Chapter – 179
“ကျေနပ်မိခြင်း”
“မဆိုးပါဘူး။ ရဲမျိးနွယ်ဝင်တစ်ယောက် ပီသပါပေတယ်။ မင်းကိုတော့ စ်ိတ်ချရပြီ . . .”
ရဲနန်ရှန်သည်သားဖြစ်သူ၏ စကားများကြောင့်မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထို့နောက် ဆောင်ဂျုဘက်သို့ လှည့်လိုက်ရင်း –
“ဆောင်ဂျု . . . မင်းရော ငါ့သားကို ဘယ်လို ထင်လဲ . . .”
ဆောင်ဂျုလည်း အခန်းထောင့်မှ ထွက်လာပြီး –
“သူက လူတော်တစ်ယောက်ပါ အစ်ကိုကြီး။ သူ့ကို စောင့်ရှောက်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ကျုပ်မှာသာ သားတစ်ယောက် ရှိမယ်ဆိုရင်ရှောင်ရှောင်လိုမျိုး ဖြစ်နေလောက်ရောပေါ့ . . .”
ဆောင်ဂျု၏ အဖြေအား သဘောကျသွားသည့်အတွက်ရဲနန်ရှန်သည်ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း –
“မင်းတို့ ၂ ယောက်က အခု လူတိုင်းကို လိမ်ညာထားကြတယ်။ နိုင်ငံနဲ့ ချီပြီးတော့ကို လိမ်ထားကြတာ။ ငါတော့ မင်းတို့ကောင်တွေကိုတော်တော်အံ့သြမိတယ်။ ဒါပေမဲ့ အခု ငါ့ရှောင်ရှောင်လေး ယောကျာ်းကောင်းတစ်ယောက် ဖြစ်လာတာကို မြင်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ် . . .”
“ယောကျာ်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်၊နောက်ပြီး တာဝန်ယူမှုတွေ ကာကွယ်မှုတွေက ဘာလဲဆိုတာကို သူကောင်းကောင်းနားလည်နေပြီ . . .”
ရဲနန်ရှန်သည် ရဲရှောင်အားကျေနပ်အားရသော အကြည့်များဖြင့်ကြည့်ရင်း ပြောလိုက်သည်။
ဖခင်ဖြစ်သူ၏ စကားများကြောင့်ရဲရှောင်လည်း အနည်းငယ်ပင်ရှက်အမ်းအမ်း ဖြစ်နေမိလေသည်။
“ဒီခရီးကို ပြန်လာခဲ့ရတာ တန်တယ်။ အခု ငါ့သား ဒီလို ဖြစ်နေပြီ ဆိုတာကို ငါမျက်မြင်တွေ့လိုက်ရပြီလေ”
ရဲနန်ရှန်သည်ပီတိဖြစ်နေသော အပြုံးများဖြင့်ပြုံးရင်းပြောလိုက်သည်။
ရဲရှောင်လည်း ခေါင်းတစ်ချက်ပြန်လည်ညိတ်ပြလိုက်ရင်းရဲနန်ရှန်အား စိတ်ထဲတွင်ကြိတ်၍လေးစားနေမိသည်။
ရဲနန်ရှန်သည် မြောက်ပိုင်းတွင် တိုက်ပွဲများနှင့်ရင်ဆိုင်တိုက်ခိုက်နေရသည့်တိုင် သူတန်ဖိုးထား ဂရုစိုက်သည့်အရာများကိုလည်း လျစ်လျူရှုထားခြင်း မရှိချေ။
အခြားသော လူများမှာမူ သူ့အား နိုင်ငံတော်နှင့် ပြည်သူများအား မငဲ့ကွက်ဘဲ သားဖြစ်သူကိုသာ ဦးစားပေးသည့် စစ်သူကြီးတစ်ဦးဟု ထင်ကောင်းထင်ကြပေလိမ့်မည်။ သို့သော်လူတစ်ကိုယ်စိတ်တစ်မျိုးစီပင်မဟုတ်ပါလော။
ရဲနန်ရှန်သည် ဂုဏ်သိက္ခာတရားများနှင့်အရှက်တရားများအား ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိအိမ်သို့သာခေါင်းမာစွာဖြင့်ပြန်သွားခဲ့သည်။ ထိုအရာများအား ဂရုစိုက်နေ၍ လည်း မဖြစ်ချေ။ လူအများ၏ စိတ်ထဲတွင် မိသားစုအား မငဲ့ကွက်သူ၊ ကိုယ်ကျိုးမငဲ့သူကိုသာ သူရဲကောင်းအဖြစ်သတ်မှတ်ကောင်း သတ်မှတ်ကြပေလိမ့်မည်။ သို့သော် လူတစ်ယောက်သည်သူ၏ မိဘ၊ ဇနီးမယား၊ သားသမီးများနှင့်ချစ်ရသောသူများကိုပင် အကာကွယ်မပေးနိုင်လျှင်ထိုလူသည်မည်သည့်နည်းနှင့်မျှ လူပီသသည့် လူတစ်ယောက်ဖြစ်လာလိမ့်မည် မဟုတ်ချေ။
တိုက်ခိုက်နေရခြင်းမှာလည်း မည်သည့်အတွက်မျှ အကျိုးရှိတော့မည် မဟုတ်ပေ။
နိုင်ငံတော်အား အလုပ်အကျွေးပြုစုနေရခြင်းသည်ဂုဏ်ယူဖွယ်ရာ ကောင်းသည့် အလုပ်တစ်ခုပင်ဖြစ်သော်လည်း မိမိ၏ မိသားစုအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ခြင်းသည်လည်း ဂုဏ်ယူဖွယ်ရာကောင်းသည့်အရာပင်မဟုတ်ပါလော။
မိသားစုဝင်တစ်ဦးဦး နေထိုင်မကောင်း ဖြစ်သော အချိန်တွင်စစ်မြေပြင်မှနေ၍ မိမိအိမ်သို့ ပြန်ချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ စစ်သားဆိုသည်မှာလည်း အသွေးအသားနှင့်ဖွဲ့စည်းထားသည့်လူသားတစ်ယောက်ပင်။ သို့သော် တစ်သွေးတစ်သံ တစ်မိန့်ဟူသည့်အမိန့်များကြောင့်မိမိကိုယ်ကိုယ် မပိုင်ကြတော့ဘဲ သွားချင်တိုင်း မသွားနိုင်၊ ပြန်ချင်တိုင်း မပြန်နိုင်ကြတော့ပေ။
သို့သော် ရဲနန်ရှန်မှာမူ သားဖြစ်သူထက်မည်သည့်အရာမျှ အရေးမကြီးသဖြင့် မရရအောင်ပင်ပြန်လာခဲ့သည်။
“နောက်ဆုံးတော့ ငါ့အဖေ အိမ်ပြန်ရောက်လာပြီပေါ့ . . .”
ရဲရှောင်၏ စိတ်ထဲတွင်ထူးဆန်းသော ခံစားမှုများနှင့်အတူတွေးနေမိသည်မှာ –
[ငါ့အရင်ဘဝက အဖေသာ အခုလို ဂရုစိုက်စိုက်ပေးခဲ့မယ်ဆို တခြားဘာကိုမှ လိုချင်မိခဲ့မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခုငါ့မှာ အဖေတစ်ယောက် ရှိနေပြီပဲ။ တခြား ဘာလိုသေးလို့လဲ။ ငါ နှစ်ရှည်လများစွာ တောင့်တခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတရား ဆိုတာ ဒါပဲနေမှာ. . .]
ရဲနန်ရှန်သည်သားဖြစ်သူအားကြည့်ရင်း –
“ဒါနဲ့ မင်းရဲ့ အကြောင်းပြချက်လေးတွေ ပြောစမ်းပါဦး။ မင်းပြောတာတွေက ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဆိုရင် မင်းကို သေချာပေါက် အပြစ်ပေးရမှာပဲ . . .”
သူ၏ ချစ်လှစွာသော သားဖြစ်သူသည်ယခင်ကနှင့်မတူတော့ဘဲ တည်ငြိမ်ရင့်ကျက်လာသည့်အတွက်ဂုဏ်ယူနေမိသော်လည်း နိုင်ငံနှင့်ပင်ချီ၍ လိမ်ညာထားသည့်ကိစ္စသည်ကြီးမားလှသော ပြသာနာကြီးတစ်ခုပင်ဖြစ်သည်။ အဘယ့်အတွက်ကြောင့်ထိုကဲ့သို့ လိမ်ညာထားသည်ကိုဖြေရှင်းချက်တောင်းရပေမည်။
ဖခင်ဖြစ်သူ၏မေးခွန်းကြောင့်ရဲရှောင်မှ –
“ပထမအချက် . . . ကမ္ဘာပေါ်မှာ ချန်နိုင်ငံတော်က ချမ်းသာကြွယ်ဝပြီး အင်အားကြီးတဲ့ နိုင်ငံတစ်ခု။ ဒါပေမယ့်ဘက်ပေါင်းစုံကနေ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ တိုက်ပွဲတွေကလည်းနေရာအနှံ့ဖြစ်နေကြတယ်။ တကယ့်တကယ်တိုက်ပွဲတွေဖြစ်ပြီဆိုရင်နိုင်ငံကိုချစ်တဲ့၊ နိုင်ငံကို ကာကွယ်ပေးချင်ကြတဲ့ အရည်အချင်း ရှိတဲ့ လူတွေ အလိုလိုထွက်ပေါ်လာကြလိမ့်မယ်. . .”
“ဒုတိယအချက် . . . ဒီလောက်ထိ ဘက်ပေါင်းစုံမှာ အန္တရာယ်တွေ ဝိုင်းနေတာတောင် ကြောက်စရာကောင်းတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲ။ သူတို့လိုလူတွေကြောင့်စစ်မြေပြင်မှာ အသက်ပေးသွားရတဲ့ စစ်သည်တော်တွေရဲ့ ဝိညာဉ်တွေက ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ နိုင်ငံ့အတွက်စွန့်လွှတ်အနစ်နာခံ အသက်ပေးသွားကြပေမယ့်သူတို့ရဲ့ မိသားစုဝင်တွေကတော့ ခိုကိုးရာမဲ့ကုန်ပြီးသောကပင်လယ်ဝေကုန်ကြတယ်။ အဲ့ဒီလို ဒုက္ခသောကတွေဝေနေတဲ့လူတွေအပေါ် ဂုတ်သွေးစုပ်ချင်နေကြတဲ့ တစ်ကိုယ်ကောင်းသမားတွေကလည်း ဒုနဲ့ဒေး။အောက်ခြေလူတန်းစားတွေကို ကယ်တင်ချင်ပေမယ့်အထက်ရဲ့ဖိအားတွေကိုကြောက်နေရတဲ့ လူကောင်းတွေကတော့ ကြားထဲကနေ ဗျာများနေရတယ်။ အခြေအနေတွေက ဒီတိုင်းပဲ ဆက်သွားနေမယ် ဆိုရင် ကျွန်တော်တို့မှာ အရမ်းတော်လှပါချည်ရဲ့ ဆိုတဲ့ စစ်သူကြီးတွေနဲ့ စစ်သည်ပေါင်း သန်းပေါင်းများစွာ ရှိနေလည်းနိုင်ငံကြီးက တဖြည်းဖြည်း ပျက်ဆီးသွားမှာပဲ။ အဲ့ဒါကရှောင်လွဲလို့မရတဲ့ အမှန်တရားတစ်ခု . . .”
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“အခု တိုက်ပွဲအခြေအနေတွေက တင်းမာနေပြီ။ နိုင်ငံအတွက် တကယ့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေလို့ကိုပြောရမယ်။ ဒါပေမဲ့ တိုက်ပွဲကတော့ နိုင်နိုင်ချေ များတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နန်းတွင်းက ဝန်ထုပ်ဝန်ပိုးတွေကိုတော့ ရှင်းပစ်ရမယ် . . .”
“အဖေ . . . အဖေက ဒီနိုင်ငံအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီးပြီ။ အဲဒါကြောင့် အဖေလည်း ဒီနိုင်ငံအပေါ်မှာ သံယောဇဉ်ဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံကို ကာကွယ်ဖို့က အဖေ့ရဲ့တာဝန်လိုကို ဖြစ်နေပြီ။ နိုင်ငံကြီးကို ငြိမ်းချမ်းအောင် လုပ်ပေးနိုင်ရင် အချိန်တန်ကျွန်တော်တို့ ဒီကနေထွက်သွားတဲ့အခါကြရင်ကျွန်တော်တို့လည်း ငြိမ်းချမ်းလိမ့်မယ် . . .”
ရဲရှောင်သည် တခဏမျှ ငြိမ်သက်လိုက်ပြီးနောက်-
“ကျွန်တော်လည်း လုပ်နိုင်သမျှ လုပ်ပြီးပြီမလို့ စိတ်အေးရပြီ။ ကိုယ့်တာဝန်ကို ကျေသွားပြီဆိုတော့ လိပ်ပြာသန့်သန့် နေနိုင်ပြီလေ . . .”
“အဲ့ဒီစိတ်ကျေနပ်မှုက နှလုံးသားထဲကနေကို ဖြစ်လာတာ။ အဲဒီလို စိတ်ခံစားချက်မျိုးရှိနေသရွေ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုခရီးလမ်းကလည်း အဆင်ပြေချောမောနေလိမ့်မယ်. . .”
ရဲရှောင်သည်လေးနက်တည်ကြည်သော မျက်နှာထားဖြင့်-
“ကျွန်တော်တို့သာ နန်းတွင်းအဖွဲ့ကို အဂတိလိုက်စားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ ခွင့်ပြုပေး လိုက်မယ်ဆိုရင် စစ်ပွဲကို နိုင်သွားတယ်ပဲထားဦး၊ အသက်စွန့်သွားတဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေ စုတ်စုတ်ပြတ်ပြတ် နေရမှာကို ဒီအတိုင်း လက်ပိုက်ကြည့်နေရလိမ့်မယ်။ စစ်သူကြီးတစ်ယောက်ရဲ့ တာဝန်က စစ်နိုင်ဖို့ တစ်ခုတည်း မဟုတ်ဘူး။ စစ်သည်တွေရဲ့ မိသားစုဝင်တွေကိုပါ လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန် ထားနိုင်ဖို့ပဲ . . .”
“အဖေသာ အဲ့ဒီအချက်တွေကို လျစ်လျူရှုလိုက်မယ် ဆိုရင် အဖေက စစ်နတ်ဘုရားတစ်ပါးတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်။ဒါပေမဲ့ ပြီးပြည့်စုံတဲ့ စစ်သူကြီးတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး ကောင်းချင်တယ်ဆိုရင် ကျွန်တော်ပြောတာတွေကို အလေးအနက်ထားသင့်တယ် . . .”
“နန်းတွင်းက မိစ္ဆာလို အယုတ်တမာတွေကို ရှင်းထုတ်ပစ်ရမယ် . . .”
ရဲရှောင်၏ စကားများအား နားထောင်ပြီးသည့်နောက်ရဲနန်ရှန်သည်သက်ပြင်းချလိုက်ရင်း –
“မင်းပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ အင်အားကောင်းလာရင် အဂတိ ခြစားမှုတွေဆိုတာ ရှိလာစမြဲပဲ။ အဲ့ဒါတွေကို ငါတို့တွေ တိုက်ထုတ်နိုင်တယ် ဆိုရင်တောင်မှ နောက်နှစ်နည်းနည်းလောက် ကြာရင် နောက်ထပ်တစ်ဖွဲ့ ထပ်ပေါ်လာဦးမှာပဲ။ ဘယ်အချိန်မှ ရပ်တန့်နိုင်တော့မှာလဲ . . .”
“ငါတို့တွေ မရှိတော့တဲ့ အချိန်ထိ အကျင့်ပျက်ခြစားမှုတွေက ရှိနေသေးရင်ဘယ်လိုလုပ်မလဲ . . .”
ရဲရှောင်သည်ရဲနန်ရှန်အားမော့ကြည့်လိုက်ရင်း –
“အဲ့ဒီအတွက်ကျွန်တော်တို့မှာ ပါးရည်နပ်ရည်ရှိဖို့ လိုတယ်။ အဖေ့ဦးဆောင်မှု နောက်ကို လိုက်နေရတဲ့ စစ်သည်ေတွကို စိတ်မပျက်စေချင်ဘူး မဟုတ်လား . . .”
“အဖေ့ရဲ့ ကျင့်ကြံမှု၊ ဦးလေးဆောင်ရဲ့ ကျင့်ကြံမှု၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဒီကမ္ဘာမှာ ကျွန်တော်တို့နောက်ထပ်ဘယ်လောက်ထိများ နေနိုင်မယ်လို့ ထင်လဲ . . .”
ရဲရှောင်၏ အနှစ်သာရပြည့်ဝသော စကားများကြောင့်ရဲနန်ရှန်ပင်အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူ၏ သားအား တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မတွေ့ဖူးသည့် လူစိမ်းတစ်ဦးကဲ့သို့ပင်ငေးကြည့်နေမိသည်။
သားဖြစ်သူ၏ နှုတ်မှထွက်လာသော စကားလုံးများအရ သူ၏ သားသည်အသိဉာဏ်ကြွယ်ဝသူ တစ်ဦးဖြစ်ကြောင်းဖော်ပြလျက်ရှိသည်။
ရဲရှောင်သည်အားတက်သရောဖြင့်-
“ကျွန်တော်တို့က အနှေးနဲ့အမြန် ဒီကမ္ဘာကြီးပေါ်ကနေ ထွက်သွားကြရမယ့်အတူတူ နာမည်ကောင်း ချန်ရစ်ခဲ့ရင် မကောင်းဘူးလား . . .”
“သမိုင်းမှာ နာမည်တွင်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင်လူသေသွားပေမယ့် ကျွန်တော်တို့ရဲ့နာမည်ကတော့ ဘယ်တော့မှ သေမှာ မဟုတ်ဘူး . . .”
“ဒီလိုပြောလို့ ကျွန်တော်က နာမည်ကို သိပ်ဂရုစိုက်နေတယ် ထင်ဦးမယ်။ ကျွန်တော် တကယ် ဖြစ်ချင်တာက အခုလက်ရှိအချိန်ထက်ကောင်းသထက်ကောင်းအောင် ကြိုးစားပြီး လုပ်ဆောင်ဖို့ပဲ။ အဲဒီလိုမှ မလုပ်မိရင် ကျွန်တော်ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာနောင်တ ရနေမိလိမ့်မယ် . . .”
“ကျွန်တော့်အတွက်ကတော့ ဒီကိစ္စက သိပ်ပြီး အဓိပ္ပါယ်ရှိတယ်။ အဖေ . . . အခု အိမ်ပြန်လာတော့ ကျွန်တော်တုိ့ရဲ့ နိုင်ငံကြီး တစ်ခုလုံး အန္တရာယ်တွေနဲ့ ပြည့်ပြီး ပျက်ဆီးမလိုတောင် ဖြစ်နေရပြီ တွေ့လား။ အမှန်တကယ်ကြတော့ နိုင်ငံက အခိုင်အမာကြီး ရှိသေးတယ်။ နန်းတွင်းက အမှိုက်တွေကို ရှင်းပစ်လိုက်နိုင်မယ်ဆိုရင် တိုက်ပွဲမြေပြင်က စစ်သည်တွေလည်း စိတ်ဓာတ်ခွန်အား မြှင့်တက်လာလိမ့်မယ်။ သူတို့တွေ စိုးရိမ်ပူပန်တာက ဒီမှာ ကျန်နေတဲ့ မိသားစုကို စိုးရိမ်ကြတာ အဖေ့ကို မဟုတ်ဘူး . . .”
“တိုက်ပွဲကတော့ အဖေမရှိလည်း ဆက်ပြီး ဖြစ်နေဦးမှာပဲ . . . မင်းသားဟွာရန်းက ဒီမှာနေနေရပေမယ့်အရှုပ်ထုပ်တွေကို ရှင်းထုတ်သင့်သလောက် မရှင်းထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဖေနဲ့ ကျွန်တော်ကတော့ အဲ့ဒီလိုမှ မဟုတ်တာ . . .”
ရဲနန်ရှန်သည်ရဲရှောင်၏ စကားများအား လက်နောက်ပစ်၍ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း စဉ်းစားလျက်ရှိသည်။ ခဏအကြာတွင်မူ –
“အဲဒါနဲ့ပဲ မင်းက သေခါနီး လူတစ်ယောက်လို ဟန်ဆောင်ခဲ့တယ်ပေါ့။ အင်း . . . ဆက်ပြီး ဟန်ဆောင် ထားလိုက်ဦး . . .”
ဖခင်ဖြစ်သူ၏ စကားကြောင့်ရဲရှောင် အကျေနပ်ကြီးကျေနပ်သွားသည်။
ရဲနန်ရှန်နှင့် ဆောင်ဂျုတို့ ထွက်သွားပြီးနောက် အခန်းထဲတွင် ရဲရှောင်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သူ၏ စိတ်ထဲတွင်အတိုင်းမသိပင်ကျေနပ်ပျော်ရွှင်လျက်ရှိသည်။
[နွေးထွေးတဲ့မေတ္တာတရားဆိုတာ ဒါပါလား။ မိသားစုဆိုတာ ဒါကိုပြောတာ ဖြစ်မယ်. . .]
မြောက်ပိုင်းစစ်မြေပြင်နှင့်မြို့တော်သည်မည်မျှကွာ ဝေးသည်ကို ရဲရှောင်ကောင်းကောင်းကြီး သိလေသည်။ ထို့ပြင်ဖခင်ဖြစ်သူသည်အိမ်သို့ အမြန်ဆုံးပြန်ရောက်နိုင်ရန်အတွက် မည်မျှ အားထုတ်ခဲ့ရသည်ကိုလည်း နားလည်သဘောပေါက်လေသည်။
ရဲရှောင်သည် သူ့ထံတွင် စိတ်ဓာတ်အလွန်ပြင်းထန်သည့်ဖခင်တစ်ယောက်ရှိနေသည့်အတွက်အလွန်အမင်းကျေနပ်လျက်ရှိသည်။
ရဲနန်ရှန်သည်အိမ်သို့ပြန်လာရာ လမ်းတစ်လျှောက်တွင်အနည်းငယ် မှားယွင်းသွားရုံဖြင့်အသက်ပင်ဆုံးရှုံးသွားနိုင်သည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
“ကျေနပ်စရာ ကောင်းလိုက်တာ . . .”
ရဲရှောင် တစ်ကိုယ်တည်း ခပ်တိုးတိုးပင်ရေရွတ်လိုက်မိလေတော့သည်။
. . .
“ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ အတိအကျ ပြောစမ်းပါ . . .”
ရဲနန်ရှန်သည် ဟန်ပင်မဆောင်နိုင်တော့ဘဲ ဆောင်ဂျုအားကောက်ကာငင်ကာပင်မေးလိုက်သည်။
ဆောင်ဂျုသည်လည်း အံ့သြသွားရင်း –
“ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ဘာကို ပြောတာလဲ အစ်ကိုကြီး . . .”
“ငါ့အရှေ့မှာ ဘာမှမသိတဲ့ အရူးတစ်ယောက်လို ဟန်ဆောင်ပြမနေနဲ့။ ရှောင်ရှောင်ရဲ့ ကျင့်ကြံမှုတွေက ဘယ်လိုလုပ် အရမ်း အစွမ်းထက်သွားရတာလဲ။ သူ့အသက်အရွယ်နဲ့ ဒီလို ပညာမျိုး ရှိနေတာ ချင်းယန် နယ်ပယ်မှာဆိုရင် ပါရမီရှင်လို့ကို သတ်မှတ်ယူရမယ်။ မင်းလည်း ဒါကို နားလည်မှာပါ။ နောက်ပြီး ပိုအရေးကြီးတာက ငါတိုက်ပွဲကို ပြန်သွားတာ ၂ နှစ်ခွဲလောက်ပဲ ရှိသေးတယ်။ ဒီ ၂ နှစ်ခွဲလောက်နဲ့ရှောင်ရှောင်က အဲဒီလောက်ထိတောင် တိုးတက်လာခဲ့တာလား။ ထူးဆန်းနေတယ်လို့များ မထင်မိဘူးလား . . .”
ရဲနန်ရှန်သည်မျက်မှောင်ကြုတ်၍မေးလိုက်ပါတော့သည် . . .။