Chapter – 178
“လေတစ်လုံး မိုးတစ်လုံး”
“ခင်ဗျား ဘယ်သူလဲ . . .”
ရဲရှောင်၏ လည်ပင်းသည်ဖမ်းချုပ်ထားခြင်းခံနေရသဖြင့်တစ်ဖက်မှလူအား တန်ပြန်တိုက်ခိုက်ခြင်း မပြုတော့ပေ။ သူ၏ အသက်သည် ထိုလူ၏ လက်ထဲတွင် ရှိနေသည်မဟုတ်ပါလော။
အဆိုးရွားဆုံး အခြေအနေသို့ပင်ရောက်ရှိနေပြီဖြစ်၍ ထိတ်လန့်တုန်လှုပ်နေလျှင်လည်းထူးမည် မဟုတ်ချေ။
ထို့ကြောင့် သူ၏ စိတ်အား တတ်နိုင်သမျှ လျော့ချ၍ ဖြစ်လာနိုင်သည့်အခြေအနေများအား သုံးသပ်မိလိုက်သည်။ တစ်ဖက်မှရန်သူသည်သူ့အား ယခုအချိန်ထိ မသတ်သေးသည်ကို ကြည့်ခြင်းအားဖြင့် အသက်ရှင်ရန်မျှော်လင့်ချက်ရှိနိုင်သေးသည်ဟုလည်း တွေးလိုက်မိသည်။
တစ်ဖက်လူမှ ညင်သာသော အသံဖြင့်-
“မင်းရဲ့ သိုင်းပညာက ထူးဆန်းပြီး ရှုပ်ထွေးလှချည်လား။ မင်းကို ဘယ်သူသင်ပေးထားတာလဲ”
ထိုလူ၏ စကားကြောင့်ရဲရှောင်ပင်အနည်းငယ်ဘဝင်မြင့်ချင်သွားပြီး –
“ဟမ့် . . . ခင်ဗျားတော့ လူရွေးမှားနေပြီနော်။ ကျုပ်က စစ်သူကြီးရဲ့ သားဗျ။ ကျုပ်အဖေက ကျုပ်ကို သင်ပေးထားတာပေါ့ . . .”
တစ်ဖက်လူလည်း အံ့ဩသွားဟန်ဖြင့်-
“မင်းအဖေ ရဲနန်ရှန်က အဲဒီလောက်တောင်အစွမ်းထက်တယ်ပေါ့ . . .”
ရဲရှောင်သည်ခနဲ့တဲ့တဲ့ လေသံဖြင့် –
“သိပ်ဟုတ်တာပေါ့ . . . ကျုပ်အဖေက ကမ္ဘာတစ်ခုလုံးကိုတောင် တုန်လှုပ်သွားအောင် လုပ်နိုင်တယ်။ အဲ့ဒါတင်မကသေးဘူးနော်စကြာဝဠာကြီး တစ်ခုလုံးကိုတောင် ဂရုမစိုက်တဲ့ လူတစ်ယောက်။ အဲဒီလို အဖေမျိုး ရှိမှတော့ ကျုပ်က တခြား ဘယ်သူ့ဆီက သွားသင်ရဦးမှာလဲ . . .”
ရဲရှောင်၏ အပြောကြောင့်တစ်ဖက်လူမှ –
“အင်း ဒါလည်း ဟုတ်တာပဲ . . .”
ထို့နောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ အမှောင်ထုသည်လည်း ပို၍ပင်ကြီးစိုးလာသည်ကိုရဲရှောင် ခံစားလိုက်ရသည်။
တစ်ဖက်လူသည် အလွန်အဆင့်မြင့်သည့်ပညာရှင်တစ်ယောက်ပင်ဖြစ်ကြောင်း ရဲရှောင်ရိပ်စားမိလေသည်။ အမှောင်ထဲတွင်ဖြစ်လင့်ကစား အရာအားလုံးအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်နေသည့်ပုံစံပင်။
ရဲရှောင်မှာမူ စမ်းတဝါးဝါးဖြင့်သာ တိုက်ခိုက်ခဲ့ရသည်။
တစ်ဖက်ရန်သူသည်အလွန်အစွမ်းထက်နေသဖြင့် ရဲရှောင်ဘက်မှ ရှုံးနိမ့်သွားခဲ့ရသည်မှာ အံ့သြဖွယ်ရာတော့ မရှိချေ။
သူတို့ ၂ ဦး၏ အဆင့်သည် မိုးနှင့်မြေကဲ့သို့ပင်ကွာခြားလွန်းလှပေသည်။ ထိုအချက်အား ရဲရှောင်စဉ်းစားမိသောအခါ စိတ်ပျက်လက်ပျက်ပင်ဖြစ်သွားသည်။
ယခုအချိန်တွင် သူသည် သေလူတစ်ယောက်ကဲ့သို့ပင်ဖြစ်နေချေပြီ။ သွန်လိုကသွန်မှောက်လိုကမှောက်တစ်ဖက်လူ၏ လက်ခုပ်ထဲမှ ရေ ဖြစ်နေပြီ မဟုတ်ပါလော။
တစ်ဖက်လူမှ –
“ငါသိသလောက်တော့ ရဲနန်ရှန်မှာ မင်းကို ဒီလို သင်ပေးနိုင်တဲ့အစွမ်းမျိုး မရှိလောက်ဘူး။ အနည်းဆုံးတော့ သူ့ရဲ့ ကျင့်စဉ်တွေက ဒီလောက်ထိ ရှုပ်ထွေးပြီး မိစ္ဆာဆန်နေမှာ မဟုတ်ဘူးနော်။ မင်းသုံးခဲ့တဲ့ ရွှေရောင်လက်၊ အအေးစွမ်းအားနဲ့ ခြေလှမ်းလှမ်းပုံတွေက ကမ္ဘာတစ်ခုလုံးမှာတောင် မတွေ့နိုင်လောက်တဲ့ ကျင့်စဉ်မျိုးတွေပဲ . . .”
ထိုလူ၏ စကားကြောင့်ရဲရှောင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူ၏ စိတ်ထဲတွင်လည်း –
[ဒီလူက တော်တော်တော့ အစွမ်းထက်ပါရဲ့၊ ဒါပေမဲ့ သိပ်ပြီး ဗဟုသုတ မရှိတာ ကျေးဇူး တင်ရမယ်။ ငါ့ရဲ့ ရွှေလက်တစ်ခုကိုပဲ နည်းနည်း ရိပ်မိပြီး ရေခဲချီဓာတ်နဲ့ ရယ်မောခြင်းကောင်းကင် ခြေလှမ်းတိုက်ကွက်တွေကိုတော့ မသိဘူးပဲ . . .]
ရဲရှောင်မှ –
“ခင်ဗျားက တော်တော်ရူးတဲ့လူပဲ။ ခင်ဗျားကို ကျုပ်တို့ မျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို သင်ပေးနေရဦးမှာလား . . .”
တစ်ဖက်လူသည် ချောင်းတစ်ချက် နှစ်ချက်ခန့်ဟန့်လိုက်ရင်း –
“ဘာ . . . ရဲမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေ ဟုတ်လား . . .”
ရဲရှောင်မှ –
“ကျုပ်တို့ မျိုးနွယ်စုအကြောင်း ဘာမှ မသိသေးတဲ့ ခင်ဗျားလို အရူးတစ်ယောက် ရှိနေမယ်လို့ ကျုပ်မထင်ထားခဲ့မိဘူး။ ကျုပ်ရဲ့ မျိုးနွယ်က ချင်းယန်နယ်ပယ်မှာ နံပါတ် ၁ မျိုးနွယ်စုပဲ။ ခင်ဗျား ချင်းယန် နယ်ပယ်ဆိုတာကိုရော သိရဲ့လား။ ချင်းယန်ကို ကောင်းကင်နယ်ပယ်လို့လည်း ခေါ်ကြတယ်။ ဟဲဟဲ . . . စကြာဝဠာကြီးရဲ့ ကြီးမားကျယ်ပြန့်ပုံကို မသိတဲ့ အရူးတစ်ယောက် ရှိနေမယ်လို့ မထင်ထားခဲ့မိဘူးဗျာ . . .”
ရဲရှောင်၏ စကားကြောင့်တစ်ဖက်လူသည်ဟက်ခနဲပင်ရယ်လိုက်ရင်း –
“ရဲမျိုးနွယ်က တော်တော်ကို အစွမ်းထက်တယ်ပေါ့ . . .”
ရဲရှောင်မှ –
“အဲဒါကြောင့် ခင်ဗျားကို အရူးလို့ ပြောတာပေါ့။ ကျုပ်ပြောတာ မှားနေလို့လား။ အခုပဲကြည့်ဦး အဓိပ္ပါယ်မရှိတာတွေ မေးနေပြန်ပြီ။ ခင်ဗျား မြန်မြန်ထွက်သွားတာ ကောင်းလိမ့်မယ်နော်။ ကျုပ်တို့ မျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေ ရောက်လာရင် ခင်ဗျားက ကျုပ်ထက် နည်းနည်းလောက် ပိုအစွမ်းထက်နေပေမဲ့ ကျိန်းသေပေါက်ကို သေရမှာပဲ . . .”
ရဲရှောင်သည်ထိုစကားများအား ဟိတ်ဟန်အပြည့်ဖြင့်ပင်ပြောလိုက်ခြင်းဖြစ်သည်။
သူ၏ အသက်သည် တစ်ဖက်လူ၏ လက်ဝယ်တွင် ရှိနေသော်လည်း အနည်းငယ်မျှပင် ထိတ်လန့် ကြောက်ရွံ့သည့်ပုံ မပေါ်ချေ။
သူပြောခဲ့သည့် “ကျုပ်တို့မျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေ . . .” ဟူသော စကားအရ ထိုလူများသည်သူအော်လိုက်သည်နှင့်ချက်ချင်း ရောက်လာမည့်ပုံစံပင်။
တစ်ဖက်လူသည် ရဲရှောင်၏ စကားအား အနည်းငယ် ယုံကြည်သွားဟန်ဖြင့် မည်သည့်စကားမျှ ပြန်မပြောဘဲ နှုတ်ဆိတ်သွားသည်။ အခန်းတစ်ခုလုံးလည်း အပ်ကျသံပင် မကြားရလောက်အောင်ပင်တိတ်ဆိတ်သွားလေသည်။
ရဲရှောင်လည်း အားတက်သွားပြီး –
“နောင်တမရခင် ပြင်ဆင်ချိန်ဆိုတာ ရှိပါတယ်။ ခင်ဗျားသာ ကျုပ်ရဲ့ ဦးလေးဆောင်နဲ့ ကျုပ်ကို လွှတ်ပေးပြီး ဒီက အသာတကြည် ထွက်သွားရင် ခင်ဗျားကို အခုကိစ္စတွေအတွက် ဘာမှ ပြဿနာမှ မဖြစ်စေရဘူးလို့ ကျုပ်ကတိပေးတယ်။ ကျုပ်ဘဝနဲ့ထပ်ပြီးကို ကျိန်တွယ်ရဲတယ်ဗျာ . . . ကျုပ်ရဲ့ အသက်က အခု ခင်ဗျားလက်ထဲမှာ ဆိုပေမဲ့ ကျုပ်မှာ ထူးခြားတဲ့ ဝိညာဉ်တော်လှုံ့ဆော်မှုမျိုး ရှိနေတယ်။ ကျုပ်သေသွားရင်တောင်ဝိညာဉ်ကို ဆင့်ခေါ်ပြီး ကျုပ်ကို ဘယ်သူသတ်သွားလဲမေးလို့ရတယ်။ အဲဒါကြောင့် ခင်ဗျားကျုပ်ကို သတ်လိုက်လို့ ကျုပ်သေသွားရင်တောင်မှ ကျုပ်ရဲ့ မျိုးနွယ်စုက ခင်ဗျားကို ဘယ်လိုမှ အလွတ်ပေးမှာ မဟုတ်ဘူး။ ခင်ဗျား ကျုပ်ကို သတ်မယ်ဆို စဉ်းစားပေါ့ . . . ကျုပ်ကို သတ်လိုက်တယ် ဆိုတာနဲ့ ခင်ဗျားက သေလူတစ်ယောက် ဖြစ်သွားပြီ။ စဉ်းစားကြည့်စမ်းပါ . . . ခင်ဗျား နှစ်ပေါင်းများစွာ ကျင့်ကြံမှုတွေ လုပ်ခဲ့တယ်။ အဲဒါကြောင့်ပဲ အခုလို အစွမ်းထက် ပညာရှင် တစ်ယောက် ဖြစ်လာတာပေါ့။ ခင်ဗျားရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ခင်ဗျားကျင့်ကြံမှု ခရီးလမ်းလည်း ပျက်ဆီးသွားရလိမ့်မယ်။ ဒီမှာဟေ့လူ . . . ကျင့်ကြံမှု ခရီးလမ်းဆိုတာ ပျက်ဆီးသွားရင် သိပ်နှမြောဖို့ ကောင်းတယ်။ စဉ်းစဉ်းစားစား လုပ်ပေ့ါဗျာ . . .”
လေတစ်လုံး မိုးတစ်လုံးပင်ပြောလိုက်သည့်ရဲရှောင်၏ စကားကြောင့်တစ်ဖက်လူသည် ချောင်းဟန့်လိုက်ပြန်ရင်း –
“ကောင်းပြီ။ မင်းပြောတဲ့ ဆောင်ဂျု ဟုတ်လား။ သူ့ကို ငါသတ်ခဲ့ပြီးတယ်ဆိုရင်ရော။ မင်းအတွက် သူသေခဲ့ရတယ် ဆိုရင်ရော မင်းဘာလုပ်မလဲ . . .”
ရဲရှောင်၏ မျက်လုံးများသည်ချက်ချင်းပင်အေးစက်သည့်အမူအယာသို့ပြောင်းသွားပြီး –
“ဒါဆိုရင်တော့ ခင်ဗျားကို နောက်ဆုံးအနေနဲ့ အကြံတစ်ခု ပေးလိုက်မယ်။ အခုပဲ ကျုပ်ကို သတ်ပစ်လိုက်တော့။ ဒါဆိုရင် ခင်ဗျားသေဖို့ လုံးဝ သေချာသွားပြီ။ ကျုပ်သေရင် ကျုပ်မျိုးနွယ်က ဘယ်သူပဲဖြစ်နေနေ အလွတ်ပေးကြတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သတ်လိုက်တာကလည်း ခင်ဗျားအတွက် ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ . . .”
ရဲရှောင်၏ အဖြေကြောင့် တစ်ဖက်လူသည် နှုတ်ဆိတ်သွားပြန်သည်။
ခဏအကြာတွင် –
“ဆောင်ဂျုက မင်းအဖေရဲ့ သွေးသောက်ညီတစ်ယောက် ဖြစ်ပေမဲ့ မင်းတို့အိမ်ရဲ့ အိမ်တော်ထိန်း တစ်ယောက်ပဲလေ။ မင်းက ဘာကြောင့်များ ဒီလို ပြောနိုင်ရတာလဲ။ နောက်ပြီး မင်းက အခု ငါ့လက်ထဲမှာ အရင်သေမှာ။ တကယ်လို့ မင်းတို့ မျိုးနွယ်မှာ ငါ့ကို သတ်နိုင်တဲ့လူ တစ်ယောက်ယောက် ရှိနေတယ် ဆိုရင်တောင်မှ ငါက မင်းထက်နောက်ကျမှ သေရမှာကွ . . .”
ရဲရှောင်လည်း ခနဲ့တဲ့တဲ့ဖြင့် –
“ယောကျာ်းတစ်ယောက်က လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရှိရင်လုပ်ကို လုပ်ရမှာပဲ။ ခင်ဗျားလို သွေးအေး ရက်စက်ပြီး ရူးမိုက် တုံးအတဲ့ လူတစ်ယောက်က ဒါတွေကို သိမှာ မဟုတ်ပါဘူး။ လူလို့ ခေါ်ထိုက်ရတဲ့ အကြောင်းရင်းကိုလည်း ခင်ဗျား နားလည်မှာ မဟုတ်ဘူး . . .”
“ဆက်ပြောစမ်းပါဦး . . .”
ထိုလူသည် သဘောကျသွားဟန်ဖြင့် ပြောလိုက်သည်။
“မင်းက မင်းကိုယ်မင်း အသေခံပြီး အိမ်တော်ထိန်းကြီးအတွက် ကလဲ့စားချေမယ်ပေါ့ ဟုတ်လား”
ရဲရှောင်သည်ခနဲ့တဲ့တဲ့ဖြင့် –
“အပိုတွေ ပြောမနေစမ်းပါနဲ့ဗျာ။ ဦးလေးဆောင် သေရင် ခင်ဗျားလည်း မကြာခင် သေရမှာပဲ”
တစ်ဖက်လူသည် တခဏမျှ နှုတ်ဆိတ်သွားပြီးနောက် –
“ရဲမျိုးနွယ် . . . ရဲမျိုးနွယ်ကို ဒီလောက်ထိ အစွမ်းထက်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ တကယ်ကို မထင်ခဲ့တာပါကွာ . . .”
ရဲရှောင်မှ –
“ဒီမှာဟေ့လူ . . . ကျင့်ကြံမှုတွေ ပြည့်နှက်နေတဲ့ သိုင်းလောကမှာနေနေရတာ အရမ်းကို ခက်ခဲတယ်ဗျ။ လူ့အသက်ဆိုတာ တန်ဖိုးအကြီးဆုံးပဲ။ ခင်ဗျားက ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလောက်ထိ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်နေတာ ဘာလို့ အနာဂတ်ကို ဖျက်ဆီးချင်နေရတာလဲ။ ကျုပ်ပြောပြမယ်။ ခင်ဗျားနဲ့ကျုပ်က မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ။ ခင်ဗျားက ခင်ဗျားကျင့်ကြံမှုတွေနဲ့ ပျော်မွေ့နေသလို ကျုပ်ကလည်း ကျုပ်ရဲ့ သာယာတဲ့ ဘဝမှာ ပျော်မွေ့နေတာပဲလေ။ ကျုပ်တို့နှစ်ယောက်က တစ်ယောက်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ပတ်သက်စရာ မရှိဘူး။ ခင်ဗျား အဲဒီလို မစဉ်းစားမိဘူးလား . . .”
ထို့နောက်လေသံ ခပ်အေးအေးဖြင့်-
“ကျုပ်မရောက်ခင်မှာ ဦးလေးဆောင်ကို ခင်ဗျား သတ်ပြီးပြီ ဆိုတာ ကျုပ်တော့ မယုံဘူး”
ရဲရှောင်၏ စကားများကြောင့်အမှောင်ထဲတွင်ရှိနေသော တစ်ဖက်မှလူသည် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်သည်။
ထိုလူ၏ ရယ်မောသံထဲတွင်ကျေနပ်ပီတိဖြစ်နေသည့်အရိပ်အယောင်များလည်းပေါ်လွင်လျက်ရှိသည်။
ရဲရှောင်၏ လည်ပင်းအား ဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်ရင်း ကျယ်လောင်သော အသံကြီးဖြင့် –
“ကောင်းတယ် . . . မင်းက မင်းအဖေရဲ့ သားစစ်စစ်တစ်ယောက်ပဲ . . .”
ထို့နောက် “ချပ်” ဆိုသော အသံနှင့်အတူ အခန်းတစ်ခုလုံးသည်လင်းထိန်သွားသည်။ ထိုအခါကျမှသာ ရဲရှောင်သည်အရာအားလုံးအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူ၏ အရှေ့တွင်အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်သန်မာထွားကျိုင်း၍ ခန့်ညားလှသော ဥပဓိရုပ်မျိုးရှိသည့်သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည်လက်နောက်ပစ်၍ ရပ်လျက်ရှိသည်ကိုတွေ့လိုက်ရသည်။ ထိုလူသည် ရဲရှောင်အား နွေးထွေးသော အကြည့်များဖြင့်စိုက်ကြည့်လျက်ရှိသည်။
ထိုလူ့ထံတွင်မုတ်ဆိတ်မွှေးများ မရှိဘဲ မျက်နှာသည်ကြည်လင်လျက်ရှိသည်။ ရဲရှောင်အား မတ်တပ်ရပ်၍ စိုက်ကြည့်နေသည့်အနေအထားသည်မြင့်မားလှသော သစ်ပင်ကြီးတစ်ပင် ရပ်နေသည်နှင့်ပင် တူနေပါသေးသည်။
ထိုလူ၏ အမူအယာ ထိုလူ၏ အပြုံးအား မြင်ရသောအခါမှ ရဲရှောင်သည်စိတ်သက်သာရာ ရသွားသည်။
ခန့်ညားတည်ကြည်လှသော မျက်နှာထားသည်သူ၏ အနောက်တွင် အမိန့်နာခံရန် အသင့်ရှိနေကြသည့် စစ်သည်ရဲမက်များ သန်းနဲ့ချီ ရှိနေသကဲ့သို့ပါပင်။
မင်းသားဟွာရန်းပင် ထိုကဲ့သို့ ကိုယ်နေဟန်ထားမျိုး မရှိချေ။
ရဲရှောင်သည် ချက်ချင်းပင် ထိုလူအား သိလိုက်သည်။
လက်ရှိဘဝ၏ အဖေဖြစ်သူ ရဲနန်ရှန်ပင် ဖြစ်ပေသည်။
ရဲနန်ရှန်အား ရုတ်တရက်မြင်တွေ့လိုက်ရသောအခါ ရဲရှောင်သည်အလွန်အမင်းပင်အံ့ဩသွားလေသည်။
အစောပိုင်းတွင်လေကြီးလေကျယ်ပြောခဲ့မိ၍ အနည်းငယ်ပင်ရှက်ရွံ့မိလျက်ရှိသည်။
သူတို့နှစ်ဦးအား အခန်းထောင့်တွင် ရပ်၍ကြည့်နေသော ဆောင်ဂျုသည်လည်း မျက်ရည်များ စီးကျနေသည်။
ရဲရှောင် ဖမ်းချုပ်ခံထားခဲ့ရစဉ် ဆောင်ဂျုအတွက် သူ၏ အသက်ပင်အသေခံရန် ဝန်မလေးကြောင်း ပြောဆိုခဲ့သည်။
ထိုသည်မှာ ရဲရှောင်၏ စိတ်ရင်းအမှန်ပင်ဖြစ်သည်။
ရဲရှောင်အရှုံးပေးခဲ့ရသည့်တိုင် ရဲနန်ရှန်နှင့် ဆောင်ဂျုတို့သည် ထို့အတွက် အပြစ်တင်လိမ့်မည် မဟုတ်ချေ။ သို့သော် သိက္ခာတရားနှင့် လူ၏အသက် ယှဉ်လျှင်လူတစ်ယောက်၏ အသက်သည်ပို၍အရေးကြီးသည် မဟုတ်ပါလော။ အသက်ရှင်နေမှသာ အရာရာကို ကြံစည် လုပ်ဆောင်နိုင်ပေလိမ့်မည်။ သို့သော် ရဲရှောင်မှာမူ နောင်တရခြင်း မရှိဘဲ သိက္ခာတရားကိုသာ ရွေးချယ်မည့် လူတစ်ယောက် ဖြစ်သည်။
ဂုဏ်ယူဖွယ်ကောင်းသော စိတ်နေစိတ်ထားပင် ဖြစ်သည်။
ဆောင်ဂျုသည်ရဲရှောင်အား ကြည့်ရင်း သူ၏ စိတ်ထဲတွင် –
[ဒီနှစ်တွေမှာ ငါ မင်းကို စောင့်ရှောက်ရကျိုး နပ်ပါတယ်။ မင်းလို တူတစ်ယောက် ငါ့ဆီမှာ ရှိနေတဲ့အတွက် သေရမယ်ဆိုရင်တောင် ပြုံးပြုံးလေး အသေခံလိုက်မယ် . . .]
ရဲနန်ရှန်သည်သူ့အားကြောင်ငေး၍ ကြည့်နေသော ရဲရှောင်အား ကြည့်ရင်း –
“အဲဒီမှာပဲ အရူးတစ်ယောက်လို ရပ်မနေနဲ့။ ထိုင်ပြီး ပြောကြတာပေါ့ . . .”
သားဖြစ်သူအား မတွေ့ရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည့်အတွက်လွမ်းဆွတ်သတိရသည့်စိတ်များသည်ရင်ဘတ်ထဲတွင်ပြည့်နှက်နေလေသည်။ ချစ်လှစွာသော သားအားတွေ့တွေ့ချင်းထွေးပွေ့ချင်မိသော်လည်း ထိုစိတ်များအား ချိုးနှိမ်၍ တည်ကြည်လေးနက်သော အဖေတစ်ယောက်ကဲ့သို့ပင်ဆက်ဆံလိုက်သည်။
စိတ်ပူပန် အစိုးရိမ်ရဆုံး ဖြစ်ခဲ့မိသည့်တိုင် . . .
အိမ်သို့ပြန်ရာ လမ်းတစ်လျှောက်တွင်ေသွးချောင်းများစီးခဲ့ရသည့်တိုင် . . .
သူ၏ တစ်ဘဝလုံး ပေးဆပ်ရလုမတတ် ဖြစ်ခဲ့ရသည့်တိုင် . . .
သတင်းကြားကြားခြင်း ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည့်တိုင် . . .
သားဖြစ်သူအားအကောင်းပကတိ တွေ့လိုက်ရသောအခါ ထိုခံစားချက်များ အားလုံးသည်မျိုသိပ်မိလျက်ဖြစ်သွားသည်။ မည်ကဲ့သို့သော အရာများအားပေးဆပ်ခဲ့သည်ကို ဂုဏ်ဖော် ပြောဆိုခြင်းလည်း မလုပ်တော့ချေ။
သူကိုယ်တိုင် သိနေလျှင် လုံလောက်နေပြီ မဟုတ်ပါလော။ ရဲရှောင်အား ကြည့်ရင်း သူ၏ စိတ်ထဲတွင် –
[ငါအကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ အဖေတစ်ယောက်ရဲ့ တာဝန်ကျေအောင် လုပ်ခဲ့ပြီးပြီ။ ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောနေစရာ မလိုတော့ပါဘူးလေ . . .]
ဖခင်ဖြစ်သူ ရဲနန်ရှန်သည်မိုင်ပေါင်း ၂၀၀၀ ကျော်အား ၇ ရက်တည်းဖြင့် ရောက်အောင် ပြန်လာနိုင်လိမ့်မည်ဟု ရဲရှောင်မထင်ထားခဲ့မိချေ။
ထိုအချက်ကို ကြည့်ရုံဖြင့် သားဇောမည်မျှ ကပ်နေသည်ကို သိနိုင်ပေတော့သည် . . .။