Chapter – 181
“နှစ်ကိုယ်ကြားတွေ့ဆုံမှု”
“ဘယ်လိုလဲ အေးဆေးပဲလား . . .”
မင်းကြီးသည် ရဲနန်ရှန်အားတွေ့လိုက်သည်နှင့်ပေါ့ပေါ့ပါးပါးပင်နှုတ်ဆက်လိုက်သည်။
ရဲနန်ရှန်လည်း စိတ်မပါလက်မပါ ပုံစံဖြင့်-
“အင်း . . . ဒီလိုပါပဲ . . .”
ရဲနန်ရှန်၏ အပြုအမူကြောင့်မင်းကြီးသည်သက်ပြင်းချလိုက်ရင်း –
“ကောင်းတယ် . . . ကောင်းတယ် . . .”
“မင်းကြီးက ဒီရက်ထဲ ကျုပ်ကို ခံစားရအောင် လုပ်ခဲ့တာပဲ . . .”
ရဲနန်ရှန်သည်ဘုရင်ကြီးအား တစ်ချက်ကြည့်လိုက်ရင်းပြောလိုက်သည်။
မင်းကြီးလည်း မတုန့်မဆိုင်းပင်-
“မဟုတ်ရပါဘူးကွာ . . . ငါလည်း ဘာမှ မရှင်းပြချင်တော့ဘူး။ အခုဖြစ်ခဲ့တဲ့ ကိစ္စတွေက အကျိုးရှိလို့ အကြောင်းဖြစ်လာတာ နေမှာပါ . . .”
“အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး မင်းဘာလုပ်ချင်လဲ . . . ငါ့ကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ . . .”
ဘုရင်သည် ရဲနန်ရှန်နှင့်ပက်သက်လျှင်ဘုရင်ဟူသည့်မာန်မာနများကို ခဝါချထားသူဖြစ်သည်။
ရဲနန်ရှန်သည်လည်း ဘုရင်နှင့်ပြောဆိုဆက်ဆံသည့်အခါတိုင်း ဘယ်သောအခါမျှ မိမိကိုယ်ကို နှိမ့်ချ၍ မဆက်ဆံခဲ့ပေ။
အထူးသဖြင့် ယခုကဲ့သို့ နှစ်ဦးသား သီးသန့် တွေ့ဆုံသည့် အခါမျိုးတွင် တစ်ဦးနှင့်တစ်ဦး သာမန်မိတ်ဆွေများကဲ့သို့ပင်ပြောဆိုဆက်ဆံကြသည်။
ဘုရင်နှင့်ရဲနန်ရှန်သည်သွေးသောက် ညီအစ်ကိုများ ဖွဲ့ထားကြသည့်တိုင် မည်သည့်အခါမျှ ညီလေး အစ်ကိုကြီးဟု ခေါ်ဆိုခြင်း မပြုကြချေ။
မင်းကြီးမှ ရဲနန်ရှန်အား “မင်းနဲ့ငါ” ဟု သုံးနှုန်းသကဲ့သို့ ရဲနန်ရှန်မှလည်း “မင်းကြီးနဲ့ကျုပ်” ဟူ၍သာ သုံးနှုန်းလေသည်။
ရဲနန်ရှန်သည်မင်းကြီးအား ကြည့်၍ ပြုံးလိုက်ရင်း –
“ဥပဒေဆိုတာ မရှိတော့ဘူး။ စည်းလွတ်ဝါးလွတ်နဲ့ကို ဖြစ်နေကြတာ . . .”
“ပြောရတဲ့ ကိစ္စက မကောင်းပေမဲ့ ကောင်းဖို့အတွက်တော့ ပြောရမှာပဲ။ အဆိုးထဲက အကောင်းဖြစ်အောင် ကြိုးစားရမယ်. . .”
မင်းကြီးလည်း ခေါင်းညိတ်လိုက်ရင်း –
“မင်းပြောတာ ငါနားလည်တယ်။ ဒါနဲ့ ရှောင်ရှောင်ရော . . .”
ရဲနန်ရှန်သည်သက်ပြင်းချလိုက်ရင်း –
“ဒီကလေး ကျုပ်လာတဲ့အထိ တောင့်ထားနိုင်လို့ တော်သေးတယ်။ အခုတော့ အခြေအနေကောင်း သွားပါပြီ . . .”
မင်းကြီးသည် ရဲနန်ရှန်၏ စကားကြောင့်စိတ်သက်သာရသွားပြီး တည်ငြိမ်သောလေသံဖြင့်-
“ဒီအဖေကမွေးထားတာ ဒီသားပဲပေါ့။ ကျားတစ်ကောင်ကမွေးရင်ကျားပဲဖြစ်ရမှာပေါ့ . . .”
ရဲရှောင် အသက်ရှင်နေသ၍ ရဲနန်ရှန်လည်း မိုက်ရူးရဲဆန်မည့် ကိစ္စများကို ပြုလုပ်မည် မဟုတ်ပေ။ နိုင်ငံတော်အတွက် မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုရပေမည်။
ရဲနန်ရှန်သည်သက်ပြင်းချလိုက်ရင်း –
“ကျုပ်ကတော့ အခုထိ ခေါင်းခဲနေတုန်းပဲ . . .”
ရဲနန်ရှန်၏ အပြောကြောင့်မင်းကြီးလည်း ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်သည်။
“ရယ်ရပါများရင်ငိုရတတ်တယ်တဲ့ . . . သိပ်ပြီးလည်း အပျော်မစောနဲ့ဦး . . . ဒီတစ်ကြိမ်တော့ ကျုပ်သတ်သင့်တဲ့လူတွေကို သတ်ရမှာပဲ . . .”
ရဲနန်ရှန်သည်တည်ကြည်လေးနက်သော မျက်နှာထားဖြင့်ပြောလိုက်သည်။
ရဲနန်ရှန်၏ စကားကြောင့်ပြုံးနေသော မင်းကြီး၏ မျက်နှာသည်ချက်ချင်းပင်အေးစက်မာကြော သွားလေသည်။ ထို့နောက်သက်ပြင်းတစ်ချက်ချလိုက်ပြီး ရဲနန်ရှန်အား မည်သည့်စကားမျှ တုန့်ပြန်ပြောဆိုခြင်း မရှိတော့ပေ။
“ဒီတစ်ခါတော့ တော်ဝင်မျိုးနွယ်ထဲက လူတွေလည်းပါနေတယ် . . .”
ရဲနန်ရှန်သည်ရေငုံနှုတ်ပိတ်နေသော မင်းကြီးအား ထပ်မံပြောဆိုလိုက်သည်။
လေးနက်တည်ကြည်စွာဖြင့်ပြောနေသည့်ရဲနန်ရှန်၏ စကားလုံးများသည်တုန်လှုပ်ဖွယ်ရာ အတိပင်။
“အင်း . . .”
မင်းကြီးသည် ရဲနန်ရှန်အား စကားလုံးများများစားစား ပြောမနေတော့ဘဲ စိတ်မသက်သာရာဖြစ်နေသောပုံစံဖြင့်“အင်း . . .” ဆိုသည့်စကားလုံးတစ်လုံးသာ တုန့်ပြန်ပြောဆိုလိုက်သည်။
မင်းကြီး၏နှုတ်မှ “အင်း” ဟု ပြောဆိုလိုက်ခြင်းသည် ရဲနန်ရှန်ဘက်မှ လုပ်ဆောင်မည့်ကိစ္စရပ်များအတွက်လမ်းပွင့်သွားသကဲ့သို့ပင်။
မင်းကြီးသည် သူ၏ လူများအား အကာအကွယ်မပေးချင်၍ မဟုတ်ပေ။ အပြစ်လုပ်ထားသူများအနေဖြင့်လုပ်ရဲလျှင်ခံရဲရမည်ဆိုသည့်စကားအတိုင်း ထိုက်တန်သည့် တန်ပြန်ပေးဆပ်မှုများအားပြန်လည်ပေးဆပ်ရပေမည်။ ရဲနန်ရှန်မှ ယခုကဲ့သို့ ပြောဆိုနေခြင်းသည်လည်း ဘုရင်ထံမှ ခွင့်တောင်းနေခြင်း မဟုတ်ဘဲ အသိပေးသည့်သဘောသာ ဖြစ်ပေသည်။
လက်ရှိဖြစ်နေသော အခြေအနေများအား မင်းကြီးလည်း ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
တားလည်း မထူးမည့်အတူတူ ရဲရဲဝံ့ဝံ့သာ ခွင့်ပြုပေးရတော့မည် ဖြစ်သည်။
“အခု နိုင်ငံတစ်ခုလုံး အန္တရာယ်တွေနဲ့ ဝိုင်းနေတယ်။ ဒီလောက်ထိ ဆိုးရွားတဲ့ အခြေအနေမျိုး ငါတို့တွေ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ နန်ရှန် . . . မင်းဒါတွေ အားလုံးကို ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာလား”
မင်းကြီးသည် စိုးရိမ်စိတ်အပြည့်ဖြင့်ရဲနန်ရှန်အား မေးလိုက်သည်။
ရဲနန်ရှန်လည်း –
“ဒီကိစ္စတွေ အားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ဟိုလူသာ မဟုတ်ဘူးဆိုရင် အခုကိစ္စတွေက ထင်သလောက် မခက်ခဲပါဘူး . . .”
“ဒါပေမဲ့ အဲ့ဒီလူ နဲ့ သူ့အိမ်တော်ကလူတွေကြောင့်ကျုပ်ရဲ့ ယုံကြည်မှုတွေတောင်ပျက်ပြားနေပြီ။ အဲဒါကြောင့် ကျုပ်တို့ရဲ့ အတွင်းရေးပြဿနာတွေကို ကျုပ်က အရင်ရှင်းချင်နေတာ . . .”
မင်းကြီးသည် တခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်ကာ –
“မုန်တိုင်းအိမ်တော် . . . . မုန်တိုင်းသခင်ကြီးဘိုင် . . .”
မင်းကြီး၏ အသံသည် ထိတ်လန့်မှုကြောင့် တုန်ယင်လျက်ရှိသည်။
ရဲနန်ရှန်မှ –
“အဲဒီလူက ဘယ်လိုမှ သတ်လို့ မရတဲ့လူပဲ . . .”
ရဲနန်ရှန်၏ စကားကြောင့် မင်းကြီးသည် စိတ်ဓာတ်ကျသွားဟန်ဖြင့် –
“မင်း အစွမ်းကုန်ကြိုးစားမယ်ဆိုရင်ရော သူ့ကို သတ်နိုင်မလား . . .”
ရဲနန်ရှန်သည်သူ၏ ခေါင်းအား ခါယမ်းလိုက်ရင်း –
“မသတ်နိုင်ဘူး . . .”
ရဲနန်ရှန်၏ အဖြေကြောင့်မင်းကြီးလည်း မျက်စိပျက်မျက်နှာပျက်ပင်ဖြစ်သွားပြီး နှုတ်ဆိတ်သွားလေသည်။
ရဲနန်ရှန်သည်မျက်မှောင်ကြုတ်လိုက်ရင်း –
“ဒီလူ့အကြောင်းကို ကျုပ်စုံစမ်းနေတာ နှစ်ပေါင်းထောင်ချီကြာပြီ။ ကျုပ်စုံစမ်းထားတဲ့ သတင်းတွေသာ မှန်မယ်ဆိုရင် သူတုိ့သုံးယောက်ထဲက ဘယ်သူမဆို နဂိုစွမ်းအားတွေ ပြန်ရသွားတာနဲ့ ကျုပ်ကို သတ်နိုင်တယ်။ ထမင်းစားရေသောက်လွယ်လွယ်ကူကူကို သတ်နိုင်တာနော်။ ကျုပ်ပြောနေတာ အမှန်တရားတွေ . . . ပုံကြီးချဲ့ပြောနေတာ တစ်ခုမှ မပါဘူး . . .”
မင်းကြီးလည်း မဲ့ပြုံးပြုံးလိုက်ရင်း –
“မုန်တိုင်းအိမ်တော် . . . . ညာလက်ရုံးချူးအာ . . . ဘယ်လက်ရုံးဝမ်အာ . . . သခင်ကြီးဘိုင် . . . ဟားဟား . . .”
မင်းကြီးလည်းခြောက်ကပ်ကပ်လေသံဖြင့်ပင်ဟားတိုက်ရယ်မောလိုက်သည်။ သူရေရွတ်ခဲ့သည့်လူသုံးယောက်သည်မည်သည့်နိုင်ငံကိုမဆို သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။မည်သူကမျှ တားဆီးဟန့်တားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။
ရဲနန်ရှန်မှ တည်ငြိမ်သော လေသံဖြင့် –
“ဒီလူနဲ့ ရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက သူနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ရဖို့ပဲ . . .”
“သူ့မှာ တိကျတဲ့ ဦးတည်ချက် မရှိဘူး။ ဘယ်နိုင်ငံကို ကျဆုံးပါစေတော့ ဆိုပြီးလည်း ရည်ရွယ်ချက်မရှိဘူး။ သူ့ရည်ရွယ်ချက်က ကမ္ဘာကြီး တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားစေချင်တာ တစ်ခုပဲ . . .”
“တစ်ခါတလေ ကျုပ်စဉ်းစားမိတာ အဲ့ဒီလူကသွေးတွေအများကြီး လိုအပ်နေလို့ လူတွေ အများကြီးကို သတ်ချင်နေတာလားပေါ့။ ဒီလိုသာဆိုရင် ကျုပ်တို့မှာ မျှော်လင့်ချက် ရှိသေးတယ်။ သူလိုချင်တဲ့သွေးချောင်းစီးတဲ့ တိုက်ပွဲဖြစ်ပြီးသွားရင်ကျန်တဲ့အရာတွေကို ဒုက္ခမပေးဘဲနောက်ပြန်ဆုတ်သွားနိုင်တယ်. . .”
ရဲနန်ရှန်၏ စကားကြောင့် မင်းကြီးလည်းအနည်းငယ်ပင်စိတ်သက်သာရာ ရသွားလေသည်။
“မုန်တိုင်းအိမ်တော်နဲ့ ပတ်သက်ပြီး ငါလည်း တစ်ခုသိထားတယ်။ မင်းပြောတာတွေလည်း ဟုတ်မှာပါ။ လူစိတ်ရှိတဲ့လူဆိုရင် ဘယ်သူ့ ဘယ်သူကိုမှ သတ်ချင်မှာ မဟုတ်ဘူး။ လူတွေရဲ့ အသက်ကို မစတေးဘဲ နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်နိုင်တာကမှ တကယ့်အောင်မြင်မှုအစစ်လို့ခေါ်တာ ဟုတ်တယ်မှတ်လား။ အခု ပထမဆုံး အချက်အနေနဲ့ ငါတို့နိုင်ငံတော်ကြီး လုံခြုံအောင် အရင်ကြိုးစားရမယ်။ မုန်တိုင်းအိမ်တော်ကလည်း သူတို့လိုချင်တာရပြီး ပြန်ဆုတ်ခွာသွားခဲ့ရင် ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်ရုံတင် မကဘူး ငါတို့ရဲ့ အင်အားေတွလည်း တိုးလာနိုင်တယ်။နောက်ပြီး ဒီနယ်မြေတွေအားလုံးလည်း တစုတစည်းတည်း ဖြစ်လာပြီး ငါ့လက်အောက် ရောက်လာနိုင်တယ် . . .”
မင်းကြီးသည်အားတက်သရောဖြင့်ပင်ပြောလိုက်သည်။
ရဲနန်ရှန်လည်း ပြုံးလိုက်ရင်း –
“အင်း . . . ကျုပ်တို့ ထင်တာတွေ မှန်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့ . . .”
. . .
ရဲနန်ရှန်တို့နှစ်ဦးသည်အချိန်အတော်ကြာအောင်ပင်ပြောဆိုဆွေးနွေးခဲ့ကြသည်။
နန်းတော်သို့ပြန်ရာလမ်းတစ်လျှောက်တွင်မင်းကြီး၏ မျက်နှာသည်ခန့်မှန်းရခက်လောက်အောင်ပင်ဖြစ်နေသည်။ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိဘဲ မျက်မှောင်ကြုတ်၍သာ ရှိနေလေသည်။
မင်းကြီး၏ဘေးနားတွင်ရှိနေသော လူများသည်လည်း တစ်လုံးတစ်ပါဒမျှ မမေးရဲချေ။
များမကြာမီအချိန်တွင်မြို့တော်၌ သတင်းတစ်ခု ထွက်ပေါ်လာလေသည်။
“သခင်လေးရဲသာ အခြေအနေမကောင်းရင် စစ်သူကြီးရဲကတော့ သားဇောနဲ့ ထင်တိုင်းကြဲတော့မှာသေချာပေါက်ပဲ . . .”
မင်းကြီး၏ မျက်နှာရိပ်မျက်နှာကဲကြောင့်ရဲရှောင်တစ်ယောက်အခြေအနေမကောင်းနိုင်ဟုကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
မင်းကြီးထွက်ခွာသွားပြီးသည့်တိုင်ရဲနန်ရှန်သည် စာဖတ်ခန်းအတွင်းတွင် အချိန်အတော် ကြာအောင်ပင်နေနေလေသည်။ ထို့နောက်တခဏအကြာတွင် သားဖြစ်သူ၏ အခန်းသို့သွားလိုက်သည်။
“ရှောင်ရှောင် . . . မင်းဆီက ထင်မြင်ချက်လေး ငါကြားချင်လို့။ မင်းကြီးက ဘာလို့ စိတ်ဓာတ်ကျတဲ့ပုံ ပေါ်နေရတာလဲ . . .”
ရဲနန်ရှန်သည်ရဲရှောင်အား မေးလိုက်သည်။
သားဖြစ်သူ၏ အတွေးအခေါ် မည်မျှထိ ထက်မြက်ကြောင်းကို စမ်းသပ်ချင်၍ ထိုကဲ့သို့မေးလိုက်ခြင်းဖြစ်သည်။
ရဲရှောင်လည်း မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘုရင်ကြီးက လိပ်ခေါင်းထွက်နေလို့များလား . . .”
သားဖြစ်သူ၏ အဖြေကြောင့်ရဲနန်ရှန်သည်ကြောင်သွားလေသည်။
ထို့နောက် စားပွဲအား လက်ဝါးဖြင့် ရိုက်လိုက်ရင်း –
“တကယ်ကြီးလား . . .”
ရဲရှောင်သည်အဖေဖြစ်သူအား တစ်ချက်စောင်းကြည့်လိုက်ရင်း သူ၏ စိတ်ထဲတွင်-
[ဒီအဖေနဲ့တော့ခက်ပြီ . . . ရွဲ့ပြောလို့ ပြောမှန်းမသိ . . .]
ရဲနန်ရှန်သည်တည်ငြိမ်သောလေသံဖြင့်-
“မင်းကြီးက ငါလူတွေသတ်မှာကို မလိုလားဘူး။ ဒါပေမဲ့ ငါသတ်ချင်တဲ့ လူမှန်သမျှ ငါ့လက်ကနေပြေးမလွတ်ဘူး ဆိုတာကိုလည်း သူသိနေတယ်။ အကုန်လုံးက ငါ့လက်ခုပ်ထဲကရေပဲ . . .”
ရဲရှောင်သည်ဖခင်ဖြစ်သူ၏ စကားကြောင့်နှုတ်ခမ်း မဲ့လိုက်ရင်း –
“ဘာလို့မလိုလားတာလဲဆိုတော့ မင်းကြီးက စစ်ဘက်ဆိုင်ရာ အုပ်စုနဲ့ နန်းတွင်းအုပ်စုကို တစ်ဘက်နဲ့ တစ်ဘက် မျှခြေလို ရှိနေစေချင်လို့ပဲ။ အဲ့ဒီလို မျှခြေထားနိုင်ဖို့အတွက်လည်း ဘုရင်တစ်ယောက်အနေနဲ့ အကွက်ရွှေ့ထားတာတွေ ရှိကောင်းရှိလိမ့်မယ်။ တစ်ဘက်က တစ်ဘက်ထက် ပိုပြီး အင်အားကောင်းနေမဲ့ အဖြစ်မျိုး သူမလိုချင်ပုံ မရဘူး . . .”
သူ၏ ထင်မြင်ချက်များအား မပြောပါက ဖခင်ဖြစ်ရဲနန်ရှန်တစ်ယောက် ကောင်းကောင်း အနားယူနိုင်မည် မဟုတ်ကြောင်းသိနေလေသည်။
သားဖြစ်သူ၏ အဖြေကြောင့်ရဲနန်ရှန်သည်ကျေနပ်သွားကာ အားတက်သရောဖြင့်-
“င့ါကို သေချာပြောပြစမ်းပါ . . .”
ရဲရှောင်လည်း သွယ်ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းဖြင့်-
“ညီလာခံတွေ အမြဲလုပ်နေတဲ့ မင်းကြီးက ဘယ်သူကကောင်းတယ်ဘယ်သူက ဆိုးတယ်ဆိုတာကိုကောင်းကောင်းကြီး သူ သဘောပေါက်တယ်။ ဒါပေမယ့်သူက အဆိုး နဲ့ အကောင်းကို မျှခြေတစ်ခုအနေနဲ့ပဲ ထားထားတယ်. . .”
“သေချာတာ တစ်ခုက အမှုထမ်းတွေ အားလုံး ဆိုးသွမ်းနေကြတာတော့ မဟုတ်ဘူး။ ဆိုးတဲ့လူတွေချည်းပဲ စုနေရင်လည်း အဲ့ဒီနိုင်ငံက ခဏလေးနဲ့ ပျက်သုဉ်းသွားမှာပဲ။ မင်းကြီးအပေါ် သစ္စာရှိတဲ့လူတွေ ကောင်းတဲ့လူတွေလည်း ရှိနေမှာပဲ။ ဒါပေမယ့်မင်းကြီးက သူ့အလိုက်အကြိုက်ဆောင်ပြီး သူ့အပေါ် အမြဲတမ်း ဖားပြီးဆက်ဆံနေမယ့်လူတွေကိုလည်း လိုအပ်နေတယ်။ အဲ့ဒီလိုလူတွေကသူ့ရှေ့ကြ အမိန့်တော်မြတ်အတိုင်းပါပေါ့နောက်ကွယ်ကြ လုပ်ချင်ရာလုပ်တတ်တဲ့ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုးကောင်တွေ။ မကောင်းမှန်းသိပေမယ့်လည်း အဲ့ဒီလူတွေက သူ့အတွက်ကျေနပ်စေတာကိုး . . .”
“အခု အဖေလုပ်မယ်ဆိုတဲ့ကိစ္စက အဲ့ဒီကောင်တွေ အားလုံးကို ရှင်းပစ်မယ့်ကိစ္စ ဖြစ်နေတယ်လေ . . .”
“ဘုရင်က လက်နဲ့ရေးထားတဲ့ကိစ္စကို အဖေကခြေနဲ့ဖျက်မယ့်သဘောဖြစ်နေတာမှတ်လား။ ညီလာခံမှာ တစ်ခုခုဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်ဆိုးသွမ်းတဲ့လူတွေက သမာသမတ်ကြတဲ့ လူကောင်းတွေကို အမြဲအတိုက်အခံလုပ်ပြီး ကဖျက်ကယက်လုပ်နေကြတော့နောက်ဆုံးမင်ြးကီးကပဲ အရာအားလုံးကို သူ့ဆုံးဖြတ်ချက်အတိုင်းပဲ ချမှတ်လို့ရတယ်လေ။ “အားလုံးတိတ်ကြစမ်း ငါ့ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ရမယ်” ဆိုရင်ဘယ်သူကများ ငြင်းဆန်ဝံ့မှာမို့လို့လဲ။ အဲ့ဒီတော့ ဘယ်သူ ဘယ်သူ့ အကြံပေးစကားမှ နားထောင်စရာမလိုပဲ ဘုရင်တစ်ပါးတည်းကပဲ ဩဇာအာဏာအပြည့်အဝရှိတဲ့လူ၊ ဆုံးဖြတ်ချက် အခိုင်အမာ ချနိုင်တဲ့လူ ဖြစ်သွားတာပေါ့ . . .”
“အဲ့ဒါ ဘုရင်ရဲ့ အကြံပဲ . . .”
ရဲရှောင်၏ စကားများအား နားထောင်နေသော ရဲနန်ရှန်သည်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“ဟုတ်တာပေါ့ . . .”
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်အခု ငါတို့က လုပ်ကို လုပ်ရတော့မယ်။ ဇာတ်ဆရာဖြစ်တဲ့ ငါ့သားအလိုကျ ငါကတော့ ကပြရတော့မှာပဲ . . .”
ရဲရှောင်လည်း စိတ်မဝင်စားသည့်ဟန်ဖြင့်-
“ဟုတ်တာပေါ့။ လုပ်လေ . . .”
ရဲနန်ရှန်သည်သားဖြစ်သူအား ကြည့်ရင်း –
“တကယ်တော့ ဘုရင်က လူကောင်းတစ်ယောက်ပါ . . .”
ရဲရှောင်ထံမှ ထပ်ထွက်လာမည့်စကားများအား သိလို၍ စကားအစဖော်လိုက်ခြင်း ဖြစ်သည်။
ရဲရှောင်လည်း –
“သူ့သားသုံးယောက်က သူ့အရှက်ကို ခွဲနေတာ။ ကျွန်တော်တုိ့က မင်းသားတွေနဲ့ ဘာမှ မသက်ဆိုင်တာပဲ ကံကောင်းတယ် ပြောရမယ် . . .”
ရဲနန်ရှန်သည်ရဲရှောင်ပြောသည့်စကားအားထောက်ခံသည့်ဟန်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။ ရဲရှောင် ပြောလိုက်သည့်အချက်မှာ နောက်ပိုင်းတွင် သတိထားရမည့် အချက်ပင် မဟုတ်ပါလော။
“အခုချိန်မှာ မင်းကြီးက လူကောင်းဆိုတာတော့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အကျိုးလိုလို့ညောင်ရေသွန်းနေတာပါ။ အခုချိန်မှာ အဖေက သူ့အတွက် အသုံးဝင်နေတဲ့ လူတစ်ယောက် ဖြစ်နေလို့လေ . . .”
ရဲရှောင်သည်ဖခင်အား သတိပေးစကား ပြောလိုက်သည်။
ရဲနန်ရှန်လည်းခေါင်းညိတ်၍ –
“အင်း . . . ငါသိပါပြီ . . .”
“ဒါပေမဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ အရာအားလုံးက တန်ဖိုးအပေါ် မူတည်တယ်ကွ။ မင်းသာ အသုံးမဝင်တဲ့ လူတစ်ယောက်ဆိုရင် ဘယ်သူကများ မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာလဲ။ ဘုရင်တစ်ယောက်ကို ဒီလို ဆုံးဖြတ်တာတော့ မဟုတ်သေးဘူးထင်တယ် . . .”
“အဲ့ဒီအချက်ကိုကျွန်တော် မငြင်းပါဘူး . . .”
“ကျွန်တော်က ဒီကိစ္စကြီးတစ်ခုလုံးရဲ့ အဓိကအချက်ကို ဆွဲထုတ်ပြတာပါ။ မင်းကြီးအတွက်တင် မဟုတ်ဘူး၊ လူတိုင်းအတွက်၊ နောက်ဆုံး ပြည်သူတွေအတွက်ပါ အဖေက အသုံးဝင်နေတဲ့လူ ဖြစ်နေတာကိုး . . .”
ရဲရှောင်သည်မဲ့ပြုံးပြုံးရင်းသာ ပြောလိုက်ပါတော့သည်။