသက်များအား ကြည့်၍ ဒဏ်ရာအား သတိပြုမိခဲ့သည်။
လက်ရှိအချိန်တွင်ရဲနန်ရှန်သည် ရဲရှောင်ထက် များစွာ အဆင့်မြင့်သော်လည်း အတွေ့အကြုံပိုင်းတွင်မူ ရဲရှောင်သည် ရဲနန်ရှန်ထက်ပိုသာလေသည်။
ရဲနန်ရှန်သည် ရဲရှောင်၏ စကားအား ကြားသောအခါ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။ အံ့ဩစိတ်ကြောင့်သူ၏ မျက်လုံးများသည်ပြူးကျယ်၍ သွားသည်။
ယခင်ကတည်းကပင်ရဲရှောင်၏ ဆရာဖြစ်သူအား လေးစားခဲ့ရသည်။ ယခုအခါတွင် ရဲရှောင်၏ စကားကြောင့်ပို၍ပင်အထင်ကြီးသွားရပြန်သည်။ ထို့ပြင်ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူသည် အဆင့်မြင့် ပညာရှင်ကြီးတစ်ဦးပင်ဖြစ်ရမည်ဟု တထစ်ချ ယုံကြည် သွားသည်။
မော်တယ်ကမ္ဘာတွင် သူ၏ ဒဏ်ရာအား သိနိုင်သည့်လူ မရှိပေ။ မော်တယ်ကမ္ဘာမှ လူများအဖို့ မူလအိပ်မက်အဆင့်ဟူသည်ကို သိပင် သိလောက်မည်မဟုတ်ပေ။ စုစုပေါင်းအဆင့် မည်မျှ ရှိသည်ကိုလည်း သိကြမည် မဟုတ်ချေ။ မူလဝိညာဉ်တော်အဆင့်၊ မူလအိပ်မက် အဆင့်၊ မူလတာအိုအဆင့် ဆိုသည်များမှာ မော်တယ်ကမ္ဘာမှ လူများအဖို့ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရဲရှောင်၏ ဆရာဖြစ်သူစကားသည်သွေးထွက်အောင်မှန်လွန်းလှသဖြင့်ရဲနန်ရှန်သည်အံ့သြသွားရခြင်း ဖြစ်သည်။
လူတစ်ယောက်အား ကြည့်ရုံဖြင့် ထိုလူ၏ အခြေအနေအား သိနိုင်ရန်မှာ အလွန်ခက်ခဲသည့်အလုပ်တစ်ခုပင် ဖြစ်သည်။
ထိုဆရာဖြစ်သူမှာ မူလတာအိုအဆင့် ပညာရှင် ဖြစ်သည့်အပြင် သူ၏ စိတ်မှာလည်း ကောင်းကင်ဘုံနှင့်ပင် ဆက်သွယ်နိုင်သည့်လူဖြစ်လိမ့်မည်ဟု ရဲနန်ရှန် တွေးလိုက်မိသည်။ ထိုကဲ့သို့သာ မဟုတ်ပါက ယခုကဲ့သို့ သိနိုင်စရာ အကြောင်းမရှိချေ။
သူ့အား ဒဏ်ရာရအောင် လုပ်သွားသူမှာ ကျောက်စိမ်းနန်းတော်မှ အမှတ် ၉ ကိုယ်ရံတော် ဖြစ်သည်။ မူလတာအိုအဆင့်၏ အဆင့် ၈ သို့ ရောက်ရှိနေသည့် ပညာရှင်တစ်ဦးပင် ဖြစ်သည်။
သေချာသည့်အချက်မှာ ရဲရှောင်၏ ဆရာသည် အဆိုပါ အမှတ် ၉ ကိုယ်ရံတော်၏ အဆင့်နှင့် မတိမ်းမယိမ်းပင် ဖြစ်နိုင်သည်။
ရဲနန်ရှန်သည်အံ့ဩသည့်လေသံဖြင့်-
“သူက တကယ်ပဲ အဲ့ဒီလို ပြောတာလား . . .”
သူ၏ မူလ ကျင့်ကြံမှုအဆင့်သို့ ပြန်လည်ရောက်ရှိရန်အတွက် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပြီး ယခုအခါ တွင်မူလအိပ်မက်အဆင့်၏ အဆင့် ၅ သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် မည်မျှပင် ဆက်၍ ကြိုးစားစေကာမူ ထိုအဆင့်မှပင်မတက်နိုင်အောင်ဖြစ်ခဲ့ရသည်။
အဘယ့်အတွက်ကြောင့်သူ၏ အဆင့်ဆက်၍ မတက်ခဲ့ရသည်ကို ယခုမှသာ အဖြစ်မှန်အား သိရှိလိုက်ရလေသည်။
သူ၏ ခန္ဓာကိုယ်အား ဒဏ်ရာဟောင်းမှ ဖိနှိပ်ချိုးနှိမ်ထားခြင်းပင်ဖြစ်သည်။
ထိုဒဏ်ရာကြောင့်တစ်ဘဝလုံး ကြိုးစားမည် ဆိုလျှင်တောင်အဆင့်တက်နိုင်မည် မဟုတ်ချေ။
ကျောက်စိမ်းနန်းတော်မှ လူများသည်အဘယ့်အတွက်ကြောင့်သူ့အား ကတိလွယ်လွယ်ဖြင့်ပေးခဲ့သည်ကို ယခုမှသာ နားလည်သဘောပေါက်သွားသည်။သူ၏ အဖြစ်သည်ရေပေါ်တွင်အရုပ်ရေးနေသကဲ့သို့ မဖြစ်နိုင်သည့်အိမ်မက်တစ်ခုအား ပိုင်ဆိုင်ရန်ကြိုးစားမိနေခြင်းဖြစ်သည်။
“မင်းမူလတာအို အဆင့်ကို ရောက်တာနဲ့ မင်းမိန်းမနဲ့ ပြန်တွေ့ရမယ် . . .”
ကျောက်စိမ်းနန်းတော်မှပေးလိုက်သော ကတိစကားအား သူ၏ နားထဲတွင်ပြန်လည် ကြားယောင်မိသွားသည်။ ထိုကတိ စကား တစ်ခွန်းအတွက်ဖြင့်ရဲနန်ရှန်သည်မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာအား တိုက်ခိုက်ခဲ့ရပြီး အဆင့်တက်စေရန်အတွက်အစွမ်းကုန် ကြိုးစားခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ သူကြိုးစားခဲ့သမျှသည်သဲထဲရေသွန်ဖြစ်နေခဲ့သည်ကို သိလိုက်ရသည်။ အဖြစ်မှန်ကို သိလိုက်ရသဖြင့်သူ၏ စိတ်ထဲတွင် –
[ငါ့ကို အရူးလုပ်ခဲ့ကြတာပဲ။ သူတို့အမြင်မှာ ငါကလှောင်ရယ်စရာ ဟာသတစ်ပုဒ်လိုပါပဲလား . . .]
သူ၏ အဖြစ်အားတွေးလိုက်ရင်း ရဲနန်ရှန်သည်သက်ပြင်းချမိလိုက်သည်။ နာကျည်းဝမ်းနည်းစိတ်နှင့်အတူ သူ၏ မျက်နှာသည်လည်း ပျက်ယွင်းလျက်ရှိသည်။
ထိုအချိန်တွင်သူ့အား စိုးရိမ်စိတ်အပြည့်ဖြင့်ကြည့်နေသော ရဲရှောင်၏ မျက်လုံးများအား သတိထားမိသွားသည်။ ထို့ကြောင့်သူ၏ မျက်နှာအမူအရာအား ပြန်လည်ပြင်ဆင်လိုက်ရင်း စိတ်ထဲတွင်လည်း –
[အခုနေ ငါဘယ်လောက်ပဲဒေါသထွက်ထွက်ရှောင်ရှောင်မရိပ်မိအောင် နေမှဖြစ်မယ်။ သေချာတာ ကတော့ အခုချိန်က သူ့ကို ပြောပြလို့ကောင်းတဲ့ အချိန်မဟုတ်သေးဘူး။ သူသာ အရာအားလုံးကို အမှန်အတိုင်း သိသွားရင် ခံစားရလွန်းလို့ ရူးသွားလိမ့်မယ်။ အမေကိုလည်း ကယ်တင်ချင်သူ့မှာကလည်း လုံလောက်တဲ့ စွမ်းအား မရှိဘူးဆိုရင် တစ်ဘဝလုံး နာနာကျင်ကျင်နဲ့ ဖြတ်သန်းသွားရလိမ့်မယ် . . .]
ရဲနန်ရှန်သည်သူ၏နာကျည်းစိတ်များအား မြိုသိပ်လိုက်ရင်း –
“ဟုတ်တယ် . . . လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ငါရန်သူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီလူက ငါ့ကို လှည့်စားခဲ့တယ်။ ငါကလည်း ဒဏ်ရာကို ပြန်ကောင်းနေပြီ ထင်တာပေါ့။ တကယ်တမ်းကြေတာ့ ဒဏ်ရာက ငါ့ကိုယ်ထဲ မသိမသာနဲ့ အမြစ်တွယ်နေခဲ့တာပဲ . . .”
ထို့နောက် သက်ပြင်း တစ်ချက်ချလိုက်ရင်း –
“မင်းရဲ့ဆရာက တော်တော်ကို အစွမ်းထက်ပါလား။ ဒီဒဏ်ရာကိုတောင် မြင်နိုင်တယ်ပေါ့ . . .”
ရဲရှောင်သည်ရဲနန်ရှန်၏ မျက်နှာအား စူးစိုက်ကြည့်လိုက်ရင်း –
“အဲဒီလူက ဘယ်သူလဲ . . . အဖေပြောတဲ့လူ . . .”
ရဲနန်ရှန်သည်ပြုံးလိုက်ရင်း –
“ငါသူ့ကို သတ်လိုက်ပါပြီ။ မသေခင်မှာ သူနဲ့ ငါ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်ခဲ့ကြတာ။ သူ့ကြောင့် ငါလည်း ဒဏ်ရာရခဲ့ရတယ်။ အခုဆို အဲ့ဒီလူအရိုးတောင် ဆွေးလောက်ရောပေါ့။ အတိတ်က အကြောင်းတွေ ပြန်မပြောချင်ပါဘူးကွာ . . .”
ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
ရဲနန်ရှန်သည် သူပြောလိုက်သည့် စကားများအား ရဲရှောင် ယုံကြည်သွားသည်ဟု ထင်မှတ်သွားသည်။ သို့သော်သားဖြစ်သူကိုလည်း လျော့မတွက်ရဲချေ။
ရဲရှောင်သည် ပါးရည်နပ်ရည်ရှိသည့်လူတစ်ဦးပီပီ ရဲနန်ရှန်၏ ရုတ်ချည်းပြောင်းလဲသွားသော မျက်နှာအမူအယာများအား သတိပြုမိခဲ့သည်။
ရဲနန်ရှန်သည်သားဖြစ်သူ၏ရင်ထဲတွင်မလိုလားအပ်သော အာဃာတများ၊ မုန်းတီးမှုများ ဖြစ်သွားမည် စိုးသဖြင့် ခပ်ပေါ့ပေါ့ ဇာတ်လမ်းတစ်ပုဒ် ဆင်၍ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှသာ ရဲရှောင်လည်း သူ့အတွက် ကလဲ့စားချေရန် ကြိုးစားေတာ့မည် မဟုတ်ချေ။
သူ၏ ရန်သူများသည်မည်မျှထိ အစွမ်းထက်သည်ကို သူကိုယ်တိုင်သိလေသည်။ ထို့ကြောင့် သားဖြစ်သူအား စိုးရိမ်နေရမည့် အဖြစ်မျိုး အဖြစ်မခံချင်ပေ။ ရဲရှောင်၏ စိတ်ထဲတွင်လည်း ထိုအချက်အား ကောင်းစွာ ရိပ်စားမိနေလေသည်။
[အဖေဆိုတာ ဒါပါလား . . . ဒါက အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပဲ . . .]
ရဲရှောင်၏ ရင်ထဲတွင်ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာများအား နက်နက်ရှိုင်းရှိုင်းပင်ခံစားမိလိုက်သည်။ နွေးထွေးမှု၊ ကျေနပ်မှု၊ ပျော်ရွှင်မှုများအပါအဝင် ထူးဆန်းသော ခံစားချက်ပေါင်းစုံ တစ်ပြိုင်နက် တည်းပင်ဖြစ်ပေါ်သွားသည်။
ရဲရှောင်သည်သူ၏ ခေါင်းအား ငုံ့လိုက်ရင်း –
“ကျွန်တော့်ဆရာ ပြောတာတော့ ဒီဆေးလုံးတွေက အဖေ့ရဲ့ အခြေအနေကို အတိုင်းအတာ တစ်ခုထိ တိုးတက်သွားစေလိမ့်မယ်တဲ့။ လုံးဝ မကုသနိုင်တောင် အဖေ့အတွက် အများကြီး အကျိုးရှိမယ်ပြောတယ်။ နောက်ပြီး ကျွန်တော့် ဆရာဆီကနေ အဖေ့အတွက် ကျင့်စဉ်တစ်ခုကို မေးခဲ့သေးတယ် . . .”
သားဖြစ်သူ၏ စကားကြောင့်ရဲနန်ရှန်သည်အားရဝမ်းသာဖြင့်-
“ကျင့်စဉ် ဟုတ်လား . . .”
“ဘယ်လို ကျင့်စဉ်များလဲ . . .”
ယခုရက်ပိုင်းအတွင်း ရဲရှောင်၏ အခြေအနေများ ယခင်ကနှင့်မတူ တိုးတက်လာသည်ကို ကြည့်ခြင်း အားဖြင့်ရဲရှောင်၏ ဆရာသည် ချင်းယန်နယ်ပယ်တွင်ပင် အလွန်အစွမ်းထက်သည့် ပညာရှင်တစ်ဦး ဖြစ်မည်ဟု ရဲနန်ရှန်ကောက်ချက်ချမိခဲ့သည်။ ထိုကဲ့သို့သော လူတစ်ဦးထံမှ ရရှိသော ကျင့်စဉ်ဆိုသည်မှာလည်း ပေါ့သေးသေးတော့ မဟုတ်နိုင်ချေ။
အလွန်ထူးခြားဆန်းကြယ်၍ အစွမ်းထက်သော ကျင့်စဉ်တစ်ခုပင် ဖြစ်နိုင်ပါတော့သည် . . .။