Chapter – 182
“သေခြင်းနှင့်ရှင်ခြင်း”
“လူတစ်ယောက်က ကိုယ်နဲ့မိတ်ဆွေလာဖွဲ့ပြီဆိုရင်အကြောင်းပြချက်က နှစ်ခုပဲရှိတယ်။ ပထမအချက်က သူကိုယ်တိုင်က ခင်မင်မှုကို လိုလားလို့။ ဒုတိယတစ်ချက်က ကိုယ့်ဆီကနေ တစ်ခုခုကို လိုချင်လို့။ ဥပမာကွာ ချစ်ခြင်းမေတ္တာကို လိုချင်လို့လား ဒါမှမဟုတ်လေးစားမှု၊ ကျော်ကြားမှု၊ ငွေကြေးဥစ္စာ၊ အဲ့ဒါတွေကို လိုချင်လို့လား။ တစ်ခုခုပေါ့ကွာ။ ပုံမှန်ဆို လူတစ်ယောက်ကလမ်းပေါ်မှာ တောင်းစားနေတဲ့ သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ချင်ပါ့မလား။ တန်ဖိုးခြင်း ကွာတယ်။ မိတ်ဆွေချင်း အခင်အမင်မပျက်ဆက်ဆံရေးတွေ ခိုင်မြဲနေတယ်ဆိုတာ အပေးအယူမျှတနေလို့သာ ခိုင်မြဲနေကြတာ။ အခု အဖေနဲ့ မင်းကြီးကိုပဲ ကြည့်လေ . . .”
“မင်း . . . လူတွေရဲ့ စိတ်ကို ခွဲခြားသိမြင်တာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ။ လူ့ဘောင်အဖွဲ့အစည်းထဲမှာ အပေးအယူကိုမျှော်လင့်လို့ပေါင်းသင်းဆက်ဆံနေတဲ့ လူတွေလည်းရှိသလို
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေလည်း ရှိသေးတယ်ဆိုတာ မင်းမငြင်းပယ်နိုင်ပါဘူး . . .”
ရဲနန်ရှန်သည်သားဖြစ်သူအားလေးလေးနက်နက်ဖြင့်ပင်ပြောလိုက်သည်။
ရဲရှောင်လည်းခေါင်းညိတ်လိုက်ရင်း –
“ဒါပေါ့ . . . ဟုတ်တာပေါ့ . . .”
ရဲနန်ရှန်ပြောသည့် စကားသည် အမှန်ပင် ဖြစ်သည်။
လူတိုင်းသည် ကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြသည် ဆိုသော်လည်း စစ်မှန်သော ချစ်ခြင်းမေတ္တာတရားများသည်လည်း ရှိနိုင်ပေသည်။ ထိုကဲ့သို့သာမဟုတ်ပါက လူဆိုသည့် သတ္တဝါလည်း ရှိတော့မည် မဟုတ်ချေ။
ပုထုဇဉ်ပီပီ သံယောဇဉ်ဆိုသော အရာအား ခုံမင်တွယ်တာတတ်ကြသည်မှာ ဓမ္မတာပင်။
ရဲရှောင်သည်ဖခင်ဖြစ်သူအား ကြည့်ရင်း –
“အင်း . . . ခုလက်ရှိ အုပ်ချုပ်နေတဲ့ မင်းကြီးအတွက်ဆိုရင်တော့ နိုင်ငံတော်ကို ကျွန်တော်တို့ ကာကွယ်ပေးရတာ လုပ်သင့်တဲ့အရာပါ။ ဒါပေမဲ့ သူ့သား လူရှုပ် ၃ ယောက်အတွက်ဆိုရင်တော့ . . . စဉ်း စားစရာ ကိစ္စဖြစ်သွားပြီ။ နောင်တစ်ချိန် မင်းကြီး နတ်ရွာစံပြီး သူတို့သုံးယောက်ထဲက တစ်ယောက်ယောက်သာ ထီးနန်းကို ရသွားမယ်ဆိုရင် ကျွန်တော်ကတော့ ဘာမှကို လုပ်ပေးချင်စိတ်မရှိတော့ဘူး . . .”
“အဲ့ဒီလို အချင်းရောအဆင်းပါမရှိတဲ့ လူတွေအတွက်ကျွန်တော်တို့က နိုင်ငံတော်ကို တည်ငြိမ်အောင် စောင့်ရှောက်ပေးနေရမှာလား။ သူတို့ကြောင့်နောင်တစ်ချိန်မှာ ပြဿနာ တစ်ခု မဟုတ်တစ်ခု ဖြစ်လာနိုင်တယ်။ မယုံရင်အဖေစောင့်ကြည့်. . . အချိန်က စကား ပြောသွားလိမ့်မယ် . . .”
ရဲရှောင်ပြောလိုက်သည့်စကားများကြောင့်ရဲနန်ရှန်သည် အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်နေလေသည်။ ထို့နောက် တည်ငြိမ်သောလေသံဖြင့်-
“နိုင်ငံတော်ကြီးက မင်းကောင်းမင်းမြတ်တွေရဲ့လက်ထဲမှာပဲ ရှိသင့်တာ . . .”
ဖခင်၏ စကားအားထောက်ခံသည့်အနေဖြင့်ရဲရှောင်သည်ခေါင်းညိတ်ပြလိုက်ရင်း –
“မကောင်းတဲ့သူတွေကို အဖေက ရှင်းလင်းပစ်လို့ မင်းကြီးဘက်ကနေ စိတ်ကွက်ချင်ကွက်သွားလိမ့်မယ်။ ဒါပေမယ့်မင်းကြီးရဲ့ စိတ်ခံစားချက်တွေကို လျစ်လျုရှုထားပြီး ကျွန်တော်တို့အနေနဲ့ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲ။ ကမ္ဘာကြီးငြိမ်းချမ်းသွားဖို့ အမှိုက်နဲ့တူတဲ့ လူတွေကိုတော့ ရှင်းပစ်ရမှာပဲ . . .”
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“အဲဒါကြောင့် အဖေ အခုချိန်မှာ မလှုပ်ရှားရင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ မင်း ကြီးကလည်း သူ့လူတွေကို ဘယ်တော့မှ သုတ်သင်မှာ မဟုတ်ဘူး။ အဲဒီတော့ အများကြီး စိုးရိမ်မနေဘဲ အဖေလုပ်စရာ ရှိတာကိုသာ လုပ်ပါ . . .”
ရဲနန်ရှန် နှုတ်ဆိတ်သွားပြန်သည်။
ယခုညသည် သူ၏ဘဝတွင် နှုတ်ဆိတ်စွာ အနေရဆုံးညပင် ဖြစ်သည်။
ရဲနန်ရှန်သည်ရဲရှောင်အားငေး၍ပင်ကြည့်နေမိသည်။ သူ၏ သားဖြစ်သူသည်ယခုကဲ့သို့ အမျှော်အမြင်ကြီးစွာတွေးခေါ်တတ်လိမ့်မည်ဟု မထင်မှတ်ထားချေ။ နောက်ပိုင်းတွင်ရဲရှောင်နှင့် ပတ်သက်၍ ကြီးကြီးမားမား စိုးရိမ်စရာ မရှိတော့သည်ကိုလည်း သိနေသည်။
ဖခင်တစ်ယောက်အနေဖြင့်သားဖြစ်သူအားနောက်ဆံတင်းစိတ်ပူနေစရာမလိုတော့သည့်အတွက်စိတ်ချမ်းသာကြည်နူးနေမိသည်။ ထို့ကြောင့်ပီတိဖြစ်သော အပြုံးများဖြင့်ပြုံးလိုက်ရင်း ရဲရှောင်၏ ပခုံးအား ပုတ်ကာ –
“နောက်ပိုင်းကျရင် ချင်းယန်နယ်ပယ်မှာ မင်းအတွက် နေရာတစ်ခုတော့ ရလာမှာပါ . . .”
ရဲရှောင်သည်လည်း ပြုံးလျက် ခေါင်းမော့ကြည့်လိုက်ရင်း –
“ချင်းယန်ဆိုတာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်က အဲဒီလောက် မနိမ့်သေးဘူး . . .”
သူ၏ စိတ်ထဲတွင်လည်း –
[ချင်းယန်နယ်ပယ်မှာ နေရာတစ်ခုတဲ့လား . . . တော်တော်ကို နိမ့်ကျတဲ့ ရည်မှန်းချက်ပဲ။ ချင်းယန်ဆိုတာ ငါ့အတွက်တော့ ခဏတာ နားခိုရာနေရာပဲ ဖြစ်လိမ့်မယ် . . .]
ရဲနန်ရှန်၏ စိတ်ထဲတွင်လည်း –
[နိမ့်ကျတယ်တဲ့လား၊ ငါ့သားက ချင်းယန်လိုနေရာမျိုးကို နိမ့်ကျတယ်လို့ ပြောလိုက်တာလား . . .]
ရဲနန်ရှန်သည် သားဖြစ်သူအား စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ တွေတွေကြီး စိုက်ကြည့်လျက်ရှိသည်။ သားအဖနှစ်ဦး၏ ရင်ထဲတွင်အတွေးကိုယ်စီနှင့်အတူ အရာအားလုံးသည်လည်း တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေပါတော့သည်။
. . .
နောက်တစ်နေ့ နံနက်တွင် ဖြစ်သည်။
မြို့တွင်းရှိ မြောက်ပိုင်းတပ် စစ်သူကြီးများသည်စုရုံး၍ရောက်ရှိနေကြသည်။ ရဲနန်ရှန်သည် သူ၏ ဓားအား အားမာန်အပြည့်ဖြင့် မြောက်ပြလိုက်သည်။
ထို့နောက်သုတ်သင်ရှင်းလင်းရမည့် ရန်သူများ၏ အိမ်များအတွင်းသို့ တရကြမ်း ဝင်ရောက်၍ တိုက်ခိုက်လိုက်ကြသည်။
ချန်ရှင်းမြို့တော်တစ်ခုလုံးသွေးချောင်းစီးသွားပြီးသွေးညှီနံ့များသည်လေထုတစ်ခုလုံးတွင်ဟောင်းဟောင်းထလျက်ရှိသည်။ မြင်ရသူအပေါင်းအဖို့ ငရဲပြည်သို့ အရှင်လတ်လတ်ရောက်နေသည့်အတိုင်းပင်ဖြစ်လျက်ရှိသည်။
မြောက်ပိုင်းတပ် စစ်သည်များသည် လက်ယာအမတ်မင်း၏ အိမ်တော်သို့ ဝင်ရောက်သွားကြပြီး တံခါးများအား အသေပိတ်လိုက်ကြသည်။ ထို့နောက် ဓားရှည်များအား ဆွဲထုတ်ကာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းဖြတ်သတ်လိုက်ကြသည်။ စကားတစ်ခွန်းမျှပြောဆိုခြင်း မရှိသကဲ့သို့ တစ်ဖက်လူများသည်လည်း မည်သည့်စကားမျှ ပြန်ပြောချိန်ပင်မရလိုက်ကြချေ။
စစ်သည်တော်များသည်ပုံမှန်ပြုလုပ်နေကြ လုပ်ရိုးလုပ်စဉ်တစ်ခုအား ပြုလုပ်နေသည့်အလားသွေးအေးအေးဖြင့်ပင်တစ်ယောက်မကျန်ခေါင်းဖြတ်သတ်နေကြခြင်း ဖြစ်သည်။
သူတို့ကိုင်ဆောင်ထားသော ဓားသွားများ၏ အရှေ့တွင် မည်ကဲ့သို့သောတောင်းပန်စကားမျိုးပြောဆိုနေစေကာမူ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
သူတို့၏ နောက်ထပ်ပစ်မှတ်တစ်ခုသည်အမတ်ကြီးဂျန်၏ အိမ်တော်ပင် ဖြစ်သည်။
အမတ်ကြီးဂျန်၏ သားဖြစ်သူ ဂျန်တိုင်စုသည် ယခုကိစ္စများအားလုံး၏ လက်သည်ပင် ဖြစ်သည်။ ထို့ကြောင့် စစ်သည်တော်များသည် ဂျန်တိုင်စုအား လုံးဝအလွတ်ပေးလိမ့်မည် မဟုတ်ချေ။
မြောက်ပိုင်းတပ်မှ စစ်သည်များသည် အမတ်ကြီးဂျန်၏ အိမ်တော်သို့ ရောက်သောအခါ အိမ်တော်ရှိ လူများအားလုံးသည်သေဆုံးလျက်ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရသည်။
“မိစ္ဆာဆန်တဲ့ အဂတိမှုတွေအတွက် ကျွန်ုပ်တို့မှ သင်တို့အား ဒဏ်ခတ်လိုက်သည် . . .”
အိမ်တော်တွင် အဆိုပါ စာသားအား ရေးထားသည်ကိုလည်း တွေ့လိုက်ကြရသည်။စာတန်း၏ အောက်ခြေနားတွင်လည်း “မရဏသင်ပုန်း” ဟူသည့် သင်္ကေတ ရေးထိုးထားသည်ကိုပါ တွေ့လိုက်ရသည်။
အမတ်ကြီးဂျန်၏ အိမ်တော်တွင် လူသေအလောင်း ၁၀၃ လောင်းအပြင် ခွေးနှစ်ကောင် ကြောင်သုံးကောင်နှင့် အနောက်ဘက် ခြံဝန်းအတွင်းရှိ ကြက်အကောင် ၈၀ ပါ သေဆုံးလျက်ရှိကြသည်။
လူသေအလောင်းများအား တန်းစီ၍ ထားထားသကဲ့သို့ ခွေး၊ ကြောင်နှင့် ကြက်အသေများကိုလည်း ထိုအတိုင်းပင် စီတန်း၍ ထားလေသည်။
ကျုပင်ခုတ်ကျုငုတ်မကျန်အိမ်တော်အတွင်းရှိ သက်ရှိမှန်သမျှအား သတ်သွားခြင်းပင်ဖြစ်သည်။
တိရစ္ဆာန်များကိုပင် ချန်မထားချေ။
ချန်ထားခဲ့သည့် တစ်ခုတည်းသော အရာမှာ နံရံပေါ်မှ စာများပင် ဖြစ်သည်။
လူသေအလောင်းများအနက်အမတ်ကြီးဂျန်နှင့် သားဖြစ်သူတို့မှာ ခေါင်းများ၊ ခြေလက်များ အဖြတ်ခံထားရပြီး ခန္ဓာကိုယ် အပြည့်အစုံပင် မရှိတော့ပေ။
ထိုသတင်းသည် မြို့တော်တစ်ခုလုံးတွင်တောမီးကဲ့သို့ပင်ပြန့်နှံ့သွားလေသည်၊
တစ်ချိန်တည်းမှာပင် အခြားသော အကျင့်ပျက် မင်းမှုထမ်းများ နှင့်သူတို့၏ မိသားစုများသည်တစ်ယောက်မကျန်အကုန်အသတ်ခံလိုက်ရပြီး မသမာသော နည်းလမ်းဖြင့် ချမ်းသာလာသည့် လူချမ်းသာ အချို့လည်း အသတ်ခံလိုက်ရကြောင်း သတင်းထွက်ပေါ်လာလေသည်။
ထိုလူများအား သတ်ဖြတ်သွားသူများသည် အုပ်စုတစ်စုတည်းမှ ဖြစ်ကြောင်း ချန်ရစ်ခဲ့သည့် စာသားများအရ သိနိုင်ပေသည်။ ယခင်စာသားများအပြင် စာသားအနည်းငယ်ကိုပင် ထပ်တိုးထားပါသေးသည်။
“အကောင်းနဲ့အဆိုး၊ သေခြင်းနဲ့ ရှင်ခြင်း . . .” ဟူသည့် စာသားများ ထပ်တိုးလာခြင်းပင် ဖြစ်သည်။
သေဆုံးသွားကြသည့် လူများ၏ ဖိနှိပ် အနိုင်ကျင့်ခြင်းကို ခံခဲ့ကြရသည့် လူများသည် ဝမ်းမြောက်ဝမ်းသာဖြင့်ပင်ဆုတောင်းပွဲများ ပြုလုပ်ကြသည်။
အများစုသည် ထိုနေ့အား အမှတ်တရ ရှိစေရန်အတွက်နေ့ထူးနေ့မြတ်တစ်ခုအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသေးသည်။
သူတို့၏ သေဆုံးသွားကြပြီဖြစ်သည့်ဘိုးဘေးများအား ဆုတောင်း တိုင်တည်လိုက်ကြရင်း –
“ကျွန်တော်တို့ကို နေ့ပေါင်းများစွာ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ဖြစ်အောင်နှိပ်စက်အနိုင်ကျင့်ခဲ့တဲ့ လူတွေအကုန်လုံး သေကုန်ကြပြီ။ အကောင်းနဲ့ အဆိုး၊ သေခြင်းနဲ့ရှင်ခြင်းကို မလွန်ဆန်နိုင်ကြတော့ဘူး။ ဘိုးဘေးတို့ စိတ်အေးစွာ အနားယူကြပါတော့”
ရဲနန်ရှန်၏ တပ်မသည် တရားဝင် ရှင်းလင်းရေး လုပ်လျက်ရှိသည့်အပြင်“မရဏသင်ပုန်း” ဟူသည့် နာမည်သည်လည်း ထိုရက်များအတွင်း ရေပန်းအစားဆုံးပင်ဖြစ်သည်။
မင်းမှုထမ်းများစွာ၏ စိတ်ထဲတွင် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ရဲနန်ရှန်သည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေအား မျက်ကွယ်ပြုကာ ဘုရင်ကိုပင် လျစ်လျူရှုခဲ့သည် မဟုတ်ပါလော။ ယခုလုပ်ရပ်များကြောင့် သမိုင်းတွင် နှောင်းလူများမှသူ့အား လူဆိုးလူသွမ်းတစ်ဦးအဖြစ် သတ်မှတ်ကောင်း သတ်မှတ်ကြပေလိမ့်မည်။
သို့သော် စဉ်းစားတွေးခေါ်တတ်သည့်မည်သူမဆိုယခုကဲ့သို့ သုတ်သင်ရှင်းလင်းရေးလုပ်ခြင်းသည် နိုင်ငံတော်ပင်ဖြစ်ကြောင်း သိကြပေမည်။
ရဲနန်ရှန် သတ်ဖြတ်ခဲ့သည့် လူများသည် နိုင်ငံတော်အပေါ်တွင်သစ္စာမရှိသူများ၊ အကျင့်ပျက် ခြစားသူများသာ ဖြစ်ကြသည်။
သုတ်သင်ရှင်းလင်းရေး လုပ်ငန်းသည်လည်း အဆုံးသတ်ခဲ့ချေပြီ။
ထိုကဲ့သို့သော လူများအား သုတ်သင်ပစ်လိုက်သည့်အတွက်ပြိုင်ဘက်နိုင်ငံများသည်နိုင်ငံ၏ အတွင်းသတင်းများအား မသိနိုင်ကြတော့ပေ။ နိုင်ငံတော်အပေါ် သစ္စာမရှိသည့်သူလျှိုများသည်မရှုမလှပင်သေဆုံးခဲ့ကြရသည်မဟုတ်ပါလော။
ပြိုင်ဘက်နိုင်ငံများမှ လူများသည် သူတို့လွှတ်ထားသည့်သူလျှိုများ မရှိတော့သည့်အတွက်ရဲနန်ရှန်အား မကျေမနပ် ဖြစ်နေကြသည်။ချန်နိုင်ငံတော်၏ တော်ဝင်နန်းတော်အတွင်း သူလျှိုအဖွဲ့အစည်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ရန်မှာ အလွန်တရာ ခက်ခဲသွားပြီ ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ပေါ်စေရန်အတွက် ကာလကြာရှည်စောင့်ဆိုင်းရမည်သာမက ငွေအား၊ လူအားများပါ အားစိုက်ထုတ်ရပေမည်။
ညီလာခံအတွင်း မှူးမတ်များသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် အနေအထားဖြင့်ရှိနေကြသည်။ သူတို့၏ မျက်နှာများတွင်ကြောက်ရွံ့ထိတ်လန့်နေသည့်အမူအယာများဖြင့်ပြည့်နှက်လျက်ရှိသည်။
သမာသမတ်ကြသည့်လူများ ဖြစ်သည့်တိုင် ရဲနန်ရှန်၏ ဓားသည်သူတို့၏ လည်ပင်းအပေါ် ကျရောက်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
သားဇောဖြင့်မိုက်ရူးရဲဆန်နေသော လူတစ်ယောက်သည်မဲမဲမြင်ရာ လိုက်လံသတ်ဖြတ်လိမ့်မည်ဟုတွေးထင်နေကြသည်။
ထိုကဲ့သို့ မိုက်ရူးရဲဆန်နေသော လူသည် အလွန်အစွမ်းထက်လှသော စစ်သူကြီးတစ်ဦးပင်မဟုတ်ပါလော။
ထို့ကြောင့် ညီလာခံအတွင်း ဘုရင်ထံ၌ အသနား ခံနေကြခြင်း ဖြစ်သည်။
မှူးမတ်များအားလုံးသည်အချက်တစ်ချက်တည်းကိုပင်အညီအညွတ် လျှောက်တင်ကြသည်။ ထိုအချက်မှာ ရဲနန်ရှန်အား အပြစ်ပေးရန်ပင် ဖြစ်သည်။ ဘုရင့်ထံ၌ အနူးညွတ်ပင်တောင်းပန် လျှောက်တင် နေကြခြင်း ဖြစ်သည်။
မင်းကြီးသည်လည်း မျက်နှာမသာမယာ ဖြစ်လျက်ရှိပြီး ညီလာခံအားခေတ္တခဏ ရပ်နားထားရန် အမိန့်ပေးလိုက်သည်။
“နိုင်ငံတော်က အန္တရာယ်တွေနဲ့ ဝိုင်းနေတယ်။ ဒါတောင်မှ မင်းတို့က မင်းတို့ ကိုယ်ကျိုးအတွက်စိုးရိမ်နေသေးတယ်။ တော်တော် မိုက်မဲတာပဲ။ အပြင်မီးမငြိမ်းခင် အတွင်းမီးကို အရင်ငြိမ်းအောင် လုပ်ရမယ်။ စစ်သူကြီးက သူ့ရဲ့ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ နိုင်ငံတော်အတွက် ကူညီပေးနေတာ။ သူလုပ်နေတယ်ဆိုတာ နိုင်ငံတော်အတွက်ပဲ။ မင်းတို့ရဲ့ အရေးမပါတဲ့ စကားတွေကို ငါနားမထောင်ချင်ဘူး”
ဘုရင်၏ စကားအား ကြားလိုက်ရသောအခါ ညီလာခံအတွင်းမှ လူများအားလုံးသည်အရှင်လတ်လတ်ငရဲကျသွားသကဲ့သို့ပင်ခံစားလိုက်ကြသည်။
သူတို့အားလုံး၏ ရင်ထဲတွင်စိုးရိမ်ပူပန်မှုများကြောင့်အရူးမီးဝိုင်းနေသကဲ့သို့ပင်ဖြစ်လျက်ရှိသည်။
မင်းကြီးသည်သူတို့အပေါ်တွင်စကားအရာဖြင့်ပင်နှစ်သိမ့်မှုမပေးနိုင်ဟု တွေးထင်ကောင်း တွေးထင်ကြပေလိမ့်မည်။ မင်းကြီးအနေဖြင့်လည်း လက်ရှိအချိန်တွင်မှူးမတ်များနှင့်တွေ့ဆုံလိုခြင်း မရှိသေးပေ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသည့်အတိုင်း နိုင်ငံပတ်လည်တွင်တိုက်ပွဲများ ဖြစ်လျက်ရှိပြီး နေ့စဉ်နှင့်အမျှ ဆိုသလို တိုက်ပွဲအစီရင်ခံစာများ ရောက်ရှိနေလေသည်။
“နိုင်ငံရဲ့ လေးဘက်လေးတန်လုံးမှာ တိုက်ပွဲတွေက ပြင်းထန်နေပြီ။ အပြာရောင်လေ နိုင်ငံတော်က ဝမ်ရမ်ဂျန်ရင် ဦးစီးတဲ့ စစ်သည် ၆ သိန်းကျော်က စပြီး တိုက်ခိုက်နေပြီ။ စစ်သူကြီး ဝုဂွန်လိကလည်း အပြင်းအထန်ကို တိုက်ခိုက်နေတယ်၊ ဒါပေမဲ့ ရှုံးနိမ့်သွားရတယ်။ ဝံပုလွေမည်းတောင်၊ တိမ်ဖြူရွာ၊ ကောင်းကင်မြင်းလမ်းကြား၊ ဝံပုလွေသွားတောင်နဲ့ ကျောက်စိမ်းလမ်းကြားတွေ အားလုံးကို အပြာရောင်လေနိုင်ငံတော်က သိမ်းပိုက်နိုင်သွားပြီ။ စစ်သူကြီးဝုဂေါင်လိက သူ့လူတွေနဲ့အတူ သံမဏိ လမ်းကြားမှာ အသည်းအသန် ကာကွယ်နေရတယ်။ စစ်သူကြီးလည်း စစ်ကူကို မျှော်နေရတယ်. . .”
အဆိုပါ သတင်းဆိုးသည်မြို့တော်သို့ ရောက်ရှိလာပြီးနောက် ပြည်သူများသည်ထိတ်လန့် ကြောက်ရွံ့နေကြသည်။ ထိုတိုက်ပွဲသတင်းကြောင့် ရဲနန်ရှန်၏ သတင်းအပေါ် လူအများ၏ စိတ်ဝင်စားမှုသည် တဖြည်းဖြည်းလျော့နည်းသွားပါတော့သည်. . .။