Chapter – 180
“အဖြေမရှိသောမေးခွန်းများ”
ရဲနန်ရှန်သည်ဆောင်ဂျုအား စိုက်ကြည့်လျက်-
“နောက်ပြီး ရှောင်ရှောင်ရဲ့ သိုင်းကျင့်စဉ်တွေက အရမ်းကို ထူးဆန်းနေတယ်။ ထိပ်တန်းအဆင့် ပညာရပ်တွေချည်းပဲ။ သူ့တိုက်ကွက်တွေကို ငါမြင်ဖူးဖို့နေနေသာသာ ကြားတောင် မကြားဖူးဘူးကွ . . .”
“ငါ့သားက ကျင့်ကြံမှုတွေ တိုးတက်လာရုံမကဘူးအတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း ရင့်ကျက်လာ
တယ်။နောက်ပြီး အတွေ့ကြုံလည်း ပိုရှိလာသလိုပဲ။ ပိုထူးခြားတာက သူ့ဆုံးဖြတ်ချက်တွေက တိကျပြတ်သားလာတယ်။ ငါနောက်ဆုံး တွေ့ခဲ့တုန်းကနဲ့ လုံးဝ မတူတော့ဘူး။ သူ့ကို ကြည့်ရတာ တခြားလူ တစ်ယောက် ဖြစ်သွားသလိုပဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ပြောင်းလဲ သွားရတာလဲ . . .”
“ငါ့ကို အံ့သြစေတဲ့ နောက်ထပ်တစ်ချက်က ကျင့်ကြံမှုနဲ့ ပက်သက်ရင်ရှောင်ရှောင်က ငါ့ထက်တောင် ပိုနားလည်နေသေးတယ်။ ဒါတွေအားလုံး ဘယ်သူကများ သူ့ကို သင်ပေးခဲ့တာလဲ မသိဘူး။ ဘယ်သူ့မှာ ဒီလို အစွမ်းမျိုး ရှိနေရတာလဲ . . .”
“သူပြောတဲ့ စကားတွေ ငါနားထောင်ပြီးတော့ စိတ်ထဲမှာ ကျေနပ်မိသွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ ထူးဆန်းသလိုလည်း ခံစားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ကောင်းတဲ့ ကိစ္စပါ။ ဒီလိုနေ့မျိုး ဖြစ်လာဖို့ ငါ့တစ်ဘဝလုံး မျှော်လင့် တောင့်တခဲ့ရတာ။ ဒါပေမဲ့ မင်းကိုတော့ မေးစရာရှိသေးတယ်။ မင်းတစ်ခုခုတော့ သိထားတယ် မဟုတ်လား။ရှောင်ရှောင်အခုလို ဖြစ်နေတာ ငါ့ကို ဘာကြောင့်တစ်လုံးမှ မပြောပြခဲ့ရတာလဲ။ မဟုတ်မှလွဲရော ငါ့ကို အံ့သြအောင် လုပ်ချင်တာလား။ ငါအခုလို အရမ်းအံ့သြတဲ့ ပုံစံဖြစ်နေတာကို မြင်ချင်နေတာလား . . .”
ဆောင်ဂျုသည် တခဏမျှ စဉ်းစားလိုက်ရင်း –
“ဟုတ် . . . ဟုတ်တယ် အစ်ကိုကြီး . . .အစ်ကိုကြီးသားပြောင်းလဲနေတာတော့ အမှန်ပဲ။ ဒါပေမယ့်အဲ့ဒီကိစ္စတွေကို အစ်ကိုကြီးရဲ့သားကိုပဲ မေးတာ ပိုကောင်းလိမ့်မယ်။ ကျုပ်ဆီကတော့ ဘာမှ သိရမှာ မဟုတ်ဘူး . . .”
ရဲနန်ရှန်သည် သူ၏ခေါင်းအား ခါယမ်းလိုက်ရင်း –
“သူက အခု တကယ့်ကို လူပီသတဲ့လူတစ်ယောက် ဖြစ်နေပြီ။ အဲ့ဒီတော့ သူ့မှာလည်း လျှို့ဝှက်ချက်ဆိုတာ ရှိမှာပဲ။ သူသာ ပြောချင်ရင် အစောကြီးကတည်းက ငါ့ကို ပြောပြခဲ့မှာပေါ့။ သူ မပြောချင်တဲ့ ကိစ္စကို ဖိအားပေးပြီး ပြောခိုင်းဖို့က မသင့်တော်ဘူးကွ။ ဘာပဲဖြစ်ဖြစ် အခုကိစ္စက ကောင်းတဲ့ကိစ္စပဲဟာကို၊ သူ့ကို ငါက မေးခွန်းတွေ ထုတ်နေရဦးမှာလား . . .”
ဆောင်ဂျုသည် ဝမ်းနည်းပက်လက်ပင်ဖြစ်သွားပြီး –
“အဲဒီတော့ အစ်ကိုကြီးက ကျုပ်ကိုပဲ မေးချင်တာပေါ့လေ . . .”
ရဲနန်ရှန်လည်း –
“ဘာလို့ မင်းကိုပဲ မေးရတာလဲဆိုတော့ မင်းလည်း အတော်ကို ပြောင်းလဲနေလို့ပဲ။ပြောင်းလဲတာမှ အတော်ကိုပြောင်းလဲနေတာ။ သူ့ကို ငါမေးလို့ မရမှတော့ မင်းကိုပဲမေးရတာပေါ့ . . .”
ရဲနန်ရှန်၏ စကားကြောင့်ဆောင်ဂျုသည်ပါးစပ်အဟောင်းသားဖြင့်ပင်ဖြစ်သွားရင်း –
“ကျုပ်က အတော်ကိုပြောင်းလဲသွားတယ် ဟုတ်လား . . .”
“ရှောင်ရှောင် ပြောင်းလဲသွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ နည်းနည်းလေးတောင် မပြောင်းလဲရပါဘူးဗျာ။ ဘာများ ပြောင်းလဲနေလို့လဲ . . .”
ရဲနန်ရှန်လည်း –
“ညီလေး . . . မင်းကသာ မပြောင်းလဲဘူးပြောနေတာ။ ငါအိမ်ကနေ နောက်ဆုံးတစ်ခေါက် ထွက်သွားတုန်းက မင်းက ကောင်းကင်အဆင့်ရဲ့ ဆရာသခင်အဆင့်မှာလေ။ ငါသွားခဲ့တဲ့ ၂ နှစ်ခွဲလောက်မှာ မင်းတော့ ကောင်းကင်အဆင့်အောက်ကို ပြန်ရောက်နေပြီလို့ကို ထင်နေတာ။ နောက်ပြီး ငါမရှိတုန်း မင်းအရက်တွေ အလွန်အကျွံသောက်မိရင် ပိုပြီးတောင် အဆင့်ကျဦးမယ်။ ဒါပေမဲ့ အခု မင်းက ကောင်းကင် အဆင့်မှာပဲ ရှိနေသေးတယ်။ အဲ့ဒီအချက်ကိုက တော်တော် မယုံကြည်နိုင်စရာ ကောင်းနေတယ်။နောက်ပြီး ငါ့ကို ပိုအံ့သြစေတဲ့အချက်က မင်းခံစားခဲ့ရတဲ့ ရွှေလက်ဝါးတိုက်ကွက် ဒဏ်ရာက မရှိသလောက်ကို ဖြစ်နေပြီ။ ဒါလုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ငါရောက်ရောက်ချင်းတုန်းက သတိမထားမိခဲ့ဘူး။ အခုမှ အဲဒါကို သတိထားမိတာ”
ရဲနန်ရှန်၏ စကားကြောင့်ဆောင်ဂျုလည်း အလျင်စလိုဖြင့်ပင်-
“အာ . . . အစ်ကိုကြီးပြောတဲ့ ရွှေလက်ဝါးတိုက်ကွက် အကြောင်းကို ဘယ်က စပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ဒဏ်ရာက ပျောက်ကင်းသလောက်ကို ဖြစ်သွားတာတော့ အမှန်ပဲ။ ဒါပေမယ့်ဘာကြောင့်အဲ့လိုဖြစ်သွားလည်းဆိုတာ ကျုပ်လည်း နားမလည်နိုင်အောင် ဖြစ်နေတုန်းပဲ . . .”
ဆောင်ဂျု၏ အဖြေကြောင့်ရဲနန်ရှန်သည်မျက်မှောင်ကြုတ်လိုက်ကာ –
“ဆောင်ဂျု . . . မင်းပေါက်ကရပြောတာတွေကို ငါယုံမယ်များ ထင်ေနလား . . .”
ဆောင်ဂျုလည်း –
“ကျုပ်အစ်ကိုကြီးကို ပေါက်ကရ ပြောနေတာ မဟုတ်ရပါဘူးဗျာ။ ဘယ်ကနေ ဘယ်လို စရှင်းပြရမှန်းကို မသိဘူး ဖြစ်နေတာပါ . . .”
ရဲနန်ရှန်လည်း စိတ်မရှည်တော့သည့်လေသံဖြင့်-
“လိုရင်းသာ ပြောစမ်းကွာ . . .”
ဆောင်ဂျု –
“ဒီလိုပါ . . . ကျုပ်ကို ကုသပေးသွားတဲ့ လူရဲ့ သိုင်းပညာ အဆင့်အတန်းက မြေကြီးအဆင့် ၃ လောက်ပဲ ရှိဦးမယ်ဗျ။ အဲဒီအထိ အစ်ကိုကြီး ကျွန်တော်ပြောတာကို ယုံလား . . .”
ရဲနန်ရှန်-
“ဟဲဟဲ . . . ဆက်ပြောစမ်းပါဦး။ မင်းကိုယ်တိုင်ရော ငါက ယုံမယ်လို့ ထင်နေတာလား . . .”
ဆောင်ဂျု –
“မထင်ပါဘူး။ အစ်ကိုကြီး မပြောနဲ့ ကျုပ်ကိုယ်ကျုပ်တောင် မယုံနိုင်အောင် ဖြစ်နေတာပါဆို . . .”
ရဲနန်ရှန်-
“ဒါဆိုလည်း မင်းဘာဖြစ်လို့ အခုလို မဟုတ်ကဟုတ်ကတွေပြောနေသေးလဲ . . .”
ဆောင်ဂျု –
“ကျိန်ဆို ကျိန်ဝံ့ပါတယ်ဗျာ။ ကျုပ်ပြောတာ အမှန်တွေပါ။ အစ်ကိုကြီး ကျုပ်ကို နှိပ်စက်မေးမယ်ဆိုရင်တောင် ဘာအဖြေမှထွက်လာမှာ မဟုတ်ဘူးနော် . . .”
ဆောင်ဂျု၏ စကားကြောင့်ရဲနန်ရှန်သည်စိတ်မရှည်တော့ဘဲ –
“ငါမေးရမယ့်လူဆိုလို့ မင်းပဲ ရှိတာလေ။နောက်ပြီးအမှန်တရားကို သိတာဆိုလို့ မင်းပဲ ရှိတာမဟုတ်ဘူးလားကွ . . .”
ဆောင်ဂျူလည်း ငိုမတတ်ပင်ဖြစ်သွားပြီး –
“ဘုရားပေးပေး ကျမ်းပေးပေးပါ။ ကျုပ် တကယ်ကို မသိတာပါဗျာ . . .”
“ကျုပ် မသိရိုး အမှန်ပါ။ ကျုပ်ဘာမှ မသိဘူးဆိုတာကို ကျိန်တွယ်ရဲပါတယ်။ ကျုပ်တို့က သွေးသောက် ညီအစ်ကိုတွေလေ အစ်ကိုကြီးရယ် . . . ကျုပ်သာသိရင် ပြောပြမှာပေါ့ဗျာ . . .”
“ရဲမျိုးနွယ်ရဲ့ ဝိညာဉ်ဆင့်ခေါ်ပြီး လက်စားပြန်ချေသတ်ဖြတ်တဲ့ ထုံးစံတွေကိုရှောင်ရှောင်ဘယ်လို သိသွားတာလဲဆိုတာ ကျုပ်မသိပါဘူး။ သူ့ကို ကျုပ်လည်း တစ်ခါမှ မပြောပြခဲ့ဖူးပါဘူး . . .”
ရဲနန်ရှန်သည်မျက်မှောင်ကြုတ်လျက်-
“အဲဒါဆို အခု ကုန်ဆုံးခဲ့တဲ့ ၂ နှစ်ခွဲအတွင်း မင်းက စားလိုက်အိပ်လိုက်လုပ်ရုံကလွဲပြီး တခြားဘာဆိုဘာမှမသိဘဲ နေခဲ့တာပေါ့ ဟုတ်လား . . .”
“မင်းက မသိဘူးပဲ တွင်တွင်ငြင်းနေတဲ့ ဘူးတစ်လုံးဆောင်နေတဲ့ကောင်။ ဟုတ်ပြီ . . . ထားလိုက်တော့။ ငါမင်းကို ယုံပေးလိုက်မယ်။ အခု ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အကုန်လုံးက မင်းရဲ့ အနားမှာပဲ ဖြစ်ခဲ့တာတွေလေ။ သတိပြုမိတာမျိုးရော မရှိခဲ့ဖူးလား။ မင်းအခုချိန်ထိ ပြောနေတာတွေ အကုန်လုံးက အရည်မရ အဖတ်မရတွေချည်းပဲ။ ကိုယ့်ကိုယ်ကိုယ်ရော သတိထားမိရဲ့လား . . .”
ဆောင်ဂျုသည်သူ၏ ခေါင်းအား တဗြင်းဗြင်း ကုတ်လိုက်ရင်း –
“အစ်ကိုကြီးနဲ့တော့ ခက်တယ် . . . ကျုပ်သိတာဆိုလို့ ရှောင်ရှောင်ကြောင့် ညဘက်ဆို ကောင်းကောင်း အိပ်မပျော်တာပဲ သိတယ်။ သူများ ဘာတွေ ထပ်မွှေဦးမလဲတွေးပြီးခေါင်းပြားပြား မအိပ်နိုင်တဲ့ ညတွေက များပြီ . . .”
“ဪ . . . အဲ့ဒီလောက်တောင်လား . . .”
ရဲနန်ရှန်သည်ဆောင်ဂျုအား သနားစဖွယ်ကောင်းသည့်လူတစ်ဦးကဲ့သို့ပင်ကြည့်ရင်း ပြောလိုက်သည်။
ဆောင်ဂျုသည်ပင်ကိုယ့်ကိုကိုယ် ရှက်ရွံ့မိသွားလေသည်။ သူ၏ စိတ်ထဲတွင်လည်း –
[သေစမ်း . . . ငါတော့ ဒီကောင်လေးကိုတောင်ပြန်ကြောက်နေရတဲ့ သဘောမျိုးပြောမိသွားတယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားပြီကွာ . . .]
ရဲနန်ရှန်သည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် –
“ကောင်းပြီ . . . ဘာပဲဖြစ်ဖြစ်ထားလိုက်တော့။ အခု ကိစ္စတွေ အားလုံးက ငါတို့အတွက် ကောင်းတဲ့ ကိစ္စတွေ ချည်းပဲ။ ရှောင်ရှောင်လည်း လူပီသသွားပြီ။ သူ့လျှို့ဝှက်ချက်ကို ငါတို့က ဖိအားပေးပြီး မမေးတာ အကောင်းဆုံးပဲ။ သူ့ကို ဒီလိုအခြေအနေ ရောက်အောင် ဘယ်သူသင်ပေးသလဲ ဆိုတာကို မသိသလို မင်းကို ကုပေးသွားတဲ့ လူကိုလည်း မသိဘူး။ ဒါပေမဲ့ သေချာတဲ့အချက်က အဲဒီလူတွေက ငါတို့ရဲ့ ရန်သူတွေ မဟုတ်ဘူး ဆိုတာပဲ။ အဲ့ဒီအချက်ပေါ်မှာတော့သံသယ ဖြစ်စရာ မလိုဘူး . . .”
ရဲနန်ရှန် မျက်မှောင်ကြုတ်လိုက်ရင်း –
“ရှောင်ရှောင်က ချင်းယန်နယ်ပယ်ကို သိနေတယ်။ နောက်ပြီး သဘာဝတရားအကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ လူတွေရဲ့ စိတ်နေသဘောထားတွေကို သိနေတယ်။ အထူးသဖြင့်ရဲမျိုးနွယ်အကြောင်းကိုပါ အကုန်သိနေတယ်။ အဲ့ဒီအချက်တွေကို ကြည့်ပြီး သူ့ကို သင်ပေးနေတဲ့လူက လူတော်တစ်ယောက်ဆိုတာ ခန့်မှန်းလို့ရတယ်။ နောက်ပြီး အဲဒီလူက မော်တယ်ကမ္ဘာက မဟုတ်နိုင်ဘူး။ ချင်းယန်နယ်ပယ်က ဖြစ်ဖို့များတယ် . . .”
“ချင်းယန်နယ်ပယ်မှာတောင် ဒီလို အစွမ်းအစရှိတဲ့လူဆိုတာ အများကြီး မရှိဘူး။ အဲ့ဒီလူရဲ့ ကျင့်ကြံမှု က အတော်ကြီးကို အဆင့်မြင့်နေလိမ့်မယ် ထင်တယ်။ ငါတို့တွေ သူတို့ကို မသိချင်ယောင်ဆောင်နေလိုက်တာ အကောင်းဆုံးပဲ။ရှောင်ရှောင်ရှေ့ ဘာမှ သွားမပြောမိစေနဲ့ . .”
ရဲနန်ရှန်သည်သက်ပြင်းချလိုက်ရင်း –
“နောက်ပိုင်း ရင်ဆိုင်ရမယ့်ကိစ္စတွေကတော့ ငါတို့အတွက်အခက်ခဲဆုံးအရာတွေ ဖြစ်လာမှာပေါ့ . . .”
“ရှောင်ရှောင်မှာ ဒီလိုမျိုး ပံ့ပိုးပေးနိုင်တဲ့ လူရှိနေပြီ ဆိုတော့ အရေးကြုံလာတဲ့အခါ ရှောင်ရှောင်ကို ဘာအန္တရာယ်မှ မဖြစ်အောင်ကာကွယ်ပေးကြမှာပဲ။ ငါတို့ဘက်က အသည်းအသန်စုံစမ်းနေရင်သာ အဲ့ဒီလူက ငါတို့အနားကနေ ထွက်သွားနိုင်တယ်. . .”
ရဲနန်ရှန်၏ စကားများကြောင့်ဆောင်ဂျုလည်း –
“ရဲမျိုးနွယ်က တစ်ယောက်ယောက်ရော မဖြစ်နိုင်ဘူးလား . . .”
“လုံးဝ မဖြစ်နိုင်ဘူး . . .”
ရဲနန်ရှန်သည်အခိုင်အမာပင်ငြင်းဆိုလိုက်သည်။
“မနက်ဖြန် . . . ညီလာခံကို ငါကိုယ်တိုင်သွားပြီး အမှိုက်တွေကို ရှင်းပစ်ရမယ်။ ရှောင်ရှောင် ပြောသလိုပဲ စစ်သည်တွေကတော့ သွေးတွေချွေးတွေနဲ့ စစ်မြေပြင်မှာ အသက်ကို စတေးပြီး တိုက်ခိုက်ေနရတယ်။ အဲ့ဒီအတွက်သူတို့ရဲ့ မိသားစုဘဝတွေကိုတော့ လုံခြုံမှု ပေးနိုင်အောင် လုပ်ရမှာပဲ . . .”
“ငါ့စစ်သည်တော်ေတွမှာ အသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အထဲ စိတ်ပါ မပင်ပန်းစေချင်ဘူး။ မြို့တော်မှာ ဇ်ိမ်နဲ့ နှပ်နေပြီး ထင်တိုင်းကြဲနေတဲ့ ကောင်တွေကို ရှင်းပစ်ရမယ်။ ဒါငါလုပ်သင့် လုပ်ထိုက်တဲ့ တာဝန်ပဲ။ ဒီတစ်ကြိမ်မှ မလုပ်ရင် နောက်ဆို လုပ်နိုင်မှာ မဟုတ်တော့ဘူး . . .”
ဆောင်ဂျုသည်အစ်ကိုဖြစ်သူ၏ စကားများကြောင့်အားတက်သရောဖြင့်-
“အစ်ကိုကြီးနောက်မှ ကျွန်တော် အမြဲရှိနေမယ်. . .”
ရဲနန်ရှန်လည်းခေါင်းညိတ်လိုက်ရင်း –
“ငါ့မှာ ရှောင်ရှောင့်ကို စိတ်ပူနေရတဲ့အပြင်မင်းရဲ့ ဒဏ်ရာရော အခြေအနေကောင်းပါ့မလားဆိုပြီး စိုးရိမ်နေခဲ့ရတာ။ အခုတော့ အားလုံး အဆင်ပြေနေတာတွေ့ရတော့ ရင်ဘတ်ထဲက အလုံးကြီး ကျသွားပြီကွာ . . .”
ဆောင်ဂျုလည်း ရှက်ရွံ့နေသည့်အမူအယာဖြင့်-
“ကျုပ်ကို ကုပေးခဲ့တဲ့လူက တော်တော်ကို အစွမ်းထက်တယ်။ အဲ့ဒါတောင်ဘယ်လိုဖြစ်ပြီး မြေကြီးအဆင့် ၃ ပဲ ရှိနေရတာလဲ မသိပါဘူးဗျာ။ မြေကြီးအဆင့်က လူတစ်ယောက်က ရွှေလက်ဝါးတိုက်ကွက် ကြောင့် ရထားတဲ့ ဒဏ်ရာကို ဘယ်လိုများ ပျောက်အောင် ကုသနိုင်တာပါလိမ့်။ နောက်ပြီး ကျုပ်ကို ကုနေတဲ့ အချိန်တုန်းကလည်း ဘာလို့များ သူ့ကို မသိစေချင်ခဲ့တာလဲ မသိဘူး။ ကျုပ်ကို မလှုပ်နိုင်အောင်သူက လုပ်ပြီးမှ ကုပေးခဲ့တာလေ။ ကျုပ်ဖြင့်အဲ့ဒီလူကို ကျေးဇူးတင်စကားလေးတောင် မပြောလိုက်ရဘူး။ သူ့ကို ဘာလို့ အသိမခံချင်ရတာပါလိမ့် . . .”
ရဲနန်ရှန်သည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“မင်းကတော့ တကယ့်ကောင်ပဲ။ ပုစွန်လိုပဲခေါင်းထဲ ချီးပဲ ရှိတဲ့ကောင်. . .”
ဆောင်ဂျုသည် ရဲနန်ရှန်အား ကြည့်ရင်း အံကြိတ်လျက် –
“အစ်ကိုကြီးက လူတစ်ဖက်သားကို နှိမ့်ချပြီး ပြောတတ်တယ်ဆိုတာ ကျုပ်ဘာလို့ အစောကြီးကတည်းက မသိခဲ့ရတာလဲ . . .”
. . .
ညီလာခံသို့ ရဲနန်ရှန်မသွားခင်ဘုရင်ကြီးသည်ညတွင်းချင်းပင်ရဲအိမ်တော်သို့ ဆိုင်းမဆင့်ဗုံမဆင့်ဖြင့်ပင်ရောက်ချလာလေသည်။
သာမန်အခြေအနေတွင်ယခုကဲ့သို့ ရဲအိမ်တော်သို့ ဘုရင်းမင်းမြတ်ကြွရောက်လာခြင်းသည်ဂုဏ်ယူစရာကိစ္စတစ်ခုပင်ဖြစ်ပြီး စစ်သူကြီးတို့မိသားစုမှ လှိုက်လှိုက်လှဲလှဲပင်ကြိုဆိုရမည်ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေများအရ ထိုကဲ့သို့ မဖြစ်နိုင်ချေ။ မည်သူမျှ ဆီးကြိုပျုဌာခြင်း မရှိဘဲ ရဲနန်ရှန် ကိုယ်တိုင်သည်ပင်ဘုရင်ကြီးအား သူ၏ စာကြည့်ခန်း အတွင်း၌သာ စောင့်နေလေသည်။
ရဲအိမ်တော်မှ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရင်ကြီးအား နှုတ်ခွန်းဆက်သခြင်း မရှိချေ။ ဘုရင်နှင့် အတူပါလာသော လူများကိုလည်း နှုတ်ဆက်ခြင်း မပြုကြပေ။
အိမ်တော်ရှိ အစောင့်ရဲမက်များ အားလုံး၏ စိတ်ထဲတွင် သူတို့၏ သခင်လေး ဖြစ်ပျက်ခဲ့သည်ကိစ္စများကြောင့် အခဲမကျေနိုင်ပင်ဖြစ်လျက်ရှိသည်။ ထိုကိစ္စအတွက်ဘုရင့်ကိုပင်တော်လှန်ရန် ဝန်မလေးချေ။ သူတို့အားလုံးအတွက် အမိန့်တစ်ခုသာ လိုအပ်ေပသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ကြိုဆို ပျုဌာခြင်း မရှိသဖြင့်ဘုရင်ကြီးလည်း ရဲနန်ရှန် ရှိရာအခန်းသို့ ကိုယ်တိုင်ပင် ကြွချီသွားရလေသည်။
ဘုရင်နှင့်အတူ ပါလာကြသည့် တော်ဝင်သက်တော်စောင့်များပင်ရဲအိမ်တော်ရှိ အစောင့်များအား ကြည့်ရင်း ထိတ်လန့်နေကြသည်။
သူတို့၏ ဘဝတွင် ဘုရင်အလာကို အခန့်သား စောင့်ဆိုင်းနေသည့်လူမျိုး တစ်ခါမျှ မတွေ့ခဲ့ဖူးကြချေ။
သို့သော် ရဲနန်ရှန်မှာမူ ထိုကဲ့သို့သော လူစားမျိုးပင်။
ရဲနန်ရှန်သည် စစ်သည်ပေါင်းများစွာအား အုပ်ချုပ်ရသည့် စစ်သူကြီး တစ်ဦးဖြစ်သည့်အပြင်နိုင်ငံတော်၏ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။ အများ၏ အမြင်တွင် အမတ်မင်းများကသာ ပို၍ သြဇာ သက်ရောက်သည်ဟု ထင်နေကြသော်လည်း တကယ်လက်တွေ့တွင်မူ အဆိုပါ အမတ်မင်းများသည်ရဲနန်ရှန်ကဲ့သို့ ဘုရင်အား ဆက်ဆံဝံ့ကြမည် မဟုတ်ချေ။
ဘုရင်သည် ရဲနန်ရှန် ရှိရာသို့ တည်ငြိမ်စွာဖြင့်ပင်ဝင်သွားလေသည်။ သူနှင့်အတူပါလာသည့်အစောင့်များကိုလည်း အပြင်ဘက်တွင်သာ စောင့်ခိုင်းထားသည်။
[ရဲနန်ရှန်သာ ငါ့ကို သတ်ချင်ရင် အစောင့်ဘယ်လောက်ပဲ ခေါ်လာ ခေါ်လာ ဘာမှ ထူးမှာ မဟုတ်ဘူး။ တကယ်လို့ ရဲနန်ရှန်က ငါ့ကို သတ်မဲ့လူ မဟုတ်ဘူး ဆိုရင်တော့ သူငါ့ဘေးမှာ ရှိနေသမျှကာလပတ်လုံးတစ်ကမ္ဘာလုံးက ငါ့ကို ဆန့်ကျင်တိုက်ခိုက်ကြပါစေ သူရှိနေရင် ငါနေမှုစရာ မလိုဘူး . . .]
ဘုရင်၏ စိတ်ထဲတွင်တွေးနေမိပါတော့သည် . . .။