Chapter – 184
“ထူးခြားအစွမ်းထက်သောဆေးသုံးမျိုး”
ရဲနန်ရှန်၏ လက်ထဲရှိ နဂါးတံဆိပ်တော်နှင့် ကျားတံဆိပ်တော်များအားကြည့်ရင်း မှူးမတ်များသည် အံ့ဩမှင်သက်လျက်ရှိသည်။
မင်းကြီးသည်ရဲနန်ရှန်အား ကြည့်ရင်း တည်ငြိမ်သောအသံဖြင့်-
“မနက်ဖြန်ညနေကျရင် စစ်သူကြီးရဲကို အခုလို အာဏာအပ်နှင်းလိုက်ပြီဆိုတာ အားလုံးသိအောင်ကြေညာလိုက်ကြ . . .”
“မင်းကြီး . . .ကျုပ်တို့ အဲဒီလို မလုပ်တာ ပိုကောင်းလိမ့်မယ် . . .”
ရဲနန်ရှန်သည်ချက်ချင်းပင် တားဆီးပြောဆိုလိုက်သည်။
မင်းကြီးသည်မျက်မှောင်ကြုတ်လျက်-
“ဘာလို့လဲ . . .”
ရဲနန်ရှန်မှ –
“ကျုပ်တို့သာ ဒီကိစ္စကို အားလုံးသိအောင်ကြေညာလိုက်မယ်ဆိုရင် ရန်သူတွေဘက်က အသာဆီး ရသွားလိမ့်မယ်. . .”
“ဝံပုလွေတပ်စုက အခုတစ်ခေါက်မှာ အင်တိုက်အားတိုက်နဲ့ကို ချီတက်လာကြတာ။ အခုလိုိုအချိန်မှာ သူတို့အားလုံးကို အပြတ်ရှင်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ သူတို့သာ ကျုပ်ကို အခုလို အခွင့်အာဏာပေးလိုက်တာ သိသွားကြရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ တကယ်လို့သာ အဲ့ဒီကောင်တွေ ပြန်ပြီးဆုတ်ခွာသွားရင် အပြတ်မရှင်းနိုင်တော့ဘဲ နေလိမ့်မယ် . . .”
မင်းကြီးလည်းခေါင်းတညိတ်ညိတ်ဖြင့်-
“အမှန်ပဲ . . .”
မှူးမတ်များအားလုံးသည် ရဲနန်ရှန်မှ နိုင်ငံတော်အား ဒုက္ခတွင်းထဲမှ ကယ်တင်ပေးရန် မျှော်လင့်လျက် ရှိကြသည်။ သို့သော် မမျှော်လင့်ထားသော ကိစ္စများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ ယခုအခါ သူတို့အားလုံး ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့်ရဲနန်ရှန်၏ လက်အတွင်း သို့ နိုင်ငံတော်တစ်ခုလုံးရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ပြင်နိုင်ငံ၏ အဆိုးအကောင်း ကံကြမ္မာဟူသမျှသည်ထိုလူ့ပေါ်တွင်မူတည်လျက်ရှိသည်။
မှူးမတ်များသည်မည်သည့်စကားမျှ ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ တိတ်ဆိတ်စွာဖြင့်ပင်နားထောင်နေကြသည်။
မင်းကြီးမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်း ချလိုက်ရင်း –
“စစ်သူကြီးရဲ . . . အခုဆို နိုင်ငံတော် တစ်ခုလုံး မင်းလက်ထဲ ရောက်သွားပြီ။ မင်းငါ့ကို စိတ်ပျက်အောင်မလုပ်ဘူးလို့တော့ မျှော်လင့်ပါတယ် . . . ငါတို့နိုင်ငံကို ကယ်တင်ပေးပါ . . .”
မင်းကြီးသည်ထိုစကားများအား မျှော်လင့်တကြီးဖြင့်ပင်ပြောလိုက်ခြင်းဖြစ်သည်။
ရဲနန်ရှန်လည်း တည်ကြည်ပြတ်သားသော အသံဖြင့်-
“စိတ်မပူပါနဲ့မင်းကြီး . . . ချန်နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့စေရပါမယ် . . .”
. . .
မြို့တွင်း၌ အားလပ်ရက် ရရှိထားကြသည့် မြောက်ပိုင်းတပ်မှ ကျားငါးကောင်ဟု ခေါ်သည့် စစ်သူကြီးများသည် ရဲအိမ်တော်တွင် စုဝေး ရောက်ရှိနေကြသည်။
ထိုနေ့ည သန်းခေါင်ယံ အချိန်တွင် ချန်နိုင်ငံတော်၏ မြို့ရိုး သုံးခုမှ ဂိတ်တံခါးများ ပွင့်သွားပြီး စစ်သည်တော်များသည် တိတ်တဆိတ်ထွက်ခွာသွားကြသည်။
ထိုစစ်သည်တော်များသည် အရှေ့၊ အနောက်နှင့် တောင်ဘက်သို့ ညီညာစွာဖြင့်ပင်စီတန်း၍ ထွက်ခွာသွားကြခြင်း ဖြစ်သည်။
သို့သော် စစ်သည်များ နားခိုရာ ရွက်ဖျင်တဲများမှာမူ ရှိနေတုန်းပင် ဖြစ်သည်။ ညအချိန်ဘက်၌ပင် ရွက်ဖျင်တဲများဆီမှ မီးခိုးများ တလူလူဖြင့်ထွက်ပေါ်လျက်ရှိသည်။ ရွက်ဖျင်တဲအတွင်းတွင်စစ်သည်တော်များ ရှိနေကြသယောင်ပင်။
အလံများကိုလည်း လွှင့်ထူထားတုန်းပင် ဖြစ်သည်။
အဆိုပါ ရွက်ဖျင်တဲများအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်ကို လူအချို့သာ သိကြသည်။ မြင်းထိန်းများ နှင့်ထမင်းချက်များသည်လူရှိနေသယောင်ဖန်တီး၍ ဟန်ဆောင်နေကြခြင်း ဖြစ်သည်။ ကျန်သော စစ်သည်တော်များ အားလုံးမှာမူ တိုက်ပွဲများဖြစ်ပွားနေသော စစ်မြေပြင်ထံသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ရဲနန်ရှန်သည် တောင်ဘက်မြို့ရိုးမှ မတ်တတ်ရပ်၍ ငေးကြည့်နေရင်း –
“အရှေ့နဲ့ အနောက်ကတော့ အခုထိ ကျားကုပ်ကျားခဲ တောင့်ခံထားနိုင်တုန်းပဲ။ တောင်ပိုင်းကသာ အခြေအနေ အတော်တင်းမာနေတာ။ စုဒင်ဂူ တောင့်ခံထားနိုင်မယ်လို့ မျှော်လင့်ပါတယ် . . .”
ရဲနန်ရှန်သည် မျက်မှောင်ကြုတ်လျက် မြောက်ပိုင်းသို့ မျှော်ကြည့်လိုက်ပြန်သည်။ သူ၏ မျက်လုံးများသည်မြောက်ပိုင်းရှိ တိုက်ပွဲအခြေအနေအား မြင်တွေ့နေရသည့်အလား အလွန်ပင်စူးရှတောက်ပလျက်ရှိသည်။
“ငါ့အတွက် အချိန်သုံးလပဲ လိုတယ်။ တောင့်ထားဦး စုဒင်ဂူ . . .”
ရဲနန်ရှန်သည်တီးတိုး ရေရွတ်လိုက်သည်။
ထို့နောက် မြို့ရိုးထက်မှ ခုန်ချကာ မြင်းကိုစီး၍ ရဲအိမ်တော်သို့ ပြန်လာခဲ့သည်။
မြင်းခွာသံများကြောင့်တိတ်ဆိတ်နေသော ညအချိန်သည်ဆူညံသွားလေသည်။
မြင်းအား ဒုန်းစိုင်းစီးလာသော ရဲနန်ရှန်၏ အမူအယာသည်ဟိတ်ဟန်အပြည့်ပင်ရှိနေလေသည်။ သူဝတ်ဆင်ထားသော ဝတ်ရုံ နှင့်ဆံပင်များသည်လေနှင့်အတူမျောလွင့်လျက်ရှိသည်။
“အစီအစဉ်အတိုင်းသာ ဆက်သွားနိုင်မယ်ဆိုရင် ဒီတစ်ခေါက်က ချန်နိုင်ငံတော်အတွက် ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်။ ဒီတိုက်ပွဲတွေ ပြီးသွားရင်တော့ မြောက်ပိုင်းလည်း လုံးဝ ငြိမ်းချမ်း သွားပါပြီ။ ကမ္ဘာကြီးလည်း တည်ငြိမ်သွားမှာပေ့ါ။ အဲဒီတော့မှ ငါလည်း ရှောင်ရှောင်နဲ့ ဆောင်ဂျုကို ခေါ်ပြီး ချင်းယန်နယ်ပယ်ကို ပြန်ရမယ် . . .”
“ငါဆုံးရှုံးထားတဲ့ အရာတွေကို ပြန်ပြီး ရယူရမယ်။ ငါချစ်တဲ့ ငါ့မိန်းမကို ကယ်တင်ပေးရမယ်။ လုပ်သင့်တာ မှန်သမျှကို လုပ်ရမှာပဲ . . .”
“ငါ့ကို စောင့်နေပေးပါ . . .”
. . .
စစ်သူကြီး၏ သားဖြစ်သူအား ကုသနိုင်သွားသည်ဆိုသဖြင့်လူအားလုံးသည် စိတ်သက်သာရာ ရသွားကြသည်။ စစ်သူကြီးရဲသည်မြို့တော်သို့ ပြန်ရောက်လာသည့်အချိန်မှစ၍ သားဖြစ်သူ၏ ကိစ္စများနှင့်သာ လုံးပမ်းလျက်ရှိသည်။ ထို့ပြင်သားအားချစ်သည့်စိတ်သည်ကြီးမားနေသောကြောင့်”ငါ့သားသာသေရင်တစ်မြို့လုံးကို ပြာချပစ်မယ်. . .” ဟုပင်ကြိမ်းဝါး ပြောဆိုခဲ့သည်။
ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းသည် နိုင်ငံတော်အတွင်းရှိ မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်း ပေါ်လွင် လှပေသည်။
. . .
အိမ်ရှေ့မင်းသား၏ စံအိမ်တော်တွင်ဖြစ်သည်။
“ရဲရှောင် မသေတာပဲ ကံကောင်းတယ် ပြောရမယ်။ ဒီလူက တော်တော်ကို စွမ်းလှချည်လား။ အရိုးပျော်လက်ဝါးရိုက်ချက်ကိုတောင် ကုသနိုင်တယ်။ တော်တော် ကြောက်ဖို့ကောင်းတဲ့ အစွမ်းပဲ။ ကုသာ မကုနိုင်လို့ကတော့ . . .”
ကွမ်ဇန်းဝမ်သည်ရေရွတ်ရင်း ထိတ်လန့်နေမိသည်။
မြို့တော်သို့ ရဲနန်ရှန်ပြန်ရောက်သည့်အချိန်မှစ၍ကြောက်ရွံ့စိတ်များကြောင့်ကွမ်ဇန်းဝမ်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်မပျော်တော့ချေ။ အချိန်နှင့်အမျှ ရင်တမမဖြင့်စိုးရိမ်ပူပန်နေရသည်။
ရဲနန်ရှန်သည်သာသူ့အား သတ်ချင်ပါက စွမ်းအားများများစားစား အသုံးပြုစရာမလိုဘဲ လက်သီးချက် အနည်းငယ် အသုံးပြုရုံဖြင့်ပင်သေနိုင်ကြောင်း သူကိုယ်တိုင် သိနေလေသည်။ ယခုအခါတွင်ရဲရှောင်အား ကုသနိုင်သွားပြီဆိုသည့်သတင်းကြောင့်စိတ်သက်သာရာ အနည်းငယ်ရသွားသည်။
သို့သော် ရဲနန်ရှန်မှ ဖြစ်ကြောင်းကုန်စင်အား သိရှိသွားမည် ဆိုပါက သို့မဟုတ်အမှန်တရား ပေါ်ပေါက်အောင် လိုက်လံစုံစမ်းခဲ့မည် ဆိုပါက သူ့ထံသို့ သေချာပေါက်ပင်ရောက်ချလာမည်ဖြစ်သည်။ ရဲရှောင်အား ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိအောင် တိုက်ခိုက်နိုင်သည့်လူသည် အလယ်အလတ် ကောင်းကင်အဆင့် အထက်ရှိ ပညာရှင်မှသာ ဖြစ်နိုင်လေသည်။ ထိုကဲ့သို့သော အဆင့်ရှိသည့်ပညာရှင်မျိုးသည်လည်း မော်တယ်ကမ္ဘာတွင် များများစားစား မရှိချေ။
စိုးရိမ်စိတ်များနှင့်အတူ သူ၏ စိတ်ထဲတွင် –
[အမှန်တရားသာ ပေါ်သွားရင် ငါဘာလုပ်ရမလဲ။ ငါ့အတွေးနဲ့ငါမို့သာ အကောင်းဘက်က တွေးနေမိတာ။ ရဲနန်ရှန်က ဒီလို တွေးချင်မှ တွေးမှာပေါ့။ သူသာ ဒီကိစ္စကို နောက်ကြောင်းလှန် လိုက်လာရင် မလွယ်လောက်ဘူး။ ငါတင်မကဘူး ငါ့တစ်မျိုးနွယ်လုံးပါ အသတ်ခံရလောက်တယ် . . .]
ထိုအချက်အား စဉ်းစားမိသောအခါ ကွမ်ဇန်းဝမ်သည်အလွန်ထိတ်လန့်သွားပြီးကြောက်ရွံ့စိတ်ကြောင့်ချွေးစေးများပင် ထွက်လာလေသည်။
စိုးရိမ်ပူပန်စိတ်များသည်အမြဲခြောက်လှန့်နေသည့်အတွက်ခဏတာ အိပ်ပျော်သွားသည့်အချိန်မျိုးမှာပင်ရဲနန်ရှန်သည်အိပ်မက်ထဲ၌ သူ့အား အညိုးတကြီးဖြင့်ပင်လိုက်လံသတ်ဖြတ်လျက်ရှိသည်။ ထိုအိပ်မက်ဆိုးများကြောင့် လန့်နိုးရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပေ။ အိပ်မက်မှန်း သိသည့်တိုင် နိုးထလာသည့် အခါတိုင်းကြောက်လန့်တကြားဖြင့် ရင်တုန်နေရလေသည်။
တကယ်လက်တွေ့တွင်မူ ကွမ်ဇန်းဝမ်သည်ရဲနန်ရှန်အား ခပ်လှမ်းလှမ်းမှနေ၍ တစ်ကြိမ်သာ တွေ့မြင်ဖူးလေသည်။ သို့သော် ရဲနန်ရှန်၏ ပုံရိပ်သည် သူ၏ နှလုံးသားထဲတွင် စွဲထင်လျက် ရှိသည်။
ကွမ်ဇန်းဝမ်သည်ယခုကဲ့သို့ ကြောက်စရာ ကောင်းလှသည့် ပညာရှင်တစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူ၏ ဘဝတွင်အစွမ်းထက်လှသော၊ ကြွယ်ဝချမ်းသာလှသော၊ ကြောက်စရာကောင်းလှသော စသည့်လူပေါင်းများစွာအား မြင်တွေ့ခဲ့ဖူးသည်။ သုိ့သော် ရဲနန်ရှန်သည်သူတွေ့မြင်ဖူးခဲ့သည့် လူအားလုံးထက် ပို၍ ကြောက်စရာကောင်းနေသည်ကို ဝန်ခံရပေလိမ့်မည်။
အိမ်ရှေ့မင်းသားသည်လည်း ရဲရှောင်အား ကုသနိုင်သွားသည်ဆိုသဖြင့် စိတ်သက်သာရာ ရသွားဟန်ဖြင့်-
“ကောင်းလိုက်တာ . . . ရဲနန်ရှန် ဒီလို လုပ်နိုင်မယ်လို့ ထင်တောင် မထင်ထားခဲ့မိဘူး။ တော်ဝင် သမားတော်တွေတောင် လက်လျော့ထားတဲ့ လူတစ်ယောက်ကိုတောင်ကုပေးနိုင်ခဲ့တာပဲ . . .”
ကွမ်ဇန်းဝမ်လည်း ခေါင်းတညိတ်ညိတ်ဖြင့်သာ နားထောင်နေလိုက်သည်။
“ရဲနန်ရှန် ဒီလောက်ထိ အစွမ်းထက်မယ်မှန်း မထင်ခဲ့မိဘူး . . .”
“သိပ်ပြီးလည်း ကြောက်မနေပါနဲ့။ ရဲနန်ရှန်က သိပ်ပြီး ထင်ထင်ပေါ်ပေါ် နေရတာ ကြိုက်ဟန်မပေါ်ဘူး။ သူ့ရဲ့ အစွမ်းအစတွေကို အမြဲလိုလို ဖုံးကွယ်ထားတတ်တယ်။ ကျုပ်အဖေနဲ့လည်း အတော်ရင်းနှီးပုံရတယ်။ သူ့ကို ဒီလိုလူမျိုး ဖြစ်မယ်လို့ ကျုပ်ရော ကျုပ်ညီအစ်ကိုတွေပါ မထင်ထားခဲ့မိတာ အမှန်ပဲ”
အိမ်ရှေ့မင်းသားသည် ကွမ်ဇန်းဝမ်အား ကြည့်ရင်း ထပ်မံ ပြောဆိုလိုက်သည်။
ကွမ်ဇန်းဝမ်လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း –
“အမှန်တရားက လုံးဝ ပျောက်ကွယ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဒီလိုမှ မဟုတ်ရင် ကျုပ်ရဲ့ အိုမင်းချိနဲ့နေတဲ့ ခန္ဓာကိုယ်လေး တစစီ ဖြစ်သွားလောက်မယ် မင်းသားရေ . . .”
အိမ်ရှေ့မင်းသားမှ တည်ငြိမ်စွာဖြင့် –
“အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့။ အမှန်တရားကို သိတာဆိုလို့ ကောင်းကင်နဲ့ မြေကြီးရယ် ခင်ဗျားရယ် ကျုပ်ရယ်ပဲ သိတာပါ။ တခြား ဘယ်သူမှ မသိကြဘူးလေ။ ဒီလိုအမှန်တရားကို ထုတ်ဖော်တယ်ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့အတူတူပဲ။ ခင်ဗျားနဲ့ ကျုပ်နဲ့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေတဲ့ လူတွေပါဗျ . . .”
ကွမ်ဇန်းဝမ်လည်း မည်သည့်စကားမျှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ စိုးရိမ်စိတ်များကြောင့်ဗလောင်ဆူလျက်ရှိသည်။
“မနက်ဖြန် ကျုပ်ရဲအိမ်တော်ကို ထပ်သွားဦးမယ် . . .”
“ဒီလူ့ကို ကျုပ်ဘက်ပါအောင် အပါဆွဲရမယ်ဗျ . . .”
အိမ်ရှေ့မင်းသားသည်မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့်ဟန်ဖြင့်ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင်ခန်းစီးစ၏ နောက်ကွယ်မှနေ၍ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်သည်ကွမ်ဇန်းဝမ်တို့အား စိတ်ပျက်လက်ပျက်ဖြင့်ပင်ကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြချေ။
မြို့တော်သို့ ရဲနန်ရှန် ပြန်ရောက်လာသည့်အချိန်မှစ၍ အိမ်ရှေ့မင်းသားသည် သူမအပေါ် ဆက်ဆံေရး ပြောင်းလဲသွားခဲ့သည်။
လျှမ်းလျှမ်းတောက် ကျော်ကြား၍ အင်အားကြီးလှသည့်မူမျိုးနွယ်ကိုလည်း အိမ်ရှေ့မင်းသားသည် ရှိသည်ဟုပင် မထင်မှတ်ေတာ့ချေ။
. . .
ရဲအိမ်တော်တွင်ဖြစ်သည်။
ရဲနန်ရှန်-
“မင်း ဒီဆေးလုံးတွေကို ဘယ်က ရခဲ့တာလဲ . . .”
ရဲနန်ရှန်သည် သူ၏ လက်ထဲရှိ ပုလင်း ၃ လုံးအား ကြည့်ရင်း မေးလိုက်သည်။ ပုလင်း တစ်လုံးစီတွင် ဆေးလုံး ၃ လုံးစီ ရှိနေလေသည်။
ထိုဆေးလုံးများမှာ ပင်လယ်ဖယ်ဆေးလုံး၊ အရိုးသန့်စင်ဆေးလုံးနှင့်၊ ချိုးဖျက်ဆေးလုံးများပင် ဖြစ်ကြသည်။
စုစုပေါင်းအားဖြင့် ဆေးလုံး ၉ လုံး ဖြစ်သည်။
ရဲနန်ရှန်အတွက်မူ ထိုဆေးလုံးများသည်အလွန်ပင်တန်ဖိုးရှိလှသောဆေးလုံးများ ဖြစ်သည်။ ထို့အပြင် တတိယအဆင့် နှင့် စတုတ္ထအဆင့်ဆေးလုံးများ ဖြစ်ကြသဖြင့် အရည်အသွေးပိုင်း ဆိုင်ရာတွင်လည်း အလွန် ကောင်းမွန်လှပေသည်။
ထိုကဲ့သို့ ထူးခြားအစွမ်းထက်လှသည့် ဆေးလုံးများ တစ်ပြိုင်နက်တည်း ပေါ်လာခြင်းကို မည်သူကမျှ အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။
ရဲနန်ရှန်သည် သူ၏ သားဖြစ်သူ ရဲရှောင်တစ်ယောက်ထူးဆန်းနေသည်ကို ရိပ်မိနေလေသည်။ ကျန်သည့် ကိစ္စများအား မစဉ်းစားသည့်တိုင် ယခုကဲ့သို့ သားဖြစ်သူထံတွင် ဆေးလုံးများစွာ ရှိနေခြင်းသည်သွေးရိုးသားရိုးတော့ မဟုတ်ပေ။
ထိုဆေးလုံးများကိုသာ အစောပိုင်းကတည်းက ရရှိခဲ့မည် ဆိုပါက ချင်းယန်နယ်ပယ်ရှိ ရန်သူများကိုပင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့မည် ဖြစ်သည်။
“အမြဲတမ်းလိုလို အဖေ ကျွန်တော့်ကို မေးခွန်းတွေမေးတိုင်း ကျွန်တော်သိသမျှ ပြောပြခဲ့တယ်။ ဒါပေမဲ့ ဒီဆေးလုံးတွေနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော့်ရဲ့ လျှို့ဝှက်ဆရာဆီက ရတာလို့ပဲ ပြောလို့ရမယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောခွင့် မရှိဘူး . . .”
ရဲရှောင် ပိပိရိရိပင်လိမ်လိုက်သည်။
ရဲနန်ရှန်လည်း ရဲရှောင်အား စူးစိုက်ကြည့်လိုက်ရင်း –
“လျှို့ဝှက်ဆရာ . . . ဟုတ်လား . . .”
“ရှောင်ရှောင် . . . သူဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူး။ ငါသိချင်တာ တစ်ခုပဲ ရှိတယ်။ သူက ရဲမျိုးနွယ်ကလား ဒါမှမဟုတ် ကျောက်စိမ်းနန်းတော်က လူလား . . .”
ဖခင်ဖြစ်သူ၏ စကားကြောင့်ရဲရှောင်သည်အနည်းငယ် ကြောင်ငေးသွားမိသည်။ သူ၏ စိတ်ထဲတွင်လည်း “ရဲမျိုးနွယ်၊ ကျောက်စိမ်းနန်းတော်” ဟု ရေရွတ်လိုက်မိသည်။ ထုိ့နောက် ခေါင်းအား ခါယမ်းလိုက်ရင်း –
“မဟုတ်ပါဘူး . . .”
“ကောင်းတယ်။ မင်းကို မင်းဆရာအကြောင်း ဘာမှ မမေးဘူး။ နောက်ပြီး မင်းအရင်က အကြောင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားလဲ . . .”
ရဲနန်ရှန်သည်သက်ပြင်းတစ်ချက်ချရင်း မေးလိုက်ပါတော့သည် . . .။