Chapter – 183
“စစ်သူကြီးရဲ၏တောင်းဆိုမှု”
အနောက်ပိုင်း၏ စစ်သူကြီးဖြစ်သည့်ဝုဂေါင်လီသည်အပြာရောင်လေနိုင်ငံတော်မင်းသား ဝမ်ရမ်ဂျန်ရင်၏ တပ်အား နိုင်နိုင်မည်မဟုတ်မှန်း ကြိုသိထားသော်လည်း ယခုကဲ့သို့ အချိန်တိုအတွင်းရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားချေ။
လဝက်ခန့်ပင် ရှိသေးသော်လည်း အနောက်ပိုင်းပိုင်နက်နယ်မြေ မိုင် ၃၀၀၀ လောက်သည် ရန်သူတို့၏ လက်တွင်းသို့ ကျရောက်သွားခဲ့ရပြီ ဖြစ်သည်။
ဝုဂေါင်လီသည် ချန်နိုင်ငံတော်၏ အနောက်ဘက် နောက်ဆုံးလမ်းကြောင်းဖြစ်သော သံမဏိလမ်းကြားတွင်အသည်းအသန် ခုခံနေရသည်။ ထိုနေရာသည်စစ်ဗျူဟာအရ အလွန်အရေးကြီးသော နေရာတစ်ခုလည်း ဖြစ်သည်။
အဆိုပါ သံမဏိ လမ်းကြားသာ ကျရှုံးသွားမည် ဆိုပါက မြို့တွင်းသို့ ရန်သူများ ဝင်ရောက်လာမည်ကို တားဆီးနိုင်တော့မည် မဟုတ်ချေ။
ပြည်သူပေါင်းများစွာ၏ အသက်သည်လည်း ပေးဆပ်ရတော့ပေမည်။
အလွန် ဆိုးရွားလှသည့် အခြေအနေပင် ဖြစ်သည်။
မှူးမတ်များ အားလုံးသည် နိုင်ငံ့အရေးအတွက်ရတက်မအေးအောင်ပင်ဖြစ်နေကြသည်။
ထို့ပြင်နတ်ဆိုးတစ်ကောင်ကဲ့သို့ မြို့အတွင်း၌သောင်းကျန်းနေသည့်ရဲနန်ရှန်ကြောင့်လည်း ရင်တမမဖြင့်စိုးရိမ်ပူပန်နေရသည်။
“အစီရင်ခံစာ ပါပါတယ်။ အရှေ့ပိုင်း တိုက်ပွဲက အစီရင်ခံစာပါ . . .”
တိုက်ပွဲအစီရင်ခံစာဖြစ်၍ အားလုံးသည်ရင်တထိတ်ထိတ်ပင်ရှိနေကြသည်။
“ဘာများ ထပ်ဖြစ်ပြန်ပြီလဲ မသိဘူး။ အရှေ့ပိုင်းက အနောက်ပိုင်းလောက်တော့ အခြေအနေ ဆိုးမယ် မထင်ဘူး . . .”
မှူးမတ်များသည် စိုးရိမ်ပူပန်မှု အပြည့်ဖြင့်ပြောလိုက်သည်။
“ရှန်ယုနိုင်ငံတော်က ဇန်ချီရှန်က စစ်သည်တော်ပေါင်းသန်းချီကို ဦးဆောင်လာပြီး အရှေ့နယ်စပ်ကို တိုးဝင်လာနေပါပြီ။ အရှေ့ပိုင်းစစ်သူကြီး ဂေါင်စွန်းနူလည်း အသေအကြေ ပြန်တိုက်ခိုက်ခဲ့ပေမယ့်ခုခံနိုင်စွမ်း မရှိတော့အောင်ကို ဖြစ်နေပါပြီ။ အခုဆို တိုက်ပွဲက ကျွန်တော်မျိုးတို့ နိုင်ငံတော်ပိုင်နက်တွင်း မိုင် ၇၀၀ လောက်ကို ဝင်လာနေပါပြီ။ ရှန်ယုနိုင်ငံတော်က စစ်သည်တွေက အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့်အရှေ့ပိုင်းလည်း ကျရှုံးရပါတော့မယ်။ စစ်ကူလွှတ်ပေးပါတဲ့ . . .”
. . .
ချန်နိုင်ငံတော်၏ အရှေ့နှင့် အနောက်တို့သည် အန္တရာယ်အတွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။
ရောက်ရှိလာသည့်တိုက်ပွဲအစီရင်ခံစာကြောင့်မှူးမတ်များ အားလုံးသည် မျက်နှာမသာမယာဖြင့်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ဖြေရှင်းနိုင်မည့်မည်သည့်နည်းလမ်းကိုမျှ မစဉ်းစားနိုင်အောင်ကို ဖြစ်နေကြသည်။
စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ မည်သည့်အန္တရာယ်ဆိုးမျှ ကျရောက်ခဲ့ခြင်း မရှိသော ချန်နိုင်ငံတော်သည်ယခုအခါတွင်ပထမဆုံးအကြိမ်အဖြစ်ကြမ္မာဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
“အစီရင်ခံစာ . . . မြောက်ပိုင်းက အစီရင်ခံစာလာပါတယ် . . .”
“မြောက်ပိုင်းက ရန်သူမျိုးနွယ်စုတွေ အကုန်လုံး တစ်စုတစ်စည်းတည်းပေါင်းသွားကြပြီ။ ဝံပုလွေတပ်ရဲ့ ရှေ့တော်ပြေးတွေက အင်အား ၄ သိန်းလောက်နဲ့ နယ်စပ်ကို ဖြတ်လာနေကြပြီ။ သူတို့နောက်မှာ လူတစ်သန်းလောက် ကျန်နေသေးတယ်။ တစ်လအတွင်း အကုန်လုံးကို သိမ်းနိုင်ဖို့ များတယ်။ မြောက်ပိုင်းလည်း စစ်ကူလိုနေပါပြီ . . .”
ကနဦးတွင် မြောက်ပိုင်းသည် အတည်ငြိမ်ဆုံး ဖြစ်သော်လည်း စစ်သူကြီးရဲ မြောက်ပိုင်းတွင် မရှိတော့သဖြင့်ယခုကဲ့သို့ အခြေအနေ ဆိုးရွားသွားခြင်း ဖြစ်သည်။
သို့သော်အရှေ့ပိုင်းနှင့်အနောက်ပိုင်းထက်တော့ အခြေအနေ မဆိုးရွားသေးပေ။
“တောင်ပိုင်းကလည်း အစီရင်ခံ လာပါတယ် . . .”
“မင်းသားဟွာရန်းတို့ တောင်ပိုင်းကို ရောက်သွားကြပါပြီ။ ပထမတိုက်ပွဲမှာ သူတို့တွေ နိုင်သွားပြီး ရန်သူကို မိုင် ၃၀၀ လောက် အနောက်ဆုတ်အောင် လုပ်နိုင်ခဲ့ကြပါတယ်။ အခြေအနေတွေကတော့ တင်းမာနေကြတုန်းပါပဲ . . .”
အနည်းဆုံးတော့ သတင်းကောင်းဟု ဆိုရပေမည်။
အရှေ့ပိုင်း၊ အနောက်ပိုင်း နှင့်မြောက်ပိုင်းတို့သည်အခြေအနေဆိုးရွားနေသော်လည်းတောင်ပိုင်း မှ သတင်းကောင်း ကြားရသည့်အတွက်နိုင်ငံတော်၏ အခြေအနေသည်ဘက်ပေါင်းစုံမှ ကျရှုံးနေသည်ဟု မဆိုနိုင်ချေ။
သို့သော် ယခုကဲ့သို့ ဖိအားများစွာကြောင့် လူတိုင်းသည်စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
တိုက်ပွဲများသည်ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးသည်လည်း ဖရိုဖရဲ ဖြစ်နေပေလိမ့်မည်။
မှူးမတ်များအားလုံးသည် ရဲနန်ရှန်အား မြောက်ပိုင်းသို့ ပြန်ပို့စေချင်နေကြသည်။
မြောက်ပိုင်းတွင် ရဲနန်ရှန် မရှိပါက အဆိုးဆုံးအခြေနေ ဖြစ်လာမည်ကိုကောင်းကောင်းကြီး သဘောပေါက်ကြသည်။
ဝံပုလွေအင်အားစုများသည် စုဆောင်းထားသော တပ်သားများဖြင့်မြောက်ပိုင်းအား အပိုင်သိမ်းကာ တောင်ပိုင်းသို့ ဆက်လက်ချီတက်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ချန်နိုင်ငံတော်၏ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော အခြေအနေမျိုးပင် ဖြစ်သည်။
မြောက်ပိုင်းမှ ရန်သူမျိုးနွယ်စုများသည် ချန်နိုင်ငံတော်အတွင်း ထူးခြားမှုတစ်ခုခု ဖြစ်နေသည်ကို ရိပ်မိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ရဲနန်ရှန်သည် သူ၏ တပ်တစ်ခုလုံးအား ပစ်သွား၍ မြို့တော်သို့ ချက်ချင်းလက်ငင်းပင်ပြန်သွားခဲ့သည် မဟုတ်ပါလော။ မြောက်ပိုင်းတွင် ရဲနန်ရှန်မရှိသောကြောင့်မည်သူ့ကိုမျှ ဂရုစိုက်စရာအကြောင်း မရှိတော့ပေ။ ထို့ကြောင့်ပင်အင်အားအလုံးအရင်းဖြင့်ချီတက်လာကြခြင်း ဖြစ်သည်။ကြောင်မရှိ၍ ကြွက်ထသည့်သဘောပင်။
တိုက်ပွဲအခြေအနေများအား အသေအချာ လေ့လာသုံးသပ်ရန်ပင် မလိုအပ်တော့ချေ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံ၏ လေးဘက်လေးတန်လုံးသည် အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည် မဟုတ်ပါလော။
တိုက်ပွဲတွင်အပြာရောင်လေနိုင်ငံတော်နှင့် ရှန်ယုနိုင်ငံများသာ အနိုင်ရသွားမည် ဆိုပါက ချန်ရှင်း မြို့တော်သည်စစ်ရှုံးသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်သွားသော်လည်း ပြည်သူများ၏ အသက်များမှာမူသက်သာရာ ရနိုင်ပါသေးသည်။
အကယ်၍ မြောက်ပိုင်းတပ်မှ ဝံပုလွေမျိုးနွယ်စုများသာ ချန်နိုင်ငံတော်ကို သိမ်းပိုက်နိုင်သွားမည် ဆိုပါက နိုင်ငံတော်တင်မက ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များပါ ပြိုကွဲပျက်စီးကြရပေလိမ့်မည်။
ဖြစ်ပေါ်နေသည့်အခြေအနေဆိုးများအတွက်ဖြေရှင်းနိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ ရဲနန်ရှန်အား စစ်မြေပြင်သို့ ပြန်လွှတ်ရန်ပင် ဖြစ်သည်။
မြောက်ပိုင်းအားကောင်းစွာ ကိုင်တွယ်နိုင်သူမှာ ရဲနန်ရှန်သာလျှင်ဖြစ်ပြီး မင်းသားဟွာရန်သည်ပင် ထိန်းနိုင်မည် မဟုတ်ချေ။
. . .
တိုက်ပွဲအစီရင်ခံစာများအား ဖတ်လိုက်ပြီးနောက်မင်းကြီးသည်စိတ်နှလုံးမသာယာ ဖြစ်လျက်ရှိသည်။ ထို့နောက်မှူးမတ်များအား ချက်ချင်းပင်ဆင့်ခေါ်လိုက်ပြီး ညီလာခံတစ်ရပ်အမြန်ကျင်းပလိုက်သည်။
ညီလာခံသို့ ရဲနန်ရှန်လည်း တက်ရောက်လာလေသည်။ ခန်းမအတွင်းသို့ ရဲနန်ရှန်ဝင်သွားလိုက်သည်နှင့်မီးအား ရေနှင့်ငြိမ်းလိုက်သည့်အတိုင်း ခန်းမတစ်ခုလုံးချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်သွားသည်။
ညီလာခံထဲမှ လူများ၏ အတွေးတွင်-
[ဒီလူက လူတွေရဲ့အသက်ကို ထမင်းစားရေသောက်သဘောနဲ့ လွယ်လွယ်ကူကူလေးကို သတ်ပစ်ခဲ့တာ။ ဥပဒေအထက်မှာ သူရှိတဲ့အတိုင်းပဲတော်တော်လေးကို အတင့်ရဲခဲ့တာ . . .]
သို့သော်လည်း သူတို့အားလုံး အပြစ်တင်နေသည့် လူသည် နိုင်ငံတော်အား ကာကွယ်ပေးနိုင်မည့်တစ်ခုတည်းသော မျှော်လင့်ချက်ပင်ဖြစ်သည်။
ထို့ကြောင့် ဥပဒေကို မလိုက်နာခြင်းအား အပြစ်ဆို၍တော့ မရနိုင်ချေ။
“စစ်သူကြီးရဲ . . . မင်းရဲ့ ကိစ္စတွေ လုပ်လို့ကိုင်လို့ ပြီးပြီလား . . .”
မင်းကြီး၏ အသံသည်ခန်းမအတွင်း ဟိန်း၍ပင်ထွက်လာသည်။
ရဲနန်ရှန်သည်လည်း လူအများရှေ့တွင် ဘုရင့်အပေါ် လေးစားမှု ရှိရမည်ကိုသဘောပေါက်သည့်အတွက် အနည်းငယ် ဦးညွှတ်လိုက်ရင်း –
“ပြီးသလောက်ဖြစ်သွားပါပြီ မင်းကြီး။ ကျုပ်ထင်သလောက်ခက်ခက်ခဲခဲနဲ့ မလုပ်လိုက်ရဘူး။ ကျုပ်သားက ကုသလို့ ရနိုင်တယ်ဆိုတော့ ငဲ့ညှာသင့်တဲ့ အသက်တွေကို ငဲ့ညှာပေးရတာပေါ့။ တိုက်ပွဲကလည်း အခြေအနေတွေ တင်းမာနေတယ်။ အဲဒါကြောင့် အခုချိန်မှာ တိုက်ပွဲကိစ္စကို ခေါင်းထဲထည့်သင့်နေပြီလုိ့ ကျုပ်တွေးမိတယ်. . .”
ရဲနန်ရှန်၏ စကားကြောင့်အချို့သော မှူးမတ်များ၏ စိတ်ထဲတွင် –
[ခင်ဗျားက လူထောင်ချီ သတ်ပြီးတာတောင် မကျေနပ်သေးဘူးလား။ ကျုပ်တို့ကတော့ ခင်ဗျားရဲ့သား ကုလို့မရတော့ဘဲ သေမှာမို့ အခုလိုတွေ သတ်ခဲ့တယ်မှတ်တာ။ တကယ်တမ်းကြ ကုသလို့ ရနေတာပဲ။ အဲ့ဒီလို ကုလို့ရနေသားနဲ့ ဘာလို့ လူတွေကို ရူးရူးမိုက်မိုက်နဲ့ သတ်နေခဲ့ရတာလဲ။ တကယ်လို့များ သူ့သားသာသေသွားခဲ့ရင် တစ်မြို့လုံးကို တောင် သတ်ပစ်မလား မသိဘူး။ အခုလည်းပြောတဲ့ပုံကိုကြည့်ဦး မခံချင်စရာကောင်းလိုက်တာ။ သူ့စိတ်တိုင်းကြ လူတွေကို ကြက်ကလေး ဌက်ကလေးလို သတ်လို့လည်းဝရော တိုက်ပွဲအကြောင်း စဉ်းစားသင့်ပြီတဲ့ ။ ခင်ဗျားပဲပြောတော့ . . . ကျုပ်တို့က ဘာမှကိုပြောစရာမရှိတော့ဘူး . . .]
မင်းကြီးသည် ခေါင်းညိတ်လိုက်ရင်း –
“မင်းရဲ့သားက ပြန်ကောင်းတော့မယ်ဆိုတာကတော့ သတင်းကောင်းပဲ။ ဒါပေမဲ့ ငါ့ရဲ့ ညီလာခံမှာတော့ ခုံတွေအတော်ကို လွတ်သွားပြီ . . .”
ရဲနန်ရှန်မှ –
“သွေးသစ်လောင်းလိုက်ပါ မင်းကြီး။ ချန်နိုင်ငံတော်မှာ ဉာဏ်ပညာ ထက်မြက်တဲ့လူတွေ အများကြီးပါ။ အဲဒီလိုလူတွေကို အစားထိုးလိုက်ရင် နိုင်ငံတော်လည်း ငြိမ်းချမ်းသွားမှာပေါ့”
ရဲနန်ရှန်သည်”သွေးသစ်လောင်းလိုက်ပါ မင်းကြီး” ဟူသောစကားအား ညီလာခံတွင်ရှိသော မှူးမတ်များအား ဝေ့ကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။
ရဲနန်ရှန်၏ အကြည့်နှင့်စကားကြောင့်အများစုသည်ဇောချွေးများပင် ပြန်သွားကြသည်။
တစ်နည်းပြောရလျှင်ထိုစကားသည်“မင်းတို့တွေ ငါ့သားကို တစ်ခုခုလုပ်ရင် မင်းတို့တွေ ဘာဆက်ဖြစ်မလဲ သိမှာပေါ့” ဟု သွယ်ဝိုက်၍ ပြောလိုက်သည့် သဘောပင်။
တမင် ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
မှူးမတ်များ၏ ရင်ထဲတွင် ဗလောင်ဆူနေသော်လည်း ထုတ်ဖော်၍ မပြောဝံ့ကြချေ။ ထိုအချိန်တွင်ညီလာခံအတွင်းရှိ စစ်သည်အုပ်စုမှ လူများမှာမူ ဂုဏ်ယူဝံ့ကြွားသည့်ဟန်ဖြင့် ရှိနေကြသည်။ သူတို့၏ စိတ်ထဲတွင်-
[စစ်သူကြီးရဲက တကယ့်လူပဲ . . . သူ့ရဲ့ ဟိတ်ဟန်က ဒီနိုင်ငံတစ်ခုလုံးတင် မကဘူး မော်တယ်ကမ္ဘာကြီး တစ်ခုလုံးကိုပါ လွှမ်းမိုးမတတ်ပါပဲလား . . .]
မင်းကြီးသည်တင်းမာသော မျက်နှာထားဖြင့်-
“အခု နိုင်ငံရဲ့ ဘက်ပေါင်းစုံမှာ အန္တရာယ် ကျရောက်နေပြီ။ စစ်သူကြီးရဲ . . . မင်းမှာ ဒီအတွက် ဘာများ အကြံဉာဏ် ရှိလဲ . . .”
ရဲနန်ရှန်သည် ယုံကြည်မှုအပြည့်ဖြင့်-
“ရန်သူတွေက တိုက်ခိုက်လာရင် ကျုပ်တို့ ကာကွယ်ရမှာပေါ့။ ဘာများ ခက်ခဲနေလို့လဲ။ အခုအခြေအနေက ကြည့်တော့သာ ခက်ခဲသယောင် ရှိနေတာပါ ကျုပ်အမြင်မှာတော့ တစ်ချက်စာတောင် မရှိတဲ့ ချာတိတ်လေးတွေက လာပြီး ရန်စနေတယ်လို့ပဲ မြင်တယ်. . .”
မုတ်ဆိတ်ဖြူများဖြင့်အဘိုးကြီးတစ်ဦးသည် သည်းမခံနိုင်တော့သည့်ဟန်ဖြင့် မတ်တတ်ထရပ် လိုက်ရင်း –
“စစ်သူကြီးရဲ . . . ကျုပ်ကတော့ ခင်ဗျားကို နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ပေးနေတဲ့လူဆိုပြီး လေးစားလာခဲ့ရတာ။ အဲ့ဒါကြောင့်ကျုပ်ဘာမှ အများကြီး မပြောချင်ဘူး။ ဒါပေမဲ့ အခုက နိုင်ငံတော်ရဲ့ အန္တရာယ်အရှိဆုံး အခြေအနေကို ရောက်နေတာနော်။ ကျုပ်တို့ရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်း လဲပြိုကျတော့မှာ။ အဲဒါတောင်မှ ခင်ဗျားက ဘာမှ မဖြစ်သလို ပြောနေနိုင်သေးတယ်။အေး . . . ရန်သူတွေနဲ့ ပက်သက်ပြီးအောင်မြင်အောင်ခင်ဗျားဘယ်လိုလုပ်မလဲဆိုတာ ကျုပ်တို့အားလုံးစောင့်ကြည့်ချင်ပါသေးရဲ့ . . .”
ရဲနန်ရှန်လည်း ယုံကြည်မှု အပြည့်ရှိသည့်ဟန်ဖြင့်-
“ဆရာကြီးဝမ် . . . ခင်ဗျား မြင်ရပါစေမယ်။ ကျုပ်ကတိပေးတယ် . . .”
ထို့နောက် မင်းကြီးအား ဦးညွှတ်လိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ကာ –
“မင်းကြီး တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ ကျုပ်ကို နိုင်ငံတော်ရဲ့ စစ်သူကြီးချုပ် ရာထူး ပေးအပ်နိုင်မလား။ ကျုပ် နဂါးတံဆိပ်တော်ရော ကျားတံဆိပ်တော်ပါ လိုတယ်။ ချန်နိုင်ငံတော်ရဲ့ အင်အားစု အားလုံး ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိချင်ပါတယ်။ ကျုပ်အားလုံးကို ဦးဆောင်ပြီး နိုင်ငံတော်ကို ကျူးကျော်နေတဲ့ ရန်သူတွေကို တိုက်ခိုက်ပေးပါ့မယ်။ မင်းကြီးရဲ့ နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့အောင်ပေါ့ . . .”
ရဲနန်ရှန်၏ စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယခုကဲ့သို့ အန္တရာယ် အများဆုံး အခြေအနေတွင် ရဲနန်ရှန်မှ ဘုရင့်အား ကြီးမားလှသော တောင်းဆိုမှုကြီးတစ်ခုတောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ဘုရင်ကိုပင်မကြောက်မရွံ့လျှောက်တင်ရဲသည့်စစ်သူကြီး၏ ရဲဝံ့လှပုံကို အားလုံးသည် အံ့သြလျက်ရှိသည်။
သို့သော် အများစု၏ စိတ်ထဲတွင် ထိတ်လန့်နေကြသည်။
မြောက်ပိုင်းတစ်ခုတည်းအား တာဝန်ယူထားရသည့်စစ်သူကြီးဘဝတုန်းကပင်ဥပဒေအား မထီမဲ့မြင်လုပ်၍ လူပေါင်းများစွာအား စိတ်တိုင်းကျ သတ်ဖြတ်ခဲ့သည့်သူသည်ယခုအခါတွင်နိုင်ငံတော် တစ်ခုလုံး၏ အင်အားစုများအား ထိန်းချုပ်ခွင့်ရသွားမည် ဆိုပါက အရာအားလုံးသည်သူ့လက်သူ့ခြေ ဖြစ်သွားမည့် သဘောပင် ဖြစ်သည်။
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
အိမ်ရှေ့မင်းသား၏ မျက်နှာသည်သွေးမရှိတော့သည့်အတိုင်း ချက်ချင်းပင် ဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်။ ရဲဝင့်လှသည့်ရဲနန်ရှန်အား ငေးကြည့်ရင်း ငိုင်နေမိသည်။
စိတ်ထဲတွင်လည်းနောင်တတရားများနှင့်အတူတွေးနေမိသည်မှာ –
[ငါ ဒီလိုလူမျိုးကိုမှ ဘာကြောင့်သွားပြီး ရန်စမိရတာလဲ မသိဘူး။ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပြီကွာ . . .]
မင်းကြီးသည်ပလ္လင်ထက်မှ မတ်တတ်ရပ်လိုက်သည်။ ထို့နောက်မည်သည့်စကားမျှ မပြောဘဲ ရဲနန်ရှန်အား အတော်အတန်ကြာအောင်စိုက်ကြည့်လိုက်သည်။
ရဲနန်ရှန်သည်လည်း မျက်တောင်တစ်ချက်ပင်မခတ်ဘဲ မင်းကြီးအား ပြန်၍ စိုက်ကြည့်လိုက်သည်။
တခဏအကြာတွင် ဘုရင်မှ ပြတ်သားသော အသံဖြင့် –
“ငါ့ဆီကို နဂါးတံဆိပ်တော် ယူလာခဲ့ကြစမ်း . . .”
မင်းကြီး၏ အမိန့်ကြောင့်မှူးမတ်များအားလုံးသည်အံ့ဩစိတ်ကြောင့်ငေးငိုင်သွားကြသည်။ စိတ်ထဲတွင်လည်း –
[ဘယ်လိုဖြစ်တာလဲ . . . ဒီလိုတောင် အလွယ်တကူ ပေးလိုက်မှာလား . . .]
“ကျားတံဆိပ်တော်ပါ ယူလာခဲ့ကြ . . .”
“မင်းကြီး . . . ဒီလိုမလုပ်ပါနဲ့ မင်းကြီး . . .”
မင်းကြီး ထပ်ပြောလိုက်သော အမိန့်ကြောင့်မှူးမတ်အချို့သည်အနူးအညွတ်တောင်းပန်လိုက်ကြသည်။
“ဒီလိုမလုပ်ပါနဲ့ . . . မင်းကြီး စဉ်းစားပါဦး . . .”
“ငါဆုံးဖြတ်ချက် ချပြီးသွားပြီ . . .”
မင်းကြီးသည်သူ၏ လက်များအား ဝေ့ယမ်းပြလိုက်ရင်း ပြတ်သားစွာဖြင့်ပြောလိုက်ပါတော့သည် . . .။